Chapter 76
Viewers 5k

🌌Chapter 76



ယခုက ယခင်အနမ်းများနှင့် အနည်းငယ်ကွာခြားပုံပင်။ လုမော့ သူတစ်ခါမှမတွေ့ဖူးသော အသေးစိတ်အချက်များစွာကို သတိပြုမိ၏။ သူနှင့် လင်းက အလွန်လိုက်ဖက်ပြီး လင်းက သူပေးသမျှအရာအားလုံးကို အမြဲညင်သာစွာ လက်ခံ၏။ 

ဒါပေမယ့် သူ ထိပြီးနောက် ဘာဆက်လုပ်ရမှန်း မသိတဲ့အခါ လင်းက သူ့ကို လမ်းပြပြီး လုမော့ကို လင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို စူးစမ်းလေ့လာဖို့ ခွင့်ပြုခဲ့တယ်...


သူ ရုတ်တရက် ရှက်သွားသလို ခံစားလိုက်ရ၏။


ဘယ်လိုအရှက်မရှိတဲ့ အမျိုးသမီးဇာ့ဂ်လဲ သူက...


နမ်းပြီးနောက် လုမော့က အမောတကော အသက်ရှူလိုက်ပြီး လင်း၏ မေးစေ့ကို ဖိကိုင်လိုက်၏။ သူ ပြင်းပြင်းထန်ထန် ပြောခဲ့၏။

"မင်းက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာ..." 


လင်းက သူ့ကိုကြည့်ကာ အလွန်အပြစ်ကင်းစင်စွာနှင့် ဖြည်းညှင်းစွာ ပြုံးပြ၏။


"ငါ မင်းနဲ့ ဒါကို နောက်မှရှင်းမယ်..." 

လုမော့က ငြီးတွားလိုက်ပြီး ခေါင်းကို လှည့်၍ ဇာ့ဂ်ဧကရာဇ်၏ ဖျော့‌တော့နေသော မျက်နှာအား ကြည့်လိုက်၏။

"အရှင် အခုနားလည်သွားပြီးလား..."


"ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော့်အတွက် အဖြေတစ်ခုပဲ ရှိတယ်... ဒီဘဝမှာ ကျွန်တော့် အိမ်သူဘုရင်မက လင်းတစ်ယောက်ပဲ ရှိမှာပါ..."


လုမော့က လှောင်ပြောင်လိုက်၏။

"အရှင့်ရဲ့ သူတော်စင်လိုစရိုက်ကိုလည်း ပြောင်းလဲသင့်ပါတယ်..."


"မင်း..."

ဇာ့ဂ်ဧကရာဇ်၏ မျက်နှာက နောက်ဆုံးတွင် လုံးဝကို တွန့်လိမ်သွား၏။


ဒါက ဘယ်လိုဖြစ်နိုင်မလဲ...ဒီလိုမျိုး မဖြစ်သင့်ဘူးလေ...


သူ၏ အစီအစဉ်အရ လုမော့ သူ့စီစဉ်မှုကို ကျေးဇူးတင်စွာဖြင့် လက်ခံသင့်၏။ သူ စတင်လိုက်သည်နှင့် နောက်ဆက်တွဲဖြစ်ရပ်က ပိုမိုရိုးရှင်းလာမည်ဖြစ်သည်။ သူက အမျိုးသမီး လက်ထောက်များနှင့် ကျွန်များကို ဆက်လက်ပေးအပ်မည်ဖြစ်ပြီး လုမော့က စုန့်ကျန်းရှူးကဲ့သို့ တဖြည်းဖြည်း အကျင့်ပျက်သွား၍ လင်းကို တဖြည်းဖြည်း ရူးသွပ်သွားစေလိမ့်မည်။


ဒါပေမယ့် အဲ့ဒါက အစီအစဉ်အရ မဖြစ်လာတော့ဘူး...


ဇာ့ဂ်ဧကရာဇ်က နောက်ဆုံးတွင် တစ်ခုကိုနားလည်သွား၏။


သူ လုမော့ကို လုံးလုံးလျားလျား ယဉ်ပါးစေရန် မဖြစ်နိုင်ပေ။


စောစောက သတိပြုမိသင့်ပေမယ့် ဆိုရိုးစကားအတိုင်း တစ်ကြိမ်လောဘကြီးတာနဲ့ ဆန္ဒမြင့်တက်သွားပြီး  လူတွေက ကိုယ့်လောဘကြောင့် မျက်စိကွယ်သွားလိမ့်မယ်...


ယခုအချိန်တွင် အစီအစဉ်ကျရှုံးမှုကြောင့် မယုံနိုင်မှုများ၊  တိုးမြင့်လာသည့် မျှော်လင့်ချက်မဲ့မှုအပေါ် မှ ဒေါသများနှင့် အတွေးထဲတွင် ရှိနေသည့် နာကြည်းမှုများက ဇာ့ဂ်ဧကရာဇ်၏ နှလုံးသားထဲတွင် ကြီးမားသောလှိုင်းလုံးကြီးတစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး လုမော့ကို သူ့မုန်းတီးမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။


တိုးတက်မှုက မျှော်လင့်ချက်မရှိလျှင် အားလုံးကို ဖျက်ဆီးပစ်ခြင်းက ပိုကောင်း၏။


ဇာ့ဂ်ဧကရာဇ်၏ စိတ်ထဲတွင် ဤကဲ့သို့ အတွေးဝင်နေပြီး တိမ်ဝါရောင်မျက်လုံးများက ချက်ချင်းပင် ၎င်းတို့၏ ယခင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာ၏။ သူ့စိတ်စွမ်းအားက လုမော့ကို သွားရောက်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။


လုမော့က S အဆင့်အမျိုးသားဇာ့ဂ် ဖြစ်သော်လည်း ဤမျှကြာရှည်စွာ အသက်ရှင်နေခဲ့သော ဇာ့ဂ်ဧကရာဇ်အတွက် လုမော့ကို ချက်ချင်းသတ်ပစ်ရန်မှာ ရိုးရှင်းသောကိစ္စဖြစ်၏။


သူတို့ကို သတ်လိုက်တော့...


သိပ်သည်းသော စိတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ပိုးချည်က လုမော့၏ လည်ပင်းတွင် ရစ်ပတ်ထား၏။ သာသာလေးတစ်ချက်ဖြတ်လိုက်ရုံနှင့် ဤအမျိုးသားဇာ့ဂ်က ခေါင်းပြတ်ပြီးသားပင်။


သို့သော် နောက်အခိုက်အတန့်တွင် ဇာ့ဂ်ဧကရာဇ်အပြုံးက အေးခဲသွား၏။


အဘယ်ကြောင့်ဆိုသော် ပွဲအတွင်း၌ဖြစ်စေ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသည့် ပရိသတ် ဖြစ်စေ၊ အင်ပါယာကြယ်စင်မှ အစွန်အဖျားဆုံး နယ်မြေအထိ၊ အမြင့်ဆုံးသော အမျိုးသားများမှ အနိမ့်ဆုံးအမျိုးသမီးကျွန်အထိ၊ ဇာ့ဂ်အားလုံးက ထိုအသံကို ကြားလိုက်ရ သောကြောင့် ဖြစ်၏။


[ငါ လင်းကို ဂုဏ်ကျက်သရေ အပ်နှင်းမယ်...]


အဲဒါက... မိခင်ဇာ့ဂ်ရဲ့ အသံပါလား...


----------


“ငါ လင်းကို ဂုဏ်ကျက်သရေ အပ်နှင်းမယ်...”


ဇာ့ဂ်ဘုရင်မ၏ အသံက ဇာ့ဂ်တိုင်းထံ ပျံ့နှံ့သွားခဲ့၏။


အဝေးမှ တိုက်ခတ်လာသော ဟာရီကိန်းက တဟုန်ထိုး တက်လာပြီး ခဲရောင်တိမ်တိုက်များက နေရောင်နွေးနွေးကို လျင်မြန်စွာ ဖုံးကွယ်ကာ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ထုထဲသို့ ကျဆင်းသွားခဲ့သည်။


"ပေါက်ကွဲသံ" နှင့်အတူ လျှပ်စီးရောင်က မှောင်မိုက်သောတိမ်တိုက်များတွင် လင်းလက်သွားပြီး မြေပြင်က အနည်းငယ်တုန်ခါသွား၏။


ကောင်းကင်ရှိ တိမ်တိုက်မည်းများက ရုတ်တရက် ပြိုကျလာသလို မိုးကလည်း တဖွဲဖွဲကျလာပြီး ကောင်းကင်မှ မြေကြီးပေါ်ကို ကျလာသော ရေတံခွန်ကြီးတစ်ခု ရှိနေသလိုပင်။ မိုးစက်များက မြေပြင်ပေါ်သို့ ထိမှန်ကာ မြူထုကြီးဖြစ်ပေါ်စေပြီး ကမ္ဘာကြီးကို အရောင်မှိန်မှိန် ရေဆေးပန်းချီအဖြစ်သို့ ပြောင်းလဲလုနီးပါးပင်။


ခန်းမကို အလွန်ကျွမ်းကျင်လိမ္မာစွာ ဒီဇိုင်းထုတ်ထား၍ ခန်းမတစ်ခုစီ၏ အပေါ်တွင် မိုးရေကို ဖုံးအုပ်နိုင်သည့် အကာအရံများတစ်ခုစီရှိ၏။


လုမော့က ကန့်လန့်ကာမှ မိုးဆက်တိုက်ရွာနေသည်ကို ကြည့်လိုက်ပြီး ပြော၏။

"ဒါက တကယ်ကို မိုးသည်းနေတာပဲ..." 


ဇာ့ဂ်ဧကရာဇ်က အဓိပ္ပါယ်ရှိရှိ ပြန်ဖြေ၏။

"နွေရာသီမှာ အမြဲတမ်း ဒီလိုပဲ နေပူပူတွေ၊ လေပြင်းနဲ့ မိုးသည်းထန်စွာရွာပြီး မိုးကြိုးပစ်တယ်... ဒီရာသီမှာ ဒီလိုဖြစ်တာ အံ့သြစရာတော့ မရှိပါဘူး..."


မင်းဘယ်လိုတွေးတွေး မင်းမထင်ထားသောအရာတွေ ဖြစ်လာလိမ့်မယ်…


ဥပမာဆို ဇာ့ဂ်ဘုရင်မ ဥဥတဲ့ ဒီနွေရာသီမှာ မင်းသေသွားရမယ်ဆိုပြီး ခန့်မှန်းထားသလိုမျိုးပေါ့…


ဇာ့ဂ်ဧကရာဇ်၏ စိတ်စွမ်းအားချည်မျှင်က မသိမသာ ပြေလျော့သွား၏။ သူ့မျက်နှာပေါ်ရှိ ဒေါသများ ပျောက်ကွယ်သွားကာ ပုံမှန်သိက္ခာရှိရှိပုံစံ ပြန်ဖြစ်သွားခဲ့သည်။


"မင်းမှန်တယ်..."


အမိုးအကာရှိသော်လည်း မိုးသည်းထန်စွာရွာသွန်းနေ၏။ မြူခိုးများက လုမော့၏ ဘောင်းဘီကို လျင်မြန်စွာ စိုစွတ်စေကာ လေကာအင်္ကျီအပြင်ဘက်ကို အနည်းငယ်စိုနေခဲ့သည်။ လုမော့က ပြုံးပြီး တိုးတိုးပြောလိုက်၏။

"အထူးသဖြင့် ဒီနှစ်နွေရာသီမှာ အဖြစ်အပျက်တွေ အများကြီးဖြစ်ခဲ့တယ်..."


သူ လင်းကို နွေရာသီ၏ ပထမဆုံးနေ့တွင် တွေ့ခဲ့၏။


မျက်စိတစ်မှိတ်အတွင်းတွင် အချိန် သုံးလရှိခဲ့ပြီဖြစ်သည်။


ယင်းမတိုင်မီက သူ ဤကမ္ဘာတွင် သုံးနှစ်နေခဲ့သော်လည်း လွန်ခဲ့သော သုံးနှစ်၏ အမှတ်တရများက အလွန်ရှားပါးပြီး ရိုးရှင်းသည့်ပုံပေါက်ခြင်းကြောင့် လုမော့က ယခင်က သူမည်သို့နေထိုင်ခဲ့သည်ကို မမှတ်မိနိုင်ချေ။


ဆန့်ကျင်ဘက်အနေနှင့် ဤနွေရာသီက ပျော်မြူးစရာကောင်းပြီး အလွန်စိတ်လှုပ်ရှားစရာဖြစ်ခဲ့သည်။


အမှန်ပင် လွန်ခဲ့သည့်သုံးလအတွင်း သူ အဘယ့်ကြောင့် ပင်ပန်းနွမ်းနယ်ခဲ့ရသည်ကို ရှင်းမပြနိုင်ပေ။


ချွတ်ခြုံကျနေသည့်ကြားက သုံးလအတွင်း နေ့ချင်းညချင်း ပြန်လည်ဦးမော့ချမ်းသာလာသည့် လူတိုင်း၏ မှတ်ဥာဏ်က အလွန်နက်ရှိုင်းမည်မှာ အသေအချာပင်။


သို့သော်လည်း ယခုမှစ၍ ထိုကဲ့သို့သော ဒုက္ခမျိုး မရှိတော့​ချေ။


အဘယ်ကြောင့်ဆိုသော် သူက လူဖြစ်ရခြင်းကို စွန့်လွှတ်လိုက်သောကြောင့်ပင်။


လုမော့က မိုးသည်းထန်စွာရွာနေသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်၏။

"နွေရာသီရဲ့ နောက်ဆုံးမိုးက အရမ်းပြင်းထန်တာပဲ..." 


"..."


အပြစ်မဲ့စကားလုံးများ အတိတ်နိမိတ်ပြ ဂယက်များ…

ဇာ့ဂ်ဧကရာဇ်အတွက် ထိုစကားများက နောက်ထပ်အဓိပ္ပာယ်တစ်မျိုးဖြစ်သည်။


သူ လုမော့ကို သံသယဖြင့် ကြည့်လိုက်သော်လည်း လုမော့၏ အေးစက်တည်တင်းသော မျက်နှာထားမှ ဘာကိုမှ မမြင်ရပေ။


သွေးဆောင်မှုတစ်ခုလား...


ဒါမှမဟုတ် သူ နောက်ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းပြီးပြီလား... 


မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး…ဘယ်သူမှ အဲဒီအလှည့်အပြောင်းကို ခန့်မှန်းလို့ မရ​ဘူးလေ…


သို့သော် တစ်ချိန်တည်းမှာပင် ဇာ့ဂ်ဧကရာဇ်၏ ခေါင်းထဲ၌ နောက်ထပ် အသံတစ်ခု ထပ်ထွက်လာသည်။

ဒါပေမယ့် သူအတွက် S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်လာဖို့ တကယ့်ကို ရိုးရှင်းသလား...


ထိုအရာကို တွေးကြည့်ရုံဖြင့် မထိန်းနိုင်သည့် မနာလိုစိတ်နှင့် ဒေါသများက ဇာ့ဂ်ဧကရာဇ် နှလုံးသားထဲတွင် ပြည့်လာ၏။ အဆုံးမဲ့မီးတောက်တစ်ခုလို တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီး အရာအားလုံး လောင်ကျွမ်းသွားမှ ရပ်တန့်ရန် ဆန္ဒရှိသည့်ပုံပင်။


လုမော့ သေကိုသေရမယ်...


လုမော့မသေရင် လင်း ဘယ်တော့မှ ပြိုလဲမှာမဟုတ်ဘူး…


လုမော့သေလျှင် လင်း သူနှင့်အတူ သေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူ့ဘဝတွင် S အဆင့်ယောက်ျားအဖြစ်သို့ ဘယ်တော့မှ အဆင့်တိုးနိုင်မည်မဟုတ်ပေ။


ဒါ့ကြောင့် နောက်အမျိုးသားဇာ့ဂ်တစ်ယောက်ကို ငါ့ထက်မြင့်အောင် ဘယ်တော့မှ တက်ခွင့်မပေးဘူး...


ထိုသို့တွေးပြီး ဇာ့ဂ်ဧကရာဇ်က သူ့အမူအရာကို ချိုသာပြလိုက်ပြီး လုမော့ကို ကြင်နာစွာ ပြောလိုက်၏။

"အခုလို မိုးသည်းထန်စွာရွာနေတဲ့အတွက် စကားစမြည်ပြောဖို့ မသင့်တော်ဘူး...မြင့်မြတ်တဲ့ ဇာ့ဂ်ဘုရင်မက မင်းရဲ့ တွဲဖက်ကို ရွေးထားတာမို့ ဇာ့ဂ်ဘုရင်မက လင်းကို မတွေ့ဆုံခင် ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက် နန်းတော်ထဲမှာ နေပါလို့ တောင်းဆိုပါတယ်…”


ဇာ့ဂ်ဧကရာဇ်က ပရိသတ်ထိုင်ခုံများဘက်ဆီ မျက်ရိပ်ပြလိုက်၏။ မိုး သည်းထန်နေသည့် အတွက် မည်သည့်ဇာ့ဂ်တစ်ဦးမှ ကွင်းထဲမှ ထွက်သွားမှာမဟုတ်ချေ။ သူတို့၏ အာရုံစူးစိုက်မှု အားလုံးက လုမော့၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေ၏။ ဇာ့ဂ်ဧကရာဇ်က ဆက်ပြောလိုက်၏။

"မဟုတ်ရင် မင်းက လူတွေရဲ့ စိတ်အားထက်သန်မှုကို ထိခိုက်စေမှာ..."


လုမော့: "..."


သနားစရာကောင်းလောက်အောင် ငါ့ကို ထပ်ပြီး သတိပေးမနေနဲ့...ဟုတ်ပြီလား...


လုမော့က SS အဆင့်သို့ အဆင့်မြှင့်တင်ခြင်းမပြုမီ စနစ်အား ကတိကဝတ်ပြုထားသည်ကို ပြန်တွေးမိသောအခါ ပို၍ပင် ဝမ်းနည်းလာ၏။


သူက ဇာ့ဂ်ဧကရာဇ်ကို အေးစက်စွာကြည့်၍ အံကြိတ်လိုက်၏။

"အရှင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်...ကျွန်တော် လိုက်နာပါ့မယ်...”


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နှစ်ယောက်လုံးက ကျွမ်းကျင်ပါးနပ်သော အပြုံးတုများနှင့် ပြုံးပြလိုက်၏။


သူတို့အကြောင်းပြချက်များက အလွန်ကွာခြားသော်လည်း အခြားလူကို ဆွဲဆုတ်ပစ်ချင်သည့် စိတ်ကတော့ အတူတူပင်။


——


လုမော့ နန်းတော်ထဲတွင် နေခဲ့သည်။


ဤသတင်းက လျှို့ဝှက်ချက်မဟုတ်ပေ။ နှစ်စဉ်နှစ်တိုင်း ရွေးချယ်ခံ အမျိုးသမီးဇာ့ဂ်နှင့် သူ့အမျိုးသားတွဲဖက်တို့က နန်းတော်ထဲတွင် နေထိုင်ပြီး အပြင်းထန်ဆုံးသော အကာအကွယ်ကို ရရှိမည်ဖြစ်၏။


မောလ်က သဘာဝကျကျ သတိပြုမိ၏။


သူ တံခါးအပြင်ဘက်တွင် စိုးရိမ်တကြီး ရပ်ကာ အဆက်မပြတ် သက်ပြင်းချနေ၏။


ဖြစ်ပျက်သွားသည်များက မြန်ဆန်လွန်း၏။ အရာအားလုံးက မြန်လွန်း၏။ သူ တစ်ခုခုတုံ့ပြန်ခြင်းမပြုနိုင်မီ လုမော့က နေ့ချင်းညချင်း S အဆင့်အမျိုးသားဇာ့ဂ်ဖြစ်လာပြီး သူ့တွဲဖက်ကိုလည်း ဇာ့ဂ်ဘုရင်မက ရွေးချယ်ခဲ့သည်။


အကယ်၍ အရာအားလုံးက ထိုသို့ ဆက်လက်ရှိနေပါက လုမော့ မကြာမီ ဇာ့ဂ်များ၏ ပစ်မှတ်ဖြစ်လာမည်ကို မှန်းဆနိုင်၏။

ဒီမတိုင်ခင်ကလည်း လုမော့က ဇာ့ဂ်ဧကရာဇ်ရဲ့နေရာကို ဝင်နိုင်မှာ…


မောလ်က စုလင်း၏ မျက်နှာကို စိတ်ထဲမြင်လာပြီး သက်ပြင်းရှည်ကြီးချလိုက်၏။


အနည်းဆုံးတော့ လုမော့က ဇာ့ဂ်ဧကရာဇ်၏ အဆင့်ကို မရောက်နိုင်ပေ။

သေချာတာက သူ့မှာ ထိခိုက်မှုအချို့ရှိနိုင်တယ်...


ထို့နောက် သူ့ရှေ့ရှိ တံခါးပွင့်လာရာ မောလ် မြန်မြန်ထရပ်လိုက်၏။

“ကျေးဇူးပြုပြီး...”


တံခါးဖွင့်လိုက်သော အမျိုးသမီးဇာ့ဂ်က သူ့ကို တစ်ချက်ကြည့်ပြီး ဘေးဖယ်ပေးလိုက်၏။

“လုမော့က မင်းရဲ့ တောင်းဆိုမှုကို သဘောတူလိုက်ပြီ...မင်း အထဲဝင်ပြီး သူ့ကို တွေ့လို့ရပါပြီ...”


ဝမ်းသာမှုက မောလ်၏မျက်နှာတွင် ပေါ်လာ၏။

“ကျေးဇူးတင်ပါတယ်...”


အစောင့်၏ လမ်းပြမှုဖြင့် မောလ်က အခန်းများကို ဖြတ်၍ လေထန်နေသော စင်္ကြန်လမ်းကို ဖြတ်လျှောက်ခဲ့၏။ သူ လုမော့၏ အခန်းတံခါးဆီသို့ မရောက်မီ နှစ်နာရီ ကြာခဲ့၏။


သူ အသက်ပြင်းပြင်းရှူလိုက်ပြီး ဖြည်းညင်းစွာ တံခါးကို တွန်းဖွင့်လိုက်၏။


အခန်းက အသေးစိတ်ပြင်ဆင်ထား၏။ ဆံပင်အမည်းရောင်နှင့်အမျိုးသားဇာ့ဂ်က ပြတင်းပေါက် ဘေးတွင် ရပ်နေပြီး အသံကြားသောအခါ ခေါင်းလှည့်လာရာ မောလ်၏ ပုံရိပ်က သူ၏ မြစိမ်းရောင်မျက်လုံးထဲ ပေါ်လာ၏။


“မစ္စတာမောလ်...မင်း ငါ့ကို ရှာနေတယ်လို့ ကြားတယ်...”


မောလ် သူ့နောက်မှ တံခါးကို ပိတ်လိုက်ပြီး သူ့နှလုံးသားများက ပြင်းပြင်းထန်ထန် ခုန်နေ၏။ သူ ထိုကဲ့သို့ အခက်အခဲမျိုးကို ဘယ်တုန်းကမှ မတွေးထားခဲ့ချေ။


အကယ်၍ သူ မှားယွင်းတွက်ချက်မိလျှင် သူသေရမည်မှာ သံသယဝင်စရာပင် မလိုချေ။


သို့သော် လုပ်စရာရှိသည်ကို လုပ်ရလိမ့်မည်။ သူ မဟာမိတ်အဖွဲ့ကို ဝင်ပြီးကတည်းက သူ့အသက်နှင့် ဘဝကို ပုံအပ်ထားပြီးသားပင်။


“ဟုတ်ကဲ့...”

မောလ် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခေါင်းမော့ကာ လုမော့မျက်လုံးများကို ရင်ဆိုင်လိုက်၏။

“မစ္စတာလုမော့...မင်း သူပုန်တပ်ဖွဲ့အကြောင်းကို သိကောင်းသိမယ်လို့ ထင်တယ်...”


လုမော့ မျက်ခုံးပင့်သွား၏။

“နည်းနည်းတော့ သိတယ်...”


သူ စနစ်ဆီမှ သတင်းအချက်အလက်များကို ဖျတ်ခနဲကြည့်ဖူး၏။ သို့သော် စနစ်၏အပြောအရ ဤကမ္ဘာကြီးက စာအုပ်တစ်အုပ်ဖြစ်ပြီး စုန့်ကျန်းရှူးနှင့် သူ့မိတ်ဖက်မျာူကြားက အဖြစ်အပျက်များကိုသာ အဓိကဖော်ပြထား၏။ သူပုန်တပ်အကြောင်းကို တစ်ခေါက်မျှသာ အကြမ်းဖျဉ်းဖော်ပြထားပြီး သတင်းအချက်အလက်များများစားစားမရှိပေ။


“မင်းက အရမ်းလျင်တာပဲ...”

မောလ်က စိတ်ဖိစီးစွာ ပြောလိုက်ပြီး စိတ်အိုက်အိုက်အပြုံးတစ်ခုပေါ်လာ၏။

“မင်း ငါ့ကို မြေပုံပြန်ပေးလိုက်ကတည်းက မင်းသိနေပြီးသား မလား...”


လုမော့: “.....”


သူက ထိုင်ခုံပေါ်မထိုင်မီ တုံ့ဆိုင်းနေ၏။


မြေပုံ...


ဘာမြေပုံလဲ...


သို့သော် မောလ်၏မျက်လုံးထဲ၌ လုမော့၏ အပြုအမူက သူ အရာအားလုံးကို သိနေသလိုဖြစ်နေ၏။ ထိုအသွင်အပြင်က အရာအားလုံးပြောပြရန် သူ့ကို စောင့်ဆိုင်းနေသလိုပင်။


“တကယ်တော့...အဲ့ဒါက ဒီလိုပါ...”

မောလ်က အရာအားလုံးကို ရှင်းပြရန် နာရီဝက်ယူလိုက်၏။


လက်တွေ့တွင် ဇာ့ဂ်မျိုးနွယ်က အခုကဲ့သို့ အမြဲဖြစ်ခဲ့ခြင်းမဟုတ်ပေ။ အမျိုးသားဇာ့ဂ်အရေအတွက် လျော့နည်းလာပြီး အမျိုးသမီးဇာ့ဂ်များ၏ တာဝန်က သူတို့ကိုယ်သူတို့ ကာကွယ်ရန်သာဖြစ်ပြီး အခြားတာဝန်များမရှိပေ။


သူတို့က အမျိုးသားဇာ့ဂ်များထံမှ မသင့်တော်သော တောင်းဆိုမှုများကို ငြင်းပယ်နိုင်ပြီး အခြေခံအခွင့်အရေးအနေဖြင့် အမျိုးသားဇာ့ဂ်တစ်ဦးနှင့် လက်ထပ်ပြီးနောက် အမျိုးသားက သူတို့ အလုပ်ကို လက်လျော့ပြီး သူတို့ကို ပိုင်ဆိုင်မှုအားလုံးပေးရန် တောင်းဆို၍ မရပေ။


အမျိုးသားဇာ့ဂ်များက အထူးအခွင့်အရေးရသော်လည်း သူတို့လည်း အလုပ်လုပ်ရပြီး အမျိုးသမီးဇာ့ဂ်များကို နာကျင်စေမိပါက အပြစ်ပေးခံရ၏။


ယခုအခါ ထိုလုပ်ရပ်များက မယုံနိုင်စရာအဖြစ်သာ ရှိခဲ့၏။


အရာအားလုံးက ယခုလက်ရှိဇာ့ဂ်ဧကရာဇ် နန်းတက်လာချိန်တွင် ပြောင်းလဲသွား၏။ သူက ဥပဒေ တစ်ခုပြီးတစ်ခုထုတ်ပြီး ဇာ့ဂ်မျိုးနွယ်ကို လက်ရှိအခြေအနေသို့ ပြောင်းလဲခဲ့ပြီး ထိုအဖြစ်က ရာနှင့်ချီ၍ ကြာခဲ့ပြီးဖြစ်သည်။


ယခုလက်ရှိ အသက်ရှင်နေသည့် ဇာ့ဂ်များက ထိုအချိန်နောက်ပိုင်းမှသာ မွေးဖွားလာသူများဖြစ်၍ သူတို့က လက်ရှိအခြေအနေကိုသာ သိရှိကြပြီး သမိုင်းကို မသိပေ။


“ဒါဆို မင်းရည်ရွယ်ချက်က ဇာ့ဂ်ဧကရာဇ်ကို နန်းချဖို့လား...”


“အသေအချာပဲ...မင်း ငါတို့နဲ့ သဘောထားချင်းတူမယ်လို့ ငါယုံကြည်တယ်...”

မောလ်၏မျက်လုံးများကတောက်ပလာပြီး လုမော့ကို ကြည့်လိုက်၏။


“...”


ဆံပင်အမည်းရောင်၊ မျက်လုံးစိမ်းနှင့် အမျိုးသားဇာ့ဂ်က မျက်မှောင်ကြုတ်ပြီး နောက်ကျောရှိ ထိုင်ခုံကို မှီလိုက်၏။


သူလက်ပိုက်ထားပြီး လက်ခလယ်က လက်မောင်းကို အသာအယာ ထိနေပြီး အတွေးထဲ နစ်နေ၏။


မောလ် နှုတ်ခမ်းကိုက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်လိုက်၏။ လုမော့က သူ့ရိုးသားမှုကို ခံစားမိမည်ဟု သူယုံကြည်၏။ အကယ်၍ သူ့စကားများက အတုအယောင်ဖြစ်ခဲ့လျှင် သူ(မောလ်)ချက်ချင်း အဖမ်းခံရပြီး အသတ်ခံရလိမ့်မည်။


ဆွေးနွေးညှိနှိုင်းမှုအရည်အချင်း၊ နှလုံးသားနှင့် ရင်းသည့် နည်းလမ်း၊ ဆွဲဆောင်ခြင်းပညာ...

မောလ်က ထိုအရာများကို မသုံးခဲ့ပေ။


သူက လုမော့ မဟာမိတ်အဖွဲ့ကို ပူးပေါင်းလိမ့်မည်ဟု  လေးစားစွာမျှော်လင့်ထားပြီး သူတို့စကားဝိုင်းတွင် ကြိုးကိုင်ချယ်လှယ်လိုသည့် မည်သည့်အရိပ်အယောင်ကိုမျှ မပါစေခဲ့ပေ။


သူ့အသက်နှင့် လောင်းကြေးထပ်ရသည်ကို မောလ်က သိပြီး ခေါင်းမာစွာပင် ထိုသို့လုပ်ရန် ဆုံးဖြတ်ခဲ့၏။


သူ့ကြိုးစားအားထုတ်မှုအားလုံးကို အသုံးပြုခဲ့ပြီး လုမော့၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းရတော့မည်။


အချိန်က ပျင်းစရာကောင်းအောင် ကြာလာသည်နှင့်အမျှ စက္ကန့်တိုင်းက နာကျင်စရာဖြစ်လာ၏။ မောလ်၏ နှလုံးသားက တဖြည်းဖြည်းနစ်မြှုပ်လာပြီး သူ့အချစ်ဆုံးအမျိုးသားအဖေကို စိတ်ထဲမှ နောက်ဆုံးနှုတ်ဆက်နေ၏။


နောက်ဆုံးတွင် လုမော့ စကားပြောလာ၏။


ဆံပင်အမည်းရောင်၊ မျက်လုံးစိမ်းနှင့် အမျိုးသားဇာ့ဂ်က မောလ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။

“ကျေးဇူးပြုပြီး ငါ့ကို ငြင်းခွင့်ပေးပါ...”


မောလ်က နေရာတွင်ပင် မျက်ရည်ကျလုနီးပါးပင်။


သူ ကတုန်ကယင်နှင့် မေးလိုက်၏။

“ဒါပေါ့...ဒါပေ့ါ...ဒါမင်းအတွက် ရုတ်တရက်ဆိုတော့ ငါနားလည်ပါတယ်...ပြီးတော့ ငါမှာ မင်းကို ဆွဲဆောင်ဖို့ ယုံကြည်ချက်မရှိ...”


သူ အဆုံးထိ ဆက်မပြောနိုင်တော့ဘဲ သူ့ခေါင်းက စိတ်ဓါတ်ကျစွာနှင့် ငုံ့သွားပြီး မျက်နှာက ဖြူဖျော့သွား၏။


၎င်းက သူ့အား သေမိန့်ကျသည့်အတွက် တန်းစီစောင့်ရသလိုပင်။


လုမော့: “ မင်း တစ်ခုခု ပြောဖို့ ကျန်သေးလား...”


မောလ် တွေဝေစွာ ခေါင်းမော့လိုက်၏။

“မင်း ငါ့ကို မဖမ်းတော့ဘူးလား...”


လုမော့က မောလ်ကို နက်ရှိုင်းစွာ ငေးကြည့်လိုက်၏။

“ဒါကို မင်းလိုချင်ရင်တော့...”


မောလ်က မရေမရာ မျက်တောင်ခတ်လိုက်ကာ မေးလိုက်၏။

“တကယ်လို့ မင်း ငါ့ကို ဖမ်းလိုက်ရင် ဇာ့ဂ်ဧကရာဇ်ဆီက ဆုချီးမြှင့်ခံရမှာ...”


ထိုအခိုက် လုမော့ မျက်နှာကြီး စိမ်းသွားပြီး အခိုင်အမာ လက်ဝှေ့ယမ်းလိုက်၏။

“မဟုတ်ဘူး...ထားလိုက်တော့...ကျေးဇူးပြုပြီး အဲ့လို မလုပ်နဲ့...”


သူက လက်ဆောင်ရယူခြင်းထက် ဖိနပ်စီးကာ ဇာ့ဂ်ဧကရာဇ်၏ တင်ပါးများကို ကန်ရခြင်းကို ပို၍နှစ်သက်သည်။


"ဟုတ်ပြီလေ...နောက်တစ်ကြိမ်မှာ မင်းပိုသတိထားသင့်တယ်..."

လုမော့က သက်ပြင်းချလိုက်၏။

"မင်းလို မိုက်မဲတဲ့ သံတမန်ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး...မင်းရဲ့ သူပုန်အဖွဲ့ကတော့ တကယ် ပြဿနာပဲ..."


မောလ်၏ မျက်နှာက နီရဲနေသော်လည်း အနည်းငယ် မသေချာသေးဘဲ ထိတ်လန့်တကြားဖြင့် မေးလိုက်၏။

“ဒါဆို မင်း ဘာလုပ်ဖို့ စီစဉ်…”


"ငါ့မှာ ဘာအစီအစဉ်မှ မရှိဘူး...ကျေးဇူးတင်ပါတယ်…"


လုမော့က မောလ်ကို စိတ်ရင်းမှန်ဖြင့် ကြည့်လိုက်၏။

"ဒီနေ့ မင်း S အဆင့်အမျိုးသားဇာ့ဂ်ကို နှစ်သိမ့်ဖို့လာတာ...သူ့ကို ဂရုစိုက်ခွင့်ပေးလိုက်လေ... ပိုအဆင့်မြင့်တဲ့ နည်းလမ်းတွေတောင်းတာ ပိုကောင်းတယ်မလား..."


မောလ်က လုမော့ကို ကြောင်တက်တက် စိုက်ကြည့်ရင်း မှိုင်းညို့နေသည့် သူ့မျက်လုံးများ လင်းလာပြန်၏။


ထိုစကား၏ အဓိပ္ပါယ်ကို သူ မရှင်းလင်းပေ။

လုမော့က မဟာမိတ်ဖွဲ့ဖို့လည်း မရည်ရွယ်သလို ဇာ့ဂ်ဧကရာဇ်နဲ့လည်း ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိဘူးလေ...


ဘယ်လိုဖြစ်ဖြစ် ဒါက သတင်းကောင်းပဲ...လုမော့ ဇာ့ဂ်ဧကရာဇ်ရဲ့ ဖိအားကို ခံနိုင်ရည်ရှိပြီး ကြားနေပြီး ငါတို့ကို ကူညီနေတယ်လို့ ဆိုနိုင်တယ်...


"ကျေးဇူးတင်ပါတယ်..."


မောလ် မတ်တပ်ထရပ်ပြီး အဆက်မပြတ် ဦးညွှတ်လျက် ပြောလိုက်သည်။

"မင်းဆိုလိုတာကို ငါနားလည်ပါတယ်..."



🌌🌌🌌