💘Chapter 150
အမှန်တရား
ချန်ချင်းက ပန်းချီကားကိုရပြီးနောက် ချန်မိသားစု၏ အိမ်ဟောင်းကို သွားလိုက်သည်။ ချန်ရှီဟွိုက်က စာကြည့်ခန်းထဲတွင် ရှိနေကြောင်း သိပြီးနောက် သူက အစေခံအား ပန်းချီကားကိုသယ်စေပြီး စာကြည့်ခန်းသို့သွား၍ ချန်ရှီဟွိုက်ကိုရှာလိုက်သည်။
“အဖိုး...ကျွန်တော်ပြန်လာပါပြီ” ချန်ချင်းက တံခါးကိုခေါက်၍ ပြောလိုက်သည်။
“ဝင်လာခဲ့” ချန်ရှီဟွိုက်၏အသံက တည်ငြိမ်နေကာ ခံစားချက်များ ပါဝင်မနေပေ။
ချန်ချင်းက တံခါးကိုတွန်းဖွင့်လိုက်ပြီး ထိခိုက်သွားမည်စိုး၍ အစေခံအား ပန်းချီကားကို သေချာသယ်လာရန် လက်ဟန်ခြေဟန်ပြလိုက်သည်။ ချန်ရှီဟွိုက်က ချန်ချင်း ပန်းချီကားယူလာသည်ကို မြင်သောအခါ မျက်လုံးများကို ကျဥ်း၍ မေးလိုက်သည်။
“ရှာတွေ့လာခဲ့ပြီလား”
“ဟုတ်ကဲ့...အဖိုး” ချန်ချင်း ပြန်ဖြေလိုက်၏။ သူ့မျက်ခုံးများက မြင့်တက်သွားကာ ချန်ရှီဟွိုက်ကို နောက်ဆုံးတစ်ခေါက်က တွေ့ခဲ့သလို ကြောက်လန့်မှုများ ရှိမနေပေ။ တကယ်တမ်းတွင် သူက ဂုဏ်ယူသည့်ပုံပေါက်နေကာ မျက်နှာတွင် အမူအရာများအားလုံးကို ဖော်ပြထားသည်။
ချန်ရှီဟွိုက် အံ့ဩသွား၏။ ချန်ချင်းဆီမှ သတင်းမကြားရသည်မှာ ရက်အနည်းငယ် ရှိသွားပြီဖြစ်သည်။ သူက ရလဒ်ကို စုံစမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဘာမှရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် လက်လျှော့ခဲ့ပြီး အတွင်းရေးမှူးဝူအတွက် အခြားလက်ဆောင်ဝယ်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။ ယခုတွင်တော့ ချန်ချင်းက ပန်းချီကားကို ယူလာခဲ့သည်။ ၎င်းက ချန်ရှီဟွိုက်အား သံသယဝင်စေ၏။
ချန်ရှီဟွိုက်က ပန်းချီကားကိုကြည့်ရန် အလျင်မလိုလိုက်ချေ။ ထိုအစား ချန်ချင်းအား ရယူခဲ့သည့်လုပ်ငန်းစဥ်ကိုသာ မေးလိုက်သည်။ သူ့အဖိုးတွင် သံသယဝင်တတ်သည့် သဘာဝရှိသည်ကို သိသောကြောင့် ချန်ချင်းက အစမှအဆုံးအထိ ရယူခဲ့သည့်လုပ်ငန်းစဥ်ကို ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ချန်ရှီဟွိုက် ခဏလောက် တိတ်ဆိတ်သွားသည်။ ဇာတ်လမ်းထဲတွင် သံသယဖြစ်စရာတစ်ခုမှ သူရှာမတွေ့ခဲ့ချေ။ ထိုအခါမှသာ သူက ချန်ချင်းအား ပိတ်စကို ဖယ်ရှားစေလိုက်၏။
ပိတ်စကိုဖယ်ပြီးသည့်အခါ ပန်းချီကားက သူရရှိထားသည့် ပန်းချီကား၏ပုံနှင့် တူကြောင်း ချန်ရှီဟွိုက် တွေ့လိုက်ရသည်။ သူအနည်းငယ် စိတ်သက်သာရာရသွား၏။ သို့သော်လည်း အလုံးစုံတော့ မဟုတ်ပေ။ သူက ပန်းချီကားကို စစ်ဆေးရန် အိမ်တော်ထိန်းအား ရှန်ဟိုင်းမြို့ ပန်းချီနှင့်လက်ရေးအလှပညာအဖွဲ့အစည်းမှ ကျွမ်းကျင်သူကို ခေါ်ခိုင်းထားခဲ့သည်။
ရှန်ဟိုင်းမြို့တွင် ချန်မိသားစု၏ အဆင့်အတန်းနှင့် ချန်ယွင်လန်၏ဆက်ဆံရေးကြောင့် အဖွဲ့အစည်းမှ ကျွမ်းကျင်သူများက ချက်ချင်း လုပ်ကိုင်နေသည်များမှထွက်လာကာ နာရီဝက်အတွင်း ချန်အိမ်သို့ ရောက်လာကြသည်။
သို့သော်လည်း သူတို့က အိပ်မက်ဖလားတွင် အနိုင်ရသွားသူ၏ ပန်းချီကားကို စစ်ဆေးရန် ရောက်လာရကြောင်း သိလိုက်ရသောအခါ အမူအရာများ ပျက်သွားကြ၏။
“လူကြီးမင်းချန်...ဒီရွှေတံဆိပ်ဆုရှင်က ပန်းချီကားနှစ်ခုပဲ ထုတ်ရသေးတာပါ..တစ်ခုက နိုင်ငံတကာပန်းချီပြတိုက်မှာ ရှိပြီး နောက်တစ်ခုက ကျွန်တော်တို့ရှေ့က တစ်ခုပါပဲ...ကျွန်တော်တို့ ဒီပုဂ္ဂိုလ်ရဲ့ လက်ရာကို အခုမှ ပထမဆုံးမြင်ဖူးတာပါ...အစစ်ဟုတ်မဟုတ်ကတော့ ကျွန်တော်တို့ အတည်မပြုနိုင်ပါဘူး” အဖွဲ့အစည်း၏ ဥက္ကဌက ပြောလာသည်။
ချန်ရှီဟွိုက်က ကျိုးကြောင်းဆင်ခြင်သည့်သူဖြစ်၏။ သူက အခြေအနေ၏ ခက်ခဲမှုကို နားလည်ပြီး လက်ခါ၍ ထွက်သွားခိုင်းလိုက်တော့သည်။
သို့သော်လည်း ချန်ရှီဟွိုက် တမျိုးတမည်ခံစားနေရသေး၏။ သူက ယူအက်စ်တွင်ရှိနေသည့် ချန်ယွင်လန်ကို ဗီဒီယိုကောလ်လှမ်းခေါ်၍ ပန်းချီကားကိုကြည့်စေရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့လည်း ထိုနယ်ပယ်တွင် ချန်ယွင်လန်၏ ကျွမ်းကျင်မှုက ပန်းချီနှင့်လက်ရေးအလှပညာအဖွဲ့အစည်းရှိ ကျွမ်းကျင်သူများကို ဖိနှိပ်ထားနိုင်လေသည်။
အချိန်ကွာခြားမှုကြောင့် ယူအက်စ်တွင် မနက်စောစောသာရှိသေးသည်။ ချန်ယွင်လန်က အခုမှနိုးလာကာ အသံက စိတ်ညစ်ညူးနေသည်။ သို့သော်လည်း သူ့အဖေဖုန်းခေါ်သည်ကို မြင်လိုက်ရပြီးနောက် စိတ်ညစ်ညူးနေသည်များကို ပြန်ဖိနှိပ်လိုက်သည်။
“အဖေ့မှာ ပန်းချီကားတစ်ခုရထားတယ်...အရည်အသွေးကိုတစ်ချက်လောက် စစ်ပေးနိုင်မလား” ချန်ရှီဟွိုက်က မျက်လုံးတွေထဲတွင် မြင်ရခဲသည့် နွေးထွေးမှုများနှင့်အတူ ပြောလိုက်၏။
“ဘယ်မှာလဲ...ကျွန်တော်ကြည့်ကြည့်မယ်” ချန်ယွင်လန်က စိတ်မရှည်မှုများကို သေချာဖိနှိပ်နိုင်လိုက်သည်။
ချန်ရှီဟွိုက်က ကင်မရာကို ချန်ချင်းယူလာသည့် ပန်းချီကားပေါ်သို့ ချိန်လိုက်သည်။ ချန်ယွင်လန်က အပေါ်အောက်ကြည့်ပြီးနောက် မေးလာသည်။ “ဘယ်လိုအရည်အသွေးမျိုးနဲ့ အကဲဖြတ်ပေးစေချင်တာလဲ”
ချန်ရှီဟွိုက်က ထိုနယ်ပယ်တွင် များများစားစားသိပ်မသိချေ။ ဤပန်းချီကားက အိပ်မက်ဖလားတွင် အနိုင်ခဲ့ရသည့် ပန်းချီကားဖြစ်ကြောင်းသာ သူသိသည်။ ထို့ကြောင့် သူမေးလိုက်၏။ “တကယ်လို့ ဒီပန်းချီကားသာ အိပ်မက်ဖလားပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုရင် ဘယ်အဆင့်လောက်ရနိုင်လဲ”
ချန်ယွင်လန်က ပန်းချီကားကို သေချာကြည့်လိုက်ရာ အရည်အချင်းနှင့်နည်းပညာက အတော်လေးကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။ အထင်ကြီးစရာကောင်းသည့် အချက်မှာ လက်ရာ၏ ပြောင်မြောက်သည့် အကြောင်းအရာတင်ဆက်ထားမှုပင်ဖြစ်သည်။ သူမှတ်ချက်ပေးလိုက်၏။
“ရွှေတံဆိပ်လောက်အထိ ရလိမ့်မယ်”
သူက တရုတ်နိုင်ငံ၏ အိပ်မက်ဖလားအား အာရုံမစိုက်သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ဤစံနှုန်းက ယခင်က စည်းမျဥ်းများနှင့် အကဲဖြတ်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ချန်ယွင်လန်၏ မျက်လုံးထဲတွင် အိပ်မက်ဖလား၌ ပါဝင်ယှဥ်ပြိုင်ကြသည့်သူများက သာမန်မျှသာဖြစ်ပြီး ပြောင်မြောက်သည့် လက်ရာများကို မထုတ်နိုင်ကြချေ။
ချန်ရှီဟွိုက်က ချန်ယွင်လန်၏ အတွေးကို မတွေးမိသော်လည်း သူ၏အကဲဖြတ်မှုကိုတော့ ယုံကြည်သည်။ အကယ်၍ ချန်ယွင်လန်က ဤပန်းချီကားမှာ ရွှေတံဆိပ်ရနိုင်သည်ဟု ပြောလျှင် ၎င်းက ချန်လီ၏လက်ရာဖြစ်ကြောင်း သံသယဝင်စရာမရှိတော့ပေ။
ချန်ရှီဟွိုက် စိတ်သက်သာရာရသွားရုံလေးရှိသေးသော်လည်း ဗီဒီယိုထဲတွင် အဝတ်မပါသည့် ယောက်ျားတစ်ယောက် သူ့သားအနောက်မှ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ချန်ရှီဟွိုက် ချက်ချင်း မျက်ခုံးများ တွန့်ချိုးသွား၏။ သူက ချန်ယွင်လန်ကို ပြောလာသည်။
“ယွင်လန်...မင်းရဲ့ခန္ဓာကိုယ်အကြောင်း မင်းသိတယ်မလား...နမော်နမဲ့မနေနဲ့...အခက်အခဲတွေကို ထပ်ကြုံချင်လို့လား” ချန်ရှီဟွိုက်၏ အသံက ခက်ထန်နေကာ မကျေနပ်မှုနှင့်စိုးရိမ်မှုများကို ပြသနေသည်။
“ကျွန်တော်သိပါတယ်...သိပါတယ်” ထိုအကြောင်းကို ပြောသောအခါ ချန်ယွင်လန်၏ စိတ်မရှည်မှုများ ပြန်ထလာသည်။ “ဒီနှစ်တွေမှာ ကျွန်တော် ကောင်းနေတာပဲမလား”
ချန်ရှီဟွိုက် ဆက်ပြောရန်ပြင်လိုက်သော်လည်း ချန်ယွင်လန်က ဖြတ်ပြောလာသည်။
“ကောင်းပြီ...အဖေ...ကျွန်တော်ဒီအကြောင်းမဆွေးနွေးချင်ဘူး...ဒီမှာ မနက်အစောကြီးရှိသေးတယ်...နေတောင်မထွက်သေးဘူး...ကျွန်တော်နားရဦးမယ်” ချန်ရှီဟွိုက် တုံ့ပြန်လာသည်ကိုပင် မစောင့်တော့ဘဲ သူက ချက်ချင်း ဗီဒီယိုကောလ်ကို ချပစ်လိုက်တော့သည်။
ပြတ်တောက်သွားသည့် ဗီဒီယိုကိုကြည့်ရင်း ချန်ရှီဟွိုက် သက်ပြင်းချလိုက်၏။ ထို့နောက် သူက ချန်ချင်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ဒီတစ်ခေါက် သေချာလုပ်ခဲ့တယ်...မင်း ကြိုးစားခဲ့တာတွေကို အသိအမှတ်ပြုတယ်” သူ့မြေးကို မျက်နှာချင်းဆိုင်သည့်အခါ ချန်ယွင်လန်ကို ပြသခဲ့သည့် ချစ်ခင်မြတ်နိုးမှုများမှာ ပျောက်ကွယ်သွားတော့သည်။
ချန်ချင်းက ပျော်ရွှင်မှုများဖြင့် မျက်နှာကို ချီထားလိုက်သည်။ “ချီးကျူးတဲ့အတွက်ကျေးဇူးတင်ပါတယ်...အဖိုး... အဖိုးဆီက သင်ယူရမှာတွေ အများကြီးရှိပါသေးတယ်”
“ဝတ်စုံပြင်ထား...သဘက်ခါကျရင် ငါနဲ့အတူ အတွင်းရေးမှူးဝူရဲ့ မွေးနေ့ပွဲကို လိုက်ခဲ့” ချန်ရှီဟွိုက် ညွှန်ကြားလိုက်သည်။ ချန်ချင်းတွင် မရင့်ကျက်မှုများနှင့် စိတ်လှုပ်ရှားလွယ်သည့် စရိုက်ရှိသော်လည်း နောက်ဆုံးတော့ သူက ချန်မိသားစု၏ အနာဂတ်အမွေဆက်ဆံသူဖြစ်သည်။ အခုက သူ့အတွက် လူအချို့နှင့် တွေ့ပေးရန် အချိန်ကျလာပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ်...အဖိုး” ချန်ချင်းအတွက်ကတော့ ၎င်းက ကောင်းမွန်သည့် အခွင့်အရေးပင်ဖြစ်သည်။ ထိုကဲ့သို့ အဖိုး၏ သူ့ကို အပြင်သို့ ခေါ်ထုတ်ခြင်းက သူ၏အဆင့်အတန်းကို သွယ်ဝိုက်၍ ဖော်ပြလိုက်ခြင်းဖြစ်၏။
ချန်ရှီဟွီုက်က လက်ခါပြ၍ ချန်ချင်းကို ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် တစ်ယောက်ယောက်ကိုလည်း ပန်းချီကားကို သိမ်းခိုင်းလိုက်သည်။ ထိုပန်းချီကားကို အတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲတွင် လက်ဆောင်ပေးရန် ပြင်ဆင်ထား၏။
ချန်ချင်း ထွက်လာသည့်အခါ ဝူဇီခန်းက ဧည့်ခန်းထဲတွင် စောင့်နေသည်။ ချန်ချင်း ဆင်းလာသည်ကို တွေ့သောအခါ သူကချက်ချင်းလာ၍ မေးလာသည်။
“အားချင်း...ဘယ်လိုဖြစ်သွားလဲ”
သူက တစ်နာရီလောက် စောင့်နေခဲ့ရ၏။ ကျွမ်းကျင်သူများ ဝင်လိုက်ထွက်လိုက်လုပ်နေခြင်းက သူ့ကို စိတ်ပူစေသည်။ ယခုတွင်တော့ ချန်ချင်းပြန်ရောက်လာပြီဖြစ်သောကြောင့် အဖြေကိုသိချင်စိတ်များ တက်ကြွလာခဲ့သည်။ သန်းသုံးဆယ်က အသေးအမွှားလေးဖြစ်ပြီး အဓိက စိတ်ပူရသည်က သူ၏ ကြိုးစားအားထုတ်မှုများ သဲထဲရေသွန်ဖြစ်သွားမှာကိုပင်။
“ပန်းချီကားက အစစ်တဲ့” ချန်ချင်းက ဖုံးကွယ်မထားဘဲ အမှန်တရားကို ချက်ချင်း ပြောြပလိုက်သည်။ သူ့မျက်ခုံး မျက်လုံးများက သက်သက်သာသာဖြစ်နေ၏။ ချန်လီ၏ပန်းချီကားကိုရှာရန် သုံးခဲ့ရာတွင် ခံစားခဲ့ရသည့် စိတ်ညစ်ညူးရမှုများခဲ့သော်လည်း သူ့အဖိုး၏ အသိအမှတ်ပြုမှုက အရာအားလုံးထက် ပို၍အရေးကြီးသည်။
ဝူဇီခန်း၏နှလုံးသားက နောက်ဆုံးတွင် ပြေလျှော့သွားရသည်။ “တော်သေးတာပေါ့...ငါတို့ ကြိုးစားအားထုတ်ခဲ့ရတဲ့ နေ့ရက်တွေက တကယ်ကို အလဟဿမဖြစ်ခဲ့ဘူးပဲ”
“သွားရအောင်..ငါမင်းကို လိုက်ကျွေးမယ်” ချန်ချင်းပြောလိုက်၏။ ရက်များစွာကြာပြီးနောက် နောက်ဆုံးတွင် သူကောင်းကောင်း စားရတော့မည်။
“သေချာတာပေါ့...ဒါပေမယ့် ငါ့နောက်ကိုလိုက်ခဲ့ရမယ်” ဝူဇီခန်း ပြုံးလိုက်၏။
“ကောင်းပြီ...မင်းကဒီမှာ ဟီးရိုးပဲ...ငါက ဘယ်သူ့နောက်ကို လိုက်ရဦးမှာလဲ...ပြီးတော့ မင်းရဲ့ သူငယ်ချင်းတွေကိုလည်း ခေါ်လာခဲ့...သူတို့လည်း ဒီတစ်ခေါက် တော်တော်လေး အကူအညီရခဲ့တယ်” ချန်ချင်းလည်းရယ်လိုက်သည်။
“ဟုတ်ပြီ”
ချန်ချင်းနှင့် ဝူဇီခန်းတို့က ချန်အိမ်မှ အတူထွက်လာကြပြီး သူတို့၏ နီးကပ်နေမှုက ထင်သာမြင်သာရှိလှသည်။
.....
“ရှန့်ကျီငွေရောင်အိမ်တော်”က တရုတ်နိုင်ငံတွင် ရှေးကျပြီး ကျော်ကြားသည့် တည်ထောင်မှုတစ်ခုဖြစ်ပြီး ထန်မင်းဆက်သို့ ပြန်လည်ထင်ဟပ်နေသလိုပင်။ ၎င်းက ဘုရင့်လက်မှုပညာသည်တစ်ယောက် နန်းတွင်းမောင်းမများအတွက် လက်ဝတ်တန်ဆာများ ပြုလုပ်ပေးခြင်းဖြင့် တည်ထောင်ခဲ့ကြောင်း ကောလဟလများ ပြောကြသည်။ အချိန်ကြာလာသည့်အခါ ရှန့်ကျီငွေရောင်အိမ်တော်က လက်ဝတ်ရတနာများတင်မကဘဲ အခြားပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေနှင့် ကျောက်စိမ်းတို့ကိုပါ ကျယ်ပြန့်စွာ ထုတ်လုပ်လာခဲ့ပြီး တရုတ်ရိုးရာဆန်သည့် ဒီဇိုင်းများကြောင့် ကမ္ဘာတစ်ဝှမ်းကျော်ကြားမှုရလာခဲ့သည်။
ဝေ့ချန် ချန်လီကို ပေးခဲ့သည့် လက်စွပ်က ရှန့်ကျီငွေရောင်အိမ်တော်မှ အရည်အချင်းရှိသည့် လက်မှုပညာသည်များ ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်သည်။ ယခုတွင် ရှန်ဟိုင်းမှ ပေကျင်းသို့ ပြန်လာပြီးနောက် ဝေ့ချန်က ရှန့်ကျီသို့ နောက်တစ်ကြိမ်လာလည်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ဝေ့ချန်က လက်စွပ်အမှာတင်ရန်မဟုတ်ပေ။ သူက အတွင်းရေးမှူးဝူကို လက်ဆောင်ပေးရန်အတွက် ကျောက်စိမ်းဗုဒ္ဓရုပ်ထုကို ရွေးလိုက်သည်။
ယခုက ချန်လီအတွက် ရှန့်ကျီငွေရောင်အိမ်တော်ကို ပထမဆုံးရောက်လာခြင်းဖြစ်သည်။ သူက ချက်ချင်း အတွင်းပိုင်းဒီဇိုင်းကို ချက်ချင်း သဘောကျသွားတော့သည်။
တရုတ်နိုင်ငံတွင် လူသိများသည့်အမွေအနှစ်အဖြစ် ရှန့်ကျီ၏ အတွင်းပိုင်းပြင်ဆင်မှုက ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ထွင်းထုထားသော လက်ရာများ၊ ဆေးသုတ်ထားသည့် အနားသတ်များနှင့် စီးဆင်းနေသည့် စမ်းချောင်များက ဆိုင်နှင့်မတူစေဘဲ ရှေးဟောင်းအိမ်တစ်လုံးအဖြစ် မြင်စေသည်။
ရှန့်ကျီကိုဝင်လာပြီးနောက် သူတို့က ရိုးရာအဝတ်အစားများ ဝတ်ဆင်ထားသည့် ဝန်ထမ်းများကို နှုတ်ဆက်လိုက်ကြသည်။ ဝေ့ချန်၏ တောင်းဆိုချက်ကိုကြားပြီးနောက် သူတို့က ကျောက်စိမ်းထုတ်ကုန်များ ရှိရာနေရာသို့ လိုက်ပြပေးလိုက်သည်။ မိတ်ဆက်ပေးခြင်းမျိုးမရှိဘဲ သူတို့က ဝေ့ချန်ကို လွတ်လွတ်လပ်လပ် ရွေးစေသည်။ သူတို့က ထုတ်ကုန်များအပေါ် ယုံကြည်မှုများပြည့်နေသည်။ ရှန့်ကျီ အမှတ်အသားပါနေသရွေ့ ရောင်းချပေးရန် သို့မဟုတ် မိတ်ဆက်ပေးရန် မလိုအပ်ပေ။ ဧည့်သည်များက ဝယ်ကိုဝယ်ကြလိမ့်မည်။
ရှန့်ကျီ၏ ကျောက်စိမ်းထုတ်ကုန်များက မများသော်လည်း ထိုနည်းနည်းလေးကပင် မွေးနေ့ပွဲများဆင်နွှဲရာ၌ သင့်တော်သည်။ သို့သော်လည်း တစ်ခုချင်းစီက သေချာပြုလုပ်ထားကာ လေးနက်သည့် အဓိပ္ပာယ်များရှိပြး ဆုံးဖြတ်ချက်ချရန် ခက်ခဲစေသည်။
များစွာသော ထုတ်ကုန်များကိုကြည့်ပြီးနောက် ဘယ်တစ်ခုကို ရွေးချယ်ရမလဲ ဝေ့ချန် မဆုံးဖြတ်နိုင်တော့ချေ။ သူက ချန်လီကို မေးလိုက်၏။ “လီလီ...ဒီထဲက တစ်ခုရွေးလိုက်”
ချန်လီက ဂရုတစိုက်နှင့် သေချာကြည့်လိုက်ပြီး မက်မွန်သီးကို ကိုင်ထားသည့် ကျောက်စိမ်း ရုပ်ထုကို ညွှန်ပြလိုက်သည်။ “ဒီတစ်ခုကိုကြည့်ရတာ ကောင်းမယ့်ပုံပဲ”
ဝေ့ချန်ကြည့်၍ ထိုတစ်ခုကို ဝယ်ရန် ဆုံးဖြတ်လိုက်သည်။ ကျောက်စိမ်းရုပ်ထုက အမှန်တကယ်ကို အရည်အသွေးမြင့်မားကာ တောက်ပပြီး အပြစ်အနာအဆာလည်း ကင်းလေသည်။ ဩချစရာကောင်းသည့်အသေးစိတ်မှာ ရုပ်ထုက ကိုင်ဆောင်ထားသည့် မက်မွန်သီးဖြစ်သည်။ မက်မွန်သီး၏ ထိပ်တွင် သဘာဝတဆန်သည့် ပန်းရောင်ပါရှိပြီး အတုထည့်ထားခြင်းမျိုးမဟုတ်ဘဲ ကျောက်စိမ်းကိုယ်တိုင်ကို ထည့်သွင်းပြုလုပ်ထားခြင်းဖြစ်သည်။
ကျောက်စိမ်းရုပ်ထုအား သေချာထုတ်ပိုးပြီးနောက် ဝေ့ချန်နှင့် ချန်လီတို့က ဆိုင်ကို ဆက်ကြည့်ကြသည်။ ချန်လီက များစွာသော ပစ္စည်းများအပေါ်တွင် စိတ်ဝင်စားနေပြီး အံ့ဩမှုများကို ပြသတတ်သည်။ သို့သော်လည်း ဝေ့ချန်က သူ့ကို တစ်ခုခုဝယ်ချင်သလားဟု မေးလာသည့်အခါ ချန်လီက ခေါင်းခါပြ၏။ သူက ထိုပစ္စည်းများကို စိတ်ဝင်စားသော်လည်း အိမ်သို့ ယူလာသည်နှင့် ထိုခမ်းနားမှုများက ပျောက်ကွယ်သွားလိမ့်မည်ဟု သူထင်သည်။
ညသို့ ရောက်လာသည့်အခါ သူတို့နှစ်ယောက်က ရှန့်ကျီမှထွက်လာပြီး အိမ်သို့ ပြန်ခဲ့ကြသည်။
နွေဦးပွဲတော်ပြီးနောက် မြို့တော်သို့ နွေဦးကရောက်ရှိလာကာ အပူချိန်က စတင်မြင့်တက်လာသည်။ သို့သော်လည်း ထိုနွေဦးအစောပိုင်းတွင် အပူချိန်က သုညအောက်တွင်သာ ရှိနေသေးသည်။ တစ်နေ့တာကို အပြင်တွင်ကုန်ဆုံးခဲ့ပြီးနောက် အိမ်သို့ပြန်လိုက်ခြင်းက နွေးထွေးသည့် ပွေ့ဖက်မှုထဲသို့ ဝင်လိုက်ရသလိုပင်။ အပူပေးစနစ်က သူတို့ကို နွေးထွေးသွားစေသည်။
ရှန်ကျီသို့ အလည်သွားခဲ့ပြီးနောက် ချန်လီက တီထွင်ဖန်တီးနိုင်စွမ်းများ တိုးလာခဲ့သည်။ အိမ်သို့ ပြန်ရောက်သည်နှင့် သူကစတူဒီယိုသို့ တန်းသွားလိုက်၏။ ဝေ့ချန်က သူ့ကို မနှောင့်ယှက်ချင်သောကြောင့် ဝယ်လာသည့် ပစ္စည်းများကို ယူကာ မီးဖိုခန်းထဲတွင် စချက်လိုက်သည်။
မီးဖိုခန်းထဲမှ အနံ့များကိုရသောအခါ ချန်လီ စတူဒီယိုထဲမှ ထွက်လာခဲ့သည်။ သူ၏ စိတ်အားထက်သန်မှုများက စာရွက်ပေါ်တွင် နေရာယူထာနေပြီဖြစ်သော်လည်း ပန်းချီကားကို ပြီးရန်တော့ အလျင်မလိုပေ။ သူက ဖိနပ်ပါးများကို စီး၍ စတူဒီယိုထဲမှ ထွက်လာခဲ့သည်။
ချန်လီ ထမင်းစားပွဲတွင် ထိုင်နေသည်ကိုမြင်သောအခါ ဝေ့ချန်က နောက်ဆုံးဟင်းလျာကို ယူလာခဲ့သည်။ချန်လီ၏ လက်ပေါ်တွင် ဆေးများပေကျံနေဆဲဖြစ်ကာ မျက်လုံးများက ဟင်းလျာများအပေါ်တွင်ရှိနေ၏။ သူဗိုက်ဆာနေမှန်း ဝေ့ချန်သိလေသည်။
“လက်သွားဆေး…ပြီးရင်စားကြမယ်” ဝေ့ချန်က ရွှင်မြူးစွာပြောလိုက်သည်။
ချန်လီက နာနာခံခံနှင့် ထလိုက်ကာ လက်ဆေးရန် ရေချိုးခန်းသို့ သွားလိုက်သည်။ သူပြန်လာသည့်အခါ စားပွဲက ဟင်းပွဲများ၊ တူများ၊ ထမင်းပူပူများဖြင့် ပြင်ဆင်ပြီးနေပြီဖြစ်သည်။
💘