Chapter 149
Viewers 49k

💘Chapter 149 

ပန်းချီကားကို လွှဲပြောင်းပေးခြင်း



လွန်ခဲ့သည့်ရက်များတွင် ချန်ချင်းတစ်ယောက် စိတ်ရှုပ်နေရ၏။ အိပ်မက်ဖလားတွင် ချန်လီ၏ ပန်းချီကားကို မည်သူဝယ်သွားသည်ဆိုသည့် မေးခွန်းက သူ့ကို နှိပ်စက်နေသည်။ အတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲနီးကပ်လာသည်နှင့်အမျှ သူ ဒေါသထွက်လာလေသည်။ 


ချန်ချင်းက ပန်းချီကားအား အပြည့်အဝစိတ်နှစ်ထားသည်ဟု မဆိုလိုပေ။ ရှင်းရှင်းပြောရလျှင် ဤကိစ္စအတွက်သာ မဟုတ်ပါက သူက ချန်လီ၏ပန်းချီကားကို အမှိုက်ဟု သတ်မှတ်ကာ နှစ်ခါမတွေးဘဲ လွှင့်ပစ်လိုက်မှာဖြစ်သည်။ 


ဤကိစ္စနှင့် ပတ်သက်ပြီး ချန်ချင်း စိတ်ရှုပ်ပြီး အလေးထားနေရသည့် အကြောင်းအရင်းက ချန်ရှီဟွိုက် ပေးထားသည့် တာဝန်ဖြစ်နေသောကြောင့်ဖြစ်သည်။ သူ့လုပ်နိုင်စွမ်းများကို ချန်ရှီဟွိုက်ကို ပြသရန်အတွက် ချန်ချင်း ဤကိစ္စကို သေချာ ဖြေရှင်းရမည်။ 


သို့သော်လည်း ဖြေရှင်းရမည့်နည်းလမ်းများက ရိုးရှင်းမနေပေ။ ထိုနေ့တွင် လေလံပွဲသို့ တက်ရောက်လာကြသည့် သူများက ချမ်းသာသည့်သူ သို့မဟုတ် ဩဇာကြီးသူများသာဖြစ်ကြသည်။ ချန်လီ၏ပန်းချီကားကို စိတ်ဝင်စားရုံသာမက ကြီးမားသည့် ဈေးနှုန်းတစ်ခုကိုလည်း ပေးခဲ့ကြသည့် မည်သူမဆို ငွေများပြတ်လပ်သွားလိမ့်မည်မဟုတ်ချေ။ 


ထို့အပြင် အိပ်မက်ဖလားလေလံပွဲ၏ လျှို့ဝှက်ချက်များက လိုက်မမီနိုင်ပေ။ ဝယ်သူသွားသည့်သူက သူ၏သရုပ်မှန်ကို မသိစေချင်ပါက အိပ်မက်ဖလားနှင့် လေလံပွဲကို ကြီးကြပ်သူများမှလွဲ၍ ဝယ်သူက မည်သူမှန်း ဘယ်သူမှ မသိကြချေ။ ချန်လီ၏ ပန်းချီကားကိုဝယ်ယူသွားသည့်လူက အချက်အလက်များကို ထုတ်ဖော်ပြသရန် ငြင်းဆိုခဲ့သည့်အချက်က ချန်ချင်း၏အလုပ်ကို ပို၍ခက်ခဲသွားစေသည်။ 


လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ချန်ချင်းက ရှန်ဟိုင်းနှင့်ပေကျင်းသို့ အသွားအပြန်လုပ်နေရသည်။ ကောလဟလများက ပန်းချီကားမှာ အခြားခရိုင်တစ်ခုတွင် ရှိနေကြောင်း ပျံ့နှံ့လာသည်။ ထို့ကြောင့် ချန်လီမှာ ထိုကောလဟလကို လွှင့်ခဲ့သည့် လူကိုဆက်သွယ်ရန် တစ်ယောက်ကို စေလွှတ်ခဲ့သည်။ သို့သော်လည်း ၎င်းက အဆုံးသတ်မလှခဲ့ပေ။


အတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲနီးကပ်လာသည်နှင့်အမျှ ချန်ချင်း စိတ်ပူလာရသည်။ သို့သော်လည်း သူက ဝေ့မိသားစုသို့သွား၍ ချန်လီအား ချန်မိသားစုသို့ ပြန်လွှတ်ပေးရန် သွား၍ အသနားမခံချင်‌ပေ။ ထို့ကြောင့် ထိုကိစ္စက မဖြေရှင်းနိုင်ဖြစ်နေရသည်။ 


ချန်ရှီဟွိုက်က ထိုအကြောင်း အကြိမ်ပေါင်းများစွာစုံစမ်းကြည့်သော်လည်း အချိန်တိုင်း ချန်ချင်းက သူ့ထံမှ ရလဒ်များကို ဖုံးကွယ်ထားတတ်သည်။ ရလဒ်အနေနှင့် ချန်ရှီဟွိုက်က ချန်ချင်းကို မြင်သည့်အချိန်တိုင်း မျက်နှာကောင်းမနေပေ။ ချန်ချင်းက ချန်ရှီဟွိုက်ကို ဒေါသထွက်အောင်လုပ်မိထားသည်ဆိုသည့် ကောလဟလများက ချန်မိသားစုတွင် ပျံ့နှံ့လာပြီး ချန်ချင်းနှင့် ခပ်ခွာခွာ နေလာကြလေသည်။ 


၎င်းက ချန်ချင်းကို ဒေါသထွက်စေကာ သူ့ကိုယ်သူ အင်အားမဲ့သည်ဟု ခံစားရစေသည်။ 


အဆုံးတွင်တော့ ရွေးချယ်စရာမရှိတော့ဘဲ ချန်ချင်းက ဝေ့မိသားစုသို့ နောက်တစ်ကြိမ် သွားခဲ့ရသည်။ 


ချန်ချင်းက ဝေ့အိမ်ထဲသို့ အစေခံတစ်ယောက်၏ လမ်းညွှန်မှုဖြင့် ရောက်လာခဲ့သည်။ ချန်ချင်းက ဝေ့ချန်နှင့် တွေ့ရန် ရောက်လာသည်ဟု သိရသောအခါ အစေခံ‌လေး၏ မျက်နှာတွင် တောင်းပန်သည့် အမူအရာများဖြင့် ပြည့်နှက်သွားသည်။ 


“သခင်လေးချန်...ကျွန်မ‌တောင်းပန်ပါတယ်...သခင်လေးဝေ့က လွန်ခဲ့တဲ့ သုံးရက်ကပဲ မြို့တော်ကို ပြန်သွားပါပြီ” အစေခံလေးက ရှင်းပြလိုက်သည်။ 


“မြို့တော်ကို ပြန်သွားပြီ?” ချန်ချင်း ထုံထိုင်းထိုင်းဖြစ်သွားသည်။ သခင်ကြီးဝေ့က  A Zone ပရောဂျက်အား ဝေ့ချန်ကို လက်လွှဲပေးခဲ့သည်ကို သူကြားခဲ့သည်။  အဲ့ဒါကို ဘာလို့ မြို့တော်ကို အခုတည်းက ပြန်သွားတာလဲ...။ ပရောဂျက်ကို လက်လွှတ်လိုက်တာများလား...။ ဒါမှမဟုတ်...သူ့ကိုမတွေ့ချင်လို့ အစေခံကို တမင်ပြောခိုင်းလိုက်တာများလား...။


“တကယ်လို့ သခင်လေးချန် မယုံလို့ရှိရင် သခင်လေးဝေ့ကို ဖုန်းခေါ်ပြီး မေးကြည့်လို့ရပါတယ်...အခု သူတကယ်ကို အိမ်မှာမရှိပါဘူး” ချန်ချင်း မယုံနေသည်ကို ခံစားမိသောအခါ အစေခံ‌လေးက တုံ့ပြန်လာသည်။ အစေခံလေးက တည်တည်ငြိမ်ငြိမ်ရှိနေကာ ညာနေသည့်ပုံမပေါ်ပေ။ 


ချန်ချင်း မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ဖြစ်နေ၏။ “အားချန်က ပြန်လာမယ်လို့ရော ပြောသွားသေးလား” 


“အဲ့ဒါတော့ ကျွန်မလည်း မသိပါဘူး” အစေခံလေးက ပြန်ဖြေလာသည်။ 


ချန်ချင်း၏အမူအရာများက ပြုံးရွှင်မနေပေ။ သူ ဝေ့အိမ်မှ လှည့်ထွက်လာခဲ့သည်။ သူ့အတွင်းမှ ဒေါသများက ပျံ့နှံ့လာပြီး ဖုန်းကိုထုတ်၍ ဝေ့ချန်ကိုခေါ်ကာ မေးရန်ပြင်လိုက်သည်။ သို့သော်လည်း သူ့လက်က ဖုန်းခေါ်မည့် ခလုတ်ကိုနှိပ်ရန် တွန့်ဆုတ်သွားပြီး လက်ပြန်ရုတ်လိုက်သည်။ ဝေ့ချန်ကို ဖုန်းခေါ်ခြင်းက သူ့ကိုယ်သူ အရှက်ခွဲနေခြင်းသာဖြစ်ကြောင်း သေချာသိသည်။ 


ဝေ့ချန် ပြောင်းလဲသွားခဲ့သည်။ သူက အချက်ပေးသည်မျိုးလည်းမရှိဘဲ ပြောင်းလဲသွားခဲ့ပြီး ချန်ချင်းကို သူမသိသည့် လူတစ်ယောက်ဟု ခံစားရစေသည်။ ထို့အပြင် ဝေ့ချန်က သူ့နှင့် ခပ်ခွာခွာနေလာသည်ကိုလည်း သတိထားမိသည်။ သူ ဝေ့ချန်ကိုလိုက်ဖမ်း၍ မရတော့ပေ။ 


ထိုအတွေးက ချန်ချင်းကို ပို၍ စိတ်ညစ်စေသည်။ ခံစားချက်များကို ဖိနှိပ်ရန် တစ်ခုခုလုပ်ချင်သော်လည်း ဝေ့အိမ်အတွင်း၌ ရှိနေသောကြောင့် မသင့်တော်ပေ။


ထိုအချိန်တွင် ချန်ချင်း၏ ဖုန်းကမြည်လာ၏။ ၎င်းက ဝူဇီခန်းဆီမှဖြစ်သည်။ 


“ဇီခန်း...လူကိုရှာတွေ့ပြီလား” ချန်ချင်းက အလျင်လိုနေသည့် ပုံဖြင့် မေးလိုက်သည်။ 


“အင်း ရှာတွေ့ခဲ့ပြီ...သူနဲ့ စကားပြောခဲ့ပြီးပြီ...ပူးပေါင်းပေးမယ်တဲ့” ဝူဇီခန်း၏ အသံတွင် စိတ်လှုပ်ရှားမှုများ သယ်ဆောင်ထားသည်။ နောက်ဆုံးတော့လည်း သူတို့က ထိုလူကို ရက်ပေါင်းများစွာ ကြာအောင် လိုက်ရှာနေခဲ့ပြီး ရှာတွေ့ခဲ့သည်။ 


“သူဘယ်မှာလဲ” ချန်ချင်း မေးလိုက်သည်။ ယခုလေးတွင်မှ စိတ်ရှုပ်နေမှုများက ထိုသတင်းကြောင့် ပျောက်ကွယ်သွားတော့သည်။ 


“ပေကျင်းမှာ...သူက ဒီကို စီးပွားရေးခရီးတစ်ခုကြောင့် ‌‌ရောက်နေတာ...ငါ့လူတွေကို သူနဲ့ ဆက်သွယ်ခိုင်းထားပြီးပြီ....အခု ငါတို့ ပေကျင်းကိုသွားတဲ့လမ်းမှာ” ဝူဇီခန်း ရှင်းပြလိုက်သည်။ 


“ကောင်းတယ်...အခုတော့ သူ့ကို ထိန်းထားလိုက်ဦး...ငါမကြာခင် အဲ့ကို‌ရောက်မယ်” ချန်ချင်းက အရှိန်တင်လိုက်ရင်း ဖုန်းချလိုက်သည်။ 


ချန်ချင်း ပေကျင်းသို့ ရောက်သောအခါ ညနေစောင်းသို့ ရောက်နေပြီဖြစ်သည်။ သို့သော်လည်း ဝူဇီခန်းနှင့် တွေ့သောအခါ စိတ်ပျက်သွားရသည်။ ဝူဇီခန်းက ခေါင်းခါပြ၍ ပြောလာသည်။


 “ငါရောက်တဲ့အချိန်မှာ လူကြီးမင်းဝမ်က ပေကျင်းက ထွက်သွားပြီ” 


ချန်ချင်း၏ မျှော်လင့်ချက်များ ချက်ချင်း ပျက်သုဥ်းသွားရသည်။ ထိုအကြောင်းကို ကြားသည့်အခါ သူ့အဖိုး၏ ဖြစ်နေမည့် မျက်နှာအမူအရာက စိတ်ထဲပေါ်လာခဲ့သည်။ စိတ်ရှုပ်ထွေးခြင်းများနှင့်အတူ ချန်ချင်းက ဒေါသတကြီးဖြင့် ဖုန်းကိုပစ်ပေါက်ကာ ဆဲဆိုလိုက်သည်။ 


“အားချင်း…ဒေါသမထွက်ပါနဲ့…အခု ငါတို့ လူကြီးမင်းဝမ်ဆီကို မရောက်နိုင်ပေမယ့် သူကိုဆက်သွယ်နိုင်တဲ့ အချက်အလက်တွေကိုတော့ ရလိုက်တယ်…နောက်ရက်တွေမှာ နည်းနည်းပိုပြီးကြိုးစားလိုက်ရင် လူကြီးမင်းဝမ်လည်း ငါတို့ကို မျက်သာနှာပေးပြီး ပန်းချီကားကို ရောင်းမှာပါ” ထိုကြိုးမျှင်လေးကို ကိုင်ဆုပ်ထားရုံအပြင် ချန်ချင်း မတတ်နိုင်တော့ချေ။


လူကြီးမင်းဝမ်ကို ဆက်သွယ်ရန်ကြိုးစားသည့်အခါ သူက ရှန်ဟိုင်းမြို့မှဖြစ်ပြီး ပေကျင်းမှထွက်သွားပြီးနောက် ထိုသို့ ပြန်သွားကြောင်း သိလိုက်ရသည်။ ထိုသတင်းက ချန်ချင်းနှင့် ဝူဇီခန်းနှစ်ယောက်လုံးအတွက် သတင်းကောင်းဖြစ်သည်။ လူကြီးမင်းဝမ်က ရှန်ဟိုင်းတွင် ရှိနေသောကြောင့် သူတို့နှစ်ယောက် ဝေးဝေးလံလံ လိုက်နေစရာမလိုတော့ပေ။ 


ရေတစ်စက်လေးတောင်မသောက်ဘဲ ချန်ချင်းက ချက်ချင်း ရှန်ဟိုင်းသို့ ပြန်ရန်ပြင်လိုက်သည်။ သို့သော်လည်း ချန်ချင်းက သတိကပ်နေဆဲဖြစ်၏။ ကားထဲတွင် သူက လူကြီးမင်းဝမ်အချက်အလက်အသေးစိတ်ကို ဝူဇီခန်းနှင့် အတည်ပြုလိုက်သေးသည်။ 


“ဇီခန်း…လူကြီးမင်းဝမ်က ပန်းချီကားကို ဝယ်သွားတဲ့တစ်ယောက်ဆိုတသေချာပါတယ်နော်” ချန်ချင်း မေးလိုက်၏။ 


“စိတ်ချပါ…ငါ့ရဲ့အဆက်အသွယ်တွေကိုသုံးပြီး အိပ်မက်ဖလားက ဝန်ထမ်းကိုမေးပြီးပြီ..အဲ့ဒီနေ့က ပန်းချီကားကို ဝယ်သွားတဲ့လူက လူကြီးမင်းဝမ်ဆိုတာ သေချာတယ်…လူကြီးမင်းဝမ် ငါ့ကိုပို့ပေးထားတဲ့ အချက်အလက်တွေကိုလည်း ငါကြည့်ပြီးပြီ…ဒီအချက်အလက်တွေကို ရှေ့နေနဲ့လည်း တိုင်ပင်ဆွေးနွေးပြီးပြီ…ရှေ့နေက စစ်မှန်ကြောင်းလည်း အတည်ပြုပြီးပြီ” ဝူဇီခန်းက အရူးမဟုတ်ပေ။ သူက ချန်ချင်းကို အသိမပေးခင် အရာအားလုံးကို သေချာအတည်ပြုထားခဲ့သည်။ 


ထိုမှသာ ချန်ချင်း စိတ်သက်သာရာရသည်။ ထိုစာရွက်စာတမ်းများအရဆိုလျှင် သူတို့မမှားနိုင်တော့ပေ။ 


ချန်ချင်းနှင့် ဝူဇီခန်းတို့ ရှန်ဟိုင်းသို့ ပြန်သွားပြီးနောက် လမင်းကြီးက ကောင်းကင်ယံထက်တွင်သာယာနေကာ ညက ချင်းနင်းဝင်ရောက်လာသည်။


ချန်ချင်းနှင့် ဝူဇီခန်းတို့က လူကြီးမင်းဝမ်ကို နောက်တစ်ကြိမ် ဆက်သွယ်လိုက်ကြသည်။ လူကြီးမင်းဝမ်က နောက်ကျနေပြီဖြစ်သောကြောင့် ဒီနေ့အတွက် တွေ့ဆုံရန် ပယ်ဖျက်လိုက်သည်။ သို့သော် သူက မနက်ဖြန်တွင် တွေ့ဆုံရန် သဘောတူလိုက်ပြီး အခြားသူများလည်း ဤပန်းချီကားကို ဝယ်ယူရန် စိတ်ဝင်စားနေကြကြောင်းကိုလည်း ပြောသွားလေသည်။ 


၎င်းက ချန်ချင်းနှင့် ဝူဇီခန်းတို့ကို အံ့ဩမသွားစေပေ။ အတွင်းရေးမှူးဝူ၏ မွေးနေ့က နီးကပ်လာပြီဖြစ်သည်။ လူများစွာက အတွင်းရေးမှူးဝူ၏ မျက်နှာသာပေးခံရရန် ကြိုးစားနေကြသည်။ ထို့ကြောင့် ထိုပန်းချီကားကို လိုချင်နေသူမှာ သူတို့ပဲမဟုတ်ကြောင်း သိရသည်က အံ့ဩစရာမကောင်းချေ။ 


ချန်ချင်းက မည်သည့်ဈေးဖြစ်ဖြစ် ပေးမည်ဟု ကတိပေးလိုက်သည်။ သူထိုပန်းချီကားကို ရရန်လိုအပ်သည်။ 


သဘောတူညီမှုပြီးပြီး တွေ့ဆုံရန် အချိန်သတ်မှတ်ပြီးသည်နှင့် ချန်ချင်းစိတ်ထဲတွင် ပေါ့ပါ့သွားရသည်။ 


သို့သော်လည်း ချန်ချင်းက ထိုအကြောင်းကို ချန်ရှီဟွိုက်ထံ မတင်ပြလိုက်ချေ။ သူတို့ ပန်းချီကားကို မရသေးပေ။ ထို့အပြင် ချန်ရှီဟွိုက်က တစ်ရာရာခိုင်နှုန်း မပြီးပြတ်သေးဘဲ အကြောင်းကြားသည်ကို မကြိုက်ပေ။


နောက်တစ်နေ့တွင် စိတ်ရင်းစေတနာကို ဖော်ပြရန်အတွက် ချန်ချင်းနှင့် ဝူဇီခန်းတို့က ချိန်းဆိုထားသည့်နေရာသို့ စော၍ လာခဲ့ကြသည်။ တစ်နာရီခွဲလောက်စောင့်ပြီးနောက် လူကြီးမင်းဝမ်က နောက်ကျ၍ ရောက်လာသည်ကို တွေ့လိုက်ရသည်။ 


ဒီတစ်ခေါက် လူကြီးမင်းဝမ်နှင့် တွေ့ရခြင်းက သက်ကယ်အိမ်သို့ လျိုပေ့၏ သုံးကြိမ်သုံးခေါက် သွားရခြင်းကဲ့သို့ ခက်ခဲလှသည်။


“လူကြီးမင်းဝမ်…မဂ်လာပါ” လူကြီးမင်းဝမ် ရောက်လာသည်နှင့် ချန်ချင်းက သူ့ အာရုံစိုက်မှုကိုရရန် နှုတ်ဆက်လိုက်သည်။ 


“သခင်လေးချန်” လူကြီးမင်းဝမ်သည် ချန်ချင်းက ချန်မိသားစုမှဖြစ်နေသော်လည်း မျက်နှာမလိုက်ဘဲ   ကျက်သရေရှိသည့် အသွင်အပြင်ကို ထိန်းသိမ်းထားပြီး ပြုံးပြလာသည်။ 


ယဥ်ကျေးပျူငှာမှုများရှိနေသည့်တိုင် ချန်ချင်းက လူကြီးမင်းဝမ်ကို လေ့လာလိုက်သည်။ ထိုလူက အသက်လေးဆယ်သာရှိသေးကာ ပွင့်လင်းသည့်သူဟု ထင်ရသည်။ သူ့ကိုကြည့်ရသည်မှာ လူလိမ်တစ်ယောက်နှင့် မတူပေ။ 


နှစ်ဦးနှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် အမြင်ကောင်းများ ရှိသွားကြပြီး စကားဝိုင်းကလည်း ချောချောမွေ့မွေ့နှင့် ရှိနေသည်။ ဈေးနှုန်းကို ညှိနှိုင်းရာတွင်တောင် ချန်ချင်း၏ ရက်ရောမှုက လူကြီးမင်းဝမ်ကို ထိတ်လန့်သွားစေသည်။


“သခင်လေးချန်က တကယ်ကို ချန်မိသားစုဝင်ပီသပါတယ်...ရက်ရောမှုက တကယ်ကို အသိအမှတ်ပြုစရာပါပဲ” လူကြီးမင်းဝမ်က ပြောလိုက်ရင်း သန်းသုံးဆယ်ဆိုသည့်ဈေးနှုန်းကြောင့် အနည်းငယ် တွန့်ဆုတ်နေမိသည်။


“ဒါက ကျွန်တော့်ရဲ့ စိတ်ရင်းအမှန်တွေပါ” ချန်ချင်းရယ်လိုက်၏။ သူ့အပြုံးများတွင် ဂုဏ်ယူနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ 


“ဒါဆို သဘောတူညီမှုလုပ်ကြတာပေါ့” လူကြီးမင်းဝမ်က သဘောတူလိုက်ပြီး ပန်းချီကားကိုယူရန် ချန်ချင်းအား သူ့အိမ်သို့ ခေါ်သွားလိုက်သည်။ ချန်ချင်းက လူကြီးမင်းဝမ်၏ စစ်မှန်မှုကို ထပ်မံအကဲဖြတ်ရန် အခွင့်အလမ်းရသကဲ့သို့ဖြစ်သောကြောင့် ဆန္ဒရှိစွာနှင့် လိုက်လာခဲ့သည်။ 


လူကြီးမင်းဝမ်၏အိမ်က ရှန်ဟိုင်းမြို့အစွန်တွင်ရှိသည်။ အိမ်က သုံးထပ်တိုက်ဗီလာဖြစ်ပြီး အလွန်အမင်း ခမ်းနားမနေပေ။ သို့သော်လည်း ဒီဇိုင်းကတော့ ထင်သာမြင်သာရှိသည်။ 


ချန်ချင်း၊ ဝူဇီခန်းနှင့် လူကြီးမင်းဝမ်တို့ အိမ်ထဲသို့ ဝင်လာသည့်အခါ နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားများစွာကြောင့် သူတို့ အံ့ဩသွားရသည်။ ပန်းချီကားတစ်ခုချင်းစီတိုင်းက ဖုန်တစ်စက် တက်နေခြင်းမရှိဘဲ ပိုင်ရှင်က သေချာထိန်းသိမ်းထားကြောင်း ဖော်ပြနေသည်။ 


ချန်ချင်းနှင့် ဝူဇီခန်းတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြကာ လူကြီးမင်းဝမ်နှင့် ပတ်သက်၍ စိတ်ချသွားကြသည်။ 


ချန်ချင်းနှင့် ဝူဇီခန်းတို့၏ သံသယများကို သတိမထားမိဘဲ လူကြီးမင်းဝမ်က ချန်လီ၏ ပန်းချီကားသိမ်းထားသည့်ဆီဿို့ ခေါ်လာခဲ့သည်။ ပန်းချီကားကိုမြင်သောအခါ နှစ်သက်မြတ်နိုးမှုများက သူ့မျက်လုံးထဲတွင် နေရာယူလာသည်။ 


“ဒီပန်းချီကားနဲ့ ခွဲခွာရဖို့ မရည်ရွယ်ထားပေမယ့် မင်းတို့ရဲ့ စိတ်ရင်းက ငါ့ကိုကိုင်လှုပ်နိုင်ခဲ့တယ်…ဒီပန်းချီကားအတွက် အများကြီး ရင်းနှီးမြှုပ်နှံချင်တဲ့ စိတ်ရှိနေမှတော့ ဒီပန်းချီကားကို ကောင်းကောင်းဂရုစိုက်လိမ့်မယ်လို့ ယုံကြည်လိုက်မယ်” လူကြီးမင်းက ဘောင်ကို တမြတ်တနိုးနှင့် ပွတ်ရင်း ပြောလာသည်။ 


ချန်ချင်းနှင့် ဝူဇီခန်းတို့ တိတ်ဆိတ်သွားသည်။ သူတို့က လူကြီးမင်းဝမ်၏ ဝမ်းနည်းမှုကို နားမလည်နိုင်ကြချေ။ သူတို့ မျက်လုံးထဲတွင် ၎င်းကသာမန် ပန်းချီကားလေးတစ်ချပ်ဖြစ်ကာ သတိတရလွမ်းဆွတ်နေရမည့် အရာတစ်ခုမဟုတ်ဟုသာ မြင်သည်။ 


ပန်းချီကားကို နှုတ်ဆက်ပြီးနောက် လူကြီးမင်းဝမ်၏ လူများက သေချာထုတ်ပိုး၍ ချန်ချင်း၏ ကားပေါ်သို့ တင်ပေးလိုက်ကြသည်။ လူကြီးမင်းဝမ်က ပိုက်ဆံအကြောင်းတစ်ခွန်းမှမဟကာ ယုံကြည်မှုကို ပြသနေသည်။ 


သဘာဝအားဖြင့် ချန်မိသားစု၏ သခင်လေးတစ်ယောက်အနေနှင့် ချန်ချင်းက အတင်းအဖျင်းများဖြစ်စေမည့် ကိစ္စများတွင် ဝင်ပါလိမ့်မည်မဟုတ်ချေ။ ပန်းချီကားက ကားပေါ်သို့ ရောက်သွားသည်နှင့် သန်းသုံးဆယ်က လူကြီးမင်းဝမ်၏ အကောင့်ထဲသို့ ရောက်လာခဲ့သည်။ 


ပိုက်ဆံနှင့် ပန်းချီကားတို့ လဲလှယ်ပြီးနောက် ကိစ္စက ပြီးမြောက်သွားခဲ့သည်။ 


ချန်ချင်းနှင့် ဝူဇီခန်းတို့ ထွက်သွားသောအခါ လူကြီးမင်းဝမ်က အကောင့်ထဲကို စစ်ကြည့်လိုက်သည်။ တိုးလာသည့် ပမာဏကိုကြည့်ပြီးနောက် မျက်နှာတွင် ကျေနပ်နေသည့် အပြုံးတစ်ခုပေါ်လာသော်လည်း သေချာကြည့်ကြည့်မည်ဆိုပါက လှောင်ပြောင်မှုများလည်း ရောနှောပါဝင်နေသည်။ 


T/N လျိုပေ့၏ သက်ကယ်အိမ်သို့ သုံးခေါက်သွားလည်သည့် ဇာတ်လမ်းက ဆယ့်လေးရာစုတွင် လော့ကွမ်ကျုံးရေးသားသည့် တရုတ်နန်းတွင်းဝတ္ထု “သုံးပြည်ထောင်၏ ချစ်မေတ္တာ” မှ ထင်ရှားသည့်အပိုင်းတစ်ခုဖြစ်သည်။ ထိုဝတ္ထုက အရှေ့ဟန်မင်းဆက်နှင့် သုံးပြည်ထောင်ကာလ (၁၈၄-၂၈၀ အေဒီ) ၏ နန်းတွင်းအဖြစ်အပျက်များအပေါ်တွင် အခြေခံထားသည်။


ဝတ္ထုထဲတွင် လျိုပေ့က စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သုံးပြည်ထောင်ကာလအတွင်း ရှုဟန်မင်းဆက်ကို တည်ထောင်ခဲ့ရာမှ လူသိများလာခဲ့သည်။ သက်ကယ်အိမ်သို့ သုံးကြိမ်သွားလည်ခြင်းက လျိုပေ့၏ နှိမ့်ချပြီး ဖြောင့်မှန်သည့် ကိုယ်ကျင့်စရိုက်နှင့်အတူ  သူနှင့် နည်းဗျူဟာမှူး ကျူးကောလျန်တို့ကြားမှ နီးကပ်သည့် ဆက်ဆံ‌‌ရေးကိုလည်း ဖော်ပြထားသည်။



💘