💘Chapter 148
အဓိကဦးစားပေး
ချန်ရှီဟွိုက်နှင့် ချန်ချင်းတို့က အိမ်တော်ထိန်းကျန်း၏ လမ်းညွှန်မှုဖြင့် ကားဆီသို့ ပြန်ရောက်လာကြသည်။ အိမ်တော်ထိန်းကျန်း၏ အပြုအမူများက ယဥ်ကျေးပြီး မျက်လုံးထဲတွင် လေးစားသည့် အငွေ့အသက်များ ရှိနေသော်လည်း ချန်ရှီဟွိုက်နှင့် ချန်ချင်းတို့က ဒီနေ့တွင် ဝေ့မိသားစု၏ အရှက်ခွဲခြင်းကိုခံလိုက်ရသည်။
ချန်ရှီဟွိုက်က စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သည်။ ဒေါသကို ဘေးသို့ ပို့ပြီးနောက် သူစိတ်လျှော့လိုက်သည်။ ထိုအချိန်တွင် သူက ကားထဲတွင် ထိုင်နေပြီး စိတ်တည်ငြိမ်နေသည့်ပုံပေါက်နေသော်လည်း သူ့အနားမှ လေထုက ချန်ချင်းကို ခေါင်းငုံ့နေစေကာ စကားမပြောရဲဖြစ်စေနေ၏။
ချန်ချင်းက ချန်ရှီဟွိုက်ကို အကြောက်ဆုံးဖြစ်သည်။
“အားချင်း” အနောက်ခုံတွင် မျက်လုံးမှိတ်ရင်းနေနေသည့် ချန်ရှီဟွိုက်က ရုတ်တရက် စကားပြောလာကာ ချန်ချင်း၏ အမည်ကို ခေါ်လာသည်။ ချန်ချင်း လန့်သွားသော်လည်း ချက်ချင်း စိတ်တည်ငြိမ်အောင်လုပ်၍ တလေးတစားဖြင့် ဖြေလိုက်သည်။ “ဟုတ်...အဖိုး”
“ငါဘာလို့ ချန်လီကို ချန်မိသားစုဆီ ပြန်လာစေချင်တာလဲသိလား” ချန်ရှီဟွိုက်က မျက်လုံးမှိတ်ထားရင်း ဆက်ပြောလာသည်။
“ကျွန်တော်မသိပါဘူး” သူ၏ တသီးတခြားနေတတ်သည့် အဖိုးက ချန်လီကို ဘာကြေင့် အိမ်ပြန်လာစေချင်နေလဲ ချန်ချင်းတကယ်ကို မသိချေ။ ချန်ချင်းအတွက် ၎င်းက ရှင်းမပြနိုင်သည့် ကိစ္စပင်။
“နောက်ရက်နည်းနည်းနေရင် အတွင်းရေးမှူးဝူရဲ့ မွေးနေ့ပွဲရှိတယ်...မင်းသိလား” ချန်ရှီဟွိုက် ဆက်မေးလာသည်။
“သိပါတယ်”
ချန်ချင်း ၎င်းကို သတိထားမိသည်။ မြို့တော်ထဲရှိ အဖိုး၏ အဆက်အသွယ်များနှင့် ဆိုလျှင် ပွဲအတွက် သူတို့မိသားစုက ဖိတ်ကြားလွှာရနိုင်ကြောင်းကိုလည်း သေချာသိသည်။ မြူနီစီပယ်ကော်မတီအတွင်းရေးမှူးဝူနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ဖန်တီးရန်ကြိုးစားရာတွင် ချန်မိသားစုက အတော်လေး အားထုတ်ခဲ့သည်။ သို့သော်လည်း ရလဒ်ကို မမြင်ရသေးပေ။
“အဲ့ဒီနေရာကိုမရောက်ခင် အတွင်းရေးမှူးဝူက မြို့တော်က ပန်းချီပြပွဲတစ်ခုကို တက်ခဲ့တယ်...ပန်းချီကားတွေထဲက တစ်ခုကို သဘောကျပေမယ့် ရအောင်မယူနိုင်ခဲ့ဘူး” ချန်ရှီဟွိုက် ရှင်းပြလိုက်သည်။
မြို့တော်၏ မြူနီစီပယ်ကော်မတီအတွင်းရေးမှူးအသစ်က ပန်းချီနှင့်ပတ်သက်၍ စိတ်ဝင်စားသည့်သူဖြစ်သည်။ အတွင်းရေးမှူးအသစ်ရောက်မလာခင်တွင် များစွာသောအင်အားစုများက ထိုအကြောင်းကို သိထားခဲ့ကြသည်။ အတွင်းရေးမှူးဝူ၏ အာရုံစိုက်မှုကိုရရန် သူ၏ရုံးခန်းဆီကို မရေမတွက်နိုင်သည့်လူတွေက ကမ္ဘာကျော်ပန်းချီကားများ ပို့ခဲ့ကြသည်။ သို့သော်လည်း ဘယ်တစ်ခုကမှ သူ့ကိုမဖမ်းစားနိုင်ခဲ့ချေ။
ဒီတစ်ကြိမ်တွင်တော့ အတွင်းရေးမှူးအသစ်၏ ကြိုက်နှစ်သက်ခြင်းခံရသည့် ပန်းချီကားက အိပ်မက်ဖလားပြိုင်ပွဲတွင်အနိုင်ရသည့်ပန်းချီကားဖြစ်သည်။ ထို့အပြင် သူက ဤအနိုင်ရသူ၏ သရုပ်မှန်ကို လိုက်လံ စုံစမ်းနေခဲ့သည်။ သူ့ကိုအံ့ဩစေသည်က အနိုင်ရသွားသူမှာ အခြားသူမဟုတ်ဘဲ သူတို့ ချန်မိသားစုက အချိန်အတော်ကြာအောင် စွန့်ပစ်ထားခဲ့သည့် ချန်လီဖြစ်နေသည်ပင်။
ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် ချန်ရှီဟွိုက်၏ စိတ်ခံစားချက်များ ရှုပ်ထွေးခဲ့ရသည်။ သူမသိလိုက်ခင်မှာပင် သူ၏ချန်မိသားစုမှ မျိုးဆက်က မတူညီသည့် နယ်ပယ်တွင် စတင်တောက်ပနေပြီဖြစ်သည်။
သူ ချန်လီကို အိမ်ကိုပြန်လာစေချင်သည့် အကြောင်းအရင်းက ပထမအချက်မှာ အတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲတွင် လက်ဆောင်ပေးရန် ပန်းချီဆွဲပေးစေလိုသောကြောင့်ဖြစ်သည်။ ဒုတိယအချက်မှာ သူက ချန်လီအား အတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲသို့ ခေါ်သွားပြီး သူကြိုက်နှစ်သက်သည့် ပန်းချီဆရာမှာ သူတို့ချန်မိသားစုမှ ဖြစ်ကြောင်း ပြချင်လို၍ဖြစ်သည်။
ချန်ချင်းက ချန်ရှီဟွိုက်၏ အစီအစဥ်ကို သတိမထားမိဘဲ ပြောလာသည်။ “ဦးလေးကလည်း နာမည်ကြီး ပန်းချီဆရာပဲ...ဦးလေးရဲ့ ပန်းချီတွေကိုလည်း လက်ဆောင်ပေးလို့ရတယ်လေ” ချန်ချင်း၏ ဦးလေးဆိုသည်က ချန်ရှီဟွိုက်၏ သားဖြစ်သူ ချန်ယွင်လန်ကို ဆိုလိုနေခြင်းဖြစ်၏။
ထို့အပြင် ချန်ချင်း၏ မျက်လုံးထဲ၌ ပန်းချီကားအားလုံးက ဒီအတိုင်း ပန်းချီကားများသာ ဖြစ်သည်။ သူ၏ဦးလေးငယ် ချန်ယွင်လန်က နှစ်ပေါင်းများစွာကြာအောင် ကျော်ကြားမှုကို ဆွတ်ခူးရယူခဲ့ခြင်းဖြစ်သည်။ သူ၏ လက်ရာအသစ်ကို ထုတ်ဖော်ပြလာချိန်တိုင်း စုဆောင်းလိုသူများက မီလီယံနှင့်ချီ၍ အစုလိုက် အပြုံးလိုက် လာရောက် ဝယ်ယူကြစမြဲပင်။
ချန်လီကတော့ အရူးတစ်ယောက်ထက်မပိုချေ။ သူ၏ပန်းချီကားများက ဘယ်လောက် နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ် ရှိနိုင်ပါ့မလဲ...။ ချန်လီ၏ ပန်းချီကားကို လက်ဆောင်ပေးခြင်းက ချန်မိသားစု၏ ဂုဏ်သတင်းကိုသာ ထိခိုက်စေလိမ့်မည်။
ချန်လီ၏ ပန်းချီကားက အိပ်မက်ဖလားတွင် ရွှေတံဆိပ်ဆုကို ရသွားခဲ့သည်ကို ချန်ချင်းသိသော်လည်း သူက ထိုအသိုင်းအဝိုင်း၏ တစိတ်တပိုင်းမဟုတ်ချေ။ သူက အိပ်မက်ဖလား၏ ကျော်ကြားမှုကိုနားမလည်နိုင်ဘဲ ချန်လီအပေါ် ထားရှိသည့် မနှစ်မြို့များနှင့် ပေါင်းစပ်လိုက်သည့်အခါ သူက ချန်လီ၏အောင်မြင်မှုတို့ကို အသိအမှတ်မပြုနိုင်ပေ။
ချန်ချင်း၏ မျက်လုံးထဲတွင် ချန်လီက အနေသည့် အရူးတစ်ယောက်သာဖြစ်သည်။ ထိုအထင်အမြင်က သူ့နှလုံးသားတွင် အနှစ်နှစ်ဆယ်နီးပါး ကြာအောင် နက်ရှိုင်းစွာအမြစ်တွယ်နေခဲ့၏။ ချန်လီက လူကြားထဲသို့ သွားပြီး စကားလေးနှစ်လုံးသုံးလုံးပြောနိုင်ကာ ကမ္ဘာ့အသိအမှတ်ပြု ပန်းချီဆရာတစ်ယောက်ဖြစ်လာကြောင်း တစ်စုံတစ်ယောက်က ပြောလာလျှင်တောင်မှ ချန်ချင်းက နားပိတ်ကာ နားထောင်ရန် ငြင်းဆန်လိမ့်မည်။
ချန်ရှီဟွိုက်က ခေါင်းခါ၍ အကြောင်းအရာကိုပြောင်းလိုက်သည်။
“မင်းနဲ့ ဝေ့မိသားစု ကောင်ငယ်လေးကြားမှာ ဘာတွေဖြစ်ထားကြတာလဲ...အရင်က မင်းတို့နှစ်ယောက် တပူးပူးနဲ့ပါ...ဒါပေမယ့် ဒီနေ့ ငါသူ့ကို ကြည့်တော့ မင်းနဲ့ အနေဝေးနေသလိုပဲ” အနေဝေးသည်ထက် သူက ချန်ချင်းကို သူစိမ်းတစ်ယောက်လို ဆက်ဆံခဲ့သည်ပင်။
ထိုအကြောင်းကို ပြောခြင်းက ချန်ချင်းကို ဒေါသထွက်စေသည်။ သို့သော်လည်း သူက ချန်ရှီဟွိုက်အရှေ့တွင် ဒေါသတို့ကို ထုတ်မပြလိုက်ပေ။ သူက ရိုးရှင်းစွာ ပြောပြလိုက်သည်။ “ကျွန်တော်လည်းမသိပါဘူး” ၎င်းက အမှန်တရားပင်။ သူ ဝေ့ချန်ကို နားမလည်နိုင်ပေ။ သူက အမြဲတမ်းသူ့ကို ဂရုစိုက်ပေးခဲ့ပြီး နောက်ပိုင်းတွင် စိမ်းစိမ်းကားကားဖြစ်လာခဲ့သည်။
“ဝေ့ချန်နဲ့ နီးနီးကပ်ကပ်နေ....မင်းသူ့ဆီက အများကြီးသင်ယူနိုင်တယ်” ချန်လီ၏ ကိစ္စကြောင့် ဝေ့ချန်ကို သိပ်သဘောမကျသော်လည်း ဝေ့ချန်က မြို့တော်ထဲရှိ ငယ်ရွယ်သည့်မျိုးသစ်ဆက်များကြားတွင် အထူးချွန်ဆုံးတစ်ယောက်ဖြစ်ကြောင်း ချန်ရှီဟွိုက်ဝန်ခံရမည်။
“နားလည်ပါပြီ” နှလုံးသားထဲတွင် ရှုပ်ထွေးနေသည့် ကြိုးထုံးများရှိနေသော်လည်း ချန်ချင်းက လေးလေးစားစားဖြင့် ပြန်ဖြေလိုက်သည်။ သူက သူကိုယ်တိုင်၏ ခံစားချက်များကိုပင် နားမလည်နိုင်ပေ။
“အဖိုး...တကယ်လို့ ဝေ့ချန်က ချန်လီကို ပြန်ဖို့ကို ဆက်ငြင်းဆန်နေဦးမယ်ဆိုရင်ရော” ချန်ရှီဟွိုက်က ဝေ့ချန်၏ ထက်မြက်ကြောင်းများကို ဆက်ပြောနေမည်စိုး၍ ချန်ချင်းက အကြောင်းအရာကိုပြောင်းလိုက်သည်။
သူ့အဖိုးကသာ ချန်လီ၏ပန်းချီကားများကို အတွင်းရေးမှူးဝေ့ဆီမှ မျက်နှာသာရရန် အသုံးပြုချင်ပါက ယခုသူမေးလိုက်သည့် မေးခွန်းက စိုးရိမ်မှုများကို မြှင့်တင်ပေးလိမ့်မည်။ သူတို့က ဒီနေ့တွင် ဝေ့ချန်၏ အပြုအမူကို တွေ့မြင်ခဲ့သည်။ ဝေ့ချန်က နည်းနည်းလေးမှ အလျှော့မပေးခဲ့ပေ။
သိသိသာသာကိုပင် ၎င်းက ချန်ရှီဟွိုက်၏ စိတ်ထဲတွင် စိုးရိမ်နေသည့်အရာဖြစ်သည်။ မျက်လုံးများကို မှိတ်၍ ခဏလောက်တွေးလိုက်သည်။
“ပထမဆုံး မင်းလူတွေကိုစုပြီး အဲ့နေ့က အိပ်မက်ဖလားမှာ ချန်လီရဲ့ ပန်းချီကားကို ဝယ်သွားတဲ့သူကို စုံစမ်းလိုက်...ဘယ်လောက်ပဲပေးရပေးရ၊ သူ့ဆီက ရအောင်ဝယ်လာခဲ့”
ဝေ့ချန်၏ ဆုံးဖြတ်ချက်ကပြတ်သားနေကာ သူ့ကို တွန်းအားပေးရန် အချိန်မရှိပေ။ အရင်ဆုံး အတွင်းရေးမှူးဝူကြိုက်သည့် ပန်းချီကားကို ဝယ်ယူသည်က အကောင်းဆုံးဖြစ်လိမ့်မည်။
“ဟုတ်ကဲ့” ချန်ချင်း ချက်ချင်း သဘောတူလိုက်၏။
ထို့နောက် အဖိုးနဲ့မြေးနှစ်ယောက်ကလမ်းတစ်လျှောက် စကားမဖလှယ်ကြတော့ပေ။ ကားက ချောချောမွေ့မွေ့နှင့် ချန်မိသားစု၏ အိမ်ကြီးဆီသို့ မောင်းနှင်သွားတော့သည်။
....
ချန်မိသားစုကိုငြင်းပြီး အခန်းထဲသို့ ပြန်ရောက်လာသောအခါ ချန်လီကနိုးနေပြီဖြစ်သည်။ သူက တစ်ခဏလေးသာ အိပ်ခဲ့ရသည်။ ဝေ့ချန် အောက်ထပ်သို့ ဆင်းသွားသည့် တစ်ခဏလေးတွင် သူနိုးလာခဲ့သည်။
ထလာပြီးနောက် ဝေ့ချန်ကို မမြင်သောအခါ ချန်လီ အလျင်စလို မပြုမူလိုက်ချေ။ သူက ဒီအတိုင်း ကုတင်ပေါ်တွင် ထိုင်နေကာ မျက်လုံးသေများနှင့် ငူငူငိုင်ငိုင်ဖြစ်နေသည်။ သူက ဝေ့ချန်နှင့် ပထမဆုံးစတွေ့သည့် အချိန်က အခြေအနေသို့ ပြန်ရောက်သွားသလိုပင်။ ဝေ့ချန်ဝင်လာသောအခါ ချန်လီက ကုတင်ပေါ်တွင် ထိုင်နေသည်ကို တွေ့သောအခါ ခြေလှမ်းကျဲကြီးများနှင့် ပြေးဝင်သွားပြီး ချန်လီကို ပွေ့ဖက်လိုက်သည်။
“လီလီ...ကိုယ်ပြန်ရောက်ပြီ” ဝေ့ချန်က ညင်ညင်သာသာနှင့် ပြောရန်ကြိုးစားလိုက်သော်လည်း နှလုံးသားထဲတွင် ပြောပြမရနိုင်သည့် နာကျင်မှုကို ခံစားလာရသည်။
ချန်လီက ဝေ့ချန်၏ ပွေ့ဖက်မှုထဲတွင် ခဏလောက်နေနေလိုက်ပြီး ဝေ့ချန်၏ ကိုယ်ငွေ့နှင့် ညင်သာမှုများကို ခံစားနေလိုက်သည်။ တစ်ယောက်တည်းနိုးထလာရခြင်း၏ အထီးကျန်မှုများက ပျောက်ကွယ်သွား၏။ သူက ဝေ့ချန်၏ အကျီစကိုကိုင်၍ ပြောလိုက်သည်။ “အားချန်...ကျွန်တော့်ကို ထားမသွားပါနဲ့”
ဝေ့ချန်က ချန်လီကို ပွေ့ဖက်ထားရင်း ခေါင်းလေးကို အခါခါ နမ်းရှိုက်လိုက်၏။ သူပြောလိုက်သည်။
“ထားမသွားပါဘူး...ကိုယ်မင်းကို ဘယ်တော့မှထားမသွားဘူး”
၎င်းက ဝေ့ချန်၏ ကတိဖြစ်ပြီး အနက်ရှိုင်းဆုံး ဆန္ဒလည်းဖြစ်သည်။ ချန်လီက သူနှင့် ခွဲမနေနိုင်ပေ။ တကယ်တမ်းတွင် သူလည်း ချန်လီနှင့် ခွဲမနေနိုင်ပေ။
ချန်လီက ဝေ့ချန်၏ ခါးတစ်ဝိုက်ကို ရစ်ပတ်လိုက်ပြီး မျက်နှာကို ဝေ့ချန်၏ ရင်ဘတ်ထဲသို့ မြှုပ်နှံထားလိုက်သည်။ ထို့နောက် ဝေ့ချန်၏ ခုန်ချက်ပြင်းနေသည့် ရင်ခုန်သံများကို နားထောင်နေလိုက်သည်။ သူ တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ်လာခဲ့သည်။
“အားချန်...ကျွန်တော် ဗိုက်ဆာတယ်” ချန်လီ ပြောလိုက်၏။
လွတ်လပ်သော စိတ်ဝိညာဥ်မှ ပြန်လာကတည်းက ညစာစားသင့်သည့်အချိန်ဖြစ်သည်။ သို့သော်လည်း ချန်မိသားစုနှင့် ပတ်သက်သည့် ကိစ္စများကြောင့် သူတို့နှစ်ယောက်လုံး ညစာမစားရသေးပေ။ ထိုအချိန်တွင် ချန်လီ တကယ်ကို ဗိုက်ဆာနေပြီဖြစ်သည်။
“ဘာစားချင်လဲ” ဝေ့ချန်မေးလိုက်၏။ ချန်လီ စိတ်ပြေသွားသည်ကို ကြည့်ရင်း သူစိတ်သက်သာရာရသွားသည်။
ချန်လီပြောလိုက်၏။ “ခေါက်ဆွဲ” ၎င်းက ယခုလောလောဆယ် သူတောင့်တနေသည့်အရာဖြစ်ပြီး တကယ်ကို စားချင်နေသည်။
”ကောင်းပြီ...” ဝေ့ချန် သဘောတူလိုက်သော်လည်း ချန်လီ့ကိုလွှတ်မပေးသေးချေ။
“အားချန်...ကျွန်တော်ဗိုက်ဆာတယ်” ချန်လီက ဝေ့ချန်လှုပ်ရှားမှုများရပ်တန့်နေသည်ကိုခံစားမိသောအခါ ပြောလိုက်သည်။
“နည်းနည်းလောက်ထပ်ဖက်ထားရအောင်” ဝေ့ချန်က စွဲလမ်းမှုနေပုံပေါ်ပြီး ချန်လီကို မလွှတ်ချင်ဖြစ်နေသည်။
“အင်း” ချန်လီက နာနာခံခံနှင့် ဝေ့ချန်၏ ရင်ဘတ်ထဲသို့ ပိုတိုးဝင်၍ သူတို့၏ အစာအိမ်များ အသံမြည်မလာခင်အထိ နေနေလိုက်သည်။
“အားချန်...အားချန်လဲ ဗိုက်ဆာနေပြီ” ချန်လီက ဝေ့ချန်ရင်ဘတ်ထဲသို့ တိုးဝင်နေသောကြောင့် ထိုအသံကို သေချာကြားလိုက်သည်။
“အင်း....ကိုယ်လည်း ဗိုက်ဆာနေပြီ” ဝေ့ချန် ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။
ထိုသည့်တိုင် သူတို့က တစ်ယောက်ကိုတစ်ယောက် မလွှတ်ကြသေးချေ။ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားသကဲ့သို့ တင်းကြပ်စွာ ပွေ့ဖက်ထားကြသည်။
နောက်ဆုံးတော့ သူတို့၏ အစာအိမ်များက ဆာလောင်မှုကို သည်းမခံနိုင်တော့ပေ။ အထပ်ထပ် အော်မြည်လာကာ အစာစားရန်တိုက်တွန်းနေသည်။ ထိုမှသာ နှစ်ယောက်သား လူချင်းခွာလိုက်ကြ၏။
ဝေ့ချန်က ထ၍ ကုတင်ပေါ်တွင် ထိုင်နေသည့် ချန်လီကို ကြည့်လိုက်သည်။ “ကိုယ်နဲ့လိုက်ခဲ့မလား”
ချန်လီ ခေါင်းညိတ်လိုက်၏။ “အင်း”
ဝေ့ချန်က ချန်လီကို ထူလိုက်ပြီး လက်ကိုကိုင်၍ အောက်ထပ်ရှိ မီးဖိုခန်းသို့ အတူဆင်းလာကြသည်။
ယခုတွင်တော့ အစေခံများလည်း ထွက်သွားပြီဖြစ်သောကြောင့် မီးဖိုခန်းက တိတ်ဆိတ်နေသည်။
ချန်လီက ဝေ့ချန်နံဘေးတွင် ကပ်နေလျက် မီးဖိုခန်းထဲသို့ လိုက်လာသည်။ ဝေ့ချန်က ရေခဲသေတ္တာသို့ သွား၍ ကြက်ဥများယူသည့်အခါတွင်လည်း ချန်လီလိုက်လာခဲ့သည်။ ဝေ့ချန်က မီးဖိုနားတွင်ရပ်၍ ရေနွေးတည်နေသည့် အချိန်တွင်လည်း ချန်လီက လိုက်ရပ်သည်။ သူက ဝေ့ချန်နှင့် နည်းနည်းလေးမှ မဝေးချင်ပေ။
ဝေ့ချန်က ချန်လီအား နီးနီးကပ်ကပ် နေခွင့်ပေးထားလိုက်သည်။ ကြက်ဥကြော်သည့်အချိန်တွင်မှ ဆီပေါက်မည်စိုး၍ ချန်လီကို နည်းနည်းလေးနောက်ဆုတ်နေရန် ပြောလိုက်သည်။
မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် ဝေ့ချန်က သူနှင့်ချန်လီအတွက် ခေါက်ဆွဲနှစ်ပွဲပြင်ဆင်လာခဲ့သည်။ ရွေဝါရောင်သမ်းနေသည့် ကြက်ဥကြော်နှစ်ခုနှင့်အတူ ရေခဲသေတ္တာတွင် ရှိနေသည့် ပစ္စည်းများနှင့် စွပ်ပြုတ်ချက်လိုက်သည်။
၎င်းက သူတို့၏ ညစာဖြစ်သည်။ ရိုးရှင်းသော်လည်း ချန်လီအတွက် တကယ်ကိုအရသာရှိသည်။ သူက တူကိုကိုင်၍ ခေါက်ဆွဲတစ်လုတ်စားလိုက်ရာ အမူအရာမဲ့နေသည့် သူ့မျက်နှာက စိတ်ကျေနပ်သည့် အရိပ်အယောင်များ ပြလာသည်။
ဝေ့ချန်က ဗိုက်ဆာနေသော်လည်း အလျင်မလိုလိုက်ချေ။ သူက ချန်လီကိုသာ ကြည့်နေသည်။ ချန်လီ၏ မျက်နှာပေါ်တွင် ကျေနပ်မှုများကိုမြင်မှသာ သူ့ခေါက်ဆွဲကိုစစားလေသည်။
ခေါက်ဆွဲနှစ်ပန်းကန်၊ ကြက်ဥကြော်နှစ်လုံးနှင့် စွပ်ပြုတ်နှစ်ခွက်က အကုန်ပြောင်သွားပြီး နှုတ်ခမ်းတစ်ဝိုက်တွင် ဆီများပေကျံနေသည့်တိုင် ချန်လီက အလုံးစုံ မကျေနပ်သေးပေ။ ဝေ့ချန်က တစ်ရှူးအစိုကိုယူ၍ ချန်လီ၏ နှုတ်ခမ်းမှ ဆီများကို သုတ်ပေးလိုက်သည်။ ထပ်သည်းမခံနိုင်တော့ဘဲ သူက ကိုင်းချလာ၍ ချန်လီ၏ နှုတ်ခမ်းများကို ဖမ်းငုံလိုက်ကာ ခေါက်ဆွဲဟင်းမှ ဆီအကျန်များကို အရသာခံလိုက်သည်။ ထိုခေါက်ဆွဲများက တကယ်ကို အရသာရှိကြောင်း သူဝန်ခံရပေမည်။
ချန်လီက ဝေ့ချန်၏အနမ်းကို သဘာဝကျစွာပင် လက်ခံပြီး သူတို့နှစ်ယောက်၏ လျှာများက ရစ်ပတ်နေကြသည်။ စိုစွတ်နေသည့် အသံဖျော့ဖျော့က မီးဖိုခန်းထဲတွင် ပဲ့တင်ထပ်လာသည်။ ညင်သာပြီး ချစ်စိတ်ပြင်းပြကာ ချိုမြိန်သည့် အနမ်းတစ်ခုဖြစ်ပေသည်။
💘