Chapter 70
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ အပိုင်း (၇၀) ဒုတိယမင်းသားသည် ဇာတ်လမ်း၏ သုံးပုံနှစ်ပုံတွင် ထွက်ပေါ်လာရမည့် ဗီလိန်ဖြစ်သည်။ယခုအချိန်တွင် ထွက်ပေါ်လာရမည် မဟုတ်ပေ။သို့သော် အဘယ့်ကြောင့် ထိုသူက ထွက်ပေါ်လာပြီး ဖြစ်နေရသနည်း။ ကျွန်မ ခေါင်းရှုပ်သွားသည်။ ကျွန်မလည်း မတတ်နိုင်သဖြင့် ရေလိုက် ငါးလိုက် နေရလိမ့်မည်။သို့သော် ၎င်းမှာ မျှော်လင့်မထားမိသော အခြေအနေတစ်ခု ဖြစ်နေသည်။ ကျွန်မ ဘာမှမပြောဘဲ ဆွံ့အနေသဖြင့် လာဂိုက ကျွန်မကို ငုံ့ကြည့်ပြီး ရယ်လိုက်သည်။ထိုရယ်သံမှာ တစ်မူထူးသော ရယ်သံဖြစ်၏။ သူ့ကို ထရိုက်ချင်စိတ် ပေါက်လာအောင် လုပ်နိုင်သည့် သရော်တော်တော် ရယ်သံတစ်ခု ဖြစ်သည်။ သို့သော် ကျွန်မ သူနှင့် အရှုပ်အရှင်း မဖြစ်သင့်ပေ။ ဒုတိယမင်းသား လာဂိုမှာ အမှန်တကယ် ကြောက်စရာကောင်းသူ တစ်ယောက် ဖြစ်သောကြောင့်တည်း။ သူက ဇာတ်လမ်း၏နောက်ဆုံးဗီလိန် ဖြစ်သည့် အားလျော်စွာ အလွန် ရက်စက်တတ်ပြီး ကောက်ကျစ်စဥ်းလဲသော ဇာတ်ကောင်ဖြစ်သည်။သူ၏လက်ထဲတွင် သေခဲ့ရသော လူများက မည်မျှပင် ရှိသနည်း။လာဂို၏မျက်စိအောက်၌ ဖမ်းမိသွားပါက အတော်အသင့် အရေးပါသော ဇာတ်ကောင်များပင်လျှင် သေခြင်းတရားကို ရှောင်လွှဲရန် ခက်ခဲသွားကြ၏။ ထို့ကြောင့် ကျွန်မ လာဂိုကို ရိုင်းစိုင်းနေ၍ မသင့်ပေ။ ကျွန်မ ဖြည်းညှင်းစွာ မျက်လွှာချလိုက်ပြီး လာဂို၏အကြည့်ကို ရှောင်လိုက်သည်။ "မင်း ပြောလို့ ပြီးပြီဆိုရင် ဘာလို့ မပြန်သေးတာလဲ။" ထိုအချိန်တွင် ကယ်လီယန်က ကြားဖြတ် ဝင်ပြောလိုက်သည်။ "ငါ မင်းရဲ့မျက်နှာကို ထပ်မကြည့်ချင်တော့ဘူး။" ကယ်လီယန် အံကြိတ်ထားသည်။ကယ်လီယန်က ကျွန်မ အပြင် အခြားသူတစ်ယောက်အပေါ် သတိဖြင့် ဆက်ဆံနေသည်ကို ယခုမှသာ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။သူက ကျွန်မကို မုန်းသကဲ့သို့ လာဂိုအပေါ်လည်း မုန်းတီးနေပုံရ၏။ ကောင်းပြီလေ၊ဒီလိုမျိုးပဲ ဦးတည်နေမှာပေါ့။ ထီးနန်းပလ္လင်ဆီသို့ တက်ရောက်ရာလမ်းတွင် ကယ်လီယန်ကို လာဂိုထက်ပို၍ ယှဥ်ပြိုင်ရပ်တည်နိုင်သူ မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် လာဂိုအတွက်လည်း ထို့အတူသာ ဖြစ်သည်။ လာဂိုက ဧကရာဇ်ဖြစ်ရန် ချိန်ရွယ်လာသည်နှင့်အမျှ သူက ကယ်လီယန်နှင့် ဆန့်ကျင်ဘက် ဖြစ်လာလိမ့်မည်။ ထိုသို့ပင်။ ကယ်လီယန်ကို ကြည့်လိုက်ချိန်တွင် လာဂို၏နှုတ်ခမ်းထက်၌ စိတ်ပျက်လက်ပျက် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သည်။ "အစ်ကိုတော်၊ဘယ်လိုတောင် ပြောလိုက်တာလဲဗျာ။" လာဂိုက အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလေသည်။ "တော်ဝင်နန်းတော်ကို ပြန်ရောက်တာနဲ့ အစ်ကိုတော်ဆီ အပြေးအလွှား လာတွေ့တဲ့ ကျွန်တော့်ကို ဒီလိုမျိုး ပြောတာက မများလွန်းဘူးလား။" "မများဘူး၊ဒီတော့ ပြန်လိုက်တော့။" "အစ်ကိုတော် ဒီလိုမျိုး ဆက်လုပ်နေဦးမယ်လို့ ကျွန်တော် မသိခဲ့ဘူး။" လာဂိုက မေးစေ့ကို တစ်ချက်ကုပ်ရင်း ပျင်းရိပျင်းတွဲဖြင့် ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။ "အစ်ကိုတော်က ကြောက်နေတဲ့ ကြောင်ပေါက်လေးလို အမွေးတွေ ထောင်ထားတာပဲ။" "ဘာ" "အစ်ကိုတော်က ခြင်္သေ့တစ်ကောင် ဖြစ်ရလောက်တဲ့အထိ မတော်ပါဘူး။" "လာဂို!" လာဂိုက လှောင်ပြုံးတစ်ခုဖြင့် ကယ်လီယန်ကို ပြောလိုက်သည်။ကယ်လီယန်၏မျက်နှာမှာ နီရဲသွားရ၏။သူက တံခါးဘက်သို့ ညွှန်ပြရင်း ကျယ်လောင်စွာ အော်လိုက်သည်။ "ထွက်သွား၊အခုချက်ချင်း!" "အိုကေ၊ကျွန်တော် အခုပဲ ပြန်ပါပြီ။" လာဂိုက ပခုံးတွန့်ရင်း တံခါးရှိရာသို့ နှေးကွေးစွာ သွားလိုက်သည်။ထို့နောက် သူက လမ်းလျှောက်သည်ကို ရပ်တန့်လိုက်ပြီး ခေါင်းကို အနည်းငယ် နောက်ပြန်လှည့်လိုက်သည်။ "ကျွန်တော် နန်းတော်ဆီ ဘာလို့ ဒီလောက်စောစော ပြန်လာရတာကို အစ်ကိုတော် မသိချင်ဘူးလား။" ထိုမေးခွန်းကြောင့် ကယ်လီယန်က မျက်လုံးဖွင့်လိုက်ပြီး လာဂိုကို ကြည့်သည်။ လာဂို၏နှုတ်ခမ်းများက ချောချောမွေ့မွေ့ ပွင့်အာလာသည်။ "ခမည်းတော်က ကျွန်တော့်ကို ဆင့်ခေါ်လိုက်လို့လေ။" "ဒါ...ဒါက..." "ဒါက ဘာအဓိပ္ပါယ် ဆိုတာ အစ်ကိုတော် သေချာပေါက် သိမှာပါ။" ၎င်းမှာ ဒုတိယမင်းသားသည်လည်း ထီးနန်းကို ဆက်ခံနိုင်ရန် အခွင့်အရေးရှိသည်ဟု ဆိုလိုသည်။ထိုအကြောင်းကို ကောင်းစွာသိသော ကယ်လီယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း နှုတ်ခမ်းကို ကိုက်ထားလေသည်။ လာဂိုက ကယ်လီယန်ကို ဘာမှမဖြစ်သလို ကြည့်လိုက်ပြီးမှ အနောက်ကို တစ်ချက်လှည့်၍ ကျွန်မကို ကြည့်လေသည်။ "မင်းက အိုဖီလီယာ ရိုင်ဇန်လို့ ပြောခဲ့တာ မဟုတ်လား။" နင်က ငါ့ကို ဘာလို့ ခေါ်ရပြန်တာလဲ၊ရုတ်တရက်ကြီး။ တစ်ခုခု ကြောက်စရာကောင်းနေသဖြင့် ကျွန်မ အနည်းငယ် တောင့်တင်းစွာ ခေါင်းငြိမ့်ပြလိုက်သည်။ "ငါ မြို့စားကြီးရိုင်ဇန်ဆီကနေ အများကြီး ကြားဖူးတယ်။" လာဂိုက သူ့ကို ဆိုဗက်စ်စတာ ထောက်ပံ့နေကြောင်း ပွင့်လင်းစွာ ပြောချလိုက်လေသည်။ကျွန်မ စိတ်လှုပ်ရှားစွာဖြင့် ကယ်လီယန်ကို တစ်ချက် ကြည့်လိုက်သည်။ ကယ်လီယန်က အတွေးနက်နေဟန်ဖြင့် မျက်မှောင်ကြုတ်ထားဆဲ ဖြစ်သည်။ လာဂိုက ဆက်ပြောသည်။ "ဒီနေ့ ငါတို့ ဟယ်လိုဆိုပြီး နှုတ်ဆက်ပြီးတာနဲ့ ဂွတ်ဘိုင်လို့ ပြောရတော့မှာဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ဒီတော့ နောက်တစ်ခါကျရင် စကားပိုပြောလို့ရအောင် အချိန်းအချက်တစ်ခုတော့ လုပ်ကြရအောင်။" သူက ကျွန်မဆီသို့ လက်ကမ်းလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ငါတို့ နောက်တစ်ခါ ထပ်တွေ့ရဦးမှာပါ။" ကျွန်မ၏လက်ကို ထုတ်မပေးလိုပေ။ကျွန်မ လာဂိုနှင့် အထိအတွေ့ မလုပ်လိုပါ။ သို့သော် ထိုသို့ လုပ်၍လည်း မရပြန်ပေ။ ကျွန်မ ပြောဖူးသလို ကျွန်မက သူ့ရှေ့၌ မရိုမသေ ပြုမူ၍ မဖြစ်ပေ။ထို့ကြောင့် ကျွန်မ မတတ်နိုင်ပါပဲ သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်ရသည်။လာဂိုက ကျွန်မ၏လက်ကို ညှင်သာစွာ လက်ဆွဲနှုတ်ဆက်ပြီးနောက် ကျွန်မဘေးက ဖြတ်၍ အခန်းထဲမှ ထွက်သွားသည်။ ထပ် တံခါးပိတ်သွားသည်နှင့် ကယ်လီယန်က စူးရှသောမျက်လုံးများဖြင့် ကျွန်မကို ကြည့်လာသည်။ "အိုဖီလီယာ" သူက အသံကို မြှင့်ပြောသည်။ "မင်း လာဂိုနဲ့ ထပ်တွေ့မယ်ဆိုရင် ငါ မင်းကို ထပ်ခေါ်တော့မှာ မဟုတ်တော့ဘူး။သဘောပေါက်လား။" မဟုတ်ဘူးလေ၊နင်က ငါ့ကို ဘာလို့ ဒေါသထွက်နေရပြန်တာလဲ။ * ကယ်လီယန်မှာ အတော်ကြာသည်အထိ ညည်းညူပြောဆိုနေခဲ့သည်။ ထို့ကြောင့် ကျွန်မ တကယ်ပင် ပြောစရာစကားမရှိ ဖြစ်နေရ၏။ အကယ်၍ ကျွန်မ ယခင် လုပ်နေကျအတိုင်း ကယ်လီယန်ကို နှစ်သိမ့်ပေးရန်ဆိုလျှင် အိုကေဟု ပြန်ဖြေဖို့သာ လိုသည်။သို့သော် တစ်ဖက်လူက လာဂို ဖြစ်နေသည်။ လာဂိုသည် ကျွန်မနှင့် မည်သည့်အချိန်တွင်မဆို တွေ့ဆုံနိုင်သော တစ်စုံတစ်ယောက် ဖြစ်နေ၏။ ထို့ကြောင့် ကျွန်မ အနည်းငယ် ဒေါသဖြစ်စွာဖြင့် ကယ်လီယန်ကို ပြောလိုက်သည်။ "သူက ကျွန်မ မတွေ့ချင်တိုင်း မတွေ့ဘဲ နေလို့ရတဲ့ သူမှ မဟုတ်တာ။ကျွန်မရဲ့ခင်ပွန်းက ဒုတိယမင်းသားကို တွေ့ချင်တယ်ဆိုရင် ကျွန်မလဲ ရွေးချယ်စရာမရှိဘဲ လက်ခံရမှာလေ။" "အင်း၊မင်းရဲ့ခင်ပွန်းက ပြဿနာပဲလေ။" ကယ်လီယန် အော်ဟစ်လိုက်သည်။ "မင်းရဲ့ခင်ပွန်းက အဲ့ဒီကလေကချေကောင်ကို ပံ့ပိုးပေးနေတယ်။ဒီတော့ ငါ့ရဲ့ဩဇာအာဏာက ပိုနည်းလာတာပေါ့။ဒါတွေအားလုံးက မင်းရဲ့ခင်ပွန်းကြောင့်ပဲ။" ဘာကို ဒီလောက် တိကျနေရတာလဲ။ဒီငတုံးကောင်ကတော့ ။ ကျွန်မ အနည်းငယ် မူးနောက်နောက် ဖြစ်လာသဖြင့် နဖူးကို လက်ဖြင့် ဖျစ်ညှစ်ထားရသည်။ "ကျွန်မရဲ့ခင်ပွန်းကို အရှင့်သား အပြစ်တင်မနေသင့်ပါဘူး။" ထိုကြောင့် ကျွန်မ စူးရှသော အသံဖြင့် ပြောလိုက်၏။ "အခုထိ ဩဇာအာဏာကို မဖြန့်ကျက်နိုင်သေးတဲ့အတွက် အရှင့်သား ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နေသင့်တာပါ။" "ဘာ" "ဒုတိယမင်းသား နန်းတော်ကနေ ထွက်သွားပြီးနောက်ပိုင်း ကိုယ့်ရဲ့ ဩဇာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်နိုင်ခဲ့တာက အရှင့်သား ကိုယ်တိုင်ပဲဆိုတာ မတွေးမိပါဘူးလား။" ကယ်လီယန် အံကြိတ်နေသည်ကို ကျွန်မ မြင်နေရ၏။သို့သော် သူ ထပ်မအော်လာတော့ပေ။ သူက ကျွန်မ၏စကားများကို ပြန်မငြင်းနိုင်သောကြောင့် ဖြစ်လေသည်။ကျွန်မ ကယ်လီယန်ကို ပို၍ ညင်သာစွာ ပြုံးပြလိုက်ပြီး သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ "ဒါကြောင့် ..." ကျွန်မ ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။ "ကျွန်မက အရှင့်သားကို ကူညီပေးမယ်လို့ ပြောနေတာပါ။" "မင်းက" "ဟုတ်ကဲ့၊ကျွန်မပါ။" ကျွန်မ ယုံကြည်မှုရှိသော အပြုံးဖြင့် ကယ်လီယန်ကို ကြည့်လိုက်သည်။ကယ်လီယန်၏မျက်နှာမှာ အနည်းငယ် ထူးခြားစွာ ပြောင်းလဲလာသည်။သူက ကျွန်မကို မယုံတစ်ဝက် ယုံတစ်ဝက် အမူအရာဖြင့် ကြည့်လေသည်။ "ပထမဆုံးအနေနဲ့ ..." ဟူး သူက အကြာကြီး အသက်ရှူထုတ်လိုက်သည်။ "မင်းကို ခေါ်လိုက်ရတာက မနေ့က ဖလဲရ်နဲ့ ဘာဖြစ်ခဲ့လဲဆိုတာ နားထောင်ချင်လို့ပဲ။" "ဘုရားရေ" ကျွန်မ ယပ်တောင်ဖြင့် ပါးစပ်ကို အုပ်လိုက်ရင်း ပခုံးတွန့်လိုက်မိသည်။ "အရှင့်သား ဒီကိစ္စကို ရှာဖွေစစ်ဆေးပြီးသား ဖြစ်လောက်မှာပါ။ဒါဆို ကျွန်မကို ဘာကြောင့် ထပ်မေးနေရပါသလဲ။" ကျွန်မ ပြောဖူးသည့်အတိုင်းပင် ကယ်လီယန်သည် နောက်ကွယ်က ဖြစ်ရပ်တိုင်းကို အမြဲလိုလို စုံစမ်းစစ်ဆေးတတ်လေသည်။ ဒါဆို နင်က ငါ့ကို ဘာလို့ ထပ်မေးနေရတာလဲလို့။ အဖြေမှာ တစ်ခုတည်း ရှိသည်။ "ကျွန်မတို့ ပြောခဲ့သလိုပါပဲ၊ဖလဲရ်က အမှားတစ်ခု လုပ်ခဲ့တယ်ဆိုတာ အသိသာကြီးပဲ မဟုတ်ပါလား။" ကျွန်မ ထိုသို့ ပြောလိုက်လျှင် ကယ်လီယန်၏မျက်နှာထားက ခက်ထန်သွားလေသည်။ "မင်း ပါးစပ်ကို သတိထားပြီး ပြော။အခုထိ ဘယ်အရာမှ မသေချာသေးဘူး။" "မသေချာသေးဘူးဆိုတာ အရှင့်သား ဘာကို ဆိုလိုချင်ပါသလဲ။သိသာနေတဲ့ အမှန်တရားတစ်ခုကို အရှင့်သား ဘာကြောင့် မျက်ကွယ်ပြုနေရတာပါလဲ။" ကျွန်မ ခြေချိတ်ထိုင်၍ မျက်နှာကို မော့လိုက်သည်။ "ကောင့်မြို့စားကတော်က တန်ဖိုးကြီးတဲ့ ရေမွှေးတစ်ခု ယူလာတယ်ဆိုပြီး ကျွန်မကို စမ်းသုံးကြည့်ဖို့ ရုတ်တရက်ကြီး အကြံပေးလာခဲ့ပါတယ်။ကျွန်မက ငြင်းလိုက်တဲ့အခါမှာ သူမက ရေမွှေးပုလင်းကို ကျွန်မရှေ့မှာ ကျကွဲသွားတာပါ။ပြီးတော့ ကျွန်မလဲ လက်ဆေးဖို့ ရေကန်ကို သွားခဲ့တယ်။အဲ့ဒီအချိန်မှာ ကောင့်မြို့စားကတော်က ဘီလူးတောအုပ်ထဲကို ဝင်သွားတာ မြင်လိုက်ရပါတယ်။" "..." "ဒါနဲ့ပဲ ကျွန်မလဲ ကြောက်ကြောက်နဲ့ ကောင့်မြို့စားကတော်အနောက်ကို လိုက်သွားရတာပါ။ဒါပေမဲ့ ကျွန်မကို ဘီလူးတွေက ဝိုင်းအုံပိတ်ဆို့ထားကြပါတယ်။ဒါက အမှန်ပါပဲ။ကာဘန်ပန်းရနံ့ ရေမွှေးကြောင့်ပါ။" ကယ်လီယန်က နဖူးကိုတွန့်ပြီး ညည်းညူလိုက်သည်။သူက စိတ်အခြေအနေ မကောင်းပုံရ၏။ သူမက သူယုံကြည်ခဲ့ရသော ဖလဲရ် မဖြစ်နိုင်ဟု သူ ပထမဆုံး တွေးမိနေသောကြောင့် ဖြစ်နိုင်သည်။ ထို့ကြောင့် ကယ်လီယန် ဆက်ပြောမည့် စကားများကို ကျွန်မ အေးအေးဆေးဆေး စောင့်နေပေးလိုက်သည်။ "ဖလဲရ်က ..." ကယ်လီယန်သည် မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သုတ်လိုက်ပြီး သက်ပြင်းမောကြီး ချလိုက်သည်။ "သူမက ဒီလို မိန်းမမျိုး မဟုတ်ဘူး။" သူက ဆက်ပြောသည်။ "မင်းက ဘယ်လောက်ပဲ စိတ်အနှောင့်အယှက် ပေးနေပါစေ သူမက မင်းကို သတ်ပစ်ဖို့ ကြိုးစားမဲ့ မိန်းမ မဟုတ်ဘူး။" ထိုသို့ ပြောနေသော ကယ်လီယန်က သူ့ကိုယ်သူ ဦးနှောက်ဆေးနေပုံ ရလေသည်။ "သဘောကောင်းတယ်၊အပြစ်ကင်းတယ်၊ရိုးသားဖြူစင်တယ်။သူမက ဒီလို မိန်းမပဲ။ဖြစ်နိုင်စရာ အကြောင်း လုံးဝ မရှိဘူး။" အင်း ကျွန်မ ခေါင်းမော့လိုက်သည်။ "အရှင့်သား" ကယ်လီယန်၏မျက်လုံးရှေ့တည့်တည့်တွင် ကျွန်မ လက်ခုပ်တီးလိုက်သည်။ "နိုးထလာပါတော့။" ကယ်လီယန်၏ မျက်လုံးများက အတန်ငယ် လှုပ်ရှားသွားသည်။သူ၏ သိသာလှသော စိတ်တုန်လှုပ်မှုကို ကျွန်မ ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေးများကို တွန့်လိုက်မိသည်။ "အရှင့်သားရဲ့ မျက်စိရှေ့က အရာတွေကို ယုံကြည်ဖို့ လိုပါတယ်။" ကယ်လီယန် လက်သီးဆုပ်ထားလိုက်၏။ သူက မျက်လုံးများကို မှတ်၍ လေးပင်စွာ အသက်ရှူလိုက်ပြီး ဖြည်းဖြည်းချင်း ရှုထုတ်လိုက်သည်။ပြီးမှ သူ့မျက်လုံးများကို နှေးကွေးစွာ ပြန်ဖွင့်လာ၏။ "ငါ မင်းကို မယုံကြည်နိုင်ဘူး။" "ကျွန်မ သိပါတယ်။" ကျွန်မ ပြုံးလိုက်သည်။ "ဒါကြောင့် အနာဂတ်မှာ အရှင့်သားက ကျွန်မအပေါ် ယုံကြည်လာအောင် လုပ်ပြပါမယ်။ဒါက ဒီလိုပဲ ဖြစ်သင့်တာ မဟုတ်ပါလား။" "..." "ပြီးတော့ အရှင့်သား သိပါတယ်။" လမ်းတစ်ဝက်ကို ရောက်နေပုံရသော ကယ်လီယန်ကို ကျွန်မ မျက်လုံးမှေး၍ ကြည့်လိုက်သည်။ "ကျွန်မက ကောင့်မြို့စားကတော်ထက်တော့ ပိုပြီး ကူညီပေးနိုင်တယ် မဟုတ်ပါလား။" ကယ်လီယန် ပါးစပ် အနည်းငယ် ဟလာခဲ့၏။သူက သူ့လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်ထားရင်း ကျွန်မကို မမှိတ်မသုန် ကြည့်လာလေသည်။ TK Team ++++++++