Chapter 55
Viewers 8k

> ဇာတ်လိုက်လား? ငါသူ့ကိုမလိုချင်ဘူး >Ch 55


မသက်မသာခံစားချက်ဖြင့် လူနာသည် သူမ၏ခြေလှမ်းများကိုရွှေ့လိုက်သည်။ထို့နောက် ထမင်းစားခန်းက လွတ်နေသည်ကိုတွေ့လိုက်ရပြီး သူမထတာနောက်ကျသွားမှန်းသဘောပေါက်လိုက်သည်။

'မီးဖိုချောင်မှာများ တစ်ယောက်ယောက် ရှိလောက်လား'

လူနာ မီးဖိုချောင်ဘက်သို့လှည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ယောက်ရှိနေပုံရသည်။ မီးဖိုချောင်ထဲ၌ အသံမျိုးစုံ ကြားနေရသည်။

သူမ မနက်စာအတွက် တောင်းဆိုတော့မလို့ဖြစ်သော်လည်း သူမရှေ့ရှိ သိပ်မရင်းနှီးသော မြင်ကွင်းကြောင့် စကားတစ်ခွန်းမှမပြောနိုင်ဘဲ တံခါးဝမှာတင် ရပ်နေခဲ့မိသည်။

'အမ်မာက ဘာလို့ ပန်းကန်ဆေးနေရတာလဲ'

အခြားသူများအားလုံး ပါဝင်ပစ္စည်းများ ပြင်ဆင်ခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းလုပ်နေကြသော်လည်း အမ်မာကမူ ပန်းကန်အမြောက်အမြားကို စိတ်အားထက်သန်စွာ ဆေးကြောနေခဲ့သည်။

ထို့အပြင် အခြားသူများအချင်းချင်း စကားစမြည်ပြောကြသော်လည်း အမ်မာ သည် ပန်းကန်ဆေးခြင်းတွင်သာ လုံးလုံးလျားလျား နစ်မြုပ်နေပြီး ကျန်သူများနှင့် သင်းကွဲနေသကဲ့သို့ ဖြစ်နေသည်။

"အမ်မာ?"

မီးဖိုချောင်ထဲ အချိန်ခဏလောက်အထိ စိုက်ကြည့်နေခဲ့သော လူနာက အမ်မာ၏ နာမည်ကို အော်ခေါ်လိုက်သည်။ မထင်မှတ်ထားသောအသံကြောင့် လန့်ဖျပ်သွားကြပြီး အမ်မာနှင့် အခြားအစေခံများက လေးစားသမှုကို အလျင်အမြန်ပြသလာခဲ့ကြသည်။

"ငါ မနက်စာအတွက် လာတာပေမယ့်..." 

လူနာက မီးဖိုချောင်တဝိုက်ကို ရှုပ်ထွေးစွာ တစ်ချက်ဝေ့ကြည့်လိုက်သောကြောင့် အမ်မာသည် အေပရွန်ပေါ် ရေစိုနေသော သူမလက်များကို သုတ်ရင်း အလျင်အမြန်ပင် ခါတိုင်းထက်ပို၍ ရှင်းပြလာတော့သည်။

"အိုး သခင်မလေး ခုမှနိုးတာလား။ကျွန်မက အားလပ်ချိန်ရှိလို့ ပန်းကန်တွေဆေးနေတာရယ်။ ခဏလောက်စောင့်အုံးနော်။ ကျွန်မ သခင်မလေးအတွက် မနက်စာ မြန်မြန်ပြင်ပေးပါ့မယ်!"

ဒီလိုနဲ့ သူမက လှုပ်လှုပ်ရှားရှား လုပ်လာခဲ့သည်။ အခြားအစေခံများကလည်း သူတို့၏ပြင်ဆင်မှုများကို တိတ်တဆိတ်ပြန်လည်လုပ်ဆောင်ကြတော့သည်။

"သခင်မလေး ဒီမှာဘာလုပ်နေတာလဲ။ ကျေးဇူးပြုပြီး ထမင်းစားခန်းထဲ သွားလိုက်ပါ။ဒါက နည်းနည်းတော့ စောင့်ရမှာအုံးမယ်"

အမ်မာ ၏တိုက်တွန်းမှုပြီးသည်နှင့် အေးစက်သောလေထုက မီးဖိုချောင်ကို ဖုံးလွှမ်းသွားခဲ့သည်။ အာလူးခွံခွာနေသည့် အစေခံတစ်ယောက်က လူနာကို တစ်ကြိမ်ကြည့်ပြီး ပါးစပ်ကို တင်းတင်းစေ့ကာ သူ့အလုပ်အပေါ် ပြန်အာရုံစိုက်လိုက်သည်။

လူနာသည် ဘာအခြေတွေဖြစ်နေတာလဲဟု မေးချင်နေသော်လည်း အမ်မာကြည့်ရတာစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေပေသည်။ 

အဆုံးမှာတော့ လူနာသည် အံ့ဩမှု စိတ်ရှုပ်မှုများဖြင့် ထမင်းစားခန်းဆီ ဦးတည်သွားခဲ့သည်။ စကျင်ကျောက်ကြမ်းပြင်ပေါ်ရှိ သူမ၏ ခြေလှမ်းများက ထူးထူးခြားခြားလေးလံနေခဲ့သည်။

"စောင့်နေရတာကြာသွားပြီမလား။သခင်မလေး နောက်ဆိုစောစောထသင့်တယ်။ ဒါဆို မနက်စာကောင်းကောင်းစားပြီး သာယာတဲ့နေ့လေးဖြစ်ပါစေနော်။ပြီးတော့ နောက်တစ်ခါကျရင် မီးဖိုချောင်ကို လူကိုယ်တိုင် မလာပါနဲ့။အဲ့ဒီအစား အစေခံတစ်ယောက်ယောက်ကိုသာ လွှတ်လိုက်ပါ"

အမ်မာသည် ယနေ့မှ တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသကဲ့သို့ ထူးထူးခြားခြား စကားများနေပေသည်။

လူနာက အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။

"အမ်မာ... တစ်ခုခုမှားနေတာလား"

"မှားတာလား။သခင်မလေး ဘာပြောချင်တာလဲ"

"နင် ဘာလို့ ပန်းကန်တွေဆေးနေတာလဲ။ နင်က ခေါင်စားဖိုမှူးလေ"

"အိုး၊ကျွန်မ ပြောခဲ့တယ်လေ။သခင်မလေး အိပ်နေတာနဲ့ ကျွန်မလည်း ဘာမှလုပ်စရာမရှိလို့ လုပ်ခဲ့တာပါ"

အမ်မ်ာသည် လူနာ၏ ပခုံးကို ညင်သာစွာ ပွတ်သပ်ကာ သူမကို မနက်စာစားရန် တိုက်တွန်းလိုက်သည်။ လူနာသည် အမ်မာ ပန်းကန်တွေဆေးနေရတာ ဘယ်လောက်ကြာပြီလဲဟု တွေးမိလိုက်သည်။ သူမ၏လက်များက အေးစက်နေခဲ့သည်။

"ဒါဆို ဘာလို့ နေ့လယ်စာ ပြင်ဆင်ဖို့မလုပ်တာလဲ။အဲ့ဒါကမှ နင့်အလုပ်လေ"

"နေ့လည်စာအတွက် ဟင်းချက်စရာတွေ ပြင်ထားပြီးသားမို့ပါ"

"ဒါပေမယ့် ဘာလို့ ဒီလောက်အေးစက်နေတဲ့လက်နဲ့ ပန်းကန်တွေဆေးနေတာလဲ"

"ဒါက လူတိုက အလုပ်ရှုပ်နေကြတော့ အားလပ်နေတဲ့သူတွေအတွက် အလုပ်တစ်ခုမို့လို့ပါ"

အမ်မာက နှစ်သိမ့်သော အပြုံးဖြင့် တုံ့ပြန်ခဲ့သည်။ သူမ၏မျက်လုံးအောက်တွင် အနက်ရောင်စက်ဝိုင်းများ ရှိနေခဲ့သည်။

လူနာသည် သူမကို ခဏလောက် ငေးကြည့်ပြီးနောက် တခြားနေရာသို့ လှည့်ကြည့်လိုက်သည်။ သူမကို နောက်ထပ်မေးခွန်းများမေးခြင်းက တူညီသောအဖြေများကိုသာ ရနိုင်သည်ဆိုတာ ရှင်းနေသည်။

အဲ့ဒီအစား တခြားလူတစ်ယောက်ကို မေးတာက ပိုကောင်းလိမ့်မည်။

"ဒါဆို အနည်းဆုံးတော့ အခုထဲစ မလုပ်နဲ့အုံး။နင့်ရဲ့ ခေါင်စားဖိုမှူးဆိုတဲ့ ပုံရိပ်နှင့်မကိုက်ညီဘူး။ နင့်လက်တွေ အရမ်းအေးစက်နေတာပဲ။နင် ရေအေးတွေနဲ့ ဘာလို့ဆေးတာလဲ။နင်က နွေးနွေးထွေးထွေးနေသင့်တယ်လေ! ဒါက ဘယ်လိုကြောင့်လဲ"

"ကျွန်မ မြန််မြန်ဆေးပြီးမယ်ထင်လိုပ်လို့ပါ။ အခုနားလည်ပါပြီ သခင်မလေး။ ကျွန်မ ထပ်မလုပ်တော့ပါဘူး"

လူနာက သူမ ဆက်မမေးတော့ဘူးလို့ ညွှန်ပြလာချိန်တွင် အမ်မ်ာသည် သိသိသာသာပင် စိတ်အေးသွားပြီး မီးဖိုချောင်ထဲကို ပြန်ဝင်သွားခဲ့သည်။ လူနာသည် နံနက်စာကို အရသာပင် အတိအကျ မခံနိုင်ဘဲစားသောက်ခဲ့သည်။ ထို့နောက် လက်ဖက်ရည်သောက်ရန်အတွက် ဖန်လုံအိမ်ထဲသို့ သွားခဲ့ပြီး အတွေးထဲ ပျောက်သွားခဲ့သည်။

သူမ ဆက်ပြီး တည်ငြိမ်ဟန် မဆောင်နေနိုင်တော့ပေ။ သူမ၏ လက်ဖက်ရည်ခွက်ကို ဆုပ်ကိုင်ထားသောလက်များကပင် အနည်းငယ်တုန်ယင်နေခဲ့၏။ သူမ ဘယ်လိုပဲ တွေးနေပါစေ စောစောက မီးဖိုချောင်ထဲက အခြေအနေမှာ ထူးဆန်းလွန်းလှသည်။

"သခင်မလေး! နိုးပြီလား"

သူမ၏ အတွေးတွေထဲ ပျောက်ဆုံးနေချိန်တွင် လော်ရာသည် ဖန်လုံဥယျာဉ်ထဲ၌ ပေါ်လာခဲ့သည်။ လူနာသည် သူမ၏ အားလပ်ချိန်များတွင် မှန်လုံဥယျာဉ်ထဲ၌သာ မကြာခဏရှိတတ်သောကြောင့် လော်ရာသည် အခြားနေရာသွားရှာရန်ရန် မလိုအပ်ခဲ့ပေ။

"လော်ရာ၊ ငါ့ဘေးမှာ ခဏလာထိုင်"

လူနာ၏ဖိတ်ကြားချက်အတိုင်း လော်ရာ သည် ချက်ချင်းထိုင်လိုက်ပြီး အစေခံက လက်ဖက်ရည်ကို စတင်ပြင်ဆင်ပေးခဲ့သည်။

"ငါ့မှာ မေးစရာတစ်ခုရှိတယ်"

"အဲဒါက ဘာများလဲ"

လူနာက ကွတ်ကီးတစ်ကိုက်ကိုစားရင်း မနေ့ညက အဖြစ်အပျက်အကြောင်း မေးလိုက်သည်။

"နင် မနေ့ညက အမ်မာကိုရှာဖို့ မီးဖိုချောင်ထဲဝင်သွားတုန်း တစ်ခုခုတွေ့ခဲ့သေးလား"

"…ဘယ်လို"

လော်ရာသည် စားလက်စ ကွတ်ကီးကို သူမလက်ထဲမှ လွှတ်ချလိုက်မိပြီး မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့သည်။

သူမ၏ ရိုးသားသော အမူအရာနဲ့တင် အဖြေက လုံလောက်သွားပြီဖြစ်သည်။ သူမ မနေ့ညက မီးဖိုချောင်ထဲ၌ တစ်ခုခုတွေ့ခဲ့တာ သေချာသည်။

"ငါ့ကို အမှန်အတိုင်းပြော။ငါ စောနက အမ်မာကို မီးဖိုချောင်ထဲမှာ တစ်ယောက်တည်း ပန်းကန်တွေအများကြီး ဆေးနေတာ တွေ့လိုက်ရတယ်။ သူမက တခြားဘယ်သူနဲ့မှလည်း စကားမပြောဘူး"

ဖလက်

လူနာက ပန်းကန်များအကြောင်း ထည့်ပြောလာခဲ့သည်နှင့် လက်ဖက်ရည်ပြင်ဆင်ပေးနေသော အိမ်အကူက ကြမ်းပြင်ပေါ်သို့ လက်ဖက်ရည်များဖိတ်ကျအောင်လုပ်မိသွားခဲ့သည်။ လူနာက သူမကို ကြည့်လိုက်တော့ သူမအရမ်းလန့်သွားပုံရပြီး အလျင်စလို သန့်ရှင်းရေးလုပ်လာခဲ့သည်။ သူမ၏ ထိပ်လန့်မှုသည် လက်ဖက်ရည်ဖိတ်ကျခြင်းကြောင့် မဟုတ်နေပေ။

လူနာ စိတ်မသက်မသာ ခံစားလိုက်ရသည်။ဤဆိုးဝါးသောအကြောင်းကို သူမကိုယ်တိုင်မှတပါး လူတိုင်းသိကြပေမည်။

အာလူးခွံခွာနေခဲ့သော မီးဖိုချောင်က အလုပ်သမား၊ ကွတ်ကီးကို ပစ်ချလိုက်မိသော လော်ရာနှင့် လက်ဖက်ရည် ဖိတ်အောင်လုပ်မိခဲ့သော အစေခံတို့က ထိုအကြောင်းသိနေပုံရသည်။

လူတိုင်းက လူနာကို မသိစေချင်သော တစ်ခုခု... တစ်ခုခုကို ဖုံးကွယ်ထားကြပုံရသည်။

"တကယ်လို့ အခွင့်အရေးရရပြီး ဒီအခြေအနေမျိုးက အမ်မာ မလိုလားတဲ့ဟာဆိုရင်တော့ ငါအရာအားလုံးကို ဖော်ထုတ်ပြီး ပါဝင်သူတွေအားလုံးကို အပြစ်ပေးမယ်။ အမှန်တရားကို သိပြီး နှုတ်ဆိတ်နေတဲ့သူတွေကိုလည်း ဒီလိုပဲ ဆက်ဆံရလိမ့်မယ်!"

လူနာက ဒီလိုမျိုး ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်ချိန်မှာပဲ ဖိတ်ကျသွားသော လက်ဖက်ရည်ကို သန့်ရှင်းရေး လုပ်နေခဲ့သည့် အစေခံက သိသိသာသာပင် တုန်လှုပ်သွားပုံရသည်။

"ဒါပေါ့ တကယ်လို့ သိထားသမျှကို ပြောပြပေးမယ်ဆိုရင် ငါစဉ်းစားပေးမှာပါ။ မပြောနိုင်အောင် ရှောင်လွှဲလို့မရတဲ့ အကြောင်းပြချက်တစ်ခုခု ရှိကောင်းရှိနိုင်မှာပေါ့"

အစေခံသည် အေးခဲနေခဲ့ပြီး တုံ့ဆိုင်းခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိသော်လည်း ရှင်းရှင်းလင်းလင်း မသိ‌ရသေးချေ။

ဒါပေမယ့် ရှင်းနေတာ တစ်ခုတော့ရှိသည်- သူမ တစ်ခုခုကို သိနေတယ်။

လူနာသည် သူမကို ကော်လာကနေ ဆွဲကိုင်လှုပ်ပြီး အဆင်းစကားပြောခိုင်းချင်သော်လည်း အဲဒါက သူမလိုချင်သော အဖြေရဖို့ အထောက်အကူဖြစ်မှာ မဟုတ်ချေ။

လူနာသည် စိတ်တည်ငြိမ်မှုပြန်ရလာပြီး အစေခံကို ပြောလိုက်သည်။

"ဒီတော့ အခု နင်သိထားသမျှကို ထုတ်ပြောမယ်ဆိုရင် နင် အပြစ်အားလုံးပုံချခံမှာမဟုတ်ဘူးနော် ဂျိုအန်းနား"

အစေခံ ဂျိုအန်းနားသည် လက်နီကြီးဖြင့်အဖမ်းခံလိုက်ရသလ်ုမျိုး ထိတ်လန့်သွားခဲ့သည်။

"ဒါပေမယ့် နင်မလုပ်ခဲ့ဘူးဆိုရင် ဒီအိမ်ကြီးကနေ ထွက်သွားတာနဲ့တင် ပြီးသွားမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ကိစ္စကမကြာခင် ပေါ်လာတော့မှာမို့ အခုချက်ချင်း ရှင်းဖို့ နင့်ကိုအခွင့်အရေးပေးနေတာပဲ"

လူနာ၏လေသံသည် ခြိမ်းချောက်လုနီးပါးဖြစ်လာပြီး ကြောက်ရွံ့နေသော ဂျိုအန်းနားသည် ရုတ်တရက် ဒူးထောက်ကာ တောင်းပန်လာခဲ့တော့သည်။

"ကျွန်မ...! ကျွန်မ ဘာမှမလုပ်ခဲ့ပါဘူး...! ကျွန်မ အဲဒီနေ့တုန်းက အလုပ်လုပ်ဖို့အချိန်ဇယားတောင်မရှိနေပါဘူး…!"

သူမဘာမှမသိဘူးဟု ပြောရင်ပိုကောင်းလိမ့်မည်ဆိုသော်လည်း သူမ၏ အဖြေကြောင့် လူနာ နှုတ်ခမ်းကိုက်လိုက်မိသည်။

ဤမတွေးဝံ့စရာ ကိစ္စများက ဘယ်လိုလုပ် အမှန်ဖြစ်လာခဲ့ရတာလဲ။လူနာသည် လက်ဖက်ရည်ကို တစ်လုပ်သောက်ကာ အေးစက်စွာပြောလိုက်သည်။

"ငါ့ကို အားလုံးပြောပြ"

"အဲဒါ…အဲဒါက…! ကားလ်တွန်က အမိန့်ပေးခဲ့တာပါ...!သခင်မလေးတို့ အိမ်တော်စရောက်တဲ့နေ့က...!"

မမျှော်လင့်စွာပင် အိမ်တော်ထိန်း၏ နာမည်က ပါလာသောကြောင့် လူနာ မျက်မှောင်ကြုတ်မိလိုက်သည်။

"ကားလ်တွန်လား"

"ဟုတ်...ဟုတ်ပါတယ်…! သူက ဘယ်ရွန်စံအိမ် မီးဖိုချောင်မှာ အလုပ်လုပ်ဖူးတဲ့သူတစ်ယောက် လုပ်ထားတဲ့ ဟင်းကို မစားချင်ဘူးလို့ ပြောပါတယ်…!"

"အိုး ဘုရားရေ…!"

လော်ရာသည် အံ့အားသင့်စွာဖြင့် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။လူနာသည် ပြန်တွေးကြည့်မှ မကြာသေးမီက အစားအသောက်များက တစ်ခုခု လိုအပ်နေသလို ခံစားခဲ့ရတာကို သတိရမိသွားသည်။ သူမတို့သည် အမ်မာက မီးဖိုချောင်နဲ့ ရင်းနှီးမှုမရှိသေးကာ အမြောက်အမြား ချက်ပြုတ်ရန် အခွင့်အရေး လုံလုံလောက်လောက် မရှိသေးသောကြောင့်ဟု ထင်ခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ အမ်မာသည် ဘာမှပင်မချက်ခဲ့ရချေ။

အားလုံးကသိနေပြီး ပါဝင်ခဲ့ကြသည်မှာ ပို၍ထိပ်လန့်စရာကောင်းနေသည်။ လူနာ သည် ခဏတာမျှ ဆွံ့အသွားခဲ့သည်။

သူတို့ ဒီအကြောင်းကို ဘာလို့ သူမကို မပြောပြခဲ့ကြတာလဲ။ သူမသာ သိခဲ့ရင် မလိုလားအပ်သော ပြဿနာများစွာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

"အဲ့ဒါက သူတို့ အမ်မာကို ခေါင်စားဖိုမှူးအဖြစ် အသိအမှတ်မပြုဘူးလို့လည်း ဆိုလိုတာပါ... အဲဒါကြောင့် သူမကို ဘေးဖယ်ထားကြပြီးတော့ စိတ်အနှောက်အယှက်ဖြစ်စရာ အလုပ်တွေနဲ့ ဝန်ပိနေခဲ့တာပါ...! ကျွန်မ အစကတည်းက ဒီကိစ္စအတွက် စိတ်မသက်မသာ ခံစားခဲ့ရလို့ သခင်မလေးကို ပြောပြရမလားတွေးနေတာပါ။ ဒီမနက် ဖြစ်ပျက်ခဲ့တာအတွက်ကိုလည်း ပြောပြရင်ကောင်းမလားလို့ တကယ်တွေးနေခဲ့တာပါ…!"

ဒီမနက်က နောက်ထပ်အဖြစ်အပျက်တစ်ခုကြောင်း ပြန်ကြားလိုက်ရသဖြင့် လူနာ စားပွဲအနားကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်မိသည်။

သူမသည် ထို ပါဝင်ပတ်သက်ခဲ့သောသူများ အားလုံးကို ချက်ခြင်းထုတ်ပယ်ပြီး အပြစ်ပေးလိုပေသည်။အထူးသဖြင့် မှားလို့မှားမှန်းတောင်မသိဘဲ ဆက်လုပ်နေကြတဲ့သူတွေကို....

"ပြောပြစမ်း အားလုံးကို"

လူနာ၏ ပြင်းထန်သော အမူအရာကြောင့် ဂျိုအန်းနားသည် သူမသိသမျှကိုအားလုံးကို လျှင်မြန်စွာ ပြောလာခဲ့တော့သည်။

"ဟုတ် ဟုတ်! ဟုတ်ပဲ့ပါ..! အဲဒါက သခင်မလေး ဒီအိမ်ကြီးကို ဝယ်တုန်းထဲက စခဲ့တာ…"

* * *

လူနာသည် ဥယျာဉ်ထဲမှ ထွက်လာခဲ့ပြီး ပထမထပ်က ခန်းမကို သန့်ရှင်းရေး လုပ်နေသော အစေခံအား စံအိမ်ထဲရှိ အလုပ်သမားများ အားလုံးကို စုစည်းခိုင်းလိုက်သည်။

"အားလုံးကိုခေါ်လိုက်။ အခုချက်ချင်း!"

လူနာ၏ မျက်လုံးများသည် ခါတိုင်းနှင့် မတူဘဲ ဒေါသများဖြင့် ပြည့်နှက်နေသည်။ အစေခံက လျင်မြန်စွာ လှုပ်ရှားတော့သည်။

လူနာ၏ နောက်တွင် ငိုနေခဲ့သော လော်ရာက မျက်ရည်များကို သုတ်လိုက်သည်။ ရွှေတွင်းကို ရှာဖွေတွေ့ရှိပြီးနောက် သူမတို့ ပျော်ရွှင်ကြရတော့မည်ဟု ထင်ခဲ့သော်လည်း ဤအလှည့်အပြောင်းကြောင့် စိတ်ပျက်သွားခဲ့ရသည်။

"ဘာတွေဖြစ်နေတာလဲ"

"ငါလည်း မသိဘူးလေ…"

ခဏအကြာတွင် အလုပ်သမားများအားလုံး ခန်းမထဲမှာ စုရုံးလာခဲ့ကြသည်။ နေ့လယ်စာစားချိန်နီးပြီဖြစ်သောကြောင့် ရိုယာ နှင့် အန်းသန့်စ်တို့သည် ထမင်းစားခန်းသို့သွားရင်း အခင်းဖြစ်ပွားရာနေရာကို မျက်မြင်တွေ့ရှိခဲ့ကြရသည်။

"လော်ရာ..."

ရိုယာသည် မျက်ရည်များကျနေသော လော်ရာထံသို့ ကမန်းကတန်း ချဉ်းကပ်လာခဲ့သည်။ သူမသည် သူမ၏ပွင့်လင်းသောကြောင့် လူသိများသော်လည်း သူမ ဤကဲ့သို့ ဝမ်းနည်းပက်လက်ဖြစ်နေသည်ကိုတော့ မမြင်ဖူးပေ။

လူနာသည် မုန်တိုင်းထန်နေသော မျက်နှာဖြင့် သူမရှေ့တွင် ရပ်လိုက်သည်။ အန်းသန့်စ်သည် တစ်ခုခုလွဲချော်နေမှန်း သတိပြုမိကာ လှေကားမှ အမြန်ဆင်းလာခဲ့သည်။

"သခင်မလေးခေါ်တယ်လို့ ကြားတယ်။ ကျွန်တော့်မှာ အစီရင်ခံစရာတွေ ရှိနေ‌တော့ တစ်ခါထဲစာရွက်စာတမ်းတွေ ယူလာခဲ့တယ်။ကျေးဇူးပြုပြီး ပြန်လည်သုံးသပ်ပေး-.."

ဖြောင်း!

လူနာသည် ခန်းမထဲတွင် ပေါ်လာသော ကားလ်တွန်ကို ပါးရိုက်လိုက်သည်။ လူတိုင်း အေးခဲသွားကြပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည် ။

ပါးရိုက်ခံလိုက်ရသော ကားလ်တွန်သည် ထိတ်လန့်သွားပုံရပြီး အသက်ရှုရန် ရုန်းကန်ခဲ့လိုက်သည်။

TK Team