Chapter 145
Viewers 49k

💘Chapter 145

 ချန်မိသားစုမှ ဖိတ်ခေါ်မှု




နှစ်သစ်ကူးအကြိုပြီးသွားပြီးနောက် နှစ်သစ်သို့ ဝင်ရောက်လာကာ နွေဦးသို့ ချင်းနင်းရောက်ရှိလာခဲ့သည်။ 


နှစ်သစ်ကူးပွဲတော်၏ ပထမဆုံးနေ့တွင် နှစ်သစ်ကူးအကြိုနေ့၌ ကုန်ဆုံးခဲ့သည့် အင်အားများကြောင့်သော်လည်းကောင်း၊ မနက်ခင်းကိုးနာရီပင် ရှိပြီဖြစ်သော်လည်း ဝေ့မိသားစုတွင် တိတ်ဆိတ်နေသော လေထုက ကြီးစိုးနေသည်။ 


သို့သော်လည်း ယခုအချိန်တွင် ဝေ့မိသားစု၏ အစေခံများက သူတို့၏အလုပ်ကို စတင်ရကြသည်။ စားပွဲပေါ်တွင် မနက်စာများကို တည်ခင်းထားကြကာ သခင်များနိုးလာမည်ကို စောင့်နေကြသည်။ 


ယခုတွင်တော့ နယ်အရပ်ရပ်မှ လာခဲ့ကြသည့် ဝေ့မိသားစုဝင်များကလည်း ပြန်ရတော့မည်။ အချို့ကတော့  မနက်စောစောတွင် ခရီးဆောင်အိတ်များကိုသယ်၍ ဝေ့အိမ်ထဲမှ ထွက်လာကြသည်။ သူတို့က ဝေ့မိသားစု၏ ညစာစားပွဲကိုလာရန် ရက်ပေါင်းများစွာ ပျံသန်းလာခဲ့ရ၏။ 


ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို တစ်ယောက်ချင်းစီသာ သိလိမ့်မည်။ သို့သော်လည်း နောင်တရသလားဟု သူတို့ကို မေးကြည့်ပါက ဝေ့မိသားစုဝင်များက ခေါင်းခါ၍ နောင်တမရဟု ဆိုကြလိမ့်မည်။ အိမ်မကြီးသို့ လာရောက်နိုင်သည့် အခွင့်အရေးမှာ တစ်နှစ်တွင် နှစ်ကြိမ်သုံးကြိမ်သာရှိသည်။ သူတို့၏ ကြိုးပမ်းမှုများမှတစ်ဆင့် တိုးတက်မှုအတွက် အခွင့်အလမ်းများဟာ ပြီးခဲ့သည့်နှစ်တွင် အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်သည်။ 


ဝေ့မိသားစုမှ အနေဝေးသည့် ဆွေမျိုးများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြရာ ဝေ့အိမ်တော်က တဖြည်းဖြည်း တိတ်ဆိတ်လာတော့သည်။ တိတ်ဆိတ်ငြိမ်သက်ခြင်းက ဝေ့မိသားစုအိမ်မကြီး၏ စစ်မှန်သော အနှစ်သာရဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကျင်းပခဲ့သည့် ပွဲတော်များမှာ အပေါ်ယံမျှသာဖြစ်ပြီး သေချာ စစ်ဆေးကြည့်ရှုကြည့်ပါက အလွယ်တကူထိုးဖောက်ဝင်ရောက်နိုင်လေသည်။ 

 

သေချာသည်ကတော့ ၎င်းက ဝေ့ချန်၊ချန်လီတို့နှင့် မသက်ဆိုင်တော့ပေ။ သူတို့က မနက်ပိုင်းစောစောကတည်းက အိမ်သို့ပြန်လာခဲ့ကြပြီးဖြစ်သည်။ ကိုယ်လက်သန့်စင်ပြီးသည့်အခါ လျင်မြန်စွာနှင့် ငိုက်မျဥ်းလာခဲ့ကြသည်။ 


ထိုအချိန်တွင် နှစ်ယောက်လုံးက အိပ်ရာထဲတွင် ပွေ့ဖက်ထားကြကာ ပြင်ပကမ္ဘာကြီး၏ အနှောင့်အယှက်များကို မေ့လျော့ကာ အိပ်မက်များ၏ ချိုမြိန်မှုကို ခံစားနေကြသည်။  


တစ်နာရီခွဲလောက်ကြာပြီးနောက် ဝေ့ချန်နိုးလာခဲ့သည်။ နောက်တစ်စက္ကန့်တွင် ချန်လီလည်း အိပ်မှုန်စုံမွှားနှင့် မျက်လုံးများ ဖွင့်လာခဲ့သည်။ 


“မနိုးသေးဘူးလား” မထိန်းချုပ်နိုင်တော့ဘဲ ဝေ့ချန်က ချန်လီ၏ ရှုပ်ပွနေသည့် ဆံပင်များကို ဖွ၍ ပြုံးလိုက်သည်။ ချန်လီက ခေါင်းခါလိုက်ပြီး ထိုင်လျက်အနေအထားနှင့် ပြန်အိပ်ပျော်သွားတော့သည်။ 


ချန်လီ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကိုကြည့်ရင်း ဝေ့ချန်က သူ့ကိုမနှိုးချင်တော့ပေ။ သူက တိတ်တိတ်လေး ထလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်၍ ကိုယ်လက်သန့်စင်လိုက်ပြီး အခန်းထဲမှမထွက်ခင် ခန်းဆီးစများကို ဆွဲပေးလိုက်သည်။ သူက အဝေးကြီးမသွားဘဲ လျှောက်လမ်းတစ်နေရာတွင်သာ ရပ်နေသည်။ 


ထိုအခိုက်အတန့်တွင် သခင်ကြီးဝေ့က သူ့စာကြည့်ခန်းထဲသို့ ပြန်လာခဲ့သည်။ ဝေ့ချန်က လျှောက်လမ်းတွင် ရပ်နေသည်ကို တွေ့သောအခါ သူပြောလိုက်၏။ “မနက်ဖြန်က နှစ်သစ်ရဲ့ ဒုတိယနေ့ပဲ…အစဥ်အလာအရဆိုရင် ချန်လီကို ချန်မိသားစုဆီ ခေါ်သွားသင့်တယ်”


မြို့ထဲတွင် နှစ်တိုင်း၏ နှစ်သစ်ဒုတိယနေ့၌ ပြုလုပ်ကြသည့် အစဥ်အလာတစ်ခုရှိသည်။ ချွေးမများက သူတို့၏ မိဘအိမ်သို့ ပြန်သွားကြရခြင်းဖြစ်သည်။ ချန်လီက ချွေးမမဟုတ်သော်လည်း ဝေ့မိသားစုကို ဝင်ရောက်လာပြီဖြစ်သောကြောင့် သခင်ကြီးဝေ့ ပြောသည်က မှန်လေသည်။ ဝေ့ချန်က ချန်လီကို ချန်မိသားစုသို့ ခေါ်သွားပေးသင့်သည်။ 


“ကျွန်တော်သိပါတယ်” ဝေ့ချန် ခေါင်းညိတ်လိုက်သည်။ သိတာကသိသော်လည်း လိုက်လံလုပ်ဆောင်ရခြင်းကတော့ ခက်သည်။ သူ့အတွေးထဲတွင် ဝေ့ချန်က ချန်လီအား သူ့အတွက် မှောင်မိုက်သည့် အမှတ်တရများရှိနေသော အိမ်ကိုပြန်ခေါ်မသွားချင်ပေ။ 


သခင်ကြီးဝေ့က ဝေ့ချန်၏ အတွေးများကို မလေ့လာဘဲနေလိုက်သည်။ ပြောရမည့်စကားကိုပြောပြီးနောက် လျှောက်လမ်း၏ အခြားတစ်ဖက်မှ လျှောက်သွားတော့သည်။ သူ၏စာကြည့်ခန်းက ဤလမ်း၏ထောင့်တွင် ရှိလေသည်။ 


ဝေ့ချန်က လျှောက်လမ်းတွင် ခဏလောက်ရပ်နေပြီးနောက် အခန်းထဲသို့ ပြန်သွားလိုက်သည်။ ယခုတွင် ချန်လီ နိုးနေလောက်ပြီဟု သူတွေးလိုက်သည်။ သူက တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်သွားလိုက်ရာ ချန်လီက ဖိနပ်ပါးများကို စီး၍ ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ သွားဖို့ အဆင်သင့်ပြင်နေလေသည်။ 


ဝေ့ချန်က အခန်းထဲတွင် မရှိသောကြောင့် တံခါးပွင့်လာသည့် အသံကြားသောအခါ ချန်လီ ချက်ချင်း သတိအပြည့်ဖြင့် ဖြစ်သွားသည်။ ဝေ့ချန် အခန်းထဲသို့ ဝင်လာသည်ကို တွေ့မှသာ သူက သက်သက်သာသာဖြစ်သွားပြီး ‘မဂ်လာမနက်ခင်းပါ’ဟု ပြောလာသည်။ 


“မဂ်လာမနက်ခင်းပါ…လီလီ” ဝေ့ချန် ပြန်ပြောလိုက်သည်။ 


ချန်လီက အိပ်မှုန်စုံမွှားဖြစ်နေဆဲဖြစ်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ ကိုယ်လက်သန့်စင်၍ ထွက်လာသောအခါ လုံးလုံးနိုးသွားပြီဖြစ်သည်။ ထိုအချိန်တွင် ဝေ့ချန်က သူ့အတွက် ပုံဆွဲရန်ပြင်ဆင်ပေးထားပြီးဖြစ်သည်။ အကြိမ်ပေါင်းများစွာ လုပ်ထားသောကြောင့် အရည်အချင်းများက ကျွမ်းကျင်လေသည်။


“အားချန်…ကျွန်တော်ဗိုက်ဆာတယ်” ချန်လီ၏ အကြည့်များကပုံဆွဲကားချပ်ကို ကြည့်နေပြီးနောက် သူ၏ လစ်ဟာနေသည့်ဗိုက်ကလေးကို ထိရင်းဝေ့ချန်ကို ပြောလိုက်သည်။ 


“ဒါဆို အောက်ထပ်သွားပြီး မနက်စာသွားစားရအောင်” ဝေ့ချန်က ချန်လီကို အဆာမခံစေချင်ပေ။ ထို့ကြောင့် သူက လက်ဆန့်ထုတ်၍ ချန်လီ့လက်ကိုကိုင်ပြီး အောက်ထပ်သို့ ခေါ်လာလိုက်သည်။ 


အောက်ထပ်တွင် ဝေ့ကျန်းရှုန်း၊ ဖန်းယွင်နှင့် ဝေ့ဝေ့တို့လည်း မနက်စာစားနေကြသည်။ 


ဖန်းယွင်က ဝေ့ချန်ဆင်းလာသည်ကို မြင်သောအခါ မျက်လုံးထဲတွင် မသက်မသာမှုများ ဖြတ်ပြေးသွားသည်။ ဝေ့ချန်ကို ကြောက်နေသည့် ဝေ့ဝေ့ကတော့ မနေ့ကဖြစ်ရပ်အပြီးနောက်တွင် ပို၍ ကြောက်ရွံ့နေတော့သည်။ သူက ဖန်းယွင်ရှိရာသို့ တိုးသွားပြီး သူမ၏အကျီကို ဆွဲထားကာ မျက်နှာတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ပြသလာသည်။ 


သို့သော်လည်း ဝေ့ကျန်းရှုန်းက ဝေ့ချန်ရောက်လာသည်ကို ဂရုမစိုက်ပေ။ သူက သတင်းစာဖတ်နေသည်ကိုသာ အာရုံစိုက်ထားပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ နေနေလေသည်။ 


ဝေ့ချန်က သူတို့၏ တုံ့ပြန်မှုများကို အာရုံမစိုက်လိုက်ပေ။ သူက ချန်လီကို ထိုင်ခုံရှိရာသို့ ခေါ်လာပေးပြီး ဆန်ပြုတ်တစ်ခွက်ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် လိုအပ်သည်များကို ဂရုတစိုက်လုပ်ပေး၏။


မနက်စာစားချိန်က ဆယ်မိနစ်သာကြာမြင့်သော်လည်း စားပွဲခုံတွင် ရှိနေသည့်သူများက တစ်ယောက်ကိုတစ်ယောက် သူစိမ်းများကဲ့သို့ဖြစ်နေကြသည်။ စကားအပြန်အလှန် ဖလှယ်ခြင်းလည်း မရှိချေ။ ဝေ့ချန်နှင့် ချန်လီတို့ စားပွဲမှထသောအခါ နှစ်ဖက်ကြားမှ လေထုက သိသိသာသာ လျစ်လျူရှုနေကြဆဲဖြစ်သည်။ 


ထမင်းစားခန်းက တိတ်ဆိတ်မှုများသာ ကြီးစိုးနေပြီး မည်သူကမှ ထူးဆန်းသည်ဟုမထင်ကြချေ။ ဖြတ်သွားကြသည့် အစေခံများကပင် အသံထွက်မည်စိုး၍ တိုးတိုးသာသာ သွားလာလှုပ်ရှားနေကြသည်။ 


ဝေ့ချန်၏ ဖုန်းသံက တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွဲလိုက်သည်။ ခေါ်ဆိုလာသူက ချန်ချင်းဖြစ်၏။ ဝေ့ချန် ဖုန်းကိုင်လိုက်သောအခါ ချန်ချင်း၏ ကြည်လင်နေသည့် အသံကိုကြားလိုက်ရသည်။ 


“အားချန်…နှစ်သစ်မှာ ပျော်ရွှင်ပါစေ”


“နှစ်သစ်မှာပျော်ရွှင်ပါစေ” ဝေ့ချန် ပေါ့ပေါ့ပါးပါးဖြင့် ပြန်ပြောလိုက်သည်။


ချန်ချင်းက ဝေ့ချန်၏ လျစ်လျူရှုမှုများကို အသားကျနေပြီဖြစ်သောကြောင့် ဆက်ပြောလိုက်သည်။ “မနက်ဖြန်ကျရင် ချန်လီကို ချန်မိသားစုဆီပြန်ခေါ်လာခဲ့...အဖိုးကသူ့ကိုတွေ့ချင်နေတယ်”


“အချိန်ကိုကြည့်ဦးမယ်” ဝေ့ချန်က အဖြေကို သေချာမပေးလိုက်ပေ။ ချန်မိသားစု သူယခင်က နေထိုင်ခဲ့သလိုမျိုး မဟုတ်တော့ဘူးဆိုလျှင်တောင် ဖြစ်နိုင်ပါက သူ ချန်လီ့အား ချန်မိသားစုဆီသို့ ပြန်ခေါ်မသွားချင်ပေ။ ချန်မိသားစု၏ အိမ်မကြီးသည်လည်း ထိုနည်းတူစွာပင်။ 


ချန်ချင်းက ဝေ့ချန်၏ တွန်းကန်နေမှုကို သတိထားမိ‌သောကြောင့် ဒေါသတကြီးဖြင့် ပြောလာသည်။


 “ဝေ့ချန်...ချန်လီက ချန်မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲ...ငါ့အဖိုးမှာ သူ့ကိုတွေ့ပိုင်ခွင့်ရှိတယ်...ဝင်မနှောင့်ယှက်နဲ့”


ဝေ့ချန်က ဘာမှဆက်မပြောတော့ဘဲ ဖုန်းချလိုက်သည်။ 


ဖုန်းချသွားသည့်အသံကိုနားထောင်ရင်း ချန်ချင်း မျက်နှာဖြူဖျော့သွားသည်။ 


“ကိုကြီး...ဘာဖြစ်လို့လဲ...မရွှင်မလန်းနဲ့” ချန်ချင်း၏အစ်မ ချန်ယွီက သူ၏မူမမှန်သည့် အမူအရာကို သတိထားမိသောကြောင့် ချက်ချင်းရောက်လာပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။ 


“ဘာမှမဟုတ်ပါဘူး” ချန်ချင်း‌ခေါင်းခါလိုက်၏။


ချန်ယွီက သူ့အစ်ကို၏စိတ်သဘောထားကို နားလည်သည်။ သူသာ တစ်ခုခုကို မပြောချင်ပါက လည်မျိုကို ဓားနှင့် ထောက်ထားသည့်တိုင် တစ်ခွန်းမှ ပြောလာလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူမက ဖိအားထပ်မပေးတော့ဘဲ ချန်လီအကြောင်းကိုသာ မေးလိုက်သည်။ “အဲ့ဒီအရူး မနက်ဖြန်ကျရင် လာမှာလား” 


“မသိဘူး” ချန်လီအကြောင်းပါလာတိုင်း ချန်ချင်းဒေါသထွက်လာရသည်။ ထိုအရူးက ဘာကြောင့် အထောက်အပံ့များစွာကို ရရှိနေလဲ သူနားမလည်နိုင်ပေ။ 


လုရှို့ရန်၏လွှမ်းမိုးနှင့်ဆိုလျှင် ချန်လီကို ပန်းချီပညာလမ်းကြောင်းအဆုံးသို့ တွန်းပို့နိုင်လိမ့်မည်ဟု သူတွေးခဲ့သည်။ သို့သော်လည်း ရလဒ်ကမည်သို့နည်း...။ လုရှို့ရန်၏ ကြိုးစားမှုက ကျဆုံးခဲ့ရုံသာမက သူ့ကိုယ်သူပါ ထိခိုက်စေခဲ့သည်။ လုရှို့ရန်၏ အမေက သူ့အမေအား ထိုအကြောင်းကို နေ့တိုင်းငို၍ ပြောတတ်ပြီး တုလီချန်အတွက် လုရှို့ရန်ကို အရှုပ်ထဲမှ ဆွဲထုတ်ရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ လုရှို့ရန်က နှစ်စတွင် နိုင်ငံခြားသို့ ထွက်သွားသော်လည်း သူ၏ပန်းချီလမ်းကြောင်းကတော့ အဆုံးသတ်သွားခဲ့သည်။ 


ချန်ချင်း ပိုတွေးလေ၊ ပိုဒေါသထွက်လာရလေဖြစ်သည်။ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့် ထိုအရူးကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေသည်လည်း သူနားမလည်ချေ။ ဝေ့ချန်က အစတွင် သူ့ကိုကြိုက်ခဲ့သော်လည်း ယခုတွင်တော့ ထိုအရူးကြောင့် သူနှင့် ဝေးဝေးကွာကွာဖြစ်သွားခဲ့သည်။ ဝူဇီခန်းပင် ဝေ့ချန်နှင့် သိပ်အစေးမကပ်တော့ချေ။ ချန်ချင်းမျက်နှာ မှောင်မိုက်လာသည်နှင့်အမျှ ဘေးတွင် ရပ်နေသည့် ချန်ယွီသည်လည်း သူ့အနားသို့ ထပ်မကပ်လိုက်ချေ။ အဖြေပြန်မရသည့် ကိစ္စအတွက်ကတော့ သူမ ဂရုမစိုက်ဘဲ နေလိုက်သည်။ 


ထိုအရူးပြန်မလာသည်က အကောင်းဆုံးဖြစ်လိမ့်မည်။ သူပြန်လာခဲ့လျှင် သူကအတွက် စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မည်။


သူတို့၏အဖိုးက ဘာကြောင့် ထိုအရူးကို တွေ့ချင်ရလဲ ချန်ယွီမသိချေ။ တရုတ်နှစ်သစ်ကူးတိုင်းတွင် ထိုအရူးက အိမ်မကြီးကို တစ်ခါမှမလာခဲ့ဖူးပေ။ သို့သော် ယခုတွင်တော့ အဖိုးက ထိုအရူးကို တွေ့ချင်နေ၏။


ချန်ယွီ နှုတ်ခမ်းစူလိုက်ပြီး ထိုအရူးအကြောင်း ဆက်မတွေးချင်တော့ပေ။ တွေးလိုက်တိုင်း သူမပိုစိတ်ညစ်လာရလေဖြစ်သည်။ 


...


ဝေ့ချန်က နှစ်သစ်ကူးဒုတိယနေ့တွင် ချန်လီကို ချန်မိသားစုသို့ ပြန်ခေါ်သွားရန် စိတ်ကူးမရှိချေ။ ချန်မိသားစု၏ အိမ်မကြီးဖြစ်နေလျှင်တောင်မှ အတူတူပင်။ နောက်ဆုံးတော့လည်း ထိုနေရာများတွင် ချန်လီကို မတွေ့ချင်သည့်သူများရှိနေကြသည်။ ချန်မိသားစုတွင် သူ၏တည်ရှိမှုက သူ့အတွက် စိတ်ညစ်စရာများကိုသာ ယူဆောင်လာလိမ့်မည်။ ထို့ကြောင့် နောက်တစ်နေ့ နေ့လည်ခင်းတွင် သခင်ကြီးဝေ့က အိမ်၌ ဝေ့ချန်နှင့် ချန်လီတို့ကို တွေ့လိုက်ရသောအခါ အံ့ဩသွားလေသည်။ “ဘာလို့ ချန်မိသားစုကို မသွားကြတာလဲ” 


ဝေ့ချန်ကခေါင်းခါလိုက်ပြီး ချန်လီ၏လက်ကိုကိုင်၍ ထွက်လာခဲ့သည်။ ဝူကျိုက်လင် ပြောခဲ့သည်များကို သူမှတ်မိ၏: နှစ်သစ်၏ ဒုတိယမြောက်နေ့တွင် ဆိုင်များက နေ့လည်ခင်း၌ ဖွင့်ကြလိမ့်မည်။ ချန်လီနှင့် အိမ်တွင် နေနေမည့်အစား အပြင်သို့ခေါ်သွားခြင်းက ကောင်းလိမ့်မည်ဟု တွေးလိုက်သည်။ 


ဝေ့ချန်နှင့်ချန်လီတို့ ထွက်လာသည်နှင့် ချန်မိသားစုက ဝေ့မိသားစုကို ဆက်သွယ်လာခဲ့သည်။ မေးခွန်းကတေ့ ချန်လီဘာကြောင့် ချန်မိသားစုဆီသို့ ပြန်မလာရဲလဲဆိုသည်ပင်။ 


ဖုန်းခေါ်ဆိုမှုက ရှန်ဟိုင်းမြို့ရှိ ချန်မိသားစု၏ ဘိုးဘေးဖြစ်သည့် ချန်ရှီဟွိုက်ကိုယ်တိုင်ခေါ်လာခဲ့ခြင်းဖြစ်သည်။ အစတွင် သူ့ပြုအမူများက ပုံမှန်ကိစ္စကိုမေးနေသလို ရဲတင်းနေ၏။ သို့သော်လည်း ချန်လီနှင့် ဝေ့ချန်တို့ ထွက်သွားပြီးဟု သခင်ကြီးဝေ့ပြောလိုက်သောအခါ ချန်ရှီဟွိုက်၏ အသံမှာ ပို၍မာထန်လာတော့သည်။


“ငါ့ချန်မိသားစုရဲ့ မြေးက မင်းတို့ဝေ့မိသားစုကို လက်ထပ်ထားတာတောင် သူ့မိသားစုကို လာလည်ဖို့ခွင့်ပြုမပေးဘူးပေါ့...အဲ့လိုလား” ချန်ရှီဟွိုက်၏ အသံက မာထန်နေကာ စွပ်စွဲချက်များဖြင့် ပြည့်နေသည်။ 


သခင်ကြီး‌ဝေ့က ပြဿနာသွားရှာ၍ရသည့်သူမဟုတ်ချေ။ သူနှင့် ချန်ရှီဟွိုက်‌က အမြဲလိုလို မတည့်ခဲ့ကြချေ။ ပရောဂျက်လေးတစ်ခုအတွက်သာမဟုတ်ပါက ချန်မိသားစုအား အိမ်ထောင်ရေးနှင့်ပတ်သက်၍ ဆက်နွှယ်မိရန် စဥ်းစားခဲ့မိလိမ့်မည်မဟုတ်ချေ။ 


“မင်းကိုယ်မင်း ပြန်မေးသင့်တာလည်းရှိတယ်...သူ့မိသားစုအိမ်ကို ပြန်မလာချင်ရအောင်အထိ မင်းတို့ ချန်မိသားစုက ချန်လီကို ဘာတွေလုပ်ခဲ့ကြလို့လဲ”


ချန်ရှီဟွိုက် အပြစ်ရှိသလို ခံစားလိုက်ရ၏။ သခင်ကြီးဝေ့၏ မေးခွန်းကိုရင်ဆိုင်ရသည့်အခါ တုံ့ပြန်ရန် စကားရှာမတွေ့တော့ချေ။ ချန်မိသားစုတွင် ချန်လီမည်သို့ ဆက်ဆံခံခဲ့ရသည်ကို ချန်မိသားစုက ဤအဖိုးကြီး သေချာသိသည်။ သို့သော်လည်း ထိုအချိန်က ချန်လီက အရေးမပါသည့် ဖြစ်တည်မှုတစ်ခုသာဖြစ်ခဲ့၏။ သူသာ အသက်ရှင်နေသရွေ့ လုံလောက်သည်။ အခြားကိစ္စများက သူစိတ်ပူစရာမလိုပေ။ 


သို့သော်လည်း ယခုတွင် ကိစ္စများက ခြားနားသွားပြီဖြစ်သည်။ ချန်မိသားက ချန်လီအား သူတို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် ပါဝင်ရန်လိုအပ်လာသောကြောင့် ပြန်လာရလိမ့်မည်။ ချန်လီက ချန်မိသားစုနှင့် သက်ဆိုင်သည်။ ၎င်းက ငြင်းဆို၍မရသည့်အချက်ပင်။ 


“လောင်ဝေ့...ငါမင်းနဲ့ မငြင်းတော့ဘူး...မင်းရဲ့မြေးကိုသာ ငါ့မြေးကို မြန်မြန်ပြန်ခေါ်လာဖို့ ပြောလိုက်” ချန်ရှီဟွိုက်က အကြောင်းအရာရှည်ရှည်ဝေးဝေး မဖြစ်ချင်ဘဲ ပြောလိုက်၏။


သခင်ကြီးဝေ့ ပြက်ရယ်ပြုလာသည်။ “ငါမလုပ်နိုင်ဘူး...မင်းရဲ့မြေးကို မင်းဘာသာမရှာနိုင်ရင် ငါ့ဆီလာရှာမနေနဲ့” ထို့နောက် သူက ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ ဖုန်းချလိုက်လေသည်။ 


ခေါ်ဆိုမှု ပြီးဆုံးသွားသည်နှင့် သခင်ကြီးဝေ့က ပြန်တွေးလိုက်သည်။ တစ်ခုခုရရှိရန်နှင့် ပတ်သက်လာလျှင် ချန်ရှီဟွိုက်က အမြဲခြေတစ်လှမ်းသာသူဖြစ်ခဲ့သည်။ ချန်လီက ချန်မိသားစုတွင် ယခင်က မထင်မရှား၊ အသုံးမလိုသည့်လူတစ်ယောက်ဖြစ်ခဲ့သည်။ ချန်ရှီဟွိုက်က သူ့ကို မေ့ပစ်လောက်သင့်သာဖြစ်၏။ ဘာကြောင့် ရုတ်တရက် သူ့မြေးကိုဘာကြောင့် ချစ်ခင်သွားရသနည်း။


မကြာခင်တွင် သခင်ကြီးဝေ့က အဓိကအကြောင်းအရာကို ရှာတွေ့သွားခဲ့သည်။ 


သူ့မျက်လုံးများ ကျဥ်းမြောင်းသွား၏။ ကြည့်ရသည်မှာ ချန်လီက ချန်မိသားစုလိုချင်နေသည့် တန်ဖိုးကို ကိုင်ဆောင်ထားသည့်ပုံပင်။ သို့မဟုတ်ပါက ချန်ရှီဟွိုက်၏ ကိုယ်ကျင့်စရိုက်နှင့်ဆိုလျှင် ချန်လီ သေသေရှင်ရှင် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ 


ဒါပေမယ့် ချန်လီ့မှာ ဘယ်လိုတန်ဖိုးတွေရှိသွားတာလဲ...။


သခင်ကြီးဝေ့မှာ နှလုံးသားကို လက်သည်းများနှင့် ခြစ်ကုတ်နေသကဲ့သို့ ခံစားရပြီး အဖြေကို အသည်းအသန်သိချင်အောင် လုပ်နေလေသည်။ 


ချန်မိသားစုကအဖိုးကြီးတောင် အာရုံစိုက်လာရအောင် အော်တစ်ဇင်ဖြစ်နေသည့် လူတစ်‌ယောက်က ဘာတွေ ပိုင်ဆိုင်ထားတာလဲ...။



💘