ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၆၃) ကျွန်မ မူလနေရာသို့ ပြန်လာလိုက်သည်။ ကယ်လီယန်က ကျွန်မ၏လက်ကိုင်ပဝါအား လက်ခံလိုက်သည်ကို လူများက မြင်သွားကြသဖြင့် စကားများ တွတ်ထိုးနေကြလေသည်။ကျွန်မ သူတို့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ စီစဥ်ထားသလိုပဲ။ ထိုနည်းဖြင့် ကျွန်မနှင့် ကယ်လီယန်က ဆက်ဆံရေး ကောင်းမွန်သည်ကို လူအများ သိသွားကြလိမ့်မည်။ထိုအပြင် ဖလဲရ် ဒေါသဖြစ်သွားအောင်လည်း အောင်မြင်စွာ လုပ်နိုင်ခဲ့သည်။ အိုး၊ စိတ်ထဲမှာ အရမ်းကျေနပ်နေပြီ။ ကျွန်မ၏ဆယ်နှစ်တာ ရင်ခံနေမှုက ကျဆင်းသွားသလို ခံစားလိုက်ရ၏။ကျွန်မ ပြုံးလိုက်ရင်း ရင်ဘတ်ကို လက်ဖြင့် သပ်ချနေရသည်။ "အရှင့်သားက လက်ကိုင်ပဝါကို လက်ခံအောင် ရှင်ဘယ်လိုမျိုး လုပ်ခဲ့တာလဲ။" ဂျက်စမင်က မေးသည်။ သူမက အနောက်ဖက် ခပ်လှမ်းလှမ်းတွင် ရပ်နေသောကြောင့် ကျွန်မတို့နှစ်ယောက် တီးတိုးပြောနေသည်ကို မကြားရပေ။ ကျွန်မ ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်မတို့ အပေးအယူ လုပ်လိုက်တာ။" "အပေးအယူလား" "အင်း၊ အတိအကျ ပြောရရင် သူ့ကို အခြိမ်းခြောက်နိုင်ဆုံး အပေးအယူတစ်ခုပေါ့။" ဟိုး ဟိုး ဟိုး ကျွန်မ ပြုံးလိုက်ရင်း မျက်နှာကို မော်ထားမိသည်။ "ကောင့်မြို့စားကတော်ကာဒယ်လ် ကရော။" "သူမက အဲ့ဒီမှာပါ။" ဂျက်စမင် ညွှန်ပြသည့်နေရာတွင် လူတစ်စု ရှိနေသည်။မြို့စားမင်းကြီးကတော်နှင့် ဖလဲရ်တို့လည်း ရှိသည်။ "သူမက ဖလဲရ်နဲ့ ရှိနေပါတယ်။" အင်း ကျွန်မ မျက်လုံးများကို မှေးကျဥ်းလိုက်မိသည်။ကောင့်မြို့စားကတော်ကာဒယ်လ်၏ ဦးနှောက်ခြောက်နေပုံရသော မျက်နှာကို ကြည့်ရခြင်းဖြင့် မြို့စားမင်းကြီးကတော်နှင့် ဖလဲရ်က သူမကို အတင်းအကြပ် ဆွဲခေါ်ထားပုံရသည်။ဤနေရာတွင် ထိုသို့ ဖြစ်နေသဖြင့် ကျွန်မလည်း ပါဝင်ဆင်နွှဲရမည်။ ကျွန်မ ဣန္ဒြေရရ လှမ်း၍ သူမတို့အနားသို့ ချဥ်းကပ်သွားလိုက်သည်။ "ဟယ်လို ၊မြို့စားမင်းကြီးကတော်ရှင့်။" ကျွန်မက မြို့စားမင်းကြီးကတော်ကို အရင်ဆုံး နှုတ်ဆက်လိုက်ပြီး အခြားလေဒီများကိုလည်း ပေါ့ပါးစွာ နှုတ်ဆက်လိုက်သည်။ "ကျွန်မ ရှင်တို့နဲ့ မတွေ့ရတာ အတော်ကြာပြီနော်။" "အာ ဟယ်လို၊မြို့စားကြီးကတော်ရှင့်။" "မြို့စားကြီးကတော်နဲ့ တွေ့ရတာ ဝမ်းသာပါတယ်ရှင်။" လူတိုင်းက ခါးသက်သက် မျက်နှာထားများဖြင့် ပြန်နှုတ်ဆက်လာ၏။သူမတို့ကြားတွင် မကြာသေးမီက ကျွန်မ၏ ဆူပူခြင်းကို ခံလိုက်ရသော အန်ဂျလာလည်း ရှိနေသည်။သူမက ဖလဲရ်၏အနားသို့ ကပ်နေသည်ကို မြင်ရလျှင် သူမက ဖလဲရ်၏ဘက်သို့ အပြီးတိုင် ကူး ပြောင်းသွားပုံရ၏။ ကျစ် ကျစ် သူမ၏ရွေးချယ်မှု မှားသွားသည်ကို အန်ဂျလာ မသိနိုင်ပေ။ ကျွန်မ အန်ဂျလာဆီမှ အကြည့်လွှဲလိုက်ပြီး ကောင့်မြို့စားကတော်ကာဒယ်လ်ကို ကြည့်လိုက်သည်။ "ကျွန်မက ကောင့်မြို့စားကတော်ကို ရှာနေတာပါ။ကျွန်မ ရှင်နဲ့ ပြောစရာတစ်ခုခု ရှိနေတယ်လေ။" "ဟုတ်ကဲ့" ကောင့်မြို့စားကတော်ကာဒယ်လ်က တအံတဩဖြင့် မျက်လုံးပြူးသွားပြီး သက်ပြင်းတစ်ချက်ချ၍ ခေါင်းငြိမ့်လိုက်သည်။ "မှန်တာပေါ့ရှင်၊ကျွန်မ မြို့စားကြီးကတော်နဲ့ စကားပြောစရာ ကိစ္စလေး ရှိပါတယ်။ဒါကြောင့် ကျွန်မ ဒီနေရာမှာ ဆက်နေလို့ မရတော့ပါဘူး။အားနာပါတယ်ရှင်။" အားနာပုံ တစ်စက်ကလေးမှ မရသော ကောင့်မြို့စားကတော်ကာဒယ်လ်က ပြုံး၍ ကျွန်မ၏လက်မောင်းကို လက်ဖြင့် ချိတ်လိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့ ပြန်သွားရန် လုပ်လိုက်သည်။ထိုအချိန်တွင် ဖလဲရ်က ပါးစပ်ဟလာ၏။ "နှမြောစရာပဲရှင်။ကျွန်မက လက်ဆောင်ရထားတဲ့ ရေမွှေးကို အခုပဲ လေဒီတွေဆီ ပြမလို့ပါ။" ရေမွှေး ဆိုင်းမဆင့် ဗုံမဆင့် ပြောလာသဖြင့် ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်မိသည်။ "မြို့စားကြီးကတော်လဲ ရေမွှေးကြိုက်တယ်လေ၊မှန်ပါရဲ့လား ရှင်။" ငါကလား။ မူလဇာတ်ကြောင်းတွင် အိုဖီလီယာ၏အကြိုက်များကို ရေးသားဖော်ပြထားခြင်း မရှိ၍ ကျွန်မ သိနိုင်စရာအကြောင်း မရှိပေ။ကျွန််မ မျက်လုံးလှိမ့်လိုက်မိသည်။ "ဒါက ရှင့်ရဲ့အကြိုက်နဲ့ လိုက်ဖက်တဲ့ ရေမွှေးပါ။ရှင် မစမ်းကြည့်ချင်ဘူးလား။" ဖလဲရ်က အန်ဂျလာကို ကျွန်မဆီ ရေမွှေးပုလင်း ပေးလာစေသည်။ သူမက ကြင်နာစွာ ပြုံးရယ်ပြီး ရေမွှေးပုလင်းကို ကိုင်ထားသဖြင့် ကျွန်မက "အို၊ဒီလိုလား"ဟု ပြောလိမ့်မည်ဆိုပြီး သူမတို့ ထင်နေကြမည်လော။ "ကျွန်မရဲ့ အကြိုက်တွေက ပြောင်းကုန်ပြီဆိုတာ ရှင် မကြားမိဘူးလို့ ထင်တယ်။" ကျွန်မက ခြေတစ်လှမ်း နောက်ဆုတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ကျွန်မ ရေမွှေး မကြိုက်တော့ဘူး။" "ဟုတ်ကဲ့၊ ဒါပေမဲ့ ..." "ဒီတော့ စိတ်မပူပါနဲ့။ဒါကို ရှင်တို့ဘာသာ သုံးလိုက်ကြပါ။" ကျွန်မက အန်ဂျလာပေးလာသော ရေမွှေးဘူးကို တွန်းထုတ်ပြီး ပြောလိုက်သည်။ ထိုအခါ မြို့စားမင်းကြီးကတော်က ပုဆိန်ကဲ့သို့ ထက်ရှသော မျက်လုံးများကို ဖွင့်၍ ကျွန်မကို ကြည့်လာသည်။ "ရှင်က ဖလဲရ်ရဲ့မျက်နှာသာပေးမှုကို ငြင်းဆန်တဲ့ မိန်းမယုတ်တစ်ယောက်ပါလား။" ဒီကိစ္စလေးနဲ့ နင်က မိန်းမယုတ်လို့ ခေါ်နေတာလား။ကျွန်မ မယုံနိုင်သဖြင့် ဗလာသက်သက် ရယ်မောလိုက်သည်။ "မျက်နှာသာပေးတိုင်း အမြဲတမ်း လက်ခံနေဖို့ မလိုဘူးလို့ ရှင် မတွေးမိဘူးလား။ကျွန်မ ဒါကို မကြိုက်လို့ လက်မခံဘူးလေ။ဘာက ပြဿနာ ဖြစ်နေလို့လဲ။" "ရှင် စကားကို ရှေ့နောက် ကြည့်ပြီး ပြော။တစ်နေ့ကျရင် အဲ့ဒီ မြင့်မားနေတဲ့ နှာခေါင်းရိုးက သေချာပေါက် ကျိုးဦးမှာ။" "ကျွန်မရဲ့နှာခေါင်းက အရမ်းမြင့်မားနေတာဆိုတော့ လွယ်လွယ်နဲ့ မကွေးသွားနိုင်ပါဘူး။ဘာပဲဖြစ်ဖြစ်ပါ ကျွန်မရဲ့ လှပတဲ့ နှာတံမြင့်မြင့်လေးကို ချီးမွမ်းပေးလို့ ရှင့်ကို ကျေးဇူးပါပဲ။" မြို့စားမင်းကြီးကတော်၏မျက်နှာက နီရဲလာသည်ကို ကျွန်မ မြင်နေရသည်။ဆန်စေ့ကဲ့သို့ ပြောင်ချောနေသော မျက်နှာက အဖျားတက်သလို နီရဲလာသည်မှာ ကန်စွန်းဥတစ်လုံးနှင့်ပင် တူသေး၏။ ငါ ဒီလို ပြောလိုက်ရင် ရူးသွပ်သွားလောက်တယ်။ ထို့ကြောင့် ကျွန်မ ပါးစပ်ပိတ်ထားလိုက်သည်။ "ဒါဆို ကျွန်မ သွားပြီ။" ကျွန်မ ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ဂျက်စမင်ကို ခေါ်၍ ထွက်သွားမည် ပြုလိုက်သည်။ ထိုစဥ် "အမလေး!" ခလွမ်းးး ရေမွှေးပုလင်းက ကျွန်မ၏အရှေ့တွင် ကျကွဲသွားသည်။ရေမွှေးပုလင်းကို ကိုင်ထားသော အန်ဂျလာ၏လက်များက ချော်သွားပုံရသည်။ကျွန်မ၏ ဂါဝန်မှာ စိုရွှဲသွားရ၏။ လွန်စွာ ချိုအီသော ရနံ့က ကျွန်မ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။အနံ့ပြင်းလှသဖြင့် ကျွန်မ ခေါင်းကိုက်လာတော့သည်။ "ကျ...ကျွန်မ တောင်းပန်ပါတယ် ကောင့်မြို့စားကတော် ဖလဲရ်ရှင့်။ကျွန်မ လက်ချော်သွားတယ်။" အန်ဂျလာက ဖြူဖျော့သော မျက်နှာဖြင့် ဖလဲရ်ကို ဦးညွှတ်လိုက်သည်။ "မဟုတ်တာပဲ၊အဆင်ပြေပါတယ်။ကျွန််မ ဘယ်အချိန်မဆို ထပ်ဝယ်လို့ရတာပဲ။ရှင် ထိခိုက်သွားသေးလား။" ဖလဲရ်က လုပ်နေကျအတိုင်း ကြင်နာစွာ ဆို၏။ ထို့ကြောင့် ကျွန်မ ပို၍ ရယ်ချင်လာရသည်။ အခု ထိခိုက်သွားတာက ငါပါ။ဒါဆို သူမတို့က ဘာလို့ တစ်ယောက်နဲ့တစ်ယောက် အဖြစ်သည်းပြနေရတာလဲ။ "ကျွန်မရဲ့ ဘေးကင်းလုံခြုံမှုကို အရင်ဆုံး မေးသင့်တယ်လို့ ကျွန်မ ထင်တယ်။" ကျွန်မ ပြောရင်း ရေမွှေးများ စိုရွှဲနေသော ဂါဝန်ကို ငုံ့ကြည့်လိုက်သည်။ "ကျွန်မ မကြိုက်တဲ့ ရေမွှေးက ကျွန်မပေါ်မှာ စိုရွှဲနေပြီလေ။" "ဘုရားရေ" ဖလဲရ်က သူမ၏ပါးစပ်ကို ယပ်တောင်ဖြင့် အုပ်၍ သက်ပြင်းချလိုက်သည်။ "ဘယ်လို လုပ်ရပါ့မလဲ။ရှင် လက်ကိုင်ပဝါတစ်ထည်လောက် လိုချင်လား။" ကျွန်မ ဖလဲရ်ကို စိုက်ကြည့်လိုက်သည်။ထိုယပ်တောင်၏ နောက်ကွယ်တွင် သူမ ပြုံးနေသည်ကို ကျွန်မ မြင်နိုင်သည်။တစ်ခုခု ထူးဆန်းနေသလို ခံစားရသည်။ကျွန်မ အောက်နှုတ်ခမ်းကို ကိုက်၍ ဖလဲရ်ကို ကြည့်လိုက်သည်။ "မဒမ့်ရဲ့လက်တွေကို ဆေးကြောလိုက်ရင် ပိုကောင်းမယ်လို့ ကျွန်မ ထင်ပါတယ်။" ကောင့်မြို့စားကတော်ကာဒယ်လ်က ထိုသို့ ပြောပြီး ကျွန်မကို ထိန်းထားသည့်အနေဖြင့် ဆွဲထားသည်။ အင်း မည်မျှပင် ထူးဆန်းသည် ဖြစ်စေ ကျွန်မတွင် သက်သေမရှိဘဲ ဘာတစ်ခုမှ ပြော၍ မရပေ။ထို့အပြင် မြို့စားမင်းကြီးကတော်နှင့် ကျွန်မ ထပ်ပြီး စကားပြောချင်စိတ် မရှိတော့ပေ။ "အင်း၊ဒါလဲ ကောင်းပါတယ်။" ထိုကြောင့် ကောင့်မြို့စားကတော်ကာဒယ်လ်၏ အကူအညီဖြင့် ကျွန်မ ထွက်သွားရန် ပြင်လိုက်သည်။ပြီးနောက် ကျွန်မ အန်ဂျလာကို တစ်ချက် ကြည့်လိုက်သည်။ "ဒါက အမှားတစ်ခု မဟုတ်လား။" အား အန်ဂျလာက လေးလံစွာ အသက်ရှူရင်း ပခုံးများကို ကျုံ့ထားခဲ့သည်။ "ဟု...ဟုတ်ကဲ့၊မတော်တဆ အမှားလုပ်မိတာပါ။ကျွန်မ စိတ်မကောင်းပါဘူးရှင်။" ကျွန်မ နှေးကွေးစွာ မျက်တောင်ခတ်လိုက်သည်။သူမက ထိုသို့ ပြောလာသဖြင့် ကျွန်မ ဘာမှ ဆက်ပြော၍ မရတော့ပေ။ထို့ကြောင့် ကျွန်မ စုတ်တစ်ချက် သပ်လိုက်ပြီး တိုတိုရှင်းရှင်း ပြောလိုက်သည်။ "တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဖို့ ကျွန်မ မျှော်လင့်တယ်။" သို့သော် ကျွန်မ၏စကားများကြောင့် အန်ဂျလာ၏မျက်နှာက သွေးဆုတ်ဖြူလျော်သွားလေသည်။ထို့အပြင် ယပ်တောင်ကိုင်ထားသော ဖလဲရ်၏လက်က တုန်ယင်သွားခဲ့၏။ ထင်ထားတဲ့အတိုင်းပဲ တစ်ခုခု ထူးဆန်းနေတယ်။ ကျွန်မ စိတ်မသက်မသာနှင့် ထိုနေရာမှ ထွက်လာခဲ့သည်။ * ရွှီး ကယ်လီယန်က ဘီလူး၏ခေါင်းကို မြှားဖြင့် ပစ်လိုက်သည်။ဘီလူးက လဲကျသေဆုံးသွား၏။ကယ်လီယန်က ဘီလူး၏ ရင်ဘတ်တွင် နစ်မြုပ်လျက် ရှိနေသော စွမ်းအင်ရင်းမြစ်အမြုတေကို ထုတ်ယူ၍ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ "ဟူး" သူ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။ အနီးအနားပတ်ဝန်းကျင်ရှိ အဆင်နိမ့်ဘီလူးများ အားလုံးကို သတ်ဖြတ်ထားပြီးပုံ ရသည်။အမှန်တွင် ပို၍ သန်မာသော ဘီလူးမျိုးနှင့် ရင်ဆိုင်ရလျှင် ပိုကောင်း၏။သို့သော် ယနေ့ကျင်းပသော အမဲလိုက်ပြိုင်ပွဲ၌ အားကောင်းသော ဘီလူးမျိုးကို ရှာတွေ့ရန် ခက်ခဲနေခဲ့သည်။ ဘီလူးများမှာ အသိဥာဏ်ရှိသော သတ္တဝါများဖြစ်၍ သူတို့ကို တိုက်ခိုက်လာသည်ကို သိလျှင် ပုန်းနေကြလိမ့်မည်။ထို့ကြောင့် သုက အသိဥာဏ်နည်းပြီး အဆင့်နိမ့်သော ဘီလူးများကိုသာ ဖမ်းမိလေသည်။ "အကြမ်းဖျင်းတွက်ရင် အကောင်၃၀လောက် ရှိမလားပဲ။" ထိုပမာဏမှာ အမဲလိုက်ပြိုင်ပွဲတွင် ပထမနေရာ ရနိုင်သည်အထိ လုံလောက်သည်မှာ သိသာ၏။ထို့ကြောင့် ကယ်လီယန်က အေးအေးဆေးဆေးသာ လှုပ်ရှားနေသည်။ ထိုအချိန်တွင် "အရှင့်သားက ဒီနေရာကို ရောက်နေပါလား။" ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။သူ ခေါင်းလှည့်ကြည့်လိုက်လျှင် ဆိုဗက်စ်စတာက ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့သည်။မျက်နှာတစ်ခြမ်းတွင် သွေးများက ဖုံးလွှမ်းနေ၏။ "မင်း တစ်ယောက်ယောက်ကို သတ်ခဲ့တာလား။" ကယ်လီယန်က တအံ့တဩဖြင့် မေးလေသည်။ဆိုဗက်စ်စတာက အသံနိမ့်နိမ့်ဖြင့် ရယ်လိုက်သည်။ "ကျွန်တော့်ကို သံသယဝင်နိုင်လောက်တဲ့ အခြေအနေမျိုးမှာ ကျွန်တော် ဘယ်သူ့ကိုမှ မသတ်ရပါဘူး။ဒါက ဘီလူးရဲ့ သွေးတွေပါ။" ဆိုဗက်စ်စတာသည် သူသာ ဆန္ဒရှိလျှင် လက်ပင် မညစ်ပတ်ပဲ လူများကို သတ်ဖြတ်နိုင်သူ တစ်ယောက်ဖြစ်သည်။ဤသို့ ထင်သာမြင်သာ အခြေအနေမျိုးတွင် လူသတ်စရာအကြောင်း မရှိပေ။ ကယ်လီယန်က တည်ငြိမ်နေအောင် လုပ်လိုက်ပြီး ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။ "ဘာကိစ္စများလဲ။ပြိုင်ပွဲ ပြိုင်နေချိန်မှာ တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောတာကို တားမြစ်ထားတာ ငါသိတယ်။" "ဒီနားမှာ ဘယ်သူမှ မရှိဘူးလေ၊မှန်ပါရဲ့လား။" ဆိုဗက်စ်စတာက ပခုံးတွန့်၍ ကယ်လီယန်၏အနားသို့ ချဥ်းကပ်လာသည်။ "ကျွန်တော် အရှင့်သားကို မေးစရာတစ်ချို့ရှိလို့ လာခဲ့တာပါ။" "မေးပါ" ကယ်လီယန်က တုံ့ပြန်သည်။ "အရှင့်သား အိုဖီလီယာအပေါ် ဘယ်လို မြင်ပါသလဲ။" "ငါ သူမကို မုန်းတယ်။" ကယ်လီယန်က ချက်ချင်းဆိုသလို ပြန်ဖြေလိုက်သည်။ဖြေပြီးသည်နှင့် သူ တွေးလိုက်မိသည်၊မည်သို့ပင် ဖြစ်စေကာမူ အိုဖီလီယာက မြို့စားကြီးကတော်တစ်ယောက် ဖြစ်နေဆဲပင်။သူက မြို့စားကြီးကတော်ကို မည်သို့ ကျိန်ဆဲနိုင်မည်နည်း။မကြာခင်ပဲ သူ စကားမှားသွားသည်ကို သိလိုက်၏။ကယ်လီယန်မှာ ခါးသက်သက်နှင့် မြိုချလိုက်ရသည်။ သို့သော် ဆိုဗက်စ်စတာ၏အမူအရာမှာ ထူးဆန်းနေ၏။သူက ပျော်ရွှင်နေဟန်ဖြင့် အပြုံးလေးတစ်ခု ရှိနေသည်။ ဘာပါလိမ့်။ သူက ဘာကြောင့် ဒီလိုမျက်နှာထား ဖြစ်နေရတာလဲ။ ကယ်လီယန် တုံ့ဆိုင်းနေမိသည်။ "ကျွန်တော် သိပါပြီ။အရှင့်သားက သူမကို မုန်းတယ်။" ဆိုဗက်စ်စတာက သွေးများပေနေသော မေးစေ့ကို ပွတ်သပ်လိုက်သည်။ "အရှင့်သား သူမကို ဆက်ပြီး မုန်းနေမယ်လို့ ကျွန်တော် မျှော်လင့်တယ်။" ဒီရူးနေတဲ့လူက ဘာလဲဟ။ ကယ်လီယန်က ဆိုဗက်စ်စတာ၏ အတွေးများကို နားမလည်နိုင်ပေ။အကြောင်းတစ်စုံတစ်ရာ ရှိနေလောက်သော်လည်း ထိုအရာကို သူ မ သိပေ။ကယ်လီယန် မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ "ထူးဆန်းလိုက်တာ၊အရှင့်သားလဲ ဘီလူးတွေကို မတွေ့ဘူး မဟုတ်လား။" ဆိုဗက်စ်စတာက လှည့်ပတ် ကြည့်နေသည်။ကယ်လီယန်လည်း သူ့အကြည့်ကို နေရာရွှေ့လိုက်ပြီး ပြန်ဖြေသည်။ "အမဲလိုက်ပြိုင်ပွဲ ရှိတယ်ဆိုတော့ သူတို့အားလုံး ပုန်းနေကြတာ ဖြစ်မယ်။" "ဒါပေမဲ့ အရင်နှစ်က ဒီလောက်မဆိုးပါဘူး။" ဆိုဗက်စ်စတာက "အင်း"ဟု အသံပြုရင်း လက်ပိုက်လိုက်သည်။ "တစ်ခုခု ထူးဆန်းနေတယ်။" ထိုအချိန်တွင် "အားးး" တစ်နေရာမှ အော်သံတစ်သံကို ကြားလိုက်ရသည်။ အမဲလိုက်ပြိုင်ပွဲမှာ ဝင်ပြိုင်နေတဲ့ တခြားပြိုင်ပွဲဝင်တွေများလား မသိဘူး။ ထိုအချိန်တွင် ဆိုဗက်စ်စတာနှင့် ကယ်လီယန်သည် သူတို့ ထိုအသံကို အကြိမ်ပေါင်းများစွာ ကြားဖူးကြောင်း ချက်ချင်းဆိုသလို သိသွားကြသည်။ "အိုဖီလီယာလား" "အိုဖီလီယာလား" သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။အရင်ဆုံး ပြေးထွက်သွားသူက ဆိုဗက်စ်စတာ ဖြစ်သည်။ "အိုဖီလီယာ !" အလျင်အမြန် ပြေးထွက်သွားသော ဆိုဗက်စ်စတာကို ကြည့်နေရင်းကယ်လီယန်က ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်မိသည်။ 'အဲ့ဒီ'ဆိုဗက်စ်စတာက ဒီလိုမျိုး အရမ်းပျာယာခတ်နေတယ်ပေါ့။ မဖြစ်နိုင်တာ။ ကယ်လီယန်၏နှုတ်ခမ်းများ ကွေးတက်သွားသည်။ ၎င်းက ရယ်ချင်စရာကောင်းသည်ဟု သူ တွေးမိလေ၏။ TK Team ++++++++