Chapter 79
Viewers 5k

🌌 Chapter 79



မျက်စိတစ်မှိတ်အတွင်း ဤအရေးကြီးသောအခိုက်အတန့်တွင် လုမော့က လျှပ်စီးလိုအရှိန်ဖြင့် လက်ကိုမြှောက်လိုက်၏။ ထို့နောက် သူ့လက်ထဲရှိ ငွေရောင်သေနတ်တစ်လက်ဖြင့် ဇာ့ဂ်ဘုရင်မကို တည့်တည့်ချိန်ထားလိုက်၏။ 


"ဒိုင်း..."


ဇာ့ဂ်ဘုရင်မ၏ မျက်လုံးများက မယုံနိုင်မှုနှင့် ပြည့်သွားပြီး အားပြင်းသည့်ကျည်ဆံက သူ့ရင်ဘတ်ကို ဖောက်ဝင်သွား၏။ ကြီးမားသောရိုက်ခတ်မှုကြောင့် သူ့ကို လေထဲတွင် ခဏမျှအေးခဲသွားစေပြီး ရေထဲသို့ ပြုတ်ကျသွားသည်။


လုမော့က ခေါင်းပင်မထောင်ချေ။


"ဒါက နောက်ဆုံးပေါ် အိတ်ဆောင် အနီးပစ်သေနတ်အမျိုးအစားလေ အမျိုးသမီးဇာ့ဂ်တွေတောင် ဒါကို မထိန်းနိုင်ဘူး...ပစ်ခတ်မှုတစ်ကြိမ်က သူတို့ ခန္ဓာကိုယ်တစ်ဝက်ကို ပေါက်ကွဲစေနိုင်တယ်…"


လုမော့ ကျည်ဆံကိုပြောင်းစဉ် တစ်ချက်နှိပ်ရုံဖြင့် ပူပြင်းသော ကျည်ဆန်ခွံက ရေထဲသို့ ကျသွားသည်။ သူက တည်ငြိမ်စွာနှင့် ဇာ့ဂ်ဘုရင်မဆီသို့ ချဉ်းကပ်သွားကာ ပြောလိုက်၏။

"အားနည်းချက်တစ်ခုကတော့ စွမ်းရည်နိမ့်လွန်းလို့ လက်နဲ့ မောင်းပြန်တင်ဖို့ လိုအပ်တယ်... ပစ်ခတ်လိုက်တဲ့ အချက်တိုင်းအတွက် ကျည်ဆန်ကို ပြန်ပြောင်းပေးရမှာ..."


လုမော့က သူ့လက်ကိုမြှောက်လိုက်ပြီး ဇာ့ဂ်ဘုရင်မခေါင်းကို ပြောင်းဝဖြင့် ဖိလိုက်၏။ တည်တင်းသော သူ့မျက်နှာပေါ်တွင် ခံစားချက်မရှိပေ။

"ကံကောင်းတာက...ငါရင်ဆိုင်ရတဲ့ ရန်သူတစ်ယောက်ပဲရှိတာပဲ..."


သူ့လက်ညိုးကို အောက်သို့ရွှေ့ကာ မျက်လုံးများကို မှိတ်လိုက်ပြီး ခလုတ်ကို မဆိုင်းမတွနှိပ်လိုက်သည်။


ကြီးမားသော သေနတ်သံနှင့်အတူ ကျည်ဆန်က ဇာ့ဂ်ဘုရင်မ၏ ဦးခေါင်းကို ဖောက်ထွက်ပြီး မီးလောင်ကျွမ်းနေသော အပေါက်တစ်ခု ကျန်ရစ်ခဲ့စေသည်။


စနစ်က ထိတ်လန့်တုန်လှုပ်သွားသည်။

 [အီ...အာ...နည်းနည်းတော့ နိမိတ်ပြဖို့ မရည်ရွယ်ဘူးလား...တစ်ဖက်လူရဲ့ ပူးပေါင်းကြံစည်မှု ဒါမှမဟုတ် တစ်ခုခုကို အဆင်ဆုံ ထုတ်ဖော်သင့်တယ်မလား...]


လုမော့က ရယ်လိုက်၏။

"ဗီလိန်က စကားများလွန်းလို့ သေသွားတာကို မင်း နားမလည်ဘူးလား..."


စနစ်-“……”


ပြီးတော့…

လုမော့က မျက်မှောင်ကြုတ်ကာ သေနတ်ကို အဝေးသို့ ပစ်ချလိုက်၏။

သေနတ်က ဒီသောက်ချီးကောင်အတွက် အလုပ်မဖြစ်ဘူး...


ဇာ့ဂ်ဘုရင်မ၏ နဖူးပေါ်ရှိ အပေါက်က အသားနှင့်သွေးအသစ်များ တွန့်လိမ်ကာ ကြီးထွားလာပြီး မူလအခြေအနေသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွား၏။


"နာလိုက်တာ...အရမ်းနာတာပဲ..."


"နာလိုက်တာ...နာလိုက်တာ...အရမ်း နာတာပဲနော်..."


ဇာ့ဂ်ဘုရင်မ၏ အနီရောင်တောက်တောက်လျှာက အပေါ်နှုတ်ခမ်းကို သပ်လိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားသလို ရယ်မောကာ လုမော့ဆီ ဦးတည်လာ၏။

"လုမော့...အရမ်းနာတာပဲ...မင်းငါ့ကို ပစ်လိုက်တာ အရမ်းနာတယ်..."


လုမော့ နောက်ပြန်ဆုတ်သွားကာ သူ့မျက်လုံးများ တုန်တုန်ယင်ယင်ဖြစ်လာ၏။

"စနစ်ရေ နည်းလမ်းတစ်ခုလောက် စဉ်းစားစမ်းပါဦး..."


စနစ်က ထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်လိုက်၏။

[မှော်ပညာကို အနိုင်ယူဖို့ မှော်ပညာကိုပဲ အသုံးပြုရမှာပေါ့...]


လုမော့က စနစ်ပြောသည်ကို နားမလည်နိုင်ခဲ့ချေ။


သို့သော် အရာရာတိုင်းက အဆင့်ဆင့်လုပ်ဆောင်နေ၏။


ယခုအချိန်မှစပြီး လုမော့၏ စိတ်စွမ်းအားပင်လယ်ထဲတွင် စနစ်၏ သတိပေးချက်များ အဆက်မပြတ် ပေါ်နေသည်။


( သိရှိရန်- ဇာ့ဂ်ဘုရင်မ၏ စိတ်စွမ်းအားက ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးကို ချိတ်ဆက်ထားသည် )


( သိရှိရန်- ဇာ့ဂ်ဘုရင်မ တိုက်ခိုက်ခံရသောအခါ ဇာ့ဂ်မျိုးနွယ်စုက အဆုံးမဲ့ ရူးသွပ်မှုနှင့် မုန်းတီးမှုထဲသို့ ကျရောက်လိမ့်မည်။ )


ထို့ကြောင့် ရလဒ်တစ်ခုသာ ရှိ၏။


[ဒင်...ဇာ့ဂ်ဘုရင်မကို လုပ်ကြံသတ်ဖြတ်တာကြောင့် အမှိုက်ဆန်မှုတန်ဖိုးက ၁၀,၀၀၀ အထိ တိုးလာပါတယ်... ]


[ဒင်...ဇာ့ဂ်မျိုးနွယ်အားလုံးကို ထိတ်လန့်စေတာကြောင့် အမှိုက်ဆန်မှုတန်ဖိုးက ၁၀၀,၀၀၀ အထိ တိုးလာပါတယ်... ]


...


[ဒင်...အမှိုက်ဆန်မှုတန်ဖိုးက တစ်သန်းတိုးလာတယ်... ]


[ဒင်...အမှိုက်ဆန်မှုတန်ဖိုးက ငါးသန်းတိုးလာတယ်... ]


...


အမှိုက်ဆန်မှုတန်ဖိုးကို ကိုယ်စားပြုသည့် တိုးတက်မှုဘားက မကြုံစဖူးအမြန်နှုန်းဖြင့် တက်နေပြီး ချက်ချင်းပင် ၎င်းက သုံးနှစ်အတွင်း၏ စုစုပေါင်းရလဒ်ကို ကျော်လွန်သွား၏။


သို့သော် S အဆင့်မှ SS အဆင့်သို့ တိုးတက်ရန် လိုအပ်သော အမှိုက်ဆန်မှုတန်ဖိုးက လျင်မြန်စွာ တက်လာသော်လည်း ယခင်ကနှင့် နှိုင်းယှဉ်၍မရချေ။ ၎င်းက မြန်မြန်တိုးလာသော်လည်း အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။


အဲဒီမတိုင်ခင်အထိတော့ ငါ ထိန်းထားရမှာပဲ...


လုမော့က ရူးနှမ်းလုမတတ်ဖြစ်နေသည့် ဇာ့ဂ်ဘုရင်မကို ရင်ဆိုင်ရင်း အံကြိတ်ကာ နောက်ဆုံးတွင် တန်ပြန် တိုက်ခိုက်ခြင်းကို ပြန်ဆုတ်သွားသည်။


သူ့ဘေးတွင့် အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ပြန့်ကျဲနေသည့် အစွန်းများက အဆက်မပြတ် လိမ်နေ၏။ လုမော့က မဆိုင်းမတွပင် အက်ကွဲထဲသို့ သူ့လက်ကိုဆန့်လိုက်ပြီး အထဲမှ အနက်ရောင်နှင့် ရွှေရောင် ထန်ဓားတစ်ချောင်းကို ထုတ်ယူလိုက်၏။


ယခင်ပုံပန်းသဏ္ဍာန်နှင့် နှိုင်းယှဉ်ပါက ဤဓား၏ ရောင်ဝါက ပိုမိုလေးနက်လာပုံရပြီး ပြတ်သားသော ဟစ်အော်သံကို ကြားရလုနီးပါးပင်။ ထို့အပြင် အထင်ရှားဆုံးမှာ ဓားကိုပတ်၍ ပတ်ထားသော ရွှေရောင်လျှပ်စီးကြောင်းက ဝှေ့ယမ်းလိုက်သောအခါ ကွဲအက်သံများ ထုတ်လွှတ်နေ၏။


ထိုအရာက လုမော့ S အဆင့်သို့ တက်လှမ်းပြီးနောက် ရရှိခဲ့သည့်ဆုများထဲမှ တစ်ခုဖြစ်သည်။


ငါက ပိုက်ဆံဖြုန်းတဲ့ ကတ်ဆွဲသူရာထူးနဲ့ တကယ်ထိုက်တန်တယ်...

သူ တစ်ချက်ဆွဲပြီးသည်နှင့် ဤဓားနှင့် လိုက်ဖက်သည့်အဆောင်ကို ရခဲ့ပြီး စနစ်က ဆွံ့အသွားပြီး “အဘာ အဘာ” မှလွဲပြီး ဘာမှမပြောနိုင်ခဲ့ပေ။ 


သို့သော် ဤအရာတစ်ခုတည်းနှင့် လုံလောက်မည်မဟုတ်ပေ။ သူ ပိုလုံခြုံရန် အခြားအရာများကို လိုအပ်ပြီး မည်သည့်အရာကို ရွေးရမည်ဆိုသည်မှာ ပြောနေစရာ မလိုပေ။


[အဆင့်မြင့် စိတ်စွမ်းအားမြှင့်တင်ပေးခြင်းကို အသုံးပြုဖို့ အတည်ပြုပါ...]


[အာနိသင် ၃၀ ရာခိုင်နှုန်းတိုးမြှင့်ဖို့...အဆင့်မြင့် စိတ်စွမ်းအားမြှင့်တင်ပေးခြင်းကို အသုံးပြုဖို့ အတည်ပြုပါ...]


[ပြင်းထန်တဲ့ စိတ်စွမ်းအားကို မြှင့်တင်ဖို့...နှစ်ဆအစွမ်းထက်တဲ့အကျိုးသက်ရောက်မှု ၂၀ ရာခိုင်နှုန်းတိုးဖို့ အသုံးပြုဖို့ အတည်ပြုပါ...]


...


[အဆင့်မြင့်စိတ်စွမ်းအင်ပြန်လည်ထိန်းသိမ်းရေးကို အသုံးပြုဖို့ အတည်ပြုပါ...]


[အာနိသင် ၃၀ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အဆင့်မြင့် စိတ်စွမ်းအားပြန်လည်ရယူရေးကို အသုံးပြုဖို့ အတည်ပြုပါ...]


...


သောက်ဆေးတစ်ပုလင်းကိုဖွင့်ပြီး စိတ်စွမ်းအင်ပင်လယ်၌ ပြုလုပ်သော ပြင်ဆင်မှုအားလုံးက တခဏအတွင်း ပြီးမြောက်ခဲ့သည်။


လုမော့ ဓားကိုဝှေ့ယမ်းလိုက်ရာ သူ၏ မျက်လုံးစိမ်းစိမ်းများတွင် အေးစက်သော အလင်းတန်းလေးများ လက်လာ၏။ သူ့ကိုယ်ကို အနည်းငယ် နှိမ့်လိုက်ပြီး ပူနွေးသောရေများက သူ့ပေါင်ပေါ်ရှိ အထည်များကို စိုစွတ်လာစေသည်။


ထို့နောက် သူက ဇာ့ဂ်ဘုရင်မကို မျက်နှာချင်းဆိုင်ကာ လေထဲ ထိုးဖောက်သွားတဲ့ မြှားတစ်စင်းကဲ့သို့ ဓားကို ကိုင်ဆောင်လိုက်သည်။


ချွန်ထက်သောထန်ဓားက ဇာ့ဂ်ဘုရင်မ၏ ရင်ဘတ်ကို ချက်ခြင်းထိုးဖောက်သွားသော်လည်း လုံးဝထိခိုက်မှုမရှိပုံပင်။ သူက လုမော့နှင့်သာ နီးကပ်လာခဲ့ပြီး သွေးရောင်မျက်လုံးများက လုမော့နှင့် ဆယ်စင်တီမီတာထက်မပိုတော့ချေ။


သူတို့နှာခေါင်းထိပ်များက ထိစပ်လုနီးပါးဖြစ်ပြီး ဇာ့ဂ်ဘုရင်မ၏ ကြောက်မက်ဖွယ် အသွင်အပြင်ကို လျစ်လျူရှုပါက ၎င်းက အမှန်တကယ်ပင် ရင်းနှီးနေသည့်အခိုက်အတန့်လိုပင်။


"မင်း မလွတ်နိုင်ဘူး...လုမော့…"

ဇာဂ့်ဘုရင်မက လုမော့ကို လောဘကြီးစွာ စိုက်ကြည့်ရင်း ကျယ်ကျယ်ဖွင့်ထားသော ပါးစပ်မှာ တံတွေးများ ရွှဲနေပြီး ရေကန်ထဲကို ကျဆင်းသွား၏။


မည်သည့်ရှုထောင့်ကပင် ကြည့်သည်ဖြစ်စေ လုမော့က အန္တရာယ်ရှိသည့်အခြေအနေပင်။


သို့သော်လည်း လုမော့က လှောင်ရယ်ကာ သူ့နှုတ်ခမ်းထောင့်ကို ကွေးလိုက်၏။

 "ဇာ့ဂ်ဘုရင်မ...ငါက အချိန်ကို စောင့်နေတာ...မင်းကရော ဘာကို စောင့်နေတာလဲ..."


"မင်းကို လာကယ်ဖို့ ဇာ့ဂ်မျိုးနွယ်ကြီးကို စောင့်နေတာလား..."


လုမော့က ဓားလက်ကိုင်ကို တင်းတင်းကိုင်၍ ပြင်းပြင်းထန်ထန် လှန်လိုက်ရာ ချွန်ထက်သောဓားက ဇာ့ဂ်ဘုရင်မရင်ဘတ်တွင် စက်ဝိုင်းပုံပေါက်သွားစေ၏။ ထိပ်တန်းအဆောင်များစွာကို အသုံးပြုပြီးနောက် စိတ်စွမ်းအားပြိုင်ဆိုင်မှုတွင် ဇာ့ဂ်ဘုရင်မပင် ပြင်းပြင်းထန်ထန်ခံစားရမည်ဖြစ်သည်။ သူ၏လက်ရှိလုပ်ဆောင်မှုက ဟန်ပြမျှသာဖြစ်ပြီး ဇာ့ဂ်စစ်တပ်က လာရောက်ကယ်တင်ရန် စောင့်ဆိုင်းနေခြင်းပင်။


"ဒါပေမယ့် မင်း မေ့နေတာတစ်ခုက အပြင်မှာ ဘယ်သူစောင့်နေတာလဲသိလား..."

လုမော့က နောက်ပြောင်ကျီဆယ်စွာ ပြုံးလိုက်၏။

 "ဒါ မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ...မင်းသိလား..." 


"..."


ဇာ့ဂ်ဘုရင်မမျက်လုံးများ ပြူးကျယ်သွားကာ တံခါးကို မသိစိတ်က လှမ်းကြည့်လိုက်၏။

တံခါးကို စောင့်နေသူက...


လင်း။


-----------


【 တံခါးတစ်ဖက်ခြမ်းတွင်...】


ငွေရောင်ဆံပင်နှင့် မျက်လုံးနီနီအမျိုးသမီးဇာ့ဂ်က မျက်လွှာချထား၏။ သူ့ခြေထောက်ရှေ့တွင် အခန်းတွင်းရှိ ဘုန်းတော်ကြီးများအားလုံး မေ့မြောသွားကြသည်။ ခြောက်ခြားဖွယ်မျိုးနွယ်စု၏အဆိပ်က အဆတစ်ထောင်အထိ လျော့သွားခဲ့သည်။ သို့သော် ထိုအဆင့်အထိ ပျော့သွားလျှင်ပင် ၎င်းက တစ်ခန်းလုံးမှ ဇာ့ဂ်များ သတိလစ်စေရန် အချိန်အနည်းငယ်သာ ယူရ၏။ ယခုအချိန် သူတို့အားလုံး မေ့မြောနေပြီး သုံးရက်ခန့် မထနိုင်တော့ပေ။


လင်းက ပိတ်ထားသော တံခါးကို စေ့စေ့ကြည့်ပြီးနောက် လှည့်၍ ဘုရားကျောင်းမှ ထွက်လာခဲ့သည်။


"လင်း...မင်းက ကိုယ့်အတွက် ဝင်ပေါက်ကို စောင့်ပေးထားရမယ်...ဘာတွေပဲ ဖြစ်လာဖြစ်လာ..."


လင်းက လုမော့၏ လေးနက်သောအမူအရာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ထိုအစိမ်းရောင်မျက်လုံးများတွင် လှုပ်ရှားနေသောအလင်းရောင်တစ်ခုရှိသည်။ 

တိမ်ထူထပ်သော ပင်လယ်ပြင်တွင် အလင်းတန်းတစ်ခုကဲ့သို့ဖြစ်နေ၍ သူ ပြောသည်ကို မခုခံနိုင်ခဲ့ပေ။


"ကောင်းပြီ...ငါ မင်းအတွက် စောင့်ပေးမယ်...လု‌မော့"


လေးလံသောကျောက်တံခါးက သူ့နောက်တွင်ပိတ်နေ၏။ မြင့်မားသောတောင်ထိပ်ပေါ်တွင် တိမ်တိမ်များနှင့် မြူခိုးများဝန်းရံလျက် လင်း မတ်တပ်ရပ်နေ၏။ သူ့ခါးမှ ဓားကို ဆွဲထုတ်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်မှုအပြည့်နှင့်ပင်။


လူတစ်ယောက်တည်းက ဝင်ပေါက်ကို စောင့်ကြပ်နေခြင်းဖြစ်သော်လည်း လူတစ်သောင်းစောင့်ကြပ်ခြင်းသဖွယ်ပင်။ 


ဇာ့ဂ်ဘုရင်မ၏ငိုကြွေးသံက ဇာ့ဂ်တိုင်း၏ စိတ်ထဲတွင် တဟုန်ထိုး မြည်ဟီးနေသည်။ ထိုအချိန်တွင် နယ်မြေတစ်ခုလုံးရှိ ဇာ့ဂ်များက ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။


ဘယ်သူလဲ...ငါတို့ဇာ့ဂ်ဘုရင်မကို ဘယ်သူက နှိပ်စက်ဝံ့တာလဲ...


သူတို့ကို သတ်ရမယ်...သူတို့ကို ဖယ်ရှားသုတ်သင်ရမယ်...


တောင်ခြေရင်းတွင် မရေမတွက်နိုင်သော ဇာ့ဂ်စစ်သားများက မကြုံစဖူး ရေစီးကြောင်းတစ်ခုလို ရောက်ရှိလာသည်။ ဤရေစီးကြောင်းကို ရပ်တန့်ဝံ့သူတိုင်း နင်းချေခံရလိမ့်မည်။


သို့သော် သူတို့ အပြင်းအထန် ထိုးဖောက်ရန် ကြိုးစားနေချိန်တွင် မထင်မှတ်ထားသော ရုပ်ပုံသေးသေးလေးက လေထဲ၌ ပေါ်လာ၏။


အိချိီက သူ့ညီငယ်ကိုပွေ့ဖက်ကာ တောင်ပံများကို ဖြန့်၍ လေထုထဲတွင် ရပ်လိုက်ပြီး နားထဲ တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မကြောက်နဲ့နော်..."


ဇာ့ဂ်ငယ်လေးက မဝံ့မရဲ ခေါင်းညိတ်ပြပြီး သူ့လက်ထဲ ကိုင်ထားသည့် အိတ်ကိုဖွင့်လိုက်၏။


အိတ်ကို ကြည့်ရသည်မှာ ဘာမှမဟုတ်ပုံရသော်လည်း အနီးကပ်ကြည့်လျှင် ဖုန်မှုန့်များ ပြည့်နှက်နေပြီး လေတိုက်သည်နှင့် ပြန့်ကျဲလာသည်ကို တွေ့ရသည်။


"အမ်...ဘာကြီးလဲ..."


"မကောင်းတော့ဘူး...အဲ့ဒါက အဆိပ်..."


ခဏအကြာတွင် စစ်သားများက လဲကျကုန်၏။ အိချိီက မထိန်းနိုင်ဘဲ အံ့အားသင့်သွား၏။


သခင်က ငါ့ညီလေးရဲ့ အဆိပ်က သုံးဖို့ အကောင်းဆုံးဖြစ်တယ်လို့ ပြောတာ အံ့သြစရာမဟုတ်တော့ပါဘူး...အဲ့ဒါက ဖျက်ဆီးနိုင်စွမ်း များလိုက်တာ...


ခရီးဆောင်အိတ်ထဲမှ နောက်ဆုံးဖုန်မှုန့်တွေကို ခါလိုက်ပြီး သူ့ညီငယ်လေးက မဝံ့မရဲ မေးလိုက်၏။

“ဒါ...ဒါက ပြီးသွားပြီးလား ကိုကို...ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ...” 


အိချိီက သူ့ခေါင်းမော့ပြီး ကျောက်လှေကားဆင့်များအဆုံးရှိ နက်မှောင်နေသော တိမ်တိုက်ကြီးကို  မျှော်ကြည့်လိုက်၏။


တောင်တစ်ဝက်တွင် ကြောက်စရာအကောင်းဆုံး အမျိုးသမီးဇာ့ဂ်က စောင့်ကြပ်နေ၏။ သူက ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးကို သူ့စိတ်စွမ်းအားနယ်ပယ်ထဲ ဆွဲသွင်းနိုင်ပြီး သူတို့ကို သေသည်အထိ သို့မဟုတ် မသန်စွမ်းသည်အထိ ပြုလုပ်နိုင်သည်ဟု ဆိုကြ၏။ 


အမျိုးသမီးဇာ့ဂ်၏ အထက်တွင် နောက်ထပ် အမျိုးသမီးဇာ့ဂ်တစ်ဦး စောင့်ကြပ်နေသည်။ အိချိီက ထိုတစ်ယောက်၏ အထောက်အထားကို မသိချေ။ 

သူက အေးစက်စက်အိမ်တော်ထိန်းဝတ်စုံကို ၀တ်ထားသော်လည်း သူ၏ စိတ်နေသဘောထားမှာ လူသတ်သမားတစ်ဦးထက်ပိုနေသည်။


ထို့နောက် တောင်ထိပ်တွင် လင်း ရှိနေ၏။


သေချာတယ်... ဘာမှမဖြစ်ဘူး...


အိချိီက သူ့လက်သီးကို တိတ်တဆိတ်ဆုပ်လိုက်၏။


-----------


"မင်းဘယ်လိုလုပ်လိုက်တာလဲ..."


ဇာ့ဂ်ဘုရင်မက ဆက်ထိန်းမနိုင်တော့ဘဲ ရူးသွပ်စွာ အော်လိုက်၏။

 "ဇာ့ဂ်မျိုးနွယ်အများကြီးက ဘာလို့ ငါ့ကို သစ္စာဖောက်ကြတာလဲ..."


သူ ပြိုလဲလေလေ လုမော့က ပို၍ ငြိမ်သက်လာလေလေဖြစ်၏။ ဤအခိုက်အတန့်တွင် သူက တည်ငြိမ်စွာ ပြောလိုက်၏။

 "တကယ်တော့ အစောတုန်းက ငါတစ်ခုပြောဖို့ မေ့သွားလို့..." 


"မင်းရုပ်ဆိုးတာအပြင် နောက်ထပ် စိတ်ဝင်စားစရာတစ်ခုရှိသေးတယ်..."


လုမော့က သူ့စိတ်စွမ်းအားမှ ပါးလွှာသော ဝိညာဉ်ချည်မျှင်ကို တမင်တကာ ခွဲထုတ်လိုက်ပြီး စာရွက်တစ်ရွက်တွင် ချိတ်ကာ ဇာ့ဂ်ဘုရင်မရှေ့တွင် ပြလိုက်သည်။


ဇာ့ဂ်ဘုရင်မက အံ့အားသင့်သွား၏။

"ဒါက..."


ထိုအရာက ကြေမွနေသည့် စာရွက်တစ်ရွက်ဖြစ်ပြီး ခွေးတစ်ကောင်တွားသွားသလိုမျိုး စကားလုံးများနှင့် ပြည့်နှက်နေပြီး အလွန်ထူးခြား၏။


"အဲဒါကို မစ္စတာလိုက်ယင်ရဲ့ မှတ်စုစာအုပ်ထဲမှာ ငါတွေ့ခဲ့တာလေ...မင်း မစ္စတာလိုက်ယင်ကို သတ်လိုက်ပေမယ့် ဝမ်ကောက သူ့ပစ္စည်းတွေထဲမှာ စာအုပ်ကို ရှာတွေ့ခဲ့တယ်..."


"တိုက်ဆိုင်တာကတော့ ‌သူက ဒီစာအုပ်ကို စိတ်ဝင်စားပုံမရဘဲ လင်းကို ပေးခဲ့တယ်... ပိုပြီး တိုက်ဆိုင်တာက ပျင်းစရာကောင်းတဲ့ နေ့လည်ခင်းမှာ ငါ စာအုပ်ကို ဖွင့်ဖတ်လိုက်မိတယ်လေ..."


"တိုက်ဆိုင်မှုအရှိဆုံးက ဘာလဲဆိုတော့ အလယ်လောက်မှာ ဒီလို စာရွက်ပါးပါးလေးတစ်ရွက် ညှပ်ထားတာကို ငါ တွေ့လိုက်ရတယ် ဒါက မစ္စတာလိုက်ယင် သမိုင်းမှာ တွေ့သမျှကို မှတ်တမ်းတင်ထားခဲ့တာ..."


"မင်းက ဇာ့ဂ်ဘုရင်မ လုံးဝမဟုတ်ဘူး..."


လုမော့က သူ့အသံကို လျှော့လိုက်ပြီး သူ့ပါးစပ်ထောင့်များက သေမင်းတံစဉ်သဖွယ် ကွေးကောက်နေ၏။

"မင်းက အရမ်းတော်တဲ့ သူခိုးပဲလေ...မင်း ဇာ့ဂ်မျိုးနွယ်ရဲ့ အနာဂတ်ကို ခိုးခဲ့တာ..."


"..."


ဇာ့ဂ်ဘုရင်မက ခေါင်းငိုက်စိုက်ကျပြီး သူ့အသံက ခြောက်ခြားဖွယ်ရာ တိုးညှင်းနေ၏။

"ဒါ ဘယ်လိုဖြစ်တာလဲ...မင်းဘယ်လိုသိနိုင်မှာလဲ...ငါအရမ်းသတိထားနေနေတာကို..."


"ဗိမာန်တော်ကနေ အပြင်ကို ခြေတစ်လှမ်းမထွက်တာ နှစ်ပေါင်းတစ်ထောင်ကျော်ပြီ... ဒီလိုနည်းနဲ့ ဒီအချိန်ထိ နေခဲ့တာ...ဘာကြောင့်...ဘာကြောင့်လဲ..."


"ဘာကြောင့် ဘာကြောင့်လဲ...မင်းငါ့ကို ဘာကြောင့် အမြဲလာနှောင့်ယှက်နေတာလဲ..."


ဇာ့ဂ်ဘုရင်မက လုမော့၏ဓားမှ သူ့ကိုယ်ကို ဆွဲထုတ်ကာ ကြက်သေသေနေ၏။


"ကိစ္စမရှိပါဘူး...ငါ မင်းကို စားလိုက်မယ်" 

သူ့အဆစ်များက ရုပ်သေးရုပ်လေးလို  တဆတ်ဆတ်တုန်နေ၏။ သူ လုမော့ကို မှုန်ကုပ်ကုပ်နှင့် ကြည့်လိုက်၏။

"အဲဒါကိုသိတဲ့ ဇာ့ဂ်တွေအားလုံးကို စားရမယ်..."


မရေမတွက်နိုင်သည့် ပိုးကောင်များက သူ့အရေပြားအောက်မှာ လျှောက်သွားနေသလို လှုပ်စိလှုပ်စိဖြစ်နေပြီး သူ့အဆစ်များ အဆက်မပြတ် ပုံပျက်နေကာ သူ့နောက်ကျောက မြင့်မြင့်လာသည်။


အရေခွံနှင့် အသားများ စုတ်ပြဲနေသည့် အသံကြားပြီးနောက် ဇာ့ဂ်ဘုရင်မက နောက်ဆုံး လုမော့ရှေ့တွင် သူ့ပုံစံအမှန်ကို ထုတ်ဖော်ပြသခဲ့သည်။


လုမော့: "..."


သူ့ရှေ့က ဧရာမအသားပုံကြီးကို ကြည့်လိုက်ပြီး လုမော့က ပါးစပ်ကို ခြောက်သွေ့စွာဖွင့်လိုက်၏။

 "ဝိုး..."


ခြေထောက်ရှစ်ချောင်းက ကြီးမားသောခန္ဓာကိုယ်ကို ထောက်ထားပြီး မျက်လုံးသေးသေးလေးများစွာက ဇာ့ဂ်ဘုရင်မ၏ မျက်နှာပေါ်တွင်ပေါ်လာပြီး မျက်လုံးတစ်ခုစီက လုမော့ကို စိုက်ကြည့်နေကြသည်။


ဤရှုထောင့်မှကြည့်လျှင် သူ၏ ကွဲအက်နေသောမေးရိုးကြီးက ပန်းချီပုံစံနှင့် ပိုလိုက်လျောညီထွေ ဖြစ်နေပုံရ၏။


"ငါ မင်းကို စားပစ်မယ်..."


မရေမတွက်နိုင်သော ပိုးကောင်များ ပျံတက်လာပြီး ချက်ချင်း ပိုးအိမ်ဖြူများ ဖြစ်ပေါ်လာကာ လုမော့ကို ဖုံးအုပ်လိုက်၏။


ဇာ့ဂ်ဘုရင်မက ခြေထောက်ရှည်ရှစ်ချောင်းကို ရွှေ့ကာ ပိုးအိမ်အား လှည့်ပတ်၍ တရှဲရှဲ ရယ်မောသံများ ထွက်လာသည်။


"နေရာလွတ်ကို ဖန်တီးဖို့ မင်းရဲ့ စိတ်စွမ်းအားကို သုံးခဲ့တာလား...ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် မင်းရဲ့ စိတ်စွမ်းအားတွေ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ကုန်ဆုံးသွားမှာပါ ဟီးဟီး..."


"အဲဒီနောက် မင်းကို ငါ့ပင့်ကူပိုးမျှင်က ရေကန်ထဲ တွန်းချလိမ့်မယ်...မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်ကို ငါမြိုချမရလို့ သနားစရာကောင်းလိုက်တာ...မင်းကို အရမ်းသိသာအောင်နေလို့ ဘယ်သူပြောလဲ..."


စကားပြောပြီးနောက် ဇာ့ဂ်ဘုရင်မက ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကျေနပ်စွာဖြင့် ပိုးအိမ်ကို ပွတ်သပ်ကာ သူမ၏ မျက်လုံးငယ်လေးများက ပြင်းထန်သော အလင်းရောင်ကို ပြသနေ၏။


သူက ဇာ့ဂ်မျိုးနွယ်၏ ဇာ့ဂ်ဘုရင်မဖြစ်လိမ့်မည်၊ အမြဲတမ်းဖြစ်လိမ့်မည်။


———————


နေမင်းကြီးက ကောင်းကင်အလယ်သို့ တရွေ့ရွေ့ တက်လာသည်။


ခုခံမှု မည်မျှ နှောင့်နှေးနေပါစေ ဇာ့ဂ်မျိုးနွယ်တစ်ခုလုံး၏ အရေအတွက်နှင့် နှိုင်းယှဉ်ပါက လုမော့နှင့် သူ့အဖွဲ့သားအရေအတွက်က အလွန်နည်းပါး၏။ သူတို့အစွမ်းကုန်ကြိုးစားသော်လည်း ဇာ့ဂ်အချို့က ဘုရားကျောင်းသို့ တဖြည်းဖြည်းချဉ်းကပ်လာကြသည်။


မူလက ချောမွတ်သော ကျောက်လှေကားက ယခုအခါတွင် သွေးနီရောင်များစွန်းထင်းနေပြီး အလောင်းများမှာလည်း လှေခါးအပြည့်ရှိ၏။ နောက်ကွယ်မှ ဘုရားကျောင်းဆီသို့ ဇာ့ဂ်တိုက်ခိုက်မှုလှိုင်းလုံးများအပြီးတွင် သူတို့မျက်လုံးများတွင် အနီရောင်များနှင့် ပြည့်နေပြီး ရဲဘော်ရဲဘက်များ၏ အလောင်းများက သူတို့နောက်တွင် ကျန်ခဲ့၏။


သို့သော် ထိုအရာများကို ကိုင်တွယ်ဖြေရှင်းရန် မလွယ်သေးချေ။


လင်း ဓားကို ပြန်ဆွဲထုတ်လိုက်ရာ အရပ်မြင့်မြင့် အမျိုးသမီးဇာ့ဂ်က မြေပြင်ပေါ်လဲကျသွားပြီး လင်းအား သွေးပူများဖြင့် ပက်ဖြန်းလိုက်၏။ 


သူ မျက်နှာကို သုတ်လိုက်ပြီး လေထဲသို့ မော့ကြည့်လိုက်သည်။


မပျံသန်းနိုင်သည့် မျိုးနွယ်များက ပြဿနာဖြစ်စေသော်လည်း ပျံသန်းနိုင်သည့် ပြိုင်ဖက်များထက် ပိုလွယ်ကူသေး၏။


ဒါပေမယ့် ငါ ဒီနေရာမှာပဲ နေရမယ်...


လင်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဘေးသို့ ကွေးသွားသော ဓားကို လွှင့်ပစ်လိုက်သည်။ ထို့နောက် သူ့ခြေရင်းရှိ စစ်သည်တစ်ဦးထံမှ သေနတ်တစ်လက်ကို ပေါ့ပေါးပါးပါး ထုတ်ယူလိုက်သည်။


သေနတ်ပြောင်းဝကို လေထဲသို့ တည့်တည့်ချိန်လိုက်ရင်း ဇာ့ဂ်များအပြည့်ရှိသေည့် ကောင်းကင်ပြင်ကို မျက်နှာမူကာ အေးစက်စွာ ပြောခဲ့သည်။

 "အခုအချိန်အထိတော့ မြေပြင်ပေါ်မှာ လဲကျနေတဲ့ ဇာ့ဂ်တွေရဲ့ ကျောရိုးကို ငါလှီးဖြတ်လိုက်ရုံပဲ... ဒါပေမယ့် မင်းတို့ အခုမဆုတ်ရင် ငါ အဲဒီလို ထပ်ညှာတာတော့မှာ မဟုတ်ဘူး..."


သူ့စကားများက မဆင်မခြင် ဒေါသတကြီး အော်ဟစ်မှုများနှင့်သာ တွေ့ဆုံသွား၏။


လင်း မျက်လုံးများကို မှိတ်လိုက်ပြီး ထိုအနီရောင်မျက်လုံးများမှ အလင်းအနည်းငယ်က ပိုနက်သော လေဝဲတစ်ခုအတွင်းသို့ လွှမ်းသွားသည်။


"မင်းတို့ကို ဇာ့ဂ်နတ်ဘုရားရဲ့ ရင်ခွင်ထဲကို ပို့ဖို့ ငါ အစွမ်းကုန် ကြိုးစားပေးမယ်..."


လင်း၏ နောက်တွင် ကြီးမားသော ဖောက်ထွင်းမြင်ရသည့် အတောင်ပံများ ဖောက်ထွက်လာပြီး နေရောင်အောက်တွင် လှပသော အလင်းရောင်များ တောက်ပနေသည်။


အတောင်ပံများက ညင်သာစွာ တဖျပ်ဖျပ်ခတ်ပြီး နေရာမှ ပျောက်သွား၏။


သွေးရူးသွေးတန်းဖြစ်နေသော စစ်သည်များက လင်း၏ ပုံရိပ်ကို ရှာဖွေရန် ကြိုးစားရင်း ဇဝေဇဝါဖြစ်စွာ မျက်တောင်ခတ်နေလေ၏။


သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းက ကိုယ်ပျောက်သဖွယ် စစ်တပ်အလယ်တွင် ပေါ်လာသည်။


လေက သွေးစွန်းနေသော ငွေရောင်ဆံပင်များကို တိုက်ခတ်သွားပြီး လေထဲတွင် ပြိုးပြိုးပြက်ပြက် ကခုန်နေသည်။ သူက သေနတ်ကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး ကြောင်အနေသော စစ်သည်တစ်ဦးကို ချိန်ရွယ်လိုက်သည်။


"ဇာ့ဂ်နတ်ဘုရား မင်းကို ကောင်းချီးပေးပါစေ..."

လက်အိတ်စွပ်ထားသော လက်ချောင်းက ခလုတ်ကို ညှစ်လိုက်သည်။


သေခြင်းတရားကို တစ်ခါမှ မကြောက်ဖူးသည့် ဇာ့ဂ်စစ်သည်တစ်ယောက်က ယခုအချိန်တွင် ကြောက်စိတ်ကြောင့် သူငယ်အိမ်များ တစုတစည်းတည်း ကျုံ့သွား၏။


ဇာ့ဂ်ဘုရင်မအတွက်... ဇာ့ဂ်ဘုရင်မအတွက်...

သူ မျက်စိမှိတ်ထားလိုက်၏။


သို့သော် မျှော်လင့်ထားသည့် သေနတ်သံက ထွက်ပေါ်လာရမည့်အစား နွေးထွေးသော အပူစီးကြောင်းကြောင့် စစ်သည်များ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို သက်သာသွားစေသည်။


၎င်းက ဇာ့ဂ်ဘုရင်မ၏ အသံပင်။


[ငါ့ရဲ့ သစ္စာရှိတဲ့ သားသမီးတွေ ငါ့အတွက် မင်းတို့လုပ်ပေးခဲ့တာတွေကို ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး...]


[တိုက်ပွဲတွေ ရပ်လိုက်တော့ ဒဏ်ခတ်မှုတွေက ပြေလည်သွားပြီ...]


...


🌌🌌🌌