Chapter 62
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၂) အမဲလိုက်ပြိုင်ပွဲ ကျင်းပမည့် ဘီလူးတောအုပ်ဆီသို့ ကျွန်မတို့ ရောက်ရှိခဲ့သည်။ "တောထဲကို မသွားနဲ့ဦး၊ အန္တရာယ်များတယ်။" ဆိုဗက်စ်စတာက ကျွန်မနှင့် မခွဲခွာခင်၌ ပြောလေသည်။ "ကိုယ်က ဒီလို အန္တရာယ်များတဲ့ နေရာကို အမဲလိုက်ထွက်ပြီး ပြန်လာခဲ့မယ်။" သူက ဘယ်လို တုံ့ပြန်မှုမျိုးကို လိုချင်တာလဲ။ ပြောစရာ မရှိသဖြင့် ကျွန်မ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်နေလိုက်သည်။ထိုအခါ ဆိုဗက်စ်စတာက ပြုံး၍ ကျွန်မ၏ပါးပြင်ကို ဖွဖွပုတ်လေသည်။ "ဒီတိုင်းသာ စောင့်နေ။ကိုယ် တစ်ခုခု ဖမ်းလာခဲ့မယ်။" အရမ်း အံ့ဩဖို့ကောင်းတာများလား၊ ဧကန္တ နဂါးတို့ ဘာတို့လေ။ ထိုသို့ ဖြစ်ခဲ့ပါမူ အလွန်တရာ အံ့အားသင့်ဖွယ်ကောင်းလိမ့်မည်။သို့သော် နဂါးများက သူတို့၏ကျက်စားရာ နေရာက သီးသန့်ရှိသည်။ထို့ကြောင့် သူက တခြားတစ်ခုခုကိုသာ ဖမ်းဆီးလာလောက်သည်။ ကျွန်မ ခေါင်းတစ်ချက် ငြိမ့်၍ ဖြေလိုက်သည်။ "ဘေးကင်းအောင် ဂရုစိုက်ပြီး ပြန်လာခဲ့နော်။" ကျွန်မ ထိုတစ်ခွန်းသာ ပြောလိုက်သော်လည်း ဆိုဗက်စ်စတာ၏ အမူအရာက ထူးခြားစွာ ပြောင်းလဲသွား၏။ "မင်းဆီက ဒီစကားကို ကြားရလို့ ကိုယ့်ရင်ထဲမှာ ထိရှသွားပြီ။" ဆိုဗက်စ်စတာက ခံစားသွားရပုံ ရသည်။ ဒီစကားလေးနဲ့လေ။ ကျွန်မ စောင့်နေရမည် ဖြစ်၍ ဘေးကင်းလုံခြုံစွာ ပြန်လာပါဟု သူ့ကို ကျွန်မ ပြောခြင်းသာ ဖြစ်လျှင် သူ အများကြီး ငိုကြွေးသွားလောက်သည်။ "ကိုယ် ဘေးကင်းကင်းနဲ့ ပြန်လာမယ်။" ကျွန်မ၏ ပါးပြင်ကို တစ်ကြိမ် ထပ်၍ ပွတ်သပ်ပြီးနောက် ဆိုဗက်စ်စတာက လှည့်ထွက်သွားခဲ့သည်။သူ မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျွန်မ သက်ပြင်းမောကြီး ချလိုက်မိသည်။အခုမှသာ ခုန်ပေါက်နေသော ကျွန်မ၏နှလုံးသားက တည်ငြိမ်သွားသောကြောင့် ဖြစ်၏။ ယခုမတိုင်ခင် ရထားလုံးထဲ၌ ဆိုဗက်စ်စတာကို ကျွန်မ တွေ့နေရကတည်းက ရင်ခုန်သံများ မြန်ဆန်နေခဲ့သည်။ထိန်းချုပ်၍ မရအောင်ပင် တဒိန်းဒိန်း ခုန်နေပါ၏။ ငါ ဘာမှားနေတာလဲ။ ကျွန်မ တံတွေးမြိုချပြီး ရင်ဘတ်ပေါ်သို့ လက်ဖြင့် ဖိထားမိသည်။ ဆိုဗက်စ်စတာက အရမ်းကို ချောမောခန့်ညားနေလို့လား။ ကျွန်မ ထိုသို့ စဥ်းစားမိသည်။ကျွန်မက ကြည့်ကောင်းသော လူများကို မြင်လျှင် စိတ်ခံစားချက် ကောင်းပြီး နှလုံးခုန် မြန်လာတတ်သည်။ကျွန်မ အကြမ်းဖျင်း ကောက်ချက်ချလိုက်ပြီး ထိုအကြောင်း စဥ်းစားသည်ကို ရပ်တန့်လိုက်၏။ ကျွန်မ ပထမဆုံး လုပ်ရမည့် တစ်စုံတစ်ခု ရှိသည်။ ကျွန်မ ဘေးဘီဝဲယာကို ကြည့်လိုက်မိသည်။ မလှမ်းမကမ်းတွင် လေဒီ သုံး၊လေးယောက်ခန့် အတူတူ စုဝေးနေကြသည်။သူမတို့က အမဲလိုက်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူများကို လာရောက်အားပေးကြခြင်း ဖြစ်မည်။ ဂျက်စမင်ကိုလည်း တွေ့ရသည်။သူမက အရင်ဆုံး သွားပြီး စောင့်ဆိုင်းနေပါမည်ဟု ပြောခဲ့သဖြင့် သူမ ရောက်ရှိနေသည်က သဘာဝကျပေ၏။ထို့ကြောင့် သူမ ရှိသည့် နေရာသို့ မြန်မြန်ဆန်ဆန်ဖြင့် ကျွန်မ ခြေလှမ်းလှမ်းလိုက်သည်။ ကျွန်မ ဤသို့ တွေးမိသည်။ အမဲလိုက် ပြိုင်ပွဲ ထိုဇာတ်ကွက်သည် မူလဇာတ်ကြောင်းတွင် အတော် အရေးပါခဲ့သည်။ကယ်လီယန်က ဖလဲရ်ကို ကယ်တင်ပေးခဲ့သည့် အပိုင်းဖြစ်သည်။ဖလဲရ်သည် ဘီလူးတောအုပ် တစ်နေရာတွင်သာ တွေ့နိုင်သော ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် တောအုပ်ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် ထုံးစံအတိုင်း မမျှော်လင့်ဘဲ ဘီလူးတစ်ကောင်နှင့် ထိပ်တိုက်တိုးလေသည်။ဖလဲရ်မှာ သူမ တတ်နိုင်သလောက် ပြေးလွှားသော်လည်း ဘီလူး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။ ထိုအချိန်တွင် ကျွန်မတို့၏ အမျိုးသားဇာတ်လိုက်ကြီး ကယ်လီယန်က ရောက်ရှိလာခဲ့၏။ ထို့နောက် သူတို့ကြားတွင် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်သွားသည်။ ကယ်လီယန်က ဖလဲရ်ကို ကယ်တင်ခဲ့သည်။ဖလဲရ်မှာ ကယ်လီယန်ကို နောက်တစ်ခါ ထပ်ချစ်မိသွားပြီး တစ်ချိန်တည်းတွင် ကယ်လီယန်ကလည်း သူမကို အဆုံးရှုံးမခံနိုင်တော့ ဟု တွေးမိသွားကာ သူမကို အမြဲကာကွယ်ပေးရမ် သန္နိဋ္ဌာန် ချမှတ်လိုက်လေသည်။ ထို့ကြောင့် သူက ဧကရာဇ်၏ မျက်နှာသာပေးမှုကို ပိုရလာအောင် လုပ်ပြီး ဖလဲရ်ကို လက်ထပ်ရန် ကြိုးစားခဲ့သည်။ ဒါကြောင့် ဒီဇာတ်ကွက်က သူတို့ကြားက ဆက်ဆံရေးကို ပိုခိုင်မြဲသွားအောင် လုပ်ပေးတဲ့နေရာမှာ အရေးကြီးတယ်။ ဒီတော့ ငါ ဘာလုပ်ရမလဲ။ ငါ ဒါကို ဖျက်ဆီးပစ်ရမယ်။ ကျွန်မတွင် ကယ်လီယန်ကို သွေးဆောင်ဖြားယောင်းရမည့် အလုပ်တာဝန် ရှိသည်။ ဤသို့ အချိန်အတောအတွင်း၌ ကယ်လီယန်နှင့် ဖလဲရ်တို့၏ ဆက်ဆံရေးက နက်ရှိုင်းမသွားသင့်ပေ။ထို့ကြောင့် ယနေ့ ကျွန်မ လုပ်ရမည်က ဖလဲရ်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန် ဖြစ်သည်။ စောင့်နေလိုက်တော့ ဖလဲရ်။ ဒီနေ့ နင် ငါ့မျက်စိအောက်က မလွတ်စေရဘူး။ * "ကြိုဆိုပါတယ်၊ မြို့စားကြီးကတော်ရှင့်။" ဂျက်စမင်က အိုဖီလီယာကို နှုတ်ဆက်လိုက်သည်။ထိုသို့ နှုတ်ဆက်လိုက်သည်နှင့် လူတိုင်း၏စိတ်အာရုံက အိုဖီလီယာထံသို့ ရောက်ရှိလာ၏။လူအုပ်ကြီးမှ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေသည်။အချို့သူများက အိုဖီလီယာကို လာရောက်နှုတ်ဆက်ကြသော်လည်း လူအများစုက အိုဖီလီယာကို ရှောင်ရှားနေကြလေသည်။ ကျွန်မလည်း ဘာမှ မတတ်နိုင်ပေ။ အိုဖီလီယာ ပြောင်းလဲသွားသည်ကို မသိကြသေးသော လူအများကြီး ရှိနေဆဲဖြစ်၏။သူမလုပ်ခဲ့သမျှ မကောင်းမှုများသည် ကောင်းသော လုပ်ရပ်အနည်းငယ်ဖြင့် မေ့ဖျောက်လို့ရသည့် အရာများ မဟုတ်ပေ။ အိုဖီလီယာက ထိုသူများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဂျက်စမင်အနားသို့ တိုးကပ်သွားသည်။ "ရှင် ဘယ်အချိန်ထဲက ရောက်နေတာလဲ။" "သိပ်မကြာသေးပါဘူးရှင်၊ တခြားသူတွေလဲ အတူတူပါပဲ။" "တကယ်လား" အိုဖီလီယာက လူများကို ကြည့်လိုက်ပြန်သည်။ "ကောင့်မြို့စားကတော် ဖလဲရ်ကရော။" ဂျက်စမင်ကို တီးတိုးကပ်မေးလိုက်ရသည်။ "သူမလဲ ဒီကို ရောက်နေပါပြီ။ပြီးတော့ သူမက အိမ်ရှေ့စံမင်းသား ရဲ့ ဘေးမှာပါ။" ဂျက်စမင်က စိတ်တိုသော လေသံဖြင့် ပြောသည်။ အိုဖီလီယာက "အင်း"ဟု အသံပြုလိုက်ပြီး အမဲလိုက်ပြိုင်ပွဲတွင် ယှဥ်ပြိုင်မည့် လူများ စုဝေးနေသော နေရာကို မျက်လုံးအကြည့်ကို ရွှေ့လိုက်သည်။ ထိုနေရာတွင် ကယ်လီယန် ရှိသလို ဖလဲရ်လည်း ရှိနေခဲ့သည်။ ကယ်လီယန်၏ လက်ထဲတွင် လက်ကိုင်ပဝါတစ်ထည် ရှိနေပြီး ဖလဲရ်က သူ့ကို ပေးထားပုံရသည်။ ကယ်လီယန်၏ မျက်နှာက နီမြန်းနေသည်။ ကုတ်အင်္ကျီကို ဝတ်ထားသော ဆိုဗက်စ်စတာနှင့် မတူစွာ ကယ်လီယန်က ချပ်ဝတ်များကိုပင် ဝတ်လာခဲ့ပြီး ဤပွဲအတွက် အခိုင်မာ ပြင်ဆင်ထားခဲ့သည့်အတိုင်းပင်။ဖလဲရ်က ကယ်လီယန်ကို ဂုဏ်ယူဝံ့ကြွားစွာ ကြည့်နေ၏။ အိုဖီလီယာ နှုတ်ခမ်းတွန့်လိုက်မိသည်။ "ကျွန်မ သွားသင့်ပြီ။" "ရှင် ဘယ်ကို သွားမလို့လဲ။" "ဟိုနေရာကိုလေ။" အိုဖီလီယာက ပြန်ဖြေရင်း ကယ်လီယန်နှင့် ဖလဲရ်တို့ ရှိနေကြသောနေရာကို ညွှန်ပြလိုက်သည်။ "ဟမ် ...အမ် ...ရှင် အဲ့ဒီနေရာကို ဘာသွားလုပ်မှာလဲ။" "ကျွန်မ ဘာလုပ်ရမှာလဲ။" အိုဖီလီယာက ပြုံး၍ ပြောလိုက်သည်။ "ကျွန်မ သူ့ကို လက်ကိုင်ပဝါ သွားပေးမလို့လေ။" သူမက ပထမဆုံး ပန်းထိုးခဲ့သော လက်ကိုင်ပဝါကို မြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ဂျက်စမင်က နှုတ်ခမ်းကို တင်းတင်းစေ့၍ အိုဖီလီယာ၏ မျက်လုံးများကို ကြည့်လိုက်သည်။ "ဒါပေမဲ့ ..." ဂျက်စမင်က အသံတိုးတိုးလေးဖြင့် ပြော၏။ "ကောင့်မြို့စားကတော်နဲ့ အတူ ရှိနေသရွေ့ အရှင့်သားက ဒီလက်ကိုင်ပဝါကို လက်ခံမယ်လို့ ကျွန်မ မထင်ဘူး။ရှင် သူ့ကို နောက်ကျမှ တိတ်တိတ်လေး သွားမပေးရတာလဲ။" ၎င်းမှာ သင့်တော်သော အကြံပြုချက် ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ကိုယ့်ကိုကိုယ် အရှက်ရအောင် မလုပ်သင့်ဟု ဆိုလိုသည်။သို့သော် အိုဖီလီယာ၌လည်း ဤလက်ကိုင်ပဝါကို လက်ခံစေလိုသော ရည်ရွယ်ချက် မရှိပေ။ "ကျွန်မက တွေးထားတာ မရှိဘဲနဲ့ ဒီလို လုပ်ပါ့မလား။" အိုဖီလီယာက ပြုံး၍ ဂျက်စမင်ကို နောက်လှည့် ကြည့်လိုက်သည်။ "ကျွန်မရဲ့စိတ်ထဲမှာ အကုန် ရှိပြီးသား။" ထို့နောက် သူမက ကယ်လီယန်ရှိရာသို့ လျှောက်သွားလေသည်။ဂျက်စမင်လည်း အိုဖီလီယာ နောက်မှ အမြန် ပြေးလိုက်သွားရသည်။ကယ်လီယန်နှင့် ဖလဲရ်က သာယာကြည်နူးစွာ စကားပြောနေကြလေသည်။ အခြားသူများ၏ မျက်စိအောက်တွင် ဖြစ်၍ သူတို့က ပွင့်လင်းစွာ လက်ကိုင်ထားကြခြင်း မရှိပေ။သို့သော် နှစ်ယောက်လုံး၏ မျက်လုံးများမှ ပျားရည်များ ထွက်ကျနေလေသည်။ ပျားများသာ ဤနေရာတွင် ရှိပါက သူတို့ကို အလွန်သဘောကျလိမ့်နည်ဟု သူမ တွေးမိသည်။သူတို့သည် မူလဇာတ်ကြောင်း၏ အလယ်နားသို့ ရောက်လာပြီဖြစ်ရာ အချင်းချင်း ပိုမို နီးစပ်လာကြသည်။ သူတို့၏ အချစ်များ မနက်ရှိုင်းသေးခင် ပျက်စီးသွားအောင် လြပ်ရန် အိုဖီလီယာ ဆုံးဖြတ်ထားသည်။ထို့ကြောင့် သူတို့ကြားထဲသို့ မညှာမတာ ဝင်ရောက်နှောင့်ယှက်ပစ်ရလိမ့်မည်။ "အရှင့်သားက ဒီမှာပါလား။" အိုဖီလီယာက နိုက်တင်ဂေးငှက်နှယ် ချိုသာလှပသော အသံဖြင့် ပြောလိုက်သည်။ သို့သော် ကယ်လီယန်က စုန်းမတစ်ယောက်၏ အော်ဟစ်သံကို ကြားရသည့်အတိုင်း စိတ်ပျက်နေသော မျက်နှာဖြင့် အိုဖီလီယာကို ကြည့်လေသည်။ "ဘာကိစ္စလဲ၊အရေးမပါတာတွေ ပြောမယ်ဆိုရင် မင်း အခုပဲ ပြန်လိုက်တော့။" သူ၏ မျက်နှာတွင် မနှစ်မြို့ခြင်းများ ပြည့်နေ၏။ထို့နောက် သူက ဖလဲရ်ကို ကြည့်ရင်း ပါးစပ်ကို ဟလိုက်သည်။ "ပြန်သွားမယ်ဆိုရင် ဘယ်လိုလဲ။မင်း ဒီနေရာမှ ဆက်နေရင် ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ဖမ်းဆီးတာကို ခံရနိုင်တယ်။" အိုဖီလီယာက ဖလဲရ်ကို အနှောင့်အယှက် ပေးတော့မည်ဟု သူ တွေးမိသဖြင့် အိုဖီလီယာကို ရှောင်ကြဥ်ရန် သူ ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ၊အရှင့်သား။" မူလ အိုဖီလီယာ ဆိုလျှင် ဖလဲရ်ကို ကျိန်စာတိုက်၍ ကြီးမားစွာ ထိခိုက်နာကျင်စေလိမ့်မည်။သို့သော် ယနေ့ အိုဖီလီယာက အရင်နှင့် မတူပါ။သူမက ဖလဲရ်၏မျက်နှာထက်က ထူးဆန်းစွာ ထောင်လွှားနေသော အမူအရာနှင့် ကယ်လီယန်၏မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ရာ စက်ဆုပ်ရွံရှာမှုများကို ပေါ့ပေါ့ပါးပါးဖြင့် လက်ခံလိုက်သည်။ "ကျွန်မ ဒီနေရာကို အရေးမပါတာတွေ ပြောဖို့လာတာ မဟုတ်ပါဘူး။ကျွန်မက ဒီလောက်အထိ အချိန်တွေ ပေါများနေတဲ့ သူ မဟုတ်ရပါဘူးရှင်။" အိုဖီလီယာ၏ ငြိမ်သက်အေးဆေးနေသော သဘောထားကြောင့် ကယ်လီယန်မှာ အနည်းငယ် အံ့ဩသွားရသည်။ အမှန်ပင်၊ အိုဖီလီယာက ပြောင်းလဲသွားသည်။ ထို့ကြောင့် ကယ်လီယန်မှာ ထူးဆန်းစွာဖြင့် မသက်မသာ ဖြစ်နေသလို ခံစားရသည်။ဘာကြောင့် ဖြစ်သည်ကို သူ မသိပေ။သူ၏ ကြမ်းတမ်းသော စကားများကြောင့် အိုဖီလီယာက ထိခိုက်နာကျင်မှု မရှိသည်ကို ထူးဆန်းစွာ စိတ်အလိုမကျ ဖြစ်နေမိသလိုပင်။ "မင်းရဲ့ အချိန်တွေကို ငါ ဂရုမစိုက်ဘူး။ဒီတော့ ဘာကိစ္စလဲ။" ထို့ကြောင့် ကယ်လီယန်က ပို၍ ကြမ်းတမ်းစွာဖြင့် အိုဖီလီယာကို ပြောဆိုဆက်ဆံလိုက်သည်။ "ကျွန်မ အရှင့်သားကို လက်ကိုင်ပဝါလေးပေးဖို့ လာတာပါ။" "ဟား" ကယ်လီယန်က ဗလာသက်သက် ရယ်မောလိုက်သည်။ "ငါ ဒါကို လက်ခံမယ်လို့တော့ မင်း တွေးမနေလောက်ပါဘူးနော်။" လက်ကိုင်ပဝါပေးခြင်းမှာ သူမ၏နှလုံးသားထဲတွင် သူ ရှိနေသည်ဟု ဆိုလိုပြီး လက်ကိုင်ပဝါကို လက်ခံလိုက်ခြင်းက သူမ၏ခံစားချက်များကို သူက လက်ခံလိုက်သည်ဟု ဆိုလို၏။ ထို့ကြောင့် ကယ်လီယန်က အိုဖီလီယာ၏ လက်ကိုင်ပဝါကို လက်ခံစရာ အကြောင်းမရှိပေ။ အိုဖီလီယာလည်း ထိုသို့ ဖြစ်မည်ကို သူများထက် ပိုသိလေသည်။သို့သော် အဘယ်ကြောင့်နည်း။ နောက်က လိုက်လာသော ဂျက်စမင်မှာ စိတ်ညစ်ပြီး ရှုပ်ထွေးနေသော မျက်နှာဖြင့် အိုဖီလီယာကို တစ်လှည့် ၊ကယ်လီယန်ကို တစ်လှည့် ကြည့်နေခဲ့သည်။ "အရှင့်သား မယူချင်ဘူးဆိုရင် ဒါကို လွှင့်ပစ်လိုက်နိုင်ပါတယ်။" အိုဖီလီယာက ထိုသို့ ပြောရင်း လက်ကိုင်ပဝါကို ထုတ်ယူလိုက်သည်။ "ဒါပေမဲ့ အနာဂတ်မှာ ကျွန်မဆီက သတင်းအချက်အလက်တွေကို လိုချင်သေးရင်တော့ အရှင့်သား ဒါကို လက်ခံလိုက်တာက ပိုကောင်းပါတယ်။" "ဘာ" ကယ်လီယန်မှာ ကြက်သေသေနေသော အမူအရာ ဖြစ်သွား၏။ "မင်း အခု ငါ့ကို ခြိမ်းခြောက်နေတာလား။" "ခြိမ်းခြောက်တယ်ဆိုတာက ဘာကို ဆိုလိုပါသလဲ အရှင့်သား။ကြောက်စရာကောင်းတဲ့ စကားတွေပါ။" အိုဖီလီယာက ပြုံးလိုက်သည်။ "ကျွန်မ ကြေးစားစစ်သားအဖွဲ့အစည်းကနေပြီး ဇာတ်လမ်းကောင်းလေးတစ်ခု ကြားခဲ့ရတယ်။ဒါကို အရှင့်သားဆီ ပြောသင့်၊မပြောသင့် ကျွန်မ စဥ်းစားနေတာပါ။" "အိုဖီလီယာ ရိုင်ဇန်" "ဟုတ်ကဲ့၊အရှင့်သား အမိန့်ရှိပါရှင်။" ကယ်လီယန်မှာ နဖူးကို ပွတ်သပ်နေမိသည်။သူက အိုဖီလီယာနှင့် စကားပြောနေရင်း ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသည်။ "တကယ်ကို စိတ်တိုစရာ ကောင်းတာပဲ။" သို့သော် အိုဖီလီယာ၏ လက်ကိုင်ပဝါကို ခေါင်းမာမာနှင့် ငြင်းပယ်ရန် မဖြစ်နိုင်ခဲ့ပေ။ သူမ ပြောသလို သတင်းအချက်အလက်ကြောင့် အရှုံးအနိုင် ပေါ်လာနိုင်သည်။သူထံတွင် ဩဇာအာဏာ ပိုကြီးမားလာလျှင် သူက အိုဖီလီယာ ယူလာပေးသည့် အချက်အလက်များကို လျစ်လျူရှုထား၍ ရသည်။ ကယ်လီယန်မှာ သူ၏ အားနည်းမှုကြောင့် သူ့ကိုယ်သူ အပြစ်တင်နေရပြီး တစ်ချိန်တည်းမှာပင် သူ မတတ်သာဘဲ အမှန်တရားကို လက်ခံလိူက်ရလေသည်။ ထို့ကြောင့် သူက အိုဖီလီယာ၏ လက်ကိုင်ပဝါကို ဆတ်ခနဲ ဆွဲယူလိုက်သည်။ "ငါက မင်းကို အမဲလိုက်ထားတဲ့ သားကောင် ပေးမှာ မဟုတ်ဘူး။" "ကျွန်မလဲ မလိုချင်ပါဘူးရှင်။" အိုဖီလီယာက ထိုသို့ ပြောရင်း ကယ်လီယန်၏ လက်ထဲတွင် ကိုင်ထားသော ပဝါကို ကြည့်လိုက်သည်။ "ကျွန််မ လိုချင်တာကို ရသွားပြီ ဖြစ်တာကြောင့်ပါ။" တစ်ချိန်တည်း၌ အိုဖီလီယာ အဝေးမှ သူမတို့ကို စောင့်ကြည့်နေသော ဖလဲရ်ကို လှမ်းကြည့်လိုက်သည်။ဖလဲရ်၏မျက်နှာက ဖြူလျော်သွား၏။ ကယ်လီယန်က အိုဖီလီယာ၏ လက်ကိုင်ပဝါကို လက်ခံလိုက်ကြောင်း သူမ တွေ့သွားသည်။ အာ၊ပျော်စရာကောင်းလိုက်တာ။ အိုဖီလီယာက ပြုံး၍ ဖလဲရ်ကို လက်လှမ်းပြလိုက်သည်။ ထိုအခါ ဖလဲရ်၏ ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။ TK Team ++++++++