Chapter 71
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၇၁)

ကယ်လီယန်မှာ အမှန်ပင် စိတ်မသက်မသာ ဖြစ်နေရသည်။

ပထမဆုံးအနေဖြင့် လာဂိုကြောင့် ဖြစ်သည်။

မနက်စောစောကတည်းက သူ ရောက်လာခဲ့သည်။ရောက်လာပြီးကတည်းက သူ့နှလုံးသားကို ကုတ်ခြစ်နိုင်သော စကားအချို့ကို ပြောခဲ့သည်။

သူက ဘီလူးများကို တိုက်ခိုက်နိုင်နင်း၍ မည်မျှအထိ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ဧကရာဇ်က သူ့ကို မည်မျှအထိ အားရကျေနပ်နေပါကြောင်း စသဖြင့်။

လက်တစ်လော၌ မည်သည့် စွမ်းဆောင်မှုမှ မရယူနိုင်သေးသော ကယ်လီယန်အတွက် သူ၏စကားများမှာ ဆူးချွန်များနှင့် တူလှသည်။

သူ၏ရည်မှန်းချက်ကို နာကျင်စွာ ထိုးဖောက်ပစ်လိုက်နိုင်သည့် ဆူးချွန်များပင်။ထို့ကြောင့် ကယ်လီယန်မှာ ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်နေရသည်။

ထိုအချိန်တွင် အိုဖီလီယာက ရောက်လာခဲ့သည်။

အမှန်က သူမကို ခေါ်လိုက်သည်မှာ သူ ဖြစ်သည်။မနေ့က အမဲလိုက်ပြိုင်ပွဲတွင် ဖြစ်ပျက်ခဲ့သည်ကို အသေးစိတ် သိချင်သဖြင့် သူမကို လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။

သို့သော် အမှန်တကယ်တမ်း သူမ ရောက်လာချိန်တွင် သူ ပို၍ ဒေါသဖြစ်လာရ၏။သူက အိုဖီလီယာကို သူထင်ထားသည်ထက် ပိုမုန်းတီးနေပုံ ရသည်။

ထိုထက် ပိုဆိုးသည်က 

အရှင့်သား နိုးထလာပါတော့။

အရှင့်သားရဲ့ မျက်စိရှေ့က အရာတွေကို ယုံကြည်ဖို့ လိုပါတယ်။

သူမ ထိုသို့ ပြောလာချိန်တွင် သူ ပို၍ ဒေါသဖြစ်လာတော့သည်။ကယ်လီယန် အမှန်ပင် ဒေါသထွက်နေရ၏။

မင်းက သံသယလေး တစ်စလောက် ထွက်လာဖို့အတွက် ငါ့နှလုံးသားကို ဘယ်လိုတောင် ကုတ်ခြစ်ပြီး ပြောနေရတာလဲ။

ယခု ဖလဲရ်ကို သံသယဝင်နေရခြင်း အကုန်လုံးက အိုဖီလီယာ၏အမှားများသာ ဖြစ်သည်။သူမ ကြောင့်သာ။

သို့သော် ၎င်းက အိုဖီလီယာကို ချက်ချင်း ပြန်သွားခိုင်းသင့်သည်ဟု မဆိုလိုပေ။

"ကျွန်မက ကောင့်မြို့စားကတော်ထက်တော့ ပိုပြီး ကူညီပေးနိုင်တယ် မဟုတ်ပါလား။"

သူ့ကို ကူညီပေးမည့်သူက အင်မတန် ရှားပါးလွန်းသည်။

ထို့ကြောင့် ကယ်လီယန်မှာ သူ့ကို လက်ကမ်းပေးလာသော မြို့စားကြီးရိုင်ဇန်အိမ်တော် သခင်မ အိုဖီလီယာကို မငြင်းပယ်နိုင်ခဲ့ပေ။သူ နားထောင်ဖို့ လိုသည်။

"မင်း ငါ့ကို ဘယ်လိုမျိုး ကူညီမှာလဲ။"

"အရှင့်သား သိပါတယ်။"

အိုဖီလီယာက ထိုစကားကို စောင့်နေသကဲ့သို့ တုံ့ပြန်လာ၏။

"ကျွန်မက အထက်တန်းလွှာ ဆွေကြီးမျိုးကြီးတွေရဲ့ အားနည်းချက်တွေကို ဖမ်းဆုပ်နိုင်ပါတယ်။"

"ဘယ်လို"

ကယ်လီယန်က နားကြားလွဲနေသလားဟု အံ့ဩသွားပြီး ပြန်မေးလိုက်ရ၏။အိုဖီလီယာကတော့ ထိုစကားကို အမှန်ပင် ပြောနေခဲ့ပုံရသည်။သူမက ဆက်ပြော၏။

"ကျွန်မ မှော်နက်သုံးနိုင်တာကို လူသိများသွားပြီးတဲ့နောက်မှာ လူအများကြီးဆီက ဖိတ်ကြားစာတွေ ရရှိခဲ့ပါတယ်။"

"ဖိတ်ကြားစာလား။"

"ဟုတ်ကဲ့။ဖိတ်ကြားရတဲ့ ရည်ရွယ်ချက်ကိုတော့ ထည့်မရေးထားပါဘူး။ဒါပေမဲ့ သေချာပါတယ်။သူတို့က ကျွန်မကို တစ်ခုခု လုပ်ပေးဖို့ ကမ်းလှမ်းချင်တာပါ။"

အိုဖီလီယာ၏မျက်လုံးများက တောက်ပနေသည်။ကယ်လီယန်လည်း သူမ ဆက်ပြောမည်ကို စောင့်နေလိုက်မိ၏။

"ဒါပေါ့ရှင်"

အိုဖီလီယာက လက်ဖျောက်တစ်ချက်တီး၍ ပြောသည်။

"ကျွန်မက သူတို့ရဲ့တောင်းဆိုချက်တွေ အားလုံးကို ဖြည့်ဆည်းပေးနိုင်လောက်တဲ့အထိတော့ မသန်မာပါဘူး။"

ထိုစကားက အလိမ်အညာတစ်ခုသာ ဖြစ်၏။

အိုဖီလီယာသည် တောင်းဆိုမှုအမြောက်အမြားကို ဖြည့်ဆည်းပေးနိုင်သည့် စွမ်းအားရှိသည်။သို့သော် ထိုသို့ ပြောလိုက်ရခြင်းမှာ အကြောင်းရင်းတစ်ခုသာ ရှိပါ၏။

ငါက ကယ်လီယန်ကို မယုံကြည်လို့လေ။

ကျွန်မ၏ စွမ်းအား အကုန်လုံးကို ကယ်လီယန်ထံ၌ ချပြလိုက်ပါက သူ၏ယုံကြည်မှုကို ချက်ချင်း ရရှိနိုင်မည် ဖြစ်သည်။သို့သော် ရေရှည်တွင် အန္တရာယ်များလာနိုင်သည်။

နင်က ငါ့ကို မူလဇာတ်ကြောင်းထဲကလိုမျိုး အသုံးချလာရင် ဘယ်လို လုပ်မလဲ။

မူလဇာတ်ကြောင်းတွင် ကယ်လီယန်၏ တောင်းဆိုမှုကြောင့် အိုဖီလီယာက မှော်နက်သုံး၍ ဆိုဗက်စ်စတာကို သတ်ပေးခဲ့သည်။ယခုတစ်ခေါက်တွင်လည်း ကျွန်မကို ထိုသို့ မတောင်းဆိုလာနိုင်ဟု အာမခံချက် မရှိပေ။

ထို့ကြောင့် အိုဖီလီယာသည် သူမ၏စွမ်းအားများကို တတ်နိုင်သမျှ ကယ်လီယန် မသိအောင် ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားရခြင်း ဖြစ်သည်။

သင့်တော်သလောက်သာ ထုတ်ပြရမည်။

"ဒါပေမဲ့ အရှင့်သားကတော့ သူတို့တွေ ပြောနေကြတဲ့အကြောင်းတွေကို ကြားနိုင်ပါလိမ့်မယ်။ဒါကသာ အရှင့်သားက ကျွန်မအပေါ် စိတ်ချယုံကြည်လာအောင် လုပ်ပေးနိုင်မှာပါ။"

"..."

ကယ်လီယန်မှာ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်ရသည်။

တစ်နည်းအားဖြင့် အိုဖီလီယာက တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် မှော်နက်ကို အသုံးပြုပြီးနောက် တောင်းဆိုသည့် ကိစ္စများကို သူ့ထံ ပြန်လည်သတင်းပို့မည် ဖြစ်သည်။ 

၎င်းမှာ မကောင်းသော အကြံပြုချက်တစ်ခု မဟုတ်ပေ။

မဟုတ်သေး၊သူ ပြန်ပြင်ပြောရမည်။အတော် ကောင်းသည့် အကြံပြုချက်တစ်ခု ဖြစ်သည်။

သို့သော် ကယ်လီယန်မှာ စိတ်မအေးနိုင်သေးပေ။

သူမက သူ့ကို သည်လောက်အထိ ကူညီပေးမည်ဆိုသည်က အမှန်တကယ် အဓိပ္ပါယ်မရှိပေ။

"မင်းက ငါ့အတွက် ဒါကို ဘာကြောင့် လုပ်ပေးရမှာလဲ။"

ထို့ကြောင့် ကယ်လီယန် မေးလိုက်သည်။

"မြို့စားကြီးရိုင်ဇန်က ဒုတိယမင်းသားကို ပံ့ပိုးပေးနေတယ်။သူက ဒုတိယမင်းသားကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဧကရာဇ် ဖြစ်အောင် လုပ်ပေးဖို့ ကြိုးစားနေတာ။ဒါပေမဲ့ မင်းက သူနဲ့ စိတ်သဘောထားတိုက်ဆိုင်ပုံ မရဘူး။"

ဆိုဗက်စ်စတာ ရိုင်ဇန်က ဒုတိယမင်းသားအား ပံပိုးပေးနေသည်ကို အားလုံးသိကြသည်။ထို့ကြောင့် ကယ်လီယန်အတွက် အကြီးမားဆုံး အတားအဆီးမှာ ဆိုဗက်စ်စတာ ဖြစ်လေသည်။

ထိုသူသည် အထက်တန်းလွှာ မင်းဆွေစိုးမျိုးများ၏ အကြီးအမှူးဖြစ်ပြီး ဩဇာအာဏာနှင့် ဆက်စပ်သော ကိစ္စများတွင် အသာစီး ရယူထားသည်။ထို့ကြောင့် သူက ဆိုဗက်စ်စတာကို ဖယ်ရှားပစ်ရန် အမျိုးမျိုး ကြိုးစားခဲ့သော်လည်း အားလုံး ကျရှုံးသွားခဲ့သည်။ဆိုဗက်စ်စတာမှာ အထင်ကြီးလောက်စရာ ပုဂ္ဂိုလ် ဖြစ်သည်။

သို့သော် ထိုကြားထဲတွင် ရိုင်ဇန်မြို့စားကြီးကတော်က သူ့ကို ပံ့ပိုးလာခဲ့သည်။

ဘာကြောင့်လဲ။

ကယ်လီယန်မှာ အိုဖီလီယာကို သံသယများဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ၊ငါ တစ်ခုခု လုပ်ပေးဖို့ လိုလား။"

ကယ်လီယန်၏အကြည့်ကို ရလိုက်လျှင် အိုဖီလီယာက ပြုံးလိုက်သည်။

"ကျွန်မက ရှုပ်ထွေးပွေလီလွန်းတဲ့ နိုင်ငံရေးအကြောင်းတွေကို များများစားစား မသိပါဘူး။ကျွန်မက ဒီအတိုင်း ..."

အိုဖီလီယာက ကယ်လီယန်၏မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်ပြီး ပြောသည်။

"အရှင့်သားကို ပျော်ရွှင်စေချင်တာပါ။"

ထိုအခိုက်၌ ကယ်လီယန်၏အသက်ရှူသံက ရပ်တန့်သွားခဲ့သည်။

ပျော်ရွှင်မှု

ငါက ဒီလိုအရာမျိုးကို ရနိုင်လို့လား။

သူ တော်ဝင်မိသားစုသို့ ဝင်မလာခင်က ပို၍ပျော်ရွှင်ခဲ့ရသည်။ဖလဲရ်၏အိမ်တော်၌ အတူတကွ နေထိုင်ခဲ့ကြသော အချိန်လေးများ ဖြစ်သည်။

သူက အိမ်ရှေ့စံမင်းသားဖြစ်ပြီး ဖလဲရ်ကလည်း သူ၏ကံကောင်းမှုကို အသည်းအသန် လိုချင်နေသဖြင့် သူ့မှာ ရွေးချယ်စရာ မရှိဘဲ တော်ဝင်မိသားစုအတွင်းသို့ ဝင်ရောက်ခဲ့ရသည်။

ထိုအချိန်မှ စ၍ သူ မပျော်ရွှင်ခဲ့ရတော့ပေ။

သူ မပျော်နိုင်တော့ပါ။

လူတိုင်းက သူ့ကို ကြည့်ပြီး ချိန်ရွယ်ရည်မှန်းနေကြချိန်တွင် သူ မည်ကဲ့သို့ ပျော်ရွှင်နေနိုင်မည်နည်း။

သို့သော် ပျော်ရွှင်မှု ဆိုသည်က။

ကယ်လီယန် ရယ်လိုက်မိသည်။စိတ်လှုပ်ရှားမှုများဖြင့် ရယ်လိုက်ခြင်း ဖြစ်ပြီး တစ်ချိန်တည်း၌ သူ့ရင်ဘတ်ထဲရှိ ထောင့်တိုင်းတွင် မရိုးမရွ ဖြစ်နေသော ခံစားမှုတစ်ခုကို ခံစားမိလိုက်သည်။

"မင်းက ငါ့ကို ဘာကြောင့် ပျော်ရွှင်စေချင်ရတာလဲ။"

"ဘာကြောင့်ဆိုတာ အရှင့်သားသိမယ်လို့ ထင်ပါတယ်။"

အိုဖီလီယာက တည်ငြိမ်သော အပြုံးလေးတစ်ခုဖြင့် တုံ့ပြန်လိုက်သည်။

"ကျွန်မက အရှင့်သားကို နှစ်သက်သဘောကျတာကြောင့်ပါ။"

ကယ်လီယန်မှာ နောက်ထပ်တစ်ကြိမ် အသက်ရှူမှားသွားရပြန်သည်။ထိုစကားကို အကြိမ် မနည်းမနော ကြားခဲ့ပြီး ဖြစ်၏။ယနေ့ သူ့နှလုံးသားမှာ အတော် ထူးဆန်းနေသည်။သူ့မျက်နှာပေါ်အထိ အပူများ တက်လာသည်ဟု ခံစားနေရ၏။

ဒါက ထူးဆန်းတယ်။တကယ် ထူးဆန်းနေတယ်။

ကယ်လီယန်မှာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်မိသည်။

"ပြန်တော့"

သူက အိုဖီလီယာကို မကြည့်ဘဲ ထိုသို့ ပြောလေသည်။

"ငါ မင်းကို မခေါ်ဘဲ ထပ်မလာခဲ့နဲ့။"

သူ အိုဖီလီယာကို ဤအတောအတွင်း မတွေ့သင့်သေးပုံရသည်။

သူ ထိုသို့ နေသင့်သည်ဟု တွေးမိသည်။

*
ကျွန်မသည် သံသယအနည်းငယ်ဖြင့် အိမ်ရှေ့စံမင်းသားနန်းတော်မှ ထွက်လာခဲ့သည်။

မဟုတ်သေးပါဘူး၊ဒီနေ့ ငါ့ကို လာဖို့ ခေါ်တာက သူ မဟုတ်ဘူးလား။ဒါဆို သူက ဘာလို့ ရုတ်တရက်ကြီး ငါ့ကို မလာဖို့ ပြောရတာလဲ။

စိတ်ကူးပေါက်ရာတွေ လျှောက်လုပ်နေတာပဲ။အရှက်မရှိလိုက်တာ၊တကယ်ပါပဲ။

သူက တစ်မျိုးတစ်ဖုံး ထူးဆန်းနေပုံရ၏။သို့သော် ကျွန်မ နက်နက်နဲနဲ မစဥ်းစားလိုပေ။

ပထမဆုံး ကျွန်မ စဥ်းစားဖို့ လိုအပ်သည်က ဒုတိယမင်းသား လာဂို အကြောင်းဖြစ်သည်။

မူလဇာတ်ကြောင်းထဲတွင် ထိုသူကို မြွေနှင့်တူသော လူစားဟု ဖော်ပြထားသည်။

သူ၏မျက်နှာလှလှလေးနှင့် မတူဘဲ ရိုးရိုးနှင့် လိုရင်းတိုရှင်း လုပ်တတ်သူ ဖြစ်သည်။

ယနေ့ ကျွန်မ သူ့ကို မြင်လိုက်ရချိန်တွင် ထိုသူအကြောင်း ရေးသားဖော်ပြချက်က အမှန်ပင် ပြည့်စုံသည်ဟု တွေးမိသည်။

လာဂိုက ကြောက်စရာကောင်းသည်။သူ၏မျက်ဆန်များမှာ သွေးများ ရှိနေသကဲ့သို့ ရဲရဲနီနေ၏။နေလောင်ထားသော အသားအရည်ကြောင့် ကြမ်းတမ်းသော အသွင်အပြင် ရှိနေပြီး လက်တစ်ခုလုံးတွင် ပြည့်နေသော အသားမာများက နိုင်ထက်စီးနင်း ပြုလိုသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ခြုံပြောရလျှင် သူက မကောင်းသော ခံယူချက် ရှိသူတစ်ယောက် ဖြစ်သည်။

ထို့အပြင်

ဘာပဲဖြစ်ဖြစ် ငါတို့ နောက်တစ်ခါ ထပ်တွေ့ရဦးမှာပါ။

အိုဖီလီယာသည် လာဂိုကို နောက်ထပ် လုံးဝ မတွေ့ဆုံချင်တော့ပါ။

သို့သော် ဆိုဗက်စ်စတာက လာဂိုကို ပံ့ပိုးပေးနေသရွေ့ ကျွန်မ ထိုသူနှင့် တွေ့ဆုံရဦးမည့် အခြေအနေရှိသည်။

ဒါပေမဲ့ ဆိုဗက်စ်စတာက လာဂိုကို ဘာကြောင့် ပံ့ပိုးပေးနေရတာလဲ။

မူလဇာတ်ကြောင်းတွင် ဆိုဗက်စ်စတာက လာဂိုအပေါ် ပံ့ပိုးပေးသည်ဟူ၍သာ ဖော်ပြထားပြီး ပံ့ပိုးရသည့် အကြောင်းရင်းကို မဖော်ပြထားပေ။

ဘာကြောင့်လဲ။ကျွန်မ သိချင်နေသည်ကို ထိန်းမထားနိုင်တော့ပါ။ဆိုဗက်စ်စတာကို မေးသင့်သည်ဟု ကျွန်မ တွေးမိသည်။ထို့ကြောင့် ကျွန်မ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် ဆိုဗက်စ်စတာ ရှိနေနိုင်သော ရုံးခန်းဆီသို့အပြေးအလွှား သွားလိုက်သည်။

"ဟန်နီ!"

သူက ကျွန်မကို ဝင်လာရန် မပြောခင်ကတည်းက ကျွန်မ တံခါးကို ဖွင့်လိုက်သည်။

လက်ထဲတွင် ဖောင်တိန်တစ်ချောင်းကို ကိုင်လျက် ခက်ထန်တင်းမာနေပုံရသော ဆိုဗက်စ်စတာကို မြင်လိုက်ရသည်။

"မင်း တံခါး မခေါက်တော့ဘူးလား။"

"အင်း"

"ဒါက ရွှင်ရွှင်မြူးမြူး ပြောနေစရာလို့တော့ ကိုယ် မထင်ဘူး။"

ဆိုဗက်စ်စတာက အံ့အားသင့်နေသော မျက်နှာထားဖြင့် ပြုံးလေသည်။

"မင်း စောစောပြန်လာတာပဲ။"

"အာ၊ကျွန်မမှာ ပြောစရာ အများကြီးတော့ မရှိပါဘူး။"

"မင်း ဘာပြောမလို့လဲ။"

ကျွန်မ မျက်တောင်ခတ်လိုက်မိသည်။

ကျွန်မတို့ ဘာအကြောင်း ပြောရမလဲ။

ကျွန်မ ကယ်လီယန်ကို သွေးဆောင်ဖို့ လုပ်ခဲ့တဲ့ အရာအားလုံးကိုလား။

ကျွန်မ သူ့ကို တစ်ခုပြီး တစ်ခု ပြောမပြနိုင်ပေ။ထို့ကြောင့် ကျွန်မ ပခုံးတွန့်လိုက်ရသည်။

"ဒါက လျှို့ဝှက်ချက်လေ။"

"လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ထိန်းသိမ်းရလောက်တဲ့အထိ မင်းက စကားစမြည် ပြောခဲ့ပုံပဲ။"

ဆိုဗက်စ်စတာက ဖောင်တိန်ကို ချရင်း နဖူးတွန့်လိုက်သည်။

"ဒီတော့ ဘာဖြစ်ခဲ့တာလဲ။မင်း ကိုယ့်ဆီ တန်းလာခဲ့တာက အကြောင်းတစ်ခုတော့ ရှိမှာပဲ။"

"ကျွန်မ တစ်ခုခု သိချင်လို့ လာခဲ့တာ။"

"ဘာများလဲ။"

ဆိုဗက်စ်စတာက မျက်ခုံးပင့်လိုက်သည်။

ကျွန်မ သူ့ကို သိမ်မွေ့စွာ ကြည့်ပြီး ပါးစပ်ကို ဖွင့်လိုက်သည်။

"ရှင်က ဒုတိယမင်းသားကို ဘာကြောင့် ပံ့ပိုးပေးနေရတာလဲ။"


TK Team
++++++++