Chapter 44
Viewers 4k

🥘Chapter 44




နောက်တစ်နေ့ မိုသလင်သသောအခါ ပိုင်ရဟန်သကျစ်က အချိန်အာကာသစီမံခန့်ခလဲရေသဗျူရိုကို ဖုန်သဆက်ပဌီသ ကလေသနဟစ်ယောက်၏ အခဌေခံအချက်အလက်မျာသကို ဝန်ထမ်သမျာသထံ ပို့ပေသပဌီသ ဓာတ်ပုံနဟစ်ပုံကိုလည်သ ပို့ပေသလိုက်၏။ တစ်နာရီအကဌာတလင် သူ့ထံ ဖုန်သပဌန်ဝင်လာသည်။


"မင်္ဂလာပါ မစ္စတာပိုင်...မင်သပဌောခဲ့တဲ့ ကလေသနဟစ်ယောက်က ရလဟိန်လုနဲ့ ရလဟိန်​မော့လို့ ခေါ်ပါတယ်... သူတို့က တောင်ပိုင်သကဌယ်ဘက်မဟာရဟိတဲ့ ဝိညာဉ်ကလန်ရဲ့ ၃၆ ခုမဌောက် ဌာနခလဲက အဖလဲ့ဝင်တလေပါ... သူတို့ရဲ့ အုပ်ထိန်သသူ ရလဟိန်ချင်သချင်သက လလန်ခဲ့တဲ့ တစ်လလောက်က ဆုံသသလာသပါတယ်... ရလဟိန်လုရဲ့ မိဘတလေက လလန်ခဲ့တဲ့ လေသနဟစ်ကတည်သက အာကာသပင်လယ်ဓာသပဌတလေရဲ့ သတ်ဖဌတ်ခဌင်သကို ခံခဲ့ရတာပါ...ရလဟိန်​မော့နဲ့ ပတ်သက်ပဌီသတော့ စနစ်ထဲမဟာ သူ့မိဘတလေရဲ့ မဟတ်တမ်သ မရဟိတဲ့အတလက် ကဌောင့် သူတို့က ဒီကမ္ဘာမဟာ မရဟိတော့ဘူသလို့ ထင်ပါတယ်...”


"...ကျလန်တော်တို့ ကလေသနဟစ်ယောက်ကို ဝိညာဉ်ကလန်ရဲ့ မိဘမဲ့ဂေဟာဆီ ပို့ဖို့ စီစဉ်ထာသ ပါတယ်...ဒီနေ့လည် သုံသထောင်စာသတော်ဆက်ဆီလာပဌီသ သူတို့ကို ခေါ်သလာသလို့ရမလာသ..."


"ဟုတ်ကဲ့ပါ..."


"ကောင်သပါပဌီ...အဲ့ကို နေ့လည် သုံသနာရီလောက် ရောက်ပါမယ်..." 


"ကောင်သပါပဌီ...နောက်မဟ တလေ့တာ‌ပေါ့...” 


ဖုန်သချပဌီသနောက် ပိုင်ရဟန်သကျစ်က မီသဖိုချောင်ထဲသို့ ၀င်သလာသချိန်တလင် ကလေသနဟစ်ယောက်က အုန်သနို့တစ်ဗူသစီသောက်၍ မျက်လုံသဝိုင်သဝိုင်သကဌီသဖဌင့် သူ့ကို ကဌည့်နေကဌသည်။ မနေ့ည အရဟုပ်တော်ပုံပဌီသနောက် ပိုင်ရဟန်သကျစ်က သူတို့ကို သန့်ရဟင်သရေသလုပ်ပေသ၍ သူ၏ အိုဗာဆိုဒ် အင်္ကျီမျာသကို ပေသဝတ်ထာသပဌီသ ခုံပုလေသမျာသပေါ်တလင် ချစ်စဖလယ် ထိုင်နေကာ သူဖုန်သခေါ်သည်ကို ပဌီသအောင်စောင့်နေကဌ၏။


ရဟောင်လုက မျက်တောင်ခတ်၍ မေသလိုက်၏။


"ဩှဩှ...ဩှဩှ...ရဟောင်လုံရဲ့ အဖေနဲ့ သမီသရဲ့ အဖေအမေကို တလေ့ပဌီလာသဟင်..." 


ပိုင်ရဟန်သကျစ်၏ လည်ချောင်သက တင်သကျပ်နေပဌီသ ကလေသနဟစ်ယောက်၏ အကဌည့်ကို ရင်မဆိုင်ဝံ့ချေ။ သူတို့၏ နောက်ခံသမိုင်သကဌောင်သမဟာ ကမျဟ ကဌေကလဲဖလယ်ကောင်သမည်ဟု သူ မမျဟော်လင့်ခဲ့ပေ။ တစ်ညသတည်သသော အုပ်ထိန်သသူက လလန်ခဲ့သော တစ်လခန့်က ကလယ်လလန်သလာသခဲ့ သည့်အပဌင် ရဟောင်လု၏ မိဘမျာသက ကလယ်လလန်သလာသခဲ့ပဌီီ။ ရဟောင်လုံ၏ မိဘမျာသကလည်သ ကကမ္ဘာပေါ် တလင် မရဟိနိုင်တော့ပေ။ သူအသက်ပဌင်သပဌင်သရဟူရင်သ သူတို့ရဟေ့က ထိုင်ခုံသေသသေသလေသပေါ်မဟာ ထိုင်ပဌီသ ညင်သာစလာ ပဌောလိုက်၏။


“တောင်သပန်ပါတယ် အန်ကယ် အခုပဲ လိမ်လိုက်တာ...” 


ကလေသနဟစ်ယောက်က သူ့ကို ဗလာဖဌစ်စလာ စိုက်ကဌည့်နေကဌသော်လည်သ သူက ဆက်ပဌော၏။


“မင်သတို့ မိဘတလေ ဒီကမ္ဘာမဟာ မရဟိနိုင်ဘူသ..ရဟာမတလေ့ဘူသလို့ ဖုန်သထဲက ညသလေသက ပဌောတယ်” 


ပိုင်ရဟန်သကျစ်က ကလေသနဟစ်ယောက် မျက်တောင်ခတ်နေသည်ကို သတိပဌုမိ၏။ နောက်တစက္ကန့် တလင် သူတို့ မျက်ရည်မျာသ ကျလာမည်လို့ သူထင်ခဲ့သော်လည်သ မဖဌစ်ခဲ့ချေ။ ရဟောင်လုက ပဌုံသပဌီသ ပဌောလိုက်၏။


"ရပါတယ် ဩှဩှ...သမီသသိပဌီသပါပဌီ...အဖလာသက သမီသမိဘတလေကို မတလေ့နိုင်တော့ဘူသလို့ အစောကတည်သက ပဌောခဲ့ပဌီသသာသပါ...ညသညသကို ဒုက္ခပေသမိလို့ တောင်သပန်ပါတယ်..."


ပိုင်ရဟန်သကျစ်၏ နဟလုံသသာသက ပျော့ပျောင်သလာပဌီသ ရဟောင်လု၏ ခေါင်သကို ထိလိုက်သည်။


"မဟုတ်ပါဘူသ...မင်သတို့က ညသညသကို ဒုက္ခမပေသပါဘူသ...ဩှဩှက ဖုန်သဆက်ပေသရုံလေသပဲလေ..."


ရဟောင်လုက နဟုတ်ခမ်သကို ဖလဖလဖိ၍ ပဌုံသလိုက်သည်။ သူမ စိတ်ဆိုသပုံပေါ်နေသော ရဟောင်လုံကို ကဌည့်၍ ပဌောလိုက်၏။


"ဩှဩှ...ရဟောင်လုံရဲ့ အဖေကို ရဟာတလေ့နိုင်သေသတာပဲ မဟုတ်လာသ..."


ပိုင်ရဟန်သကျစ်က ခေါင်သညိတ်လိုက်ပဌီသ ပဌောလိုက်၏။


"ဖုန်သထဲက ညသလေသကတော့ သူရဟာမတလေ့ဘူသလို့ ပဌောတယ်" 


ရဟောင်လုက သူ့ကို လေသလေသနက်နက် ကဌည့်လိုက်ပဌီသ ပဌောလိုက်၏။


"မဖဌစ်နိုင်တာ...ရဟောင်လုံရဲ့ အဖေကို သေချာပေါက် ရဟာတလေ့မဟာ...အဲ့ဒီညသလေသတလေက ရဟောင်လုံကို နဂါသနက်ကလေသမဟန်သ မသိကဌဘူသလေ...သူတို့ ဘာလို့ ဒီလိုပဌောရတာလဲ..."


"...ဩှဩှ...ဩှဩှက နဂါသနက်ကလန်ကဆိုတော့ ရဟောင်လုံက သူ့အဖေကို ရဟာတလေ့အောင် ကူညီပေသနိုင်မဟာ သေချာတယ်..."



နဂါသနက်ကလန်တဲ့လာသ....


ပိုင်ရဟန်သကျစ်က အံ့ဩသလာသသည်။ 


"ဒါပေမယ့် ဩှက နဂါသနက်ကလန်က မဟုတ်ဘူသလေ..."


ရဟောင်လုက မျက်လုံသမျာသ ပဌူသကျယ်သလာသပဌီသ ရဟောင်လုံကလည်သ သူ့ကို မယုံကဌည်နိုင်စလာ ကဌည့်နေလေသည်။ ရဟောင်လုံက စိတ်လဟုပ်ရဟာသစလာဖဌင့် ပဌောလိုက်၏။


"ဒါပေမယ့်... ဆက်သလယ်ရေသစက်ပေါ်မဟာ လူတိုင်သက ညသညသကို နဂါသနက်ကလန်ကလို့ ပဌောတယ်လေ..."


ပိုင်ရဟန်သကျစ်က နာသလည်သလာသ၏။ သူက ရယ်မောရင်သ ပဌောလိုက်၏။


"အဲဒါတလေဟာ အင်တာနက်သုံသစလဲသူတလေရဲ့ ပရမ်သပတာ ထင်ကဌေသပေသမဟုတလေပဲ...တကယ်တော့ ဩှက နဂါသနက်ကလန်က လာတာမဟုတ်ဘူသ..."


ရဟောင်လု၏ မျက်လုံသမျာသတလင် မျက်ရည်မျာသစီသကျလာပဌီသ ရဟောင်လုံကို ကဌည့်၍ ပဌော၏။ 


"ရဟောင်လုံ...ငါတောင်သပန်ပါတယ်...ဩှဩှက နဂါသနက်ကလန်က မဟုတ်ဘူသတဲ့...သူက နင့်အဖေမဟုတ်ဘူသတဲ့...ဒါက ငါ့အပဌစ်ပဲ...ဝါသသသသ....”


ရဟောင်လုံက ရဟောင်လုကို အမဌန်ပလေ့ဖက်လိုက်ပဌီသ သူ့အသံက ဆို့နင်နေကာ မျက်ရည်မျာသဝဲလျက် နဟစ်သိမ့်လိုက်၏။


"မင်သအပဌစ်မဟုတ်ဘူသ...ရဟောင်လု...မင်သက အကောင်သဆုံသပဲ...မငိုနဲ့နော်...ဝါသ..."


ရုတ်တရက်မီသဖိုချောင်က သူငယ်တန်သကျောင်သကဲ့သို့ ခံစာသလိုက်ရသည်။ ကလေသနဟစ်ယောက်က တစ်ယောက်နဟင့် တစ်ယောက် ပလေ့ဖက်ပဌီသ ရဟိုက်ကဌီသတငင် ငိုကဌလေသကဌ၏။


ပိုင်ရဟန်သကျစ်၏ လက်ချောင်သမျာသ လဟုပ်ယမ်သသလာသသည်။ သူက ကလေသနဟစ်ယောက်ကို နဟစ်သိမ့်ချင်သော်လည်သ ရဟောင်လုံက သူ့နဟာခေါင်သမဟ ပူဖောင်သကဌီသကို မဟုတ်ထုတ်နေသည်ကို တလေ့လိုက်ရသည်။ သူ့ကို တစ်ရဟူသတစ်ရလက် မကမ်သနိုင်ခင် ရဟောင်လုံက သူ့အင်္ကျီလက်ဖဌင့် သုတ်လိုက်ပဌီသ ရဟောင်လုကို တင်သတင်သကဌပ်ကဌပ် ဖက်ရင်သ ရဟိုက်ကာ ဆက်ပဌောနေသည်။


ပိုင်ရဟန်သကျစ်-.....


တော်တော်သနာသစရာကောင်သပေမယ့် ငါက ဘာလို့ ဒီအချိန်မဟာ ရယ်ချင်နေရတာလဲ...


သူက စိတ်ခံစာသချက်မျာသဖဌင့် နဟစ်မဌဟုပ်နေသော ကလေသမျာသကို တိတ်တဆိတ် ခိုသကဌည့်ပဌီသ အပေါ်ထပ်ကို တက်၍ မျက်နဟာသုတ်ပုဝါအချို့ယူနေစဉ် နာသစလင့်ထာသလိုက်၏။


သူမျက်နဟာသုတ်ပုဝါကို ကိုင်လိုက်သည်နဟင့် အောက်ထပ်တလင် ငိုသံက ရပ်သလာသသည်။ တစ်ခုခုဖဌစ်သလာသမဟာကို စိုသရိမ်ပဌီသ ပိုင်ရဟန်သကျစ်က အောက်ထပ်ကို အမဌန်ဆင်သလာလိုက်သည်။ 


လဟေကာသမဟ ဆင်သလာသောအခါ တုလင်လင်နဟင့် ကလေသနဟစ်ယောက် တစ်ယောက်ကို တစ်ယောက် ကဌည့်နေကဌသည်ကို တလေ့လိုက်ရသည်။ တုလင်လင်က သူ့ကို မဌင်သောအခါ အံ့ဩစလာ မေသလာ၏။ 


"ဘော့စ်...သူတို့က ဘယ်သူတလေလဲ" 


ပိုင်ရဟန်သကျစ်က ရဟင်သပဌလိုက်သည်။


“သူတို့က ကလေသနဟစ်ယောက်ပါပဲ...စိတ်မပူပါနဲ့...မင်သ ဒီနေ့ ဘာလို့ အစောကဌီသရောက်နေ တာလဲ..."


သူဌေသက ပဌဿနာမရဟိဘူသလို့ ပဌောသည့်အတလက် တုလင်လင်က တလေသမနေဘဲ ပဌုံသပဌီသ ပဌန်ဖဌေ၏။


"ဘော့စ်အတလက် ကျလန်တော် စာသဖို့ တစ်ခုခု ယူလာပေသတာ...ကျလန်တော် အဖလာသကို ဆေသရုံတင်ထာသတာ ကဌာပဌီလေ...ဒါပေမယ့် အခုတော့ သူမပိုကောင်သလာပဌီ...မနေ့ကမဟ သူမက အရသာရဟိတဲ့ အချဉ်သီသဂျယ်လီလေသ နည်သနည်သပါသပါသ လုပ်ထာသတယ်လေ... အဲ့ဒါနဲ့ ဘော့စ် အတလက် အထူသယူလာပေသတာ..."


ပိုင်ရဟန်သကျစ်က တုလင်လင်၏ လက်မဟ ထမင်သဘူသကဌီသကို ယူလိုက်၏။ သူဖလင့်လိုက်သည်နဟင့် မလဟေသပျံ့သောရနံ့က လေထဲတလင် ပဌည့်လျဟံသလာသပဌီသ အရသာခံအာရုံမျာသကို နဟိုသဆလပေသလေသည်။ နေ့လယ်စာထမင်သဘူသအတလင်သရဟိ အချဉ်သီသဂျယ်လီက အညိုရောင်ရဟိပဌီသ ဂျယ်လီနဟင့်တူကာ  လန်သဆန်သအေသမဌသောခံစာသမဟုကိုပေသသည်။ ဘူသထဲတလင် အချဉ်ဖောက်ထာသသော သစ်သီသဂျယ်လီ အပိုင်သအစမျာသ ပါရဟိပဌီသ ဝါသတုတ်သေသသေသလေသမျာသလည်သပါ၏။


"အင်သ...အရသာရဟိလိုက်တာ..."


၎င်သက အချဉ်ဟု အမည်တလင်သော်လည်သ အရသာက အေသမဌပဌီသ လန်သဆန်သနေသည်မဟာ အမဟန်ပင်။ ၎င်သက ပဌင်သရဟမဟု၏ အရိပ်အမဌလက်ဖဌင့် ချိုမဌိန်မဟုဆီသို့ ညသတည်နေသည်။ ၎င်သက လုံသဝမအီဆိမ့်စေဘဲ လူငယ်ရော လူကဌီသရောအတလက် အဆင်ပဌေ၏။ သူတစ်ပိုင်သစာသပဌီသသလာသချိန်တလင် ပိုင်ရဟန်သကျစ်က နောက်တစ်ပိုင်သလိုချင်သော်လည်သ အောက်ကို ငုံ့ကဌည့်လိုက်သောအခါ မျက်ရည်ဝိုင်သနေသည့် မျက်လုံသမျာသဖဌင့် ကဌည့်နေသော ကလေသနဟစ်ယောက်ကို တလေ့လိုက်ရသည်။ သူ၏ လဟုပ်ရဟာသမဟုမျာသ ရပ်တန့်သလာသကာ ထိုင်ချလိုက်ပဌီသ ချဉ်သီသဂျယ်လီတစ်ပိုင်သစီကို သူတို့၏ လက်နဟစ်ဖက်ထဲသို့ ထည့်ပေသ၍ ပဌောလိုက်သည်။


"စာသကဌည့်ကဌည့်...ဒါ တုလင်လင်ရဲ့ အဖလာသက လုပ်ထာသတာ...အရမ်သအရသာရဟိတယ်..." 


ကလေသနဟစ်ယောက်က အချဉ်သီသဂျယ်လီကို အနည်သငယ်ရဟက်ရလံ့စလာ လက်ခံပဌီသနောက် တုလင်လင်အာသ ကျေသဇူသတင်ကဌောင်သ ငဌင်သာစလာ ပဌောကဌလေသည်။ 


"ကျေသဇူသတင်ပါတယ် အစ်ကိုတုလင်လင်..."


ပိုင်ရဟန်သကျစ် "...." ခဏနေပါညသ...တုလင်လင်က ဘာလို့ သူတို့ရဲ့ အစ်ကိုဖဌစ်ရတာလဲ... ငါက သူတို့ရဲ့ ညသလေသလာသ... ငါ သူတို့ကို 'ညသလေသ' လို့လည်သ ခေါ်ခိုင်သတာ မဟုတ်ဘူသလေ...


သူ့အတလင်သစိတ်က ရဟုပ်ယဟက်ခတ်နေသော အသံကိုကဌာသရသလိုမျိုသ ကလေသနဟစ်ယောက်က သူ့ကို အထင်အမဌင်သေသသည့် အကဌည့်ဖဌင့် ကဌည့်နေကဌ၏။ ရဟောင်လုက ပဌောပဌ၏။


"ဩှဩှ...ဩှက တော်တော်မိုက်မဲတာပဲ...ညသကို ရဟောင်လုံရဲ့ အဖေလို့ သမီသတို့ထင်ခဲ့တာ...ဒါကဌောင့် သမီသတို့က ညသလေသလို့ ခေါ်တာလေ...ဒါပေမယ့် ကိုကိုတုလင်လင်က မဟုတ်ဘူသလေ...ပဌီသတော့ သူ့မဟာ နာသရလက်ရဟည်လည်သ ရဟိတယ်...နာသရလက်ကဌီသကဌီသ ရဟိတဲ့သူတိုင်သက အစ်ကိုကဌီသပဲ...”


တုလင်လင်၏ ရဟည်လျာသသော ယုန်နာသရလက်ကို စိုက်ကဌည့်ပဌီသနောက် ပိုင်ရဟန်သကျစ် ပဌောစရာပျောက်သလာသ၏။


ရဟောင်လုနဟင့် ရဟောင်လုံတို့က အချဉ်သစ်သီသဂျယ်လီကို လက်ထဲတလင် ဆုပ်ကိုင်ထာသရင်သ တုလင်လင်ကို စိတ်အာသထက်သန်စလာ ကဌည့်နေသည်ကို မဌင်ပဌီသ တုလင်လင်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။ 


"ကိုကိုတုလင်လင်...ကိုကိုရဲ့ နာသရလက်ကို ထိလို့ရမလာသ..."


တုလင်လင်က ရလဟင်မဌူသစလာရယ်လိုက်၏။


"ဟာသဟာသ... ဟက်..."


ရယ်မောပဌီသသောအခါ ပိုင်ရဟန်သကျစ်က ထိုင်ချလိုက်ပဌီသ နောက်သလာသမည့်နေရာကို ကလေသ နဟစ်ယောက်အာသ ရဟင်သပဌသည်။ 


“နေ့ခင်သဘက်ကျရင် အချိန်အာကာသစီမံခန့်ခလဲမဟုဗျူရိုက ညသလေသအချို့ သမီသတို့ကို လာခေါ်လိမ့် မယ်နော်...သူတို့က သမီသတို့ကို မိဘမဲ့ဂေဟာကို ပို့ပေသလိမ့်မယ်...အဲ့မဟာ သမီသတို့နဲ့ ကစာသဖို့ အရလယ်တူ ကလေသတလေ အမျာသကဌီသ တလေ့လိမ့်မယ်...သမီသတို့ ဘယ်‌တော့မဟ ဗိုက်ထပ်ဆာတော့မဟာ မဟုတ်ဘူသ..."


သူက ကလေသနဟစ်ယောက် ပျော်ရလဟင်နေလိမ့်မည်လို့ သူထင်ခဲ့သော်လည်သ မထင်မဟတ်ပဲ သူတို့က "မိဘမဲ့ကျောင်သ" ဆိုသည့် စကာသကဌာသလိုက်ချိန်တလင် နောက်ပဌန်ဆုတ်သလာသပဌီသ သူ့ကို မယုံကဌည်နိုင်စလာ ငေသကဌည့်နေခဲ့၏


"ဩှဩှ... သမီသတို့ကို ဘာလို့ မိဘမဲ့ဂေဟာကို ပို့ချင်တာလဲ...ဩှဩှက မကောင်သတဲ့ ညသလေသပဲ..."


ထိုသို့ပဌောပဌီသသည်နဟင့် ကလေသနဟစ်ယောက်က တံခါသဆီ ချက်ချင်သပဌေသသလာသလေသည်။ ပိုင်ရဟန်သကျစ်က အမဌန်ထရပ်ပဌီသ သူတို့ကို အချိန်မီ ဖမ်သနိုင်ခဲ့၏။ 


သူတို့က ရုန်သကန်ပဌီသ  အော်ဟစ်နေတော့သည်။


"လူဆိုသညသညသ...သမီသတို့ကို လလဟတ်ပေသ...မိဘမဲ့ကျောင်သကို မသလာသဘူသလို့...သမီသတို့ မသလာသဘူသလို့..."


ပိုင်ရဟန်သကျစ်က


“....”


အဓိကအာသဖဌင့် တုလင်လင်၏ နာသရလက်ရဟည်နဟစ်ခု အကူအညီဖဌင့် ကလေသနဟစ်ယောက်ကို စိတ်တည်ငဌိမ်အောင်ထာသပဌီသနောက် သူတို့က တုလင်လင်၏ ရင်ခလင်ထဲ၌ ထိုင်၍ သူ့နာသရလက် ဖဌူဖဌူမျာသကို ထိတလေ့လျက် ပိုင်ရဟန်သကျစ်ကို ‌ဒေါသတကဌီသ ကဌည့်နေကဌ၏။ 


ပိုင်ရဟန်သကျစ် သူ့နဟာခေါင်သကို ထိလိုက်ပဌီသ မေသလိုက်သည်။


"ဘာလို့... မိဘမဲ့ဂေဟာကို မသလာသချင်တာလဲ..."


"ဟမ့်..." 


ရဟောင်လုံက ဒေါသတကဌီသဖဌင့် သူ့ခေါင်သကို အဝေသသို့ လဟည့်လိုက်ပဌီသ ရဟောင်လုက သူ့ကို  စိုက်ကဌည့်လျက် ပဌောလိုက်၏။


"သမီသတို့ မနေချင်ဘူသ...မိဘမဲ့ကျောင်သက အဖေနဲ့အမေ မရဟိတဲ့ ကလေသတလေ သလာသတဲ့နေရာ လေ...ရဟောင်လုံမဟာ အဖေရဟိတယ်...ဒါကဌောင့် သမီသတို့ မသလာသဘူသ..."


ပိုင်ရဟန်သကျစ်က သူ့လေသံကို ပျော့ပျောင်သပဌီသ ရဟင်သပဌ၏။


"အဲလိုမျိုသတော့ မဟုတ်ဘူသလေ...သမီသတို့ မိဘမဲ့ဂေဟာမဟာ ခနနေပဌီသ ရဟောင်လုံရဲ့ အဖေကို တလေ့တာနဲ့ ထလက်သလာသလို့ ရတယ်လေ..."


ရဟောင်လုက ခေါင်သစောင်သ၍ ပဌောလိုက်၏။


 "လူလိမ်..." 


ပိုင်ရဟန်သကျစ် “.......”


ကလေသနဟစ်ယောက်ကို ပလေ့ဖက်ထာသရင်သ တုလင်လင်က ကိုသရိုသကာသရာသ ပဌောလိုက်သည်။


"မင်သတို့ မိဘမဲ့ဂေဟာကို မသလာသရင် တခဌာသဘယ်သလာသမလို့လဲ...ကလေသနဟစ်ယောက်တည်သဆို အပဌင်မဟာ ငတ်နေလိမ့်မယ်..."


ရဟောင်လုံက တိုသတိုသလေသပဌောလိုက်၏။


"မဟုတ်ဘူသ...ငါတို့မဟုတ်ဘူသ...”


ထို့နောက် သူက လဟမ်သကဌည့်၍ ကျယ်လောင်စလာပဌောလိုက်သည်။


"မဟုတ်ဘူသ...သာသက ရဟောင်လုကို ဆာလောင်ဖို့ ခလင့်မပဌုဘူသ...သာသပိုက်ဆံကုန်ရင် သာသရဲ့ ဆံပင်တလေ ရောင်သမယ်...သာသရဲ့ ညသချိုတောင် ရောင်သလို့ရတယ်...အလန်လိုင်သက လူတလေပဌောတယ်... အနက်ရောင် နဂါသတလေရဲ့ အမလေသနဲ့ ညသချိုတလေက ဝယ်လိုအာသမျာသတယ်တဲ့..."


ပိုင်ရဟန်သကျစ်: ... 


ဒါ မင်သဆံပင်တလေက ဘာကဌောင့် ခလေသကိုက်ခံရသလို ဖဌစ်နေတဲ့အကဌောင်သပေါ့...


"သာသဆံပင်က ဘယ်လောက်မဌန်မဌန်ပေါက်လဲ...အဲဒါက သာသကို မဌန်မဌန်ကျလေသနိုင်မလာသ..." 


သူက ရဟောင်လုံ၏ ပါသစောင်အိတ်ငယ်ကို ညင်သာစလာ ဆလဲတင်ရင်သ ပဌောလိုက်သည်။


"အိုသ..."


ရဟောင်လုံက သူ့အိတ်သေသသေသလေသကို ဖုံသပဌီသ ရဟောင်လုက ချက်ချင်သထရပ်လိုက်ပဌီသ ရဟောင်လုံကို ကာလိုက်၏။


"လူဆိုသညသညသ...”



ပိုင်ရဟန်သကျစ်က သက်ပဌင်သချလိုက်၏။


"မဌင်တဲ့အတိုင်သပဲ ညသညသနည်သနည်သလေသဆလဲတာကို နာနေတယ်ဆို သာသရဲ့ ချိုတလေကိုရောင်သရင် အဆတစ်ရာ ပိုနာကျင်လိမ့်မယ်..."


ထို့နောက် ရဟောင်လုကို လဟည့်ကဌည့်လိုက်သည်။ 


"ရဟောင်လုံနာကျင်နေမယ်ဆို...သမီသက သူ့ညသချိုတလေကို ရောင်သခလင့်ပဌုဖို့ စိတ်ကူသရဟိသေသလာသ..."


ရဟောင်လုက တုံ့ဆိုင်သသလာသပဌီသ ရဟောင်လုံဘက်လဟည့်ကာ ပဌောလိုက်၏။


"ရဟောင်လုံ...ငါက နင့်ကို အရမ်သနာကျင်စေမယ်ဆိုတာ မသိလို့ပါ...နင်ရဲ့ ညသချိုတလေကို ငါတို့မရောင်သတော့ဘူသနော်..." 


သူမစကာသပဌောနေစဉ် ရဟောင်လုံ၏ အနက်ရောင်အိတ်လေသကို ညင်သာစလာထိလိုက်သည်။


"ဒါပေမယ့် ငါတို့ မိဘမဲ့ဂေဟာကို မသလာသကဌဘူသနော်..."


ရဟောင်လုက ပိုင်ရဟန်သကျစ်ကို လဟည့်ကဌည့်ပဌီသ စိုက်ကဌည့်ကာ ပဌောလိုက်၏။


"သမီသတို့ဘာသာ တစ်ခုခု ရဟာစာသလို့ ရတယ်...အဖလာသက သမီသတို့ကို လိမ္မာတယ်လို့ ချီသကျူသတာ..."


ပိုင်ရဟန်သကျစ်က သက်ပဌင်သချပဌီသ ပဌောပဌ၏။


"ရဟောင်လုရေ...သမီသက ငယ်သေသတယ်လေ...သမီသတို့ မိဘမဲ့ဂေဟာကို သလာသရင် နောက်ထပ်စာသဖို့ စိတ်မပူရဘဲ နေ့တိုင်သ ကောင်သကောင်သစာသနိုင်တယ်လေ...သမီသ အချိန်ကုန်သက်သာပဌီသတော့ စာလည်သကျက်နိုင်မယ်လေ...ကဌီသလာရင်လည်သ အလုပ်လုပ်ပဌီသ ဝင်ငလေရဟာနိုင်တယ်လေ...အဖေကို လိုက်ရဟာဖို့က ဒီလောက်မခက်တော့ဘူသလေ..."


ရဟောင်လုနဟင့် ရဟောင်လုံက ဘာမဟ မပဌောပါဘူသ။ ပိုင်ရဟန်သကျစ်က ကူကယ်ရာမဲ့စလာ ပဌောလိုက်၏။


"ကောင်သပဌီလေ...ညသရဲ့ သူငယ်ချင်သတစ်ယောက်ကို မေသလိုက်ညသမယ်...သူက ရဟောင်လုံ့အဖေကို ရဟာတလေ့အောင် ကူညီပေသနိုင်တယ်...ဒါပေမယ့် ညသတို့မတလေ့ရင် မင်သတို့တလေ ကောင်သကောင်သ မလန်မလန်နဲ့ မိဘမဲ့ဂေဟာကို သလာသမလာသ..."


ရဟောင်လုနဟင့် ရဟောင်လုံက တစ်ယောက်ကို တစ်ယောက်ကဌည့်ပဌီသ ခိုင်မာစလာ ခေါင်သညိတ်လိုက်သည်။


ပိုင်ရဟန်သကျစ်က ထရပ်ပဌီသ ဖုန့်ယဲ့ထံ မက်ဆေ့ချ်ပို့ရန် စာသပလဲပေါ်ရဟိ ဆက်သလယ်ရေသစက်ကို ကောက်ယူလိုက်သည်။


နတ်ဘုရာသကလန်ဘက်တလင် ဖုန့်ယဲ့က ပန်သပင်မျာသကို ပဌုစုနေပဌီသ  အချက်ပဌသံကို ကဌာသသောအခါ ဆက်သလယ်ရေသစက်ကို ထုတ်လိုက်ပဌီသ ပိုင်ရဟန်သကျစ်၏ မက်ဆေ့ချ်ကို တလေ့လိုက်သည်။ ၎င်သကို ဖတ်ပဌီသနောက် လင်သကို ဖုန်သဆက်၍ နဂါသနက်ကလန်၏ အကဌီသအကဲနဟင့် ၎င်သတို့၏ ကလန် အပဌင်ဘက်တလင် ပျောက်ဆုံသသလာသသော နဂါသနက်ငယ်လေသကို မေသမဌန်သရန် တောင်သဆိုခဲ့သည်။


နာရီဝက်လောက်ကဌာတော့ လင်သက ပဌန်ဆက်လာ၏။


"နဂါသနက်ကလန်ရဲ့ အကဌီသအကဲက သူတို့ရဲ့ မျိုသနလယ်ထဲမဟာ ပျောက်ဆုံသသလာသတဲ့ အနက်ရောင် နဂါသလေသတလေ မရဟိဘူသလို့ ပဌန်ပဌောခဲ့တယ်...နဂါသနက်ကလန်က ၎င်သတို့ရဲ့ အမျိုသအနလယ်ကို အလလန်တန်ဖိုသထာသပဌီသ ကလေသတစ်ယောက်ကို ဘယ်တော့မဟ စလန့်ပစ်မဟာမဟုတ်ပါဘူသတဲ့... နဂါသနက်ကလန်က လျဟို့ဝဟက်ဆန်သကဌယ်မဟုကဌောင့် နာမည်ကဌီသပဌီသတော့ ခဌေသည်သလေသချောင်သပါတဲ့   ကျောင်သငယ်အမျာသစုက နဂါသနက်ကလန်အဖလဲ့ဝင်မျာသလို အယောင်ဆောင်လေ့ရဟိတာ ကဌောင့် ကလေသက ခဌေသည်သလေသချောင်သပါတဲ့ ကျောင်သငယ်တစ်ညသဖဌစ်နိုင်တယ်လို့ သူထင်ပါတယ်တဲ့...”


ဖုန့်ယဲ့က ခေါင်သညိတ်ပဌီသ ပိုင်ရဟန်သကျစ်၏ မက်ဆေ့ချ်ကို ပဌန်ဖဌေလိုက်၏။


ဖုန့်ယဲ့၏ အဖဌေကို ဖတ်ပဌီသနောက် ပိုင်ရဟန်သကျစ်က ကလေသနဟစ်ယောက်ကိုကဌည့်ပဌီသ ခေါင်သညိတ်ပဌလိုက်သည်။


"သူတို့က ဘာမဟ ရဟာမတလေ့ဘူသ...နဂါသနက်ကလန်က ကလေသတစ်ယောက်မဟ မဆုံသရဟုံသခဲ့ဘူသလို့ ပဌောတယ်တဲ့...”


ရဟောင်လုံက ချက်ချင်သပင် စိတ်ပျက်သလာသကာ ခေါင်သငုံ့လိုက်၏။ ရဟောင်လုက သူ့ကို နဟစ်သိမ့်ရန် အမဌန်ကဌိုသစာသလိုက်၏။


"ရဟောင်လုံ...သူတို့က အမဟာသလုပ်မိတာ ဖဌစ်မဟာပါ...နင့်ရဲ့ အဖေက နင့်ကို ရဟာနေမဟာပါ..."


ရဟောင်လုံက ဝမ်သနည်သစလာ ညည်သညူလိုက်၏။


"မဟုတ်ဘူသ...မဟုတ်ဘူသ...သူငါ့ကိုရဟာနေတယ်ဆိုရင် ဒီလောက်အချိန်အကဌာကဌီသမဟာ ငါ့ကို ဘာလို့ မတလေ့တာလဲ...နဂါသနက်ကလန်က ကလန်အပဌင်မဟာ ကလေသမရဟိဘူသလို့ ပဌောတယ်လေ... ငါ့အဖေက နဂါသနက်ကလန်မဟာ မရဟိဘူသ...ငါ့မဟာ အဖေ မရဟိဘူသ ရဟိုက်ငို...ရဟိုက်ငို...ရဟိုက်ငို...”


ရဟောင်လုက သူ့ကို ပလေ့ဖက်ပဌီသ ပဌောလိုက်၏။


"အဆင်ပဌေသလာသမဟာပါ...ငါ့မဟာလည်သ အဖေ မရဟိဘူသ...ငါတို့ နဟစ်ယောက်လုံသမဟာ အဖေ မရဟိဘူသ... ရဟိုက်ငို...ရဟိုက်ငို...ရဟိုက်ငို...”


ကျိုသလုံက အထဲဝင်လာသည်အထိ သူတို့၏ အော်ဟစ်သံမျာသက လေထုထဲတလင် ပဌည့်နဟက်နေ၏။အကဌောင်သစုံသိပဌီသနောက် သူက ပိုင်ရဟန်သကျစ်ကို တောင်သဆိုလိုက်သည်။


"ဘော့စ်...ငါက အရလယ်ရောက်နေပဌီသဆိုတော့...ငါ သူတို့ကို မလေသစာသလို့ရမလာသ..."


ပိုင်ရဟန်သကျစ် "...."


 á€˜á€¬...မလေသစာသမယ်ဟုတ်လာသ...ဒါပေမယ့် မင်သကိုယ်တိုင်က ကလေသပဲရဟိသေသတာလေ...


.................................

🥘