Chapter 150
Viewers 19k

👾Chapter 150




အဆောင်သည် စာသင်ခန်းနှင့် မဝေးသည့်နေရာ၌ ရှိနေသည်။ ဟယ့်ယွင်ထင်က ခပ်ဖြည်းဖြည်း လမ်းလျှောက်သည့်တိုင် လင်းဟန်သည် သူ့ကျောပေါ်မှ မဆင်းခင် တစ်ဖက်လူ၏ အတွေးများကို အနည်းငယ်သာ ကြားခဲ့ရ၏။ သူက ဟယ့်ယွင်ထင်၏ ကျောပေါ်မှ ဆင်းဆင်းချင်း ဆံပင်များကို အနည်းငယ် သပ်လိုက်သည်။ 


လင်းဟန်၏ မေဂျာ၌ လူများများစားစား မရှိရာ အဆောင်သည်လည်း တိတ်ဆိတ်နေသည်။ သူတို့နှစ်ဦးသည်လည်း အဆောင်ရှေ့၌ ဒီအတိုင်း ရပ်နေမိကြ၏။ 


“ဒါက …” 


“စီနီယာ …” 


ဟယ့်ယွင်ထင်က လင်းဟန်အား စကားအရင်စခွင့်ပေးလိုက်သည်။ 


“စီနီယာ ….”


“အင်း … ”


ရုတ်တရက် ဟယ့်ယွင်ထင်၏ တိတ်ဆိတ်မှုအား ရင်ဆိုင်လိုက်ရသဖြင့် လင်းဟန်သည် ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။ 

“ကျွန်တော် အပေါ်တက်တော့မယ် …” 


“အင်း …” 


“နောက်မှတွေ့မယ်နော် …” 


“အင်း …” 


လင်းဟန်က ခေါင်းကုတ်လိုက်ရင်း ဟယ့်ယွင်ထင်၏ အတွေးများကို ကြားခဲ့ကြောင်း ဖော်ထုတ်စရာမလိုအပ်သည့် တစ်စုံတစ်ခု ပြောချင်ခဲ့သည်။ သို့သော် သူက အနည်းငယ် ရှက်ရွံ့နေ၏။ အဆုံးသတ်တွင်  သူက နောက်ဆုံးတစ်ခေါက်ကကဲ့သို့ တစ်ဖက်လူအား အပြုံးဖြင့် လက်ပြရန်သာ တတ်နိုင်ခဲ့သည်။ 


လင်းဟန်သည် လှေကားတက်နေရင်း ဖိုရမ်ရှိ ဆွေးနွေးမှုများအား ပြောခဲ့သင့်သည်ဟု တွေးလိုက်မိသည်။ အဆုံးသတ်တွင် သူသည် ဟယ့်ယွင်ထင် ထိုအရာများနှင့် ပတ်သတ်၍ တစ်စုံတစ်ခု လုပ်လိုက်မည်ကို စိုးရိမ်နေခဲ့လေသည်။ 


ထားပါတော့ … နောက်မှပဲပြောလိုက်တော့မယ် … 


လင်းဟန်သည် အာဟာရဓာတ်စာအား ပထမဆုံးအကြိမ် မျက်မှောင်မကြုတ်ပဲ သောက်လိုက်မိ၏။ အရသာသည် သိပ်မဆိုးဟုပင် သူ ခံစားလိုက်ရသည်။ 


နှစ်နာရီအကြာ၌ ရှန်းရှိုးနန်သည် အခန်းတွင်းသို့ လျှောက်ဝင်လာ၏။ 


“လင်းအာ …”

သူက စိတ်လှုပ်ရှားစွာ မေးလိုက်၏။ 

“ဗိုလ်မှူး မင်းကိုလာရှာတာလား …” 


လင်းဟန်က ဖုံးကွယ်ထားချင်စိတ်မရှိပေ။ သို့သော် ဤမျှမြန်မြန် သတင်းပျံ့သွားမည်ဟုလည်း သူ မျှော်လင့်မထားခဲ့ချေ။ 

“အင်း …” 


သူက မှတ်ဉာဏ်တုကို ဖွင့်လိုက်ချိန်၌ ဟယ့်ယွင်ထင်/လင်းဟန် မဟာမိတ် အကြောင်း တွေ့လိုက်ရသည်။ ဖိုရမ်တစ်ခုလုံး စာများဖြင့် ပြည့်နှက်နေ၏။ 


(“သံမဏိသစ်ပင်ကြီးမှာ ပန်းတွေပွင့်လာပြီ …”)


(“ပျော်မိပါတယ် … အိပ်မက် အို လေးက တစ်စုံတစ်ဦးဆီရောက်သွားပေမယ့်ပေါ့ … ဒါပေမယ့် တကယ်ကြီး ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး …” )


(“ဒီတော့ ဒါက တကယ်ပဲလား …”)


(“တကယ်ပဲ … တကယ်ပဲ … ငါဖြတ်သွားတုန်းတွေ့လိုက်တာ … ဗိုလ်မှူးက ဟန်ဟန့်ကို အဆောင်ဆီ ကျောပိုးပြီး လိုက်ပို့ပေးခဲ့တာလေ … ငါတို့က ဗိုလ်မှူး သိသွားမှာစိုးလို့ လိုက်မကြည့်ရဲခဲ့ဘူး … ဒါပေမယ့် အဲဒါက အမှန်ပဲ …” )


(“ဘေးမှကြည့်နေသည့် ဘီတာတစ်ဦးသည် CP report တင်သွားသည်။”)



(“ပျော်ရွှင်စွာ ထောက်လှမ်းနေသည့် ဘီတာတစ်ဦးသည် CP report တင်သွားသည်။” )


(“ဒီတော့ သူတို့နှစ်ဦးက တွဲတော့မှာပေါ့ …” )


(“ဗိုလ်မှူးက တကယ်ပဲ တစ်ယောက်ယောက်ကို လိုက်နေပြီကိုး …” )


(“ဒီတော့ ဒါကို ဆန့်ကျင်မယ့်လူမရှိတော့ဘူးလား …” )


(“ငါဘာလို့ ဒါကို မငြင်းနိုင်မှန်း မသိဖြစ်နေတာ … နှစ်ပေါင်းများစွာက ဘွဲ့ရသွားတဲ့ စီနီယာနဲ့ ထူးချွန်တဲ့ ဂျူနီယာကြားက ချစ်ဇာတ်လမ်းလေး …” )


တော်ဝင်စစ်တက္ကသိုလ်၌ အဓိကနယ်မြေရှိ စွမ်းအင်အပြည့်ဆုံး လူငယ်များ စုဝေးနေကြသည်။ သူတို့၌ မကောင်းသည့် ရည်ရွယ်ချက်များ မရှိကြချေ။ လင်းဟန်သည် စာများကို လိုက်ကြည့်ရင်း တောင့်ခဲသွားခဲ့၏။ သူက သူသည် သာမန်ကျောင်းသားတစ်ဦး မဟုတ်ကြောင်း ဟယ့်ယွင်ထင်အား ပြောခဲ့သင့်သည်ဟု တွေးလိုက်၏။ သို့သော် သူပြောလိုက်ပါက တစ်ဖက်လူသူ့အား ထပ်မံ၍ လာမတွေ့တော့မည်ကိုလည်း စိုးရိမ်နေမိသည်။ 


လင်းဟန်သည် ဆယ့်ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ် သံသယဝင်လာ၏။ သို့သော် ၎င်းက သူ့အား မပျော်မရွှင် မဖြစ်စေခဲ့ချေ။ ၎င်းက တိကျသည့်အဖြေတစ်ခု ထွက်လာရန် သူလုပ်သင့်သည့် အရာတစ်ခုကဲ့သို့ ရှိနေ၏။ သူက မိခင်အား ထုတ်ပြောရန် စဉ်းစားမိလိုက်သည်။ သို့သော် သူကိုယ်တိုင် ဖြေရှင်းချင်သေး၏။ 


ရှန်ရှိုးနန်သည် ချက်ချင်း အခြေအနေကို မမေးခဲ့ချေ။ သို့သော် သူ့မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်ကို ကြည့်ပါက သူသည်လည်း စောင့်ကြည့်နေသည့် ဘီတာ အဖွဲ့သားတစ်ဦးဖြစ်ကြောင်း သိနိုင်၏။ 


လင်းဟန်သည် ဟယ့်ယွင်ထင်ထံမှ နံပါတ်တောင်းခဲ့သင့်သည်ဟု ခံစားလိုက်ရလေသည်။ 



သို့သော် သူ့အနေဖြင့် ဆက်သွယ်ရေးအတွက် စိုးရိမ်စရာမလိုအပ်ချေ။ အဘယ့်ကြောင့်ဆိုသော် ဤနေရာမှ အချက်အလက်အားလုံးကို ပြောပြမည့် ဗိုလ်လောင်းတစ်ဦး ရှိနေ၍ဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ဟယ့်ယွင်ထင်သည် သူ့ထံသို့ ရောက်လာသည့်တိုင် မည်သည့်အကြောင်းကိုမှ ဆွေးနွေးခြင်း မပြုခဲ့ချေ။ 


နောက်ဆုံးတစ်ခေါက် အတွေ့အကြုံကြောင့် လင်းဟန်သည် ဟယ့်ယွင်ထင်၏ အတွေးများကို ပို၍ သိချင်လာ၏။ သို့သော် သူက တစ်ဖက်လူ၏ စိတ်အား တိုက်ရိုက် ဖတ်လိုက်လျှင် အလွန်သိသာသွားပေလိမ့်မည်။ 


ဖြည်းဖြည်းချင်းဆိုသလို ဟယ့်ယွင်ထင်သည် တက္ကသိုလ်သို့ တစ်ပါတ်လျှင် တစ်ကြိမ် ရောက်လာတတ်၏။ သူက လင်းဟန်အား အမှတ်မထင် တွေ့သလို ဟန်ဆောင်ခြင်း၊ သင်ခန်းစာများ နားထောင်ခြင်းတို့ ပြုလုပ်လေ့ရှိ၏။ 


ဟယ့်ယွင်ထင် စတုတ္ထအကြိမ် ပေါ်လာသည့်နောက် လင်းဟန်သည် မနေနိုင်ပဲ ပါးစပ်ဖွင့်လိုက်မိ၏။ 

“စီနီယာ …”


သူက မေးလိုက်သည်။ 

“ခင်ဗျား …” 


သူက ဖိုရမ်တွင် ဖြစ်နေသည့် ကိစ္စများကို အကျဉ်းချုံး၍ ပြောပြလိုခဲ့သည်။ သို့သော် ထိုစကားများကို မည်သို့ထုတ်ပြောရမှန်း မသိတော့ချေ။ 


ဤတစ်ကြိမ်၌မူ ဟယ့်ယွင်ထင်သည် လိုလိုလားလား စတင်ဖြေကြားလာ၏။ 

“အဲဒါက ဘာမှမဟုတ်ပါဘူး …” 


လင်းဟန်က တောင့်တင်းသွားသည်။ 

“ဘာကလဲ …” 


ဟယ့်ယွင်ထင်သည် အေးစက်စက် ပြောလိုက်၏။ 

“အဲဒီ့ မှတ်ချက်တွေကို ဂရုမစိုက်ပါနဲ့ …” 


ဤတစ်ကြိမ်၌ လင်းဟန် နားမလည်ဖြစ်သွား၏။ သူက မျက်တောင်ခတ်လိုက်သည်။ 

“စီနီယာ …” 


“ခင်ဗျား ဘွဲ့ရသွားတာတောင် ဖိုရမ်အကြောင်း တွေးနေတုန်းလား …” 


ဟယ့်ယွင်ထင်သည် အတန်ကြာတိတ်ဆိတ်သွား၏။ သူက စိတ်ထဲတွင် သူ၏ လက်အောက်ငယ်သားများအား သစ္စာဖောက်ရန် တွေးနေပုံပေါ်သည်။ လင်းဟန်သည် တစ်ဖက်သို့ လှည့်ကာ ခပ်တိုးတိုးမရယ်ပဲ မနေနိုင်ခဲ့ချေ။ 



ပဉ္စမအကြိမ်၌ ဟယ့်ယွင်ထင်သည် လင်းဟန်ထက်ပို၍ စောစီးစွာ အချိန်ဇယားများကို ရှင်းလင်းနိုင်ခဲ့သည်။ သူက စာသင်ခန်းကျယ်ထံသို့ ရောက်လာပြီး သူ့အား စောင့်နေခဲ့သည်။ ကျောင်းရှိလူများက ထိုအရာနှင့် အသားကျနေကြပြီဖြစ်၏။ အဆုံးသတ်တွင် ထိုသူနှစ်ဦးသည် ကောင်းမွန်ပြီး လိုက်ဖက်ညီလှ၏။ လင်းဟန်က ဟယ့်ယွင်ထင်အား တွေ့လိုက်သည့်အခါ တစ်ဖက်လူသည် ခုံပေါ်၌ အိပ်မောကျနေခဲ့လေသည်။ 


သူက စခန်းတွင် သွေးသစ်အဖြစ် ထင်ရှား၏။ ဟယ့်ယွင်ထင်သည် ဤနေရာသို့ မလာခင် လေ့ကျင့်ရေး၌ ပို၍ စွမ်းအင်သုံးခဲ့ရသည်။ သို့သော် လင်းဟန်က သူ့အား မလာရန် မပြောရက်ချေ။ သူ့နှလုံးသားထဲရှိ အသံသည် ထိုသူ့အား လာစေချင်နေ၏။ 


လင်းဟန်သည် စီနီယာဟု ခပ်တိုးတိုး နှစ်ကြိမ်ခေါ်လိုက်သည်။ သို့သော် တစ်ဖက်လူကမူ အိပ်မောကျနေဆဲပင်။ 


လေ့ကျင့်ရေးက အရမ်းပင်ပန်းလို့များလား … 


ဟယ့်ယွင်ထင်သည် အသက်ပုံမှန်ရှူလျက် အိပ်မောကျနေ၏။ သူက မျက်နှာအား တစ်ဝက်ဖော်ထုတ်ထားသည်။ ယခုအခါမှသာ ဟယ့်ယွင်ထင်သည် သူနှင့် အသက်မကွာမှန်း လင်းဟန် သတိပြုမိတော့၏။ သူက တိတ်ဆိတ်လွန်း၍ ရင့်ကျက်သည့်ပုံပေါက်သွားခြင်းပင်။


လင်းဟန်သည် ခဏထိုင်စောင့်လိုက်၏။ သို့သော် အိပ်စက်နေသည့် ဟယ့်ယွင်ထင်ကို ကြည့်ရင်း လင်းဟန်သည် အကြံရလာခဲ့သည်။ 


လင်းဟန်က တစ်ဖက်လူ၏ အတွေးများကို နားထောင်ရန် သတ္တိမွေးလိုက်၏။ 


သူ အိပ်မက်မက်နေလား … သူ့အိပ်မက်ကိုရော ကြားနိုင်မလား … 


သူ တကယ်အိပ်နေတာလား …


သူက ဟယ့်ယွင်ထင် နိုးလာမည်ကို စိုးရိမ်စွာဖြင့် တစ်ဖက်လူ၏ လက်ဖမိုးပေါ်သို့ သူ၏ လက်ချောင်းထိပ်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။ 


【သူ ငါ့လက်ကို ထိနေတယ် … 】


【သူ ငါ့ကို သဘောကျနေတာလား … 】


အင်ပါယာရှိ အနာဂတ်မင်းသားလေးသည် ထိုအတွေးများကြောင့် ရှက်သွေးဖြာကာ မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။ “...”



လင်းဟန်သည် အိပ်ချင်ယောင် ဆောင်နေသည့် တစ်စုံတစ်ဦးကြောင့် အငိုက်မိသွားရသည်။ သူက အချိန်မီ လက်ပြန်မရုတ်နိုင်ခဲ့ချေ။ .


[သူ့လက်ကလေးတွေက နူးညံ့လိုက်တာ.]


[သူက အရမ်းချစ်စရာကောင်းတာပဲ … သူငါ့ကို တကယ်သဘောကျတာလား]


[မဟုတ်ရင် သူ တိတ်တိတ်လေး လာထိစရာအကြောင်းမှမရှိတာ. ]


[မဖြစ်နိုင်တာတော့မဟုတ်ဘူး ]


[မဟုတ်သေးပါဘူး.]


[ငါက ပျင်းစရာကောင်းတယ်]


လင်းဟန် နားထောင်လေလေ၊ စိတ်ဓာတ်ကျမှုအား ခံစားမိလေလေပင်။ 


ဟယ့်ယွင်ထင်၏ ပုံပန်းသွင်ပြင်အရ စိတ်ဓာတ်ကျစရာ တစ်ကွက်ပင်မရှိချေ။ လင်းဟန်သည် ခေါင်းကိုစောင်းကာ တစ်ဖက်လူအား ကြည့်လိုက်သည်။ ထိုသူ၏ အိပ်ချင်ယောင်ဆောင်နိုင်စွမ်းသည် အလွန်ကောင်းမွန်၏။ သူက ပုံမှန်အသက်ရှူနေရင်း အလေးအနက် တွေးတောနေလေသည်။ 


[သူငါ့ကိုကြိုက်တာ မဖြစ်နိုင်ဘူး]


သူ့အသံတွင် ယုံကြည်ချက်များကင်းမဲ့နေသည်။


လင်းဟန်သည် လက်ချောင်းများကို ကွေးလိုက်၏။ 


[တကယ်ဆို ငါသူ့အတွက် ဒီနေရာကို လာနေခဲ့တာအသိသာကြီးပဲ]


[ဒါပေမယ့် ခုထိဘာမှမပြောနိုင်သေးဘူး  ]


[သူငါ့ကိုတော့ မကြောက်လောက်ပါဘူး]


ဟယ့်ယွင်ထင်ထိုမျှ အတွေးများတတ်မည်ဟု လင်းဟန်မထင်ထားချေ။ ယခုအခါမှသာ သူက တစ်ဖက်လူအား တစ်ခါမှ မကြောက်ရွံ့ခဲ့သည်ကို သူ့ကိုယ်သူ သတိထားမိသွား၏။ 


ရှန်းရှို့နန်ထံမှ ထိုသူသည် ရက်စက်သည်ဟု ကြားခဲ့ရသည်။ သို့သော် ထိုစဉ်ကတည်းက သူတစ်ဖက်လူအား မကြောက်ချေ။ 


သူက တစ်ဖက်လူအား မည်သို့ဆက်သွယ်ရမှန်း မသိခဲ့ချေ။ သို့သော် ယခုအခါ ထိုသူ၏အသံအား ကြားချိန်၌ သူ့နှလုံးသားထဲတွင် နူးညံ့သောလှိုင်းကလေးတစ်ခု ထကြွလာခဲ့ရသည်။ 


ငါက တစ်ယောက်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို တူးဖော်လိုက်တာပဲ … 


အားလုံးသည် သူနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များဖြစ်ကြသည်။ 


【ဘာလို့ ပိုတွေးလေလေ၊ သူနဲ့ ပိုဝေးလာလေလေ ခံစားနေရပါလိမ့်】


လင်းဟန်သည် သူ့အသံထဲရှိ ကြောက်ရွံ့မှုအား ခံစားမိလိုက်၏။ 


[ဒါပေမယ့် ငါကတကယ့်ကို ရက်စက်တဲ့လူမဟုတ်ရပါဘူး ]


လင်းဟန် ကြောင်အသွားသည်။ 


သူ၏ရင်ဘတ်အား တစ်စုံတစ်ခုက လာရောက်ထိမှန်သကဲ့သို့ တုန်ခါမှုတစ်ခုဖြစ်ပေါ်လာ၏။ ရလဒ်အနေဖြင့် ၎င်းတုန်ခါမှုသည် သူ၏ မူလနှလုံးခုန်သံကို နှောင့်ယှက်လေတော့သည်။ 


သူ၏ လည်ချောင်းသည် စတင်၍ ခြောက်သွေ့လာသည်။ သူက သူအကြိုက်ဆုံး ဆိုဒါအား အနည်းငယ် မော့သောက်လိုက်ပါက ထိုခံစားချက် ပျောက်သွားမည်လောဟု သိချင်လာခဲ့သည်။ သူ၏မိခင်သည် ကိတ်မုန့်ဖုတ်လေတိုင်း သကြားမပါသည်ဖြစ်စေ၊ တူးသွားသည်ဖြစ်စေ၊ ဝမ်ကျောက်ကောသည် ၎င်းကိတ်မုန့်ကို စားသောက်လေ့ရှိသည်။ သူ့မိခင်သည် အားသန်သော်လည်း အာဟာရဓာတ်စာဘူးကိုမူ သူမ၏ ခင်ပွန်းကိုသာ ဖွင့်စေ၏။ တစ်ဖက်လူသည် ခါးသက်သက်ပြုံးလျက် ‘ကိုယ်ဖွင့်ပေးရင် အရသာပိုကောင်းလို့လား’ ဟုမေးလေ့ရှိ၏။ ထိုအခါ အခြားလူများရှေ့တွင် အမြဲလိုလို တည်ငြိမ်စွာနေတတ်သည့် သူ၏ မိခင်သည် ညစ်ကျယ်ကျယ်ပြုံးကာ ခေါင်းညိတ်၍ ‘ဟုတ်တယ်’ ဟု ဖြေလေ့ရှိသည်။ 


ယခုအခါ လင်းဟန်၌ ထူးဆန်းသည့် အကြံတစ်ခု ရလာသည်။ 


ဉပမာအားဖြင့် သူသည်လည်း အာဟာရဓာတ်စာကို မနှစ်မြို့ချေ။ အကယ်၍ သူသည် သူ၏ မိခင်အတိုင်း ဟယ့်ယွင်ထင်အား ဓာတ်စာဘူးကို ဖွင့်စေပါက ဓာတ်စာသည် ပို၍ အရသာကောင်းမည်လော။ 


သို့မဟုတ် ဟယ့်ယွင်ထင်သည် အချိုပွဲများကို လုပ်တတ်သည်ဆိုပါစို့။ သူ၏ အချိုပွဲများသည် လင်းဟန်၏ မိခင်၏ အချိုပွဲများကဲ့သို့ အရသာမကောင်းဖြစ်နေပါက လင်းဟန်သည် ထိုအချိုပွဲများကို စားသောက်နိုင်မည်လော။ 


လင်းဟန်သည် တွေးနေရင်း သူနှင့်ဟယ့်ယွင်ထင်၌ ထိုသို့ဆက်ဆံရေးမျိုး မရှိသည်ကို သတိရသွားသည်။ 


သို့သော် သူ့နှလုံးသားသည် ခုန်ပေါက်နေဆဲဖြစ်ပြီး သူ၏ လည်ချောင်းမှာလည်း ခြောက်ကပ်နေဆဲပင်။ 


လင်းဟန်က သူ၏လက်ကို မရုတ်လျှင် သူ၏စိတ်ဖတ်နိုင်စွမ်းသည်လည်း ထုတ်ဖော်ခံရတော့မည်ဟု ခံစားမိလိုက်သည်။ 


ထို့ကြောင့် သူက လက်ကို ဖြည်းဖြည်းချင်း ရုတ်လိုက်၏။ 


သူသည် ရေဆာနေပြီး အနည်းငယ် စိုးရိမ်နေသည်။ 


စာသင်ခန်းတံခါးနှင့် မလှမ်းမကမ်း၌ ဖျော်ရည်စက်ရှိ၏။ လင်းဟန်သည် လက်ရှိအခြေအနေမှ ရုန်းထွက်နိုင်ရန် အတန်းမစခင် တံခါးထံသို့ လျှောက်သွားရန် ပြင်လိုက်သည်။ 


သို့သော် သူထရပ်လိုက်သည်နှင့် အိပ်ချင်ယောင်ဆောင်နေသူသည် သူ၏လက်အား အမြန်ဆွဲထားလိုက်၏။ 

သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ 


လင်းဟန်၏ မျက်ဝန်းများ၌ နားမလည်မှုများ ပြည့်နှက်နေ၏။ “…” 


[သွားပြီ … ငါတော့လူမိသွားပြီ 】


လင်းဟန်သည်လည်း တစ်ဖက်လူနှင့် တူညီသည့်အတွေးအား တွေးမိလိုက်သည်။ သို့သော် ရုပ်ပုံများအား လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာတတ်သည့် သူ၏ ဦးနှောက်သည် ယခုအခါ အလုပ်မလုပ်တော့ချေ။ 


သူ၏မျက်တောင်ရှည်များက တဖျပ်ဖျပ် လှုပ်ခါသွား၏။ “ခင်ဗျား …” 


ဟယ့်ယွင်ထင်သည်လည်း စိုးရိမ်လျက်ရှိသည်။ 


[အစကတည်းက အိပ်ချင်ယောင်ဆောင်မနေသင့်တာ … သူက အခုတော့ထွက်သွားတော့မယ်]


"ကျွန်တော်..." လင်းဟန်က သူထွက်သွားမည်မဟုတ်ကြောင်း ပြောလိုခဲ့၏။ 


သို့သော် သူက ဤစကားများကိုသာ ပြောလိုက်မိသည်။ : "ဆိုဒါသွားဝယ်မလို့ … သောက်ဦးမလား … "


"……အိုး"


တစ်ဖက်လူက လင်းဟန် ထွက်မသွားကြောင်း သိလိုက်ရသဖြင့် စိတ်သက်သာရာရသွားပုံပေါ်၏။ 


"ကိုယ်သွားဝယ်ပေးမယ်…." ဟယ့်ယွင်ထင်သည်လည်း မတ်တပ်ရပ်လိုက်သည်။


ကျောင်းသားများသည် စာသင်ခန်းထဲသို့ တဖွဲဖွဲဝင်ရောက်လာကြ၏။ သူတို့နှစ်ဦးသည် သတိပြုလွယ်သည့် လူနှစ်ဦးဖြစ်ကြသည်။ လင်းဟန်သည် သူ၏ ရှက်ရွံ့နေသည့်မျက်နှာအား အခြားလူများ မြင်သွားမည်စိုးသဖြင့် ခေါင်းအမြန်ငုံ့လိုက်၏။ "ကောင်းပါပြီ … "


"ရေခဲထည့်ခဲ့ပေးနော် … " သူက ခေါင်းမော့လျက် ဟယ့်ယွင်ထင်အား ပြောလိုက်၏။ 


မဟုတ်ရင် ကျွန်တော့်လက်ဖဝါးတွေ ပူနေမှန်း ခင်ဗျားသိသွားလိမ့်မယ် … 


ဟယ့်ယွင်ထင်သည် ဤနေရာသို့ အတန်းတက်ရန်သက်သက် လာရောက်ခဲ့သည့်အတိုင်း ပြုမူနေ၏။ သူ၏ ကိုယ်ဟန်သည် တောင့်တင်းနေသဖြင့် နောက်တစ်စက္ကန့်၌ ယူနီဖောင်းလဲဝတ်ကာ လေ့ကျင့်ရေးဆင်းတော့မည်ဟုပင် ထင်ရလေသည်။ 


ထို့နောက် တစ်စုံတစ်ဦးက သူ၏ အင်္ကျီထောင့်စွမ်းအား ထိလိုက်၏။ 


ရလဒ်အနေဖြင့် ဗိုလ်ချုပ်ကြီး၏ အေးစက်စက် အရှိန်အဝါသည် ထက်ဝက်ခန့် လျော့ပါးသွားလေသည်။ သူ၏ မျက်နှာအမူအရာသည် အပြောင်းအလဲမရှိချေ။ သို့သော် သူ၏ မျက်ဝန်းများကမူ တစ်ဖက်လူထံသို့ စိတ်ပါလက်ပါ စိုက်ကြည့်လာ၏။ 


ဆယ်ကျော်သက်လေး၏ လက်ထဲတွင် ဆိုဒါအေးတစ်ပုလင်း ရှိနေသည်။ သူက ပုလင်းအား တင်းတင်းဆုပ်ကိုင်ထားသဖြင့် ရေစက်ကလေးများသည် သူ၏ လက်ဖဝါးမှ စီးကျနေကာ အင်္ကျီလက်ကိုပင် စွန်းထင်းနေ၏။ 


သူက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သို့သော် ဟယ့်ယွင်ထင်၏ အကြည့်အောက်၌ပင် လွယ်အိတ်ထဲမှ အာဟာရဓာတ်စာဘူးကို ထုတ်ယူကာ ကမ်းပေးလာ၏။ "ကျွန်တော့်ကို ဒါလေးဖွင့်ပေးပါလား … "


သူက စကားမဆုံးသေးခင် သူ့လက်များ စိုစွတ်နေကြောင်း သတိပြုမိလိုက်သည်။ ထို့ကြောင့် လက်များကို အင်္ကျီဖြင့် ကပ်သုတ်ပြီးနောက် ဓာတ်စာဘူးအား ထပ်မံကမ်းပေးလိုက်၏။


ဟယ့်ယွင်ထင်သည် လင်းဟန်၏ အေးစက်စက် လက်ချောင်းထိပ်များအား ထိမိလိုက်သည်။


[သူ့လက်တွေက အေးနေပါလား.]


[အာဟာရဓာတ်စာဘူးကိုတောင် ဖွင့်ခိုင်းတာဆိုတော့ သူငါ့ကို သဘောကျနေတာလား]


ဟယ့်ယွင်ထင်သည် ထိုသို့တွေးပြီးနောက် လင်းဟန် သူ့အား အကြည့်လွှဲသွားကြောင်း သတိမပြုမိချေ။ သူက ဓာတ်စာဘူးအား အလွယ်တကူဖွင့်ကာ လင်းဟန်ထံ ပြန်ပေးလိုက်၏။ 


လင်းဟန်သည် အာဟာရဓာတ်စာတစ်ငုံကို အလေးအနက် စုပ်သောက်လိုက်သည်။ 


အရသာကမပြောင်းပဲနဲ့ … မေမေကဘာလို့ အဲဒီ့လိုပြောတာလဲ … 


လင်းဟန်သည် ဝေခွဲမရဖြစ်နေ၏။ 


သို့သော် နောက်တစ်ကြိမ် ရှိလျှင်ပင် သူက ဟယ့်ယွင်ထင်အား ဖွင့်ခိုင်းလိုဆဲပင်။ 


အာဟာရဓာတ်စာများသည် အရသာမရှိချေ။ သို့သော် ဆိုဒါအေးသည် အရသာရှိလှ၏။ 


လင်းဟန်သည် ဟယ့်ယွင်ထင်အား အမှန်တကယ် နှစ်သက်ခြင်းဟုတ်မဟုတ် ဝေခွဲမရဖြစ်နေ၏။ ထိုအချိန်မှာပင် သူ၏ မိခင်သည် သူ၏ သက်ပြည့်အခမ်းအနားအကြောင်း စကားစလာခဲ့သည်။ 


အဆုံးသတ်တွင် ၎င်းသည် သူ့ဘဝ၏ အရေးကြီးအခမ်းအနားတစ်ခု ဖြစ်၏။ နန်းတော်ထဲရှိ လူအားလုံးသည် လွဲချော်မှုတစ်ခုကိုမှ မဖြစ်စေရအောင် အသေးစိတ်ပြင်ဆင်လျက် ရှိကြသည်။ 


ဝမ်ကျောက်ကောသည် တခမ်းတနား နေထိုင်တတ်သည့် လူတစ်ဦးမဟုတ်ပေ။ ထို့ကြောင့် စီစဉ်မှုအဝဝသည် ဘုရင်မအပေါ် ကျရောက်လာတော့သည်။ 


လင်းဟန်သည် မိခင်၏ စီစဉ်မှုအား ယုံကြည်ချက်အပြည့်ဖြင့် နားထောင်ခဲ့သည်။ သူက ဝတ်စုံဖြစ်စေ၊ အခမ်းအနားကိုဖြစ်စေ မည်သည့် ကန့်ကွက်မှုကိုမှ မပြုခဲ့ချေ။


သူ၏ ဇစ်မြစ် ပေါ်ထွက်သွားသည့်တိုင် ကျောင်းသို့ သွားနိုင်ဆဲဖြစ်၏။ သူလုပ်ချင်သည့်အရာကို သူ၏ ဇစ်မြစ်က ကန့်သတ်ထားခြင်း မရှိချေ။ 


အမှန်စင်စစ် လင်းဟန်သည် သူ၏ ဇစ်မြစ်ကြောင့် သူနှင့်အတူ နေ့ရောညပါ ရှိခဲ့သည့် အတန်းဖော်များသည် သူ့အပေါ် မည်ကဲ့သို့ ဆက်ဆံကြမည်ကို မသိရသေးချေ။ အထူးသဖြင့် ဟယ့်ယွင်ထင် ထိုအရာကို သိရှိချိန်၌ 

သူ့အပေါ် ဆက်ဆံပုံ ပြောင်းလဲသွားမည်ကို စိုးရိမ်နေမိ၏။ 


ဤရက်ပိုင်းအတွင်း ဟယ့်ယွင်ထင်သည် မကြာခဏ လာရောက်လေ့ရှိသည်။ သူက မည်သို့မှ မပြောသော်လည်း လင်းဟန်သည် သူနှင့် အသားချင်းထိကာ သူ့အတွေးများကို ဖတ်လေ့ရှိ၏။ 


သို့သော် လင်းဟန်သည် တစ်ဖက်လူအား မည်သို့တုံ့ပြန်ရမည်ကို မသိသေးချေ။ အဆုံးသတ်၌ လင်းဟန်သည်လည်း ဤနယ်ပယ်နှင့် အစိမ်းသက်သက်သာ ဖြစ်၏။


“အိုး … နောက်ထပ်အခမ်းအနားလည်း ရှိသေးတယ် …” အမျိုးသမီးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆို၏။


 “ဟန်ဟန်က အဲဒါကိုလုပ်မယ်မလုပ်ဘူး ရွေးခွင့်ရှိတယ် …”



👾