Chapter 151
Viewers 49k

💘Chapter 151 

နောက်တစ်ကြိမ်ခွဲခွာရခြင်း




ချန်လီ၏မျက်လုံးများက ထမင်းစားပွဲကိုကြည့်ရင်း တောက်ပလာတော့သည်။ ဝေ့ချန်နှင့်အတူထိုင်သည့် သူ့ထိုင်ခုံသို့ ရောက်သွားသည်နှင့် ချန်လီက ချက်ချင်း တူကိုကိုင်ကာ သူကြိုက်သည့်ဟင်းလျာကို စစားလိုက်သည်။ 


ချန်လီ၏ တက်ကြွနေသည့် အမူအရာကိုတွေ့သောအခါ ဝေ့ချန် ပြောလိုက်၏။ “ဖြေးဖြေးစားပါ…” ပြီးနောက် သူက ခေါင်းငုံ့၍ ပန်းကန်းထဲမှ ဟင်းလျာများကိုစားလိုက်သည်။ 


ဝေ့ချန်က စားချင်စိတ်ဖြစ်ပေါ်နေသော်လည်း ယခုချန်လီ၏ လွှမ်းမိုးမှုနှင့်အတူ သူ၏ စားချင်စိတ်က ပို၍ကြီးထွားလာသည်။ စားသောက်ပြီးသည့်အချိန်တွင် စားပွဲပေါ်ရှိ ဟင်းလျာများမှာ လုံးဝ ပြောင်ထွက်သွားတော့သည်။


နောက်ဆုံးတစ်လုတ်စားပြီးနောက် ချန်လီက ထိုင်ခုံကိုမှီလိုက်ကာ စိတ်ကျေနပ်စွာဖြင့် လေချဥ်ပင် တက်လိုက်သေးသည်။ ဝေ့ချန်နှင့် နှစ်ယောက်တည်းရှိနေသည့်အချိန်တွင် ချန်လီက သာမန်လူတစ်ယောက်လိုပင်။ ၎င်းက သိသာသည့် တိုးတက်မှုကြီးဖြစ်၏။ ဝေ့ချန်က ပန်းကန်များနှင့် တူများကို ဆေးရန် အလျင်မလိုနေပေ။ သူက ခဏလောက်တွေး၍ ပြောလာသည်။ “လီလီ…နောက်ရက်နည်းနည်းနေရင် ကိုယ် ရှန်ဟိုင်းကို ပြန်သွားရမယ်…အဲ့အချိန်ကျရင် ပရော်ဖက်ဆာကျူးကောရဲ့ အိမ်ကိုသွားနေနော်…ကိုယ် ညနေဘက် ပြန်ရောက်တဲ့အခါကျ လာကြိုမယ်”


ချန်လီ တိတ်ဆိတ်သွား၏။ ဝေ့ချန်က သူ့ကို ချက်ချင်းအဖြေပေးရန် အဆောတလျင်မတိုက်တွန်းလိုက်ချေ။ သူက တိတ်ဆိတ်စွာနှင့် ချန်လီကို ကြည့်နေသည်။ 


ဖြစ်နိုင်ပါက သူလည်း ချန်လီနှင့် မခွဲချင်ပေ။ 


အတော်လေးကြာပြီးနောက် အတွေးထဲတွင် နစ်မျောနေသည့် ချန်လီက ဝေ့ချန်ကို ခေါင်းညိတ်ပြလာပြီး ပြောလာသည်။ “ကောင်းပါပြီ”


ထိုစကားကိုကြားပြီးနောက် ချန်လီ ဘာမှမပြောလိုက်ချေ။ သူက ချန်လီရှိရာသို့ လျှောက်လာပြီး ညင်သာစွာဖြင့် ဆံပင်များကို ဖွလိုက်သည်။ 


ထိုင်နေသည့်အနေအထားနှင့်ပင် ချန်လီက ဝေ့ချန်၏ခါးကိုပွေ့ဖက်လိုက်ကာ ဝေ့ချန်၏ဗိုက်ကို ခေါင်းဖြင့် ပွတ်လိုက်သည်။ ဝေ့ချန်ကလည်း ချန်လီကို ပြန်ပွေ့ဖက်လိုက်၏။


နွေးထွေးသည့် ဝါကျင်ကျင်မီးရောင်က မြင်ကွင်းကို ရောင်ပြန်ဟပ်စေပြီး အရာအားလုံးက တိတ်ဆိတ်စွာနှင့် လိုက်ဖက်ညီနေသည်။ 


အချိန်က စမ်းချောင်းကဲ့သို့ပင် ညင်သာစွာ စီးဆင်းသွားသည်။ မျက်စိတစ်မှိတ်လေးအတွင်းမှာပင် မြူနီစီပယ်ကော်မတီအတွင်းရေးမှူးဝူ၏ မွေးနေ့ပွဲကျင်းပသည့် အချိန်သို့ ရောက်လာခဲ့သည်။ 


ထိုနေ့တွင် ပေကျင်း၌ မိုးဖွဲဖွဲလေးကျနေသည်။ မိုးပေါက်သံများက သေးငယ်ပြီး ပထမဆုံး နွေဦးမိုးအဖြစ် သတ်မှတ်နိုင်သည်။ အရွယ်အစားကသေးငယ်သော်လည်း နွေဦး၏ ရောက်ရှိလာမှုကို အရှိန်မြှင့်တင်လိုက်လေသည်။ 


မနက်မိုးလင်းသည့်အခါ ဝေ့ချန်က မနက်စာပြင်ဆင်ပြီးပြီဖြစ်သည်။ စွဲမက်ဖွယ်ကောင်းသည့် ရနံ့များက အိပ်ရာထဲတွင်ရှိနေသေးသည့် ချန်လီကို နိုးသွားစေသည်။ ချန်လီက ရေချိုးခန်းသို့ ကိုယ်လက်သန့်စင်ရန် ဝင်သွားလိုက်သည်။ ပြန်ထွက်လာသည့်အခါ သူလုံးလုံးနိုးသွားပြီဖြစ်သည်။ 


“ဂွတ်မောနင်း…လီလီ” ဝေ့ချန်က စားပွဲပေါ်သို့ နွားနို့တစ်စက်ချရင်း ချန်လီထွက်လာသည့်အခါ နှုတ်ဆက်လိုက်သည်။ သူ့အသံတွင် ညင်သာမှုများ ပြည့်နေ၏။


မနက်စာကို နှစ်ယောက်သား စကားသိပ်မပြောဘဲ တိတ်ဆိတ်စွာနှင့် စားလိုက်ကြသည်။ 


ဆယ်မိနစ်လောက်ကြာ၍ မနက်စာစားပြီးနောက် ပစ္စည်းများကို သိမ်းဆည်းပြီးသောအခါ လက်ချင်းတွဲ၍ ထွက်လာကြသည်။ 


ဝေ့ချန်က ကျူးကောယွီကို အသိပေးထားခဲ့ပြီဖြစ်ပြီး ချန်လီက သူနှင့်အတူ တစ်ရက်အတူနေလိမ့်မည်။ ဝေ့ချန်က ရှန်ဟိုင်းသို့ သွားမည့်လေယာဥ်ကိုမှီအောင်သွားရမည်။ ထို့ကြောင့် အချိန်ကကြပ်နေ၏။


နွေဦးပွဲတော်အပြီး ဆယ်ရက်လောက်ကျော်လွန်သွားသည့်အခါ လူအများစုက သူတိူ့၏ လုပ်ငန်းခွင်များကို ပြန်စကြသည်။ ကံကောင်းစွာနှင့် သူတို့က စောစောထွက်လာခဲ့သောကြောင့် ကားလမ်းပိတ်ခြင်းကို ရှောင်ရှားနိုင်ခဲ့သည်။ 


သူတို့အိမ်မှ ကျူးကောယွီ၏ အိမ်သို့ ဝေ့ချန်နာရီဝက်လောက် မောင်းလိုက်ရသည်။ ကျူးကောယွီ၏ အိမ်သို့ရောက်ပြီး ဘဲလ်တီးလိုက်သောအခါ တံခါးကပွင့်လာခဲ့သည်။ ကျူးကောယွီက ပျော်ရွှင်နေသည့် အပြုံးလေးနှင့် ထွက်လာလေသည်။ 


“ရှောင်လီရောက်လာပြီပဲ...လာ…လာ…” ကျူးကောယွီက အကြာကြီးခွဲခွာပြီးနောက် အိမ်ပြန်လာသည့် ဆွေမျိုးငယ်ကို ကြိုဆိုသည့် လူကြီးတစ်ယောက်အလား နှုတ်ဆက်လာသည်။ သူ့မျက်နှာက ပျော်ရွှင်မှုများဖြင့် တောက်ပနေပြီး ချန်လီ၏လက်ကိုကိုင်၍ စိတ်အားထက်သန်စွာဖြင့် အိမ်ထဲသို့ ခေါ်လိုက်သည်။ 


ဝေ့ချန်က အထဲသို့ လိုက်ဝင်လာသည်။ ကျူးကောဖုန်းက အလုပ်မသွားသေးသောကြောင့် ဝေ့ချန်က သူ့ကို တွေ့သောအခါ ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီး ချန်လီ၏ ပန်းချီဆိုင်ရာ ပစ္စည်းများကို ဧည့်ခန်းထဲတွင် ထားလိုက်၏။


ကျူးကောဖုန်းကလည်း ဝေ့ချန်ကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ကာ မနက်စာဆက်စားလိုက်သည်။ 


ဝေ့ချန်က ကျူးကောယွီ၏ အိမ်တွင် အကြာကြီးမနေလိုက်ပေ။ လေယာဥ်က  တစ်နာရီအတွင်း ထွက်တော့မည်ဖြစ်သောကြောင့် အချိန်သိပ်မရချေ။ ချန်လီအတွက် ပစ္စည်းများကို ပြင်ဆင်ပေးပြီးနောက် ဝေ့ချန် လှည့်ထွက်ရန် ပြင်လိုက်သည်။ 


“အားချန်” ချန်လီက သူ့ကိုသတိထားမိပြီး အနောက်မှဖက်လိုက်၏။


ဝေ့ချန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သောအခါ ချန်လီက သူ့ကိုယ်ဆီသို့ ပစ်ဝင်လာလေသည်။ ဝေ့ချန် ဘာမှမပြောနိုင်ခင်မှာပင် ချန်လီက ခြေဖျားထောက်၍ ဝေ့ချန်၏နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။ 


ဝေ့ချန်၏ မျက်လုံးထဲမှ အမူအရာများက နူးညံ့သွားပြီးနောက် ချန်လီကိုဖက်ရင်း အနမ်းကို နက်ရှိုင်းစေလိုက်သည်။ 


ကျူးကောယွီနှင့် ကျူးကောဖုန်းတို့ ဝင်ရောက် မနှောင့်ယှက်ကြချေ။ သူတို့က အသက်ငါးဆယ်ခြောက်ဆယ် ဖြစ်နေကြသော်လည်း အထူးသဖြင့် ချန်လီ၏ ထူးခြားသည့်အခြေအနေတွင် မခွဲခွာချင်သည့် လူငယ်များ၏ ခံစားချက်ကို နားလည်နိုင်နေဆဲဖြစ်သည်။  


နမ်းရှိုက်သည့်အချိန်က သိပ်မကြာဘဲ လူနှစ်ယောက်က ပြန်ခွာလိုက်ကြသည်။ သူတို့၏ နှုတ်ခမ်းများ ကွာသွားသည့်အခါ နဖူးချင်းထိထားလိုက်ကြပြီး မျက်လုံးထဲတွင် တစ်ယောက်စီ၏ ပုံရိပ်များက ရောင်ပြန်ဟပ်နေကြသည်။ 


“ပြန်လာမှာကိုစောင့်နေမယ်” ချန်လီ ပြောလိုက်၏။


“ကောင်းပါပြီ” ဝေ့ချန် ပြန်ပြောလိုက်သည်။ 


နောက်ဆုံးတော့ ချန်လီက ဝေ့ချန်၏ပုံရိပ်ပျောက်သွားသည်အထိ ကြည့်နေလိုက်ပြီးမှ အကြည့်ကိုရုတ်၍ တံခါးကို ပိတ်လိုက်သည်။ 


ကျူးကောယွီက ချန်လီ၏ စိတ်အခြေအနေကျဆင်းနေသည်ကို ခံစားမိသောကြောင့် ပန်းချီအကြောင်း မပြောလိုက်ပေ။ ထိုအစား နှစ်သစ်ကူးစဥ်က ကြည့်ခဲ့သည့် တရုတ်ရိုးရာပန်းချီများအပေါ် အတွေးအမြင်ကို မေးလိုက်သည်။ 


တဖြည်းဖြည်းနှင့် ချန်လီ အာရုံပြောင်းသွားပြီး ဝေ့ချန်၏ထွက်ခွာသွားမှုကြောင့် ဝမ်းနည်းမှုမှာ ပျောက်ကွယ်လာခဲ့သည်။ သူက ပန်းချီကားအကြောင်း ကျုးကောယွီနှင့် သေချာဆွေးနွေးပြီး ဘယ်လောက် လေးစားနှစ်သက်ကြောင်းပြောပြနေ၏။


“ရှောင်လီ…ဒီနေ့တစ်ယောက်ယောက်နဲ့ တွေ့ချင်လား” ပန်းချီကားအပေါ်တွင် သူ့အတွေးများ မျှဝေပြီးနောက် ကျူးကောယွီ မေးလိုက်၏။ သူ့အသံတွင် စူးစမ်းသည့် အရိပ်အယောင်ပြနေသည်။ နောက်ဆုံးတော့လည်း သူက ဝေ့ချန်မဟုတ်သည့်အတွက် ချန်လီကို စိတ်လုံခြုံမှု မပေးစွမ်းနိုင်ပေ။ ချန်လီကသူနဲ့ သူစိမ်းတစ်ယောက်ကို လိုက်တွေ့ပါ့မလား…။


“ရပါတယ်”


သို့သော်လည်း ချန်လီ၏ တုံ့ပြန်မှုက ကျူးကောယွီကို အံ့ဩသွားစေသည်။ သူက တွန့်ဆိုင်းမှုမရှိဘဲ သဘောတူလာခဲ့၏။


နောက်တစ်စက္ကန့်တွင် ကျူးကောယွီက ချန်လီဘာကြောင့် သဘောတူလိုက်သည်ကို နားလည်သွားရသည်။ ချန်လီက အမှောင်ထုထဲမှ ထွက်ရန်ကြိုးစားနေပြီး တိုးတက်အောင်လုပ်နေခြင်းဖြစ်သည်။ 


သဘောပေါက်သွားပြီးနောက် ကျူးကောယွီ မနေနိုင်ဘဲ နွေးထွေးစွာ ပြုံးလိုက်သည်။ “ရှောင်လီ…ဘယ်သူနဲ့ သွားတွေ့မှာလဲ သိလို့လား” သူမေးလိုက်၏။


ချန်လီက ခေါင်းခါပြရင်း မသိကြောင်း ဖော်ပြလိုက်သည်။


သူ့ကို သိချင်စိတ်များဖြင့် မထားလိုက်ဘဲ ကျူးကောယွီက တည့်ပင်ပြောလိုက်သည်။ “အဲ့ဒီ့ပန်းချီကားရဲ့ ပဲ့ကိုင်ရှင်” သူညွှန်းဆိုနေသည့် ပန်းချီကားက ချန်လီ၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့သည့် တရုတ်ရိုးရာပန်းချီကားကို ပြောနေခြင်းဖြစ်သည်။ 


ချန်လီ ကျူးကောယွီကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မယုံနိုင်မှုများဖြင့် ပြည့်နေသည်။


ကျူးကောယွီက ပြုံး၍ ပြောလိုက်သည်။ “တကယ်တမ်း သူကမင်းကို တွေ့ချင်နေတာကြာပြီ…ဒါပေမယ့် ငါ သူ့ကို တားထားတာ…ဒီနေ့တော့ သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်” 


ချန်လီ ပြောလာ၏။ “ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…ဆရာ” 


၎င်းက သူ့ကိုယ်စား ကျူးကောယွီ၏ ကြိုးစားအားထုတ်မှုဖြစ်ကြောင်း ချန်လီ သေချာသိသည်။


ကျူးကောယွီက ချန်လီ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။ “ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး…မင်းကသာ သေချာ ထူးချွန်နေလို့ပါ”



ဝေ့ချန်က လေယာဥ်ကိုမီအောင် သွားနိုင်လိုက်သည်။ နှစ်နာရီကျော်လောက် ကြာပြီးနောက် သူက ရှန်ဟိုင်းသို့ ပြန်ရောက်လာခဲ့သည်။ ဒီတစ်ကြိမ်တော့ ဝေ့ချန်ပြန်ရောက်လာသည်က ရုတ်တရက်ဆန်သည်။ ဝေ့မိသားစုမှ မည်သူကမှ သူ့ကို လာမကြိုကြချေ။ ဝေ့ချန်က တက္ကစီငှား၍ ဝေ့မိသားစုသို့ ပြန်သွားလိုက်သည်။ 


ဝေ့ချန်က ဒီတစ်ခေါက် ပြန်လာသည်ကို မည်သူ့ကို အသိပေးမထားခဲ့ချေ။ ရလဒ်အနေနှင့် အိမ်သို့ ရောက်သောအခါ အိမ်တော်ထိန်းကျန်း၏ တည်ကြည်လေးနက်သည့် အမူအရာက အံ့ဩမှုများနှင့် ပြည့်သွားလေသည်။ 


“သခင်လေးချန်…ဘာလို့ ပြန်ရောက်လာတာပါလဲ” အိမ်တော်ထိန်းကျန်းမေးလိုက်သည်။ သို့သော်လည်း ထိုစကားလုံးများထွက်လာသည်နှင့် အိမ်တော်ထိန်းကျန်းက အဖြေကိုသိလိုက်သည်။ ဒီနေ့က အတွင်းရေးမှူးဝူ၏ မွေးနေ့ဖြစ်ပြီး သခင်လေးချန်က အတွင်းရေးမှူးဝူကို ဂုဏ်ပြုရန် အမြန်ရောက်လာခဲ့ခြင်းဖြစ်လိမ့်မည်။


“အရေးကြီးတာတစ်ခုခုပေါ်လာနဲ့ ကျွန်တော်ပြန်လာခဲ့တာ” ဝေ့ချန်က ဖြေပြီးနောက် မေးလိုက်သည်။ “ဝေ့ယန်ဘယ်မှာလဲ” 


“သခင်လေးယန်က အခုချိန် ဥယျာဥ်ထဲမှာ ရှိနေပါလိမ့်ယ်…ကျွန်တော် သူ့ကိုခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ့မယ်” အိမ်တော်ထိန်းက ပြောပြီးနောက် အစေခံကို အချက်ပြလိုက်သည်။ 


သို့သော်လည်း ဝေ့ချန်က သူ့ကို တားလာသည်။ “ဒုက္ခခံဖို့မလိုပါဘူး…ကျွန်တော်ပဲ သူ့ကို သွားရှာလိုက်ပါ့မယ်”


ပြောပြီးသည်နှင့် ဝေ့ချန်က လှည့်၍ ဝေ့မိသားစုဥယျာဥ်သို့ ထွက်လာခဲ့သည်။ 


အိမ်တော်ထိန်းကျန်းပြောသည့်အတိုင်းပင် ဝေ့ယန်က ဥယျာဥ်ထဲတွင် ရှိနေသည်။ သူက ဆက်ရက်လေးတစ်ကောင်ကို ဝယ်ယူထားကာ လှောင်အိမ်ထဲသို့ ထည့်ထားသည်။


ဝေ့ချန် သူ့ဆီသို့ လာနေသည်ကို မြင်သောအခါ ဝေ့ယန် အံ့ဩသွားသည်။ ဝေ့ချန် ချဥ်းကပ်လာသည့်အခါ ဝေ့ယန်ပြောလိုက်သည်။


 “အားချန်…မြို့တော်ကို ပြန်သွားတာမဟုတ်ဘူးလား…ဘာလို့ အမြန်ကြီး ပြန်ရောက်လာတာလဲ” ထို့‌နောက် ဝေ့ချန်ဘေးတွင ချန်လီပါမလာသည်ကို သတိထားမိပြီး ဝေ့ယန်ပို၍ အံ့ဩသွားတော့သည်။ ဝေ့ချန်နှင့် ချန်လီတို့ တကယ်ကို ခွဲနေခဲ့ကြသည်. သူတို့က ရင်ချင်းဆက်အမြွှာများကဲ့သို့ ရှိနေခဲ့သည်ကို။ 


ဝေ့ချန်က ဝေ့ယန်၏ မေးခွန်းကို မဖြေလိုက်ဘဲ အဓိကအချက်ကိုသာ တန်းပြောလိုက်သည်။ 


“ဒီနေ့…အတွင်းရေးမှူးဝူမွေးနေ့ကို ငါနဲ့အတူလိုက်ခဲ့”




💘