Chapter 80
Viewers 5k

🌌 Chapter 80



လင်း၏ ရုပ်သွင်က ကောင်းကင်တွင် ထူးခြားနေပြီး ဇာ့ဂ်မျိုးနွယ်များအားလုံး ငြိမ်သက်စွာ စိတ်နစ်မြုပ်သွားသောအခါတွင် သူက ပထမဆုံးတုံ့ပြန်သူဖြစ်သည်။


တိုက်ပွဲရပ်မှာလား... အဓိပ္ပါယ်က ဘာလဲ...


သူ့ကိုယ်တစ်ခြမ်းရ အေးခဲနေပုံရသော်လည်း ထိုရေခဲအောက်တွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။


မဟုတ်ဘူး…မဖြစ်နိုင်ဘူး…


သူက ယဇ်ပုရောဟိတ်များလဲကျပြန့်ကျဲနေသည့် ခန်းမထဲကို အပြေးအလွှားပြေးဝင်ရင်း ကျောက်တံခါးကို တွန်းဖယ်ရန် ကြိုးစားလိုက်သော်လည်း သူ့လက်များက အနည်းငယ် တုန်ယင်နေသည်ကို တွေ့လိုက်ရ၏။


လင်း အံကြိတ်လိုက်၏။


မဟုတ်ဘူး...ငါနဲ့ လုမော့ကြားမှာ သွေးစာချုပ်တစ်ခုရှိတယ်...လုမော့တစ်ခုခုဖြစ်သွားရင် ငါက မထိမခိုက်ဘဲ ဘယ်လိုနေမှာလဲ...


သူနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး နောက်အခိုက်အတန့်တွင် စူးစူးရှရှအသံဖြင့် ကျောက်တံခါးပေါ်သို့ ညာခြေထောက်ဖြင့် ကန်လိုက်၏။


ဟိန်းဟောက်သံနှင့်အတူ ကျောက်တံခါးတစ်ခုလုံး ကွဲကြေသွားသည်။


ဗိမာန်တော်ရှိ အရာအားလုံးက လင်း၏ မျက်လုံးများထဲသို့ ဝင်လာ၏။


အဖြူရောင် ပင့်ကူပိုးမျှင်က ကောင်းကင်နှင့် နေရောင် တားဆီးထား၏။ ပင့်ကူပိုးမျှင်က မျက်နှာကျက်မှ မြေပြင်အထိ ထူးဆန်းသော အပြာရောင်နှင့် ခရမ်းရောင် အလင်းတန်းများဖြင့် ထွန်းလင်းတောက်ပနေသည်။


အခန်းထဲတွင် ပိုးအိမ်အကြီးကြီးကို ချိတ်ဆွဲထား၏။


သွယ်လျသော လူငယ်တစ်ဦးက ပင့်ကူပိုးမျှင်ဖြင့် ပြုလုပ်ထားသော ရိုးရှင်းသောဝတ်ရုံကို ၀တ်ဆင်ထားပြီး ပိုးအိမ်ရှေ့တွင် ရပ်နေ၏။ ထိုအသံကိုကြားပြီးနောက် သူက ဖြည်းညှင်းစွာ လှည့်၍ လင်းကို ပြုံးပြသည်။


"ချစ်ရတဲ့ ကလေးငယ်...ငါ့အတွက် စိတ်ပူစရာ မလိုပါဘူး...ငါ လုံခြုံပါတယ်..."


ထိုရိုးရှင်းသော၀တ်ရုံက သူ့ကို အလွန်ဖြူစင်စေသည်။


ဇာ့ဂ်ဘုရင်မက လက်ကိုဆန့်ကာ ပိုးအိမ်ကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး မျက်နှာဖိကပ်ထားလိုက်၏။

"ငါ့ကို သူလုပ်ခဲ့သမျှအတွက် ခွင့်လွှတ်ပါတယ်...သူ့အပြစ်တွေကို ခွင့်လွှတ်ပြီး ဇာ့ဂ်နတ်ဘုရားရဲ့ ရင်ခွင်ထဲမှာ အနားယူပါလို့ ဆုတောင်းပါတယ်..."


"..."


သူက လင်း၏ ပေါက်ကွဲမှုကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။


သေစမ်း...လုမော့ဆိုတဲ့ကောင်က ဒီလောက်အဆင့်ထိ လုပ်နိုင်ခဲ့တယ်... သူ လုပ်ခဲ့သမျှကို ငါ ခွင့်မလွှတ်နိုင်ပါဘူး...


သူ့ကို သေအောင် နှိပ်စက်ဖို့က မလုံလောက်သေးဘူး...ငါ့ဒေါသငြိမ်သွားဖို့က အဝေးကြီးကျန်သေးတယ်...ကျန်တဲ့ ဒေါသတွေကို ဒီအမျိုးသမီးဇာ့ဂ်အပေါ် ပုံချရမယ်...


ဇာ့ဂ်ဘုရင်မက သူမ၏ ခါးသီးမှုကို ဖုံးကွယ်ရန် မျက်လုံးကို ငုံ့ထားလိုက်သည်။


သို့သော် သူ မျှော်လင့်ထားသလို လင်း၏ နာကျင်သည့် အသံက မထွက်လာပေ။

သူ ဝမ်းနည်းမှုတွေ ဖုံးလွှမ်းနေသလား...


ဇာ့ဂ်ဘုရင်မက သံသယစိတ်ဖြင့် ခေါင်းကို မော့ကြည့်လိုက်သော်လည်း လင်းက တစ်ခုခုကို အမှတ်ရသွားသကဲ့သို့ ခေါင်းကို အနည်းငယ် စောင်းထားသည်ကို တွေ့လိုက်ရသည်။ ယင်းကြောင့် ဇာ့ဂ်ဘုရင်မက အနည်းငယ် စိတ်မသက်မသာဖြစ်သွားပြီး မေးလိုက်သည်။

"ကလေး...မင်း ဘာဖြစ်လို့လဲ..."


"ရှူးးးး..."

လင်း လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အသံတိတ် အမူအရာလုပ်ပြ၏။


၎င်းရင်းမြစ်မှ ထွက်ပေါ်လာသည့် အသံကို သူ မိန်းမောစွာ ကြားလိုက်၏။ ၎င်းအသံက စိတ်စွမ်းအင်ပင်လယ်မှ တိုက်ရိုက်လာသကဲ့သို့ပင်။


[ဒင်...အမှိုက်ဆန်မှုတန်ဖိုးက ၁၀,၀၀၀ တိုးလာပါတယ်...] 


[ဒင်...အမှိုက်ဆန်မှုတန်ဖိုးက ၁၀၀,၀၀၀ တိုးလာပါတယ်...] 


[ဒင်...အမှိုက်ဆန်မှုတန်ဖိုးက ၅၀,၀၀၀ တိုးလာပါတယ်...] 


[အမှိုက်ဆန်မှုအဆင့် တက်နိုင်ပါပြီ...SS အဆင့်အမျိုးသားတစ်ယောက်ဖြစ်လာဖို့ အဆင့်မြှင့်တင်န်ိုင်ခဲ့တဲ့ ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်...]


ဇာ့ဂ်ဘုရင်မက ပိုနားထောင်လေလေ ပိုထိတ်လန့်လေလေဖြစ်လာ၏။ သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

"ဘာတွေ ဖြစ်..."


သူ့ရင်ဘတ်တွင် အအေးလှိုင်းတစ်ခု ဖြတ်သွား၏။


ဇာ့ဂ်ဘုရင်မက မယုံကြည်နိုင်စွာဖြင့် ခေါင်းငုံ့လိုက်ရာ သူ့နောက်ကျောနှင့် ရင်ဘတ်မှတဆင့် ရွှေအိုရောင်ဓားတစ်ချောင်းကို မြင်လိုက်ရပြီး ဓားထိပ်ဖျားမှ သွေးနီရဲရဲများ ထွက်ကျလာသည်။


ဘာ...ဖြစ်တာလဲ……


သူ ကြောင်‌တောင်တောင်ဖြင့် ခေါင်းကို လှည့်ကြည့်လိုက်ရာ သူ့ဂုဏ်ယူရသည့် ပိုးအိမ်ကြီး ကွဲထွက်သွားသည်ကို တွေ့လိုက်ရ၏။ ပိုးချည်က စေးကပ်မှုများပျောက်သွားပြီး ပိုးအိမ်ပေါ်မှ ပြုတ်ကျလာ၏။


ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သလိုပင် သန်မာသန်စွမ်းသည့် လက်တစ်ဖက်က ပိုးအိမ်ထဲမှ ပေါ်ထွက်လာ၏။  


"ငါ နောက်တစ်ခု ထပ်တွေ့ထားတယ်..."

အနက်ရောင်ဆံပင်နှင့် မျက်လုံးစိမ်းရောင်ရှိသော အမျိုးသားဇာ့ဂ်က ပြန့်ကျဲနေသော ပိုးမျှင်နောက်မှ ထွက်လာသည်။


ဇာ့ဂ်ဘုရင်မက သူ့ပါးစပ်ကို ဖွင့်လိုက်၏။

"ဘာလဲ..."


လုမော့ အသက်ရှုထုတ်လိုက်ပြီး တွဲလောင်းကျနေသော ပင့်ကူပိုးမျှင်ကို လှုပ်ယမ်းလိုက်သည်။


"ပင့်ကူတွေကို...ဇာ့ဂ်တွေလို့ သတ်မှတ်လို့ မရဘူး ဟုတ်တယ်မလား..."


———————


ဇာ့ဂ်ဘုရင်မ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ပါးစပ်မှ အနီရောင်သွေးများ ထွက်ကျလာ၏။


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


ငါက နှစ်ထောင်ပေါင်းများစွာ စွမ်းအားကို စုဆောင်းထားခဲ့တာ အခုတော့ အမျိုးသားဇာ့ဂ်ပေါက်စလေးရဲ့ အနိုင်ပိုင်းတာကို ခံလိုက်ရတယ်ပေါ့လေ...


ဇာ့ဂ်ဘုရင်မ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ခဲ့သော ထန်ဓားက ရွှေရောင်လျှပ်စီးများ လက်နေသော်လည်း ထိုအလင်းရောင်များက လုမော့၏ ဝိညာဉ်စွမ်းအားဖြစ်သည်။


ဤမျှကြီးမားပြီး သေစေနိုင်သော ကျည်ဆန်လေးသည်ပင် ဇာ့ဂ်ဘုရင်မအတွက် လေပြင်းတစ်ခု တိုက်သလောက်သာဖြစ်ပြီး သာမန်တိုက်ခိုက်မှုများက အသုံးမဝင်ဟု ပြောပြနေ၏။


မှော်ပညာကို အနိုင်ယူရန် မှော်ပညာကို အသုံးပြုရမည်။ တစ်နည်းအားဖြင့် စိတ်စွမ်းအားသာလျှင် ဇာ့ဂ်ဘုရင်မကို ထိခိုက်စေနိုင်သည်။


လုမော့က စွတ်ခနဲ ဓားသွားကို ဆွဲထုတ်လိုက်ရာ လွင့်စင်လာသော သွေးများက သူ့မျက်နှာပေါ်တွင် ထူထဲသော အမှတ်အသားတစ်ခုကို ကျန်ရစ်စေခဲ့၏။


ဇာ့ဂ်ဘုရင်မက ညည်းတွားကာ ဒူးထောက်ကျသွား၏။ သူ့လက်များက လုံးလုံးလဲကျ မသွားစေရန် မြေပြင်ပေါ်တွင် ထောက်ကန်ထား၏။ သို့သော် ၎င်းက နောက်ဆုံးခြေလှမ်း ဖြစ်သည်ကို တွေ့မြင်နိုင်၏။


"ဟား...ဟ..."


လေနှင့်သဲတို့ကြောင့် ကြွေလွှင့်သွားသော ကျောက်ဆစ်ရုပ်ကဲ့သို့ သူ့ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ဆက်တိုက်ပေါ်လာသည်။


လုမော့က ညင်သာစွာ ပြောလိုက်၏။

"ဇာ့ဂ်မျိုးနွယ်ရဲ့ ရှေးဒဏ္ဍာရီထဲမှာ ဇာ့ဂ်နတ်ဘုရားက သူ့လူတွေကို စွန့်ပစ်ခဲ့ပြီး ရလဒ်အနေနဲ့ ဇာ့ဂ်မျိုးနွယ်က တဖြည်းဖြည်း အားနည်းလာတယ်..."


နံရံပေါ်ရှိ ရောင်စုံဖန်သားထွင်းထားမှုများက အချို့နေရာများတွင် ကွဲအက်နေပြီး ပြတင်းပေါက်မှတစ်ဆင့် တောက်ပသော နေရောင်အလင်းတန်းက လုမော့ခန္ဓာကိုယ်ကို ထိသွား၏။


ဇာ့ဂ်ဘုရင်မက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းကို လေးလေးနက်နက် ငုံ့ထားသည်။ လုမော့က ဇာ့ဂ်ဘုရင်မ၏ ကျောပေါ်တွင် ဓားဖျားကိုဖိလိုက်ပြီး သူ့ဘေးတွင် ရပ်နေသည်။


“နောက်ဆုံးသော ကာလရောက်တဲ့အခါ နတ်ဘုရားတွေက ကမ္ဘာပေါ်မှ အရာအားလုံးကို တရားစီရင်မှာဖြစ်တယ်...”

လုမော့က ယခုအချိန်တွင် ဇာ့ဂ်ဘုရင်မ၏ ပြစ်မှုကို တရားစီရင်ရန် ဆန္ဒရှိနေသည်။


သူက ပြောလိုက်၏။

"ဇာ့ဂ်မျိုးနွယ်ရဲ့ အမျိုးသားဇာ့ဂ်တွေက တစ်နေ့တခြား ရှားပါးလာပြီး ဇာ့ဂ်မျိုးနွယ်က ဒီနေ့ခေတ်လို တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်...ဒါပေမယ့် အဲဒါက မင်းနဲ့ ဇာ့ဂ်ဧကရာဇ်တို့ စုစည်းထားတဲ့ လိမ်ညာမှုတစ်ခုပဲ..." 


နေရောင်ထဲတွင် လုမော့၏ အနက်ရောင်ဆံပင်များက အဖြူနှင့် အမည်းကြားတွင် ပြတ်သားသော ခြားနားချက်ဖြင့် သူ့မျက်နှာကို ဖုံးကွယ်ထားသည်။


သူ့မျက်နှာပေါ်တွင် သွေးခြေရာများ ကျန်နေခဲ့ကာ နီရဲနေလေသည်။


သူက ဓားရှည်တစ်ချောင်းကို ကိုင်ထားပြီး သူ့လက်ချောင်းများ လုံးဝမတုန်ရီနေဘဲ ၎င်းကို ဇာ့ဂ်ဘုရင်မ၏နောက်ကျောထဲသို့ သေသေသပ်သပ် ထိုးထည့်လိုက်သည်။


ထို့နောက် အားစိုက်ကာ ဇာ့ဂ်ဘုရင်မ၏ နှင်းသဖွယ် အသားအရည်ကို ခွဲထုတ်လိုက်သည်ယ


ပန်းရောင်ကြွက်သားများ၏ နက်နဲသောနေရာတွင် တစ်ခုခု တောက်ပနေပြီး ကမ္ဘာပေါ်ရှိ အလှပဆုံး ကျောက်မျက်ရတနာကပင် ထိုကဲ့သို့ အလင်းကို မထုတ်နိုင်ချေ။


သူ လှုပ်ရှားပြီးနောက် အားနည်းစွာ အသက်ရှူနေသော ဇာ့ဂ်ဘုရင်မက နာကျင်စွာဖြင့် မခံနိုင်အောင် အော်လိုက်၏။ စူးရှသော အသံက လူတို့၏ နားစည်ကို ကိုက်ဖြတ်လုနီးပါးပင်။


သို့သော် လုမော့က မတုန်မလှုပ်ခဲ့ချေ။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။


"ဇာ့ဂ်နတ်ဘုရားက သူ့လူတွေကို ဘယ်တော့မှ မစွန့်ပစ်ဘူး...သူ့က ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရတာ..."


——


လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်တွင် မစ္စတာလိုက်ယင်က ရှေးဟောင်းအပျက်အစီးတစ်ခုကို တွေ့ရှိခဲ့သည်။


အပျက်အစီးကို နက်ရှိုင်းသော ရေကန်ထဲတွင် မြှုပ်နှံထားပြီး နေရာတိုင်းတွင် ထူထပ်သော ရေညှိများဖြင့် ဖုံးအုပ်နေ၏။ ထိုအထဲတွင် အဖိုးတန်ပစ္စည်းများ ရှိကောင်းရှိနိုင်သော်လည်း ရတနာမုဆိုးများက အားလုံးကို လုယူသွားခဲ့၏။


ညစ်ပတ်လေးလံပြီး အဖိုးမတန်သည့် ကျောက်တုံးများသာ ကျန်နေခဲ့၏။ မစ္စတာလိုက်ယင်ကဲ့သို့ လူမျိုးကသာ ၎င်းတို့ကို ယူရန် စိတ်ဝင်စား၏။ 


ထို့နောက် ၎င်းပေါ်ရှိ အညှိများကို ဖြည်းဖြည်းချင်း ဆေးကြောသန့်စင်ရန် စုတ်တံနှင့် ခြစ်တံများကို ဂရုတစိုက်အသုံးပြုခဲ့ပြီး ကျောက်ပြားပေါ်မှ သေးငယ်သော ထွင်းထုရာများကို မထိမိစေရန် သတိထားခဲ့၏။


သန့်စင်ပြီးနောက် ၎င်းပေါ်တွင် ပျောက်ဆုံးသွားသော ဒဏ္ဍာရီတစ်ခုအကြောင်း ထွင်းထားသော စာလုံးများရှိပြီး မစ္စတာလိုက်ယင်က ရှေးဟောင်းစာအုပ်အားလုံးတွင် ၎င်းနှင့်အလားတူ မှတ်တမ်းကို မတွေ့ရှိခဲ့ပေ။


ပထမဆုံးကျောက်တုံးကို ဖတ်လိုက်ရာ...


[“ဇာ့ဂ်နတ်ဘုရား ကမ္ဘာမြေပေါ် ဆင်းသက်လာတဲ့အခါ မီးတောက်တွေက သူ့ကိုဝိုင်းထားပြီး စူးရှတောက်ပတဲ့အလင်းရောင်ကို ထုတ်လွှတ်ထားလို့ ဘယ်ဇာ့ဂ်မှ သူ့ကို တိုက်ရိုက် မကြည့်နိုင်ဘူး...]


[သူ ရေထဲသို့ရောက်တာနဲ့ ရေက သူ့ကို သဘောကျတာကြောင့် လမ်းတစ်ခုလုပ်ပေးလိမ့်မယ်..]


[ကမ္ဘာကြီးက သူ့ရဲ့ ကြီးမားတဲ့ တန်ခိုးကို မခံနိုင်တာမို့ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာပြီး နတ်ဘုရားရဲ့ တန်ခိုးတော်ကို တုန်လှုပ်လျက် ချီးမွမ်းမယ်...]


ဒုတိယကျောက်ပြားကို ဖတ်လိုက်ရာ...


[နတ်ဘုရားက အရာတစ်ခုမှလွဲပြီး ကျန်တာအားလုံးကောင်းမွန်တယ်လို့ မြင်တယ်...]


[ဒါကြောင့် သူ ဇာ့ဂ်မျိုးနွယ်ကို ဖန်တီးပြီး ကမ္ဘာပေါ်က အရာအားလုံးကို ထိန်းချုပ်ဖို့ သူတို့ကို အမိန့်ပေးခဲ့တယ်...]


[ဇာ့ဂ်မျိုးနွယ်က ပိုအားကောင်းလာပြီး နတ်ဘုရားရဲ့ ရာဇပလ္လင်ကို စောင့်ကြပ်ဖို့ ဘုရားသခင်ပေးထားတဲ့ အခွင့်အာဏာကို ကျင့်သုံးကြတယ်. ..]


တတိယကျောက်ပြားကို ဖတ်လိုက်ရာ...


[နတ်ဆိုးက နတ်ဘုရားပြုတဲ့အရာကို မနာလိုဖြစ်လာတယ်...ဘုရားသခင်ကို ရာဇပလ္လင်ပေါ်က ဆွဲထုတ်မယ်လို့ ဆိုခဲ့တယ်..]


[ဒါကြောင့် နတ်ဆိုးက နတ်ဘုရားရဲ့ အစောင့်တွေကို သွေးဆောင်ပြီး နတ်ဘုရားက ဘာကြောင့် မင်းတို့ သူ့ကို စောင့်ရှောက်ဖို့လိုတာလဲ လို့ မေးလိုက်တယ်...]


[အစောင့်တွေက ပြန်ဖြေတယ်...ငါတို့က နတ်ဘုရားထံ မချဉ်းကပ်နိုင်တာမို့ပါ... နတ်ဘုရားရဲ့ ဂုဏ်ကျက်သရေက ငါတို့ကို ပူလောင်စေမယ်...]


[ဒါဟာ အလိမ်တွေပဲလို့ နတ်ဆိုးက ပြောတယ်...မင်း သူ့ကို ချဉ်းကပ်လာမှာ နတ်ဘုရားကကြောက်လို့၊ မင်း သူ့ကို စားလိုက်မယ်ဆို သူ့ရဲ့စွမ်းအားကို မင်းရလိမ့်မယ်...]


…


မစ္စတာလိုက်ယင်က ဤဒဏ္ဍာရီများ၏ အဓိပ္ပါယ်ကို အစပိုင်းတွင် နားမလည်ခဲ့ချေ။ တစ်နေ့တွင် လင်းနှင့် ဝမ်ကောတို့ ခါတိုင်းကဲ့သို့ ကြယ်များကြည့်ရန် အိမ်ခေါင်မိုးပေါ် အိပ်နေသော အခါတွင် လင်းက ရုတ်တရက် တိတ်တိတ်ဆိတ်ဆိတ် စကားတစ်ခွန်းပြောခဲ့သည်။


"ကြယ်တစ်စင်း ကြွေသွားတာကို မြင်လိုက်တယ်..."


မစ္စတာလိုက်ယင်က ပြန်ဖြေ၏။

"အင်း...ဒါကို ဥက္ကာပျံလို့ ခေါ်တယ်..."


စကားတစ်ဝက်တွင် သူရုတ်တရက်ထထိုင်လိုက်ပြီး မျက်နှာက ဖြူဖျော့ကာ ချွေးစေးများ ထွက်နေ၏။


နောက်ဆုံးတွင် သူက ထိုဒဏ္ဍာရီကို နားလည်သွားသည်။ အရာအားလုံးက အလိမ်အညာဖြစ်နေ၏။


သို့သော် အမှန်တရားက ကြောက်စရာကောင်းလွန်း၏။ အတည်မပြုရသေးမီအထိ သူ တစ်ချက်မျှ မပေါက်ကြားစေဘဲ ထိုအစား စာရွက်တစ်ရွက်ပေါ်တွင် ရေးလိုက်၏။။


ထို့နောက် မှတ်စုစာရွက်တစ်ရွက်ကို အလွှာနှစ်လွှာအဖြစ် ခွဲလိုက်သည်။


စာရွက်အမြှောင်းကို သီးခြားစာမျက်နှာတစ်ခုတွင် ဝှက်ထားပြီး ၎င်းကို လုံးဝပုံမှန်ဖြစ်စေရန်အတွက် အပြင်မှ ကော်ကပ်ထားသည်။


စုံစမ်းစစ်ဆေးမှုအတွင်း သူ၏ လုပ်ရပ်များ မတော်တဆပေါက်ကြားခဲ့ခြင်းက ဝမ်းနည်းစရာပင်။ ဇာ့ဂ်ဧကရာဇ်က မစ္စတာလိုက်ယင်ကို တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး သူ၏ အမွေအနှစ်များဖြစ်သည့် ဤမှတ်စုစာအုပ်မှတစ်ပါး အားလုံးကို ဖယ်ရှားပစ်ခဲ့ကာ ဝမ်ကော၏ စိတ်စွမ်းအားခလုတ်တွင် ဝှက်ထားသည်။


၎င်းပေါ်တွင် ရေးထားခဲ့သည်မှာ - 


[ပထမကျောက်ပြားမှာ 'ဇာ့ဂ်နတ်ဘုရား' နဲ့ ပတ်သက်တဲ့ အမှန်တရားကို မှတ်တမ်းတင်ထားတယ်...အဲ့ဒါက ကောင်းကင်ပြင်က ထူးခြားတဲ့ဥက္ကာခဲတွေ ဖြစ်နိုင်ချေ များတယ်... သူ ကျဆုံးချိန်မှာ ပြင်းထန်တဲ့ အလင်းရောင်နဲ့အတူ ရေကြီးမှုနဲ့ ငလျင်တွေ ဖြစ်ပေါ်ခဲ့တယ်...]


[ဒုတိယကျောက်ပြားမှာ ဇာ့ဂ်မျိုးနွယ်ရဲ့ မူလအစကို မှတ်တမ်းတင်ထားတယ်...ဥက္ကာခဲမှာ မူလ ဇာ့ဂ်မျိုးနွယ်ဗီဇကို ထိခိုက်စေတဲ့ ဓာတ်ရောင်ခြည်တွေ ပါနိုင်ပြီး နောက်ပိုင်းမှာ စတင်သက်ရောက်လာမယ်...]


[တတိယကျောက်ပြားက ကြောက်မက်ဖွယ်အကောင်းဆုံးစစ်ပွဲကို မှတ်တမ်းတင်ထားတယ်... ဥက္ကာခဲကို စောင့်ကြပ်နေတဲ့ ဇာ့ဂ်က ဥက္ကာခဲကို သူ့ကိုယ်ပိုင်အဖြစ် သိမ်းပိုက်လိုက်တယ်...ဒီ ဇာ့ဂ်က......ဖြစ်ဖို့များပါတယ်...]


…


"အဲဒါ မင်းပဲ...ဇာ့ဂ်ဘုရင်မ...မင်းက ဇာ့ဂ်နတ်ဘုရားကို မြိုချလိုက်တာ...” 


လုမော့ အောက်သို့ငုံ့၍ သူ့လက်ချောင်းသွယ်သွယ်များကို ဇာ့ဂ်ဘုရင်မနောက်ကျောရှိ အပေါက်တစ်လျှောက်သို့ ဆန့်တန်းလိုက်၏။ သူ တည်ငြိမ်စွာ ပြောလိုက်၏။

“ရိုးရိုးရှင်းရှင်းပဲ… မင်းက ပြင်းထန်တဲ့စွမ်းအားကို မခံနိုင်ဘူးလေ...မင်းက အမျိုးသားဇာ့ဂ်ရဲ့ စိတ်စွမ်းအားကိုသာ မမြိုချရင် မင်းခန္ဓာကိုယ်က တဖြည်းဖြည်း ကွဲအက်လာမှာ ဟုတ်တယ်မလား...”


ဥက္ကာခဲမာမာကို သူ့လက်ချောင်းထိပ်များဖြင့် ထိမိသွား၍ လုမော့က အင်အားအနည်းငယ် သုံးလိုက်၏။ လှပသော ဥက္ကာခဲက ဇာ့ဂ်ဘုရင်မ၏ခန္ဓာကိုယ်မှ တဖြည်းဖြည်း ထွက်လာခဲ့သည်။


"အာ့ အာ့ အာ့ အာ့ အာ့..."

ထိုအခိုက်အတန့်တွင် ဇာ့ဂ်ဘုရင်မထံမှ ဘီလူးတစ်ကောင်နီးပါး အသံကြီးထွက်လာ၏။ လင်းက ဤညည်းတွားသံကို ကောင်းကောင်းသိသည်။


၎င်းက တစ်စုံတစ်ဦး သေလုဆဲဆဲတွင် မလိုလားမှုနှင့် ခါးသီးမှုခံစားချက်များစုစည်းကာ ပေါက်ကွဲထွက်လာသော ထိတ်လန့်တကြားအော်သံပင်။  အားနည်းသည့် ပြိုင်ဘက်များပင် ထိုအချိန်၌ မမျှော်လင့်ထားသော လှုပ်ရှားမှုများ ပြုလုပ်နိုင်၏။


ဤအခိုက်အတန့်တွင် လင်း၏ နှလုံး၌ ကြီးမားသောအချက်ပြမှုကြီးဖြစ်ပေါ်လာပြီး လုမော့ဆီသို့ ပြေးသွားလိုက်၏။

"လုမော့..."


သို့သော် သူက မမြင်နိုင်သော နံရံတစ်ခုနှင့်သာ ရင်ဆိုင်လိုက်ရ၏။ သူက လုမော့နှင့် ၃ မီတာအောက်သာ ဝေးသော်လည်း မည်မျှကြိုးစားပါစေ အနားကပ်မရချေ။ 


"လုမော့..."


လင်းက ကူကယ်ရာမဲ့စွာဖြင့် ဇာ့ဂ်ဘုရင်မက လုမော့ခြေထောက်ကို ပွေ့ဖက်ထားသည်ကို ကြည့်နေရပြီး ဇာ့ဂ်ဘုရင်မက သူ့ကို ပြောလာ၏။

"မင်း အဲ့မှာရပ်ပြီး ငါ သူ့ကို ဘယ်လိုစားလဲဆိုတာ သေသေချာချာ ကြည့်နေ..."


ဇာ့ဂ်ဘုရင်မက၏တစ်ကိုယ်လုံးက စုတ်ပြဲနေပြီး အချိန်မရွေး လေတိုက်ရုံဖြင့်လွှင့်‌တော့မည့် ရုပ်ပေါ်နေသော်လည်း သူက လုမော့ကို ဖက်တွယ်ထားရင်း မြေပြင်မှ ဖြည်းဖြည်းချင်း မတ်တပ်ထလိုက်၏။ လုမော့တွင် မည်သည့် ထိခိုက်မှုမှ မရှိသော်လည်း ယခုအချိန်တွင် သူ့၌ စွမ်းအင်မရှိတော့ပေ။ 


လုမော့က ယခုအချိန်တွင် SS အဆင့်အမျိုးသားတစ်ဦးဖြစ်ရန် အဆင့်တက်သွားသော်လည်း ဇာ့ဂ်ဘုရင်မနှင့် နှိုင်းယှဉ်ပါက သူတို့ကြား ကွာဟချက်မှာ အလွန်ဆိုးရွား၏။


ဇာ့ဂ်ဘုရင်မက လုမော့၏ ပခုံးပေါ် ဖက်တွယ်သွားပြီး သူမမေးရိုးကို ဖြည်းဖြည်းချင်းခွဲကာ လုမော့၏လည်ပင်းဆီသို့ ချဉ်းကပ်လာသည်။


လင်း၏မျက်လုံးများ တောင့်တင်းလာ၏။ 


အချိန်က ဆွဲဆန့်လိုက်သလိုဖြစ်နေပြီး ဇာ့ဂ်ဘုရင်မ၏ လှုပ်ရှားမှုများက သူ့မျက်လုံးထဲတွင် အလွန်နှေးကွေးသွားခဲ့၏။ ချွန်ထက်သော သွားများမှ တံတွေးတစ်စက်ချင်းစီ စီးကျနေသည်ကို သူ မြင်နိုင်လုနီးပါးပင်။


မလှုပ်ပါနဲ့…


လုမော့ မလှုပ်ပါနဲ့...


"ခလက်..."


"ခလက်..."


ဤအခိုက်အတန့်တွင် လင်းက အက်ကွဲကြောင်းတစ်ခုကို ခံစားလိုက်ရသည်။ ဤ "အတားအဆီး" ကြောင့် ဖြစ်ပေါ်လာသော အက်ကွဲကြောင်းမဟုတ်သော်လည်း ထိုအရာများကြားတွင် သူ့အား ဖမ်းဆုပ်ထားသော အရာတစ်ခု ပွင့်ထွက်နေသည်ကို ခံစားလိုက်ရ၏။


တိုးညှင်းသော အသံက ပိုကြည်လင်လာ၏။


[စနစ်က ၃၀ ရာခိုင်နှုန်း ပျက်စီးနေတယ်...]


[စနစ်က... ၅၀ ရာခိုင်နှုန်း...zz အထိ ပျက်စီး...]


[စနစ်က ပျက်စီး... zz zz zz ၆၀...]


[လုမော့...လွတ်အောင် အမြန်လုပ်... ငါ ပြိုလဲတော့မယ်...]


ဇာ့ဂ်ဘုရင်မ၏ ခွဲထားသော မေးရိုးက ပိတ်သွားသည်။


လင်း၏ မျက်လုံးများတွင် နောက်ဆုံးအလင်းတန်းများ ပျောက်ကွယ်သွားခဲ့သည်။


လွန်ခဲ့သော ကာလတစ်ခုတွင် ရုတ်တရတ် ရေဝဲတစ်ခုက သူ့ကို မျိုချလုနီးပါး ဖြစ်ခဲ့ဖူး၏။ လင်းက သူ့ကို ဆွဲထုတ်လိုက်ရာ ထိုအခိုက်အတန့်တွင် ရေဝဲက ပျောက်ကွယ်သွားသည်ဟု ထင်လိုက်မိသည်။


သို့သော် ယခုအခါ သူ့ကို ပင်လယ်အောက်ခြေတွင် ထာဝရမြှုပ်နှံထားသလို အရာအားလုံးကို မျိုချလိုက်သော ရောင်ဝါနှင့်အတူ ၎င်းက တစ်ဖန်ပြန်ဖြစ်လာပြီဖြစ်သည်။


( ရေဝဲထဲက ပြန်ဆွဲထုတ်ခဲ့ရတယ်ဆိုတာ ဟိုတစ်ခါ ကျေးဇူးတော်အခမ်းအနားတုန်းက လုမော့ သူ့အရင်ကမ္ဘာကို ပြန်သွားရတော့မလိုဖြစ်သွားတဲ့အချိန် လင်းက ပြန်ခေါ်ခဲ့ရတာကို ဆိုလိုတာပါ )


…


"ဟီး...ဟီး..."


လျှာဖျားတွင် လတ်လတ်ဆတ်ဆတ်သွေးများ ပြည့်နေသည့် သွေးဇာ့ဂ်ဘုရင်မ၏ ဝိညာဉ်က နိုးကြားလာပြီး သူ့ခန္ဓာကိုယ်ရှိ အပေါက်များက လျင်မြန်စွာ ပျောက်ကင်းသွားသည်။ သူ တစ်ချက်ဝေ့ကြည့်လိုက်ပြီး တွေးလိုက်သည်မှာ - ၎င်းက မပြီးဆုံးသေးချေ။ 


လုမော့က သူ့ကို ဤအခြေအနေထိဖြစ်အောင် အတင်းအကျပ်တွန်းအားပေးခဲ့၏။

ငါ ပြိုလဲလုနီးနီးပါပဲ...


သို့သော် ကိစ္စမရှိချေ။ ဇာ့ဂ်ဘုရင်မက လွတ်လွတ်လပ်လပ် တွေးခဲ့၏။

ငါကိုယ်တိုင် ကျရှုံးမသွားခင် လုမော့က အရင်ရှုံးခဲ့တာပဲလေ...


ထို့နောက် သူ လုမော့၏ စိတ်စွမ်းအင်ပင်လယ်ကို အရသာခံနိုင်မည်။ 

ဒီဇာ့ဂ်နှစ်ကောင်ကို သတ်နိုင်သရွေ့ ငါက ဇာ့ဂ်မျိုးနွယ်ရဲ့ ဇာ့ဂ်ဘုရင်မဖြစ်နေဦးမှာပဲ…


"လုမော့ကို လွှတ်လိုက်ပါ..."


လင်း၏ ရေခဲသဖွယ် အေးစက်စက်အသံကို ကြားလိုက်ရသည်။ ဇာ့ဂ်ဘုရင်မက မထိန်းနိုင်ဘဲ ကြောက်ရွံ့မှုကြောင့် ဆတ်ဆတ်တုန်သွား၏။ မသိစိတ်အရ ခေါင်းကို လှည့်ကြည့်လိုက်ရာ လင်းကို မြင်သည့်အခိုက်တွင် ထိတ်လန့်စွာ ထအော်လုနီးပါးပင်။ 


ငွေရောင်ဆံပင်အမျိုးသမီးက ထိုနေရာတွင်ရပ်နေကာ သူ့မျက်လုံးများက နီရဲနေပြီး ဖရိုဖရဲဖြစ်ကာ သာမန်မျက်လုံးများမဟုတ်တော့ပေ။


မရေမတွက်နိုင်သော အမှောင်ရိပ်များက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသော ရှည်လျားပိန်သွယ်သည့် လက်ရိပ်များကဲ့သို့ သူ့နောက်တွင် တွန့်လိမ်ကာ ပေါက်ဖွားလာသော်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေသည်။


အဲ့ဒါ...အဲ့ဒါက အဆင်ပြေတယ်...


သူက အမျိုးသမီးဇာ့ဂ်တစ်ယောက်ပဲလေ…ဘယ်လောက်ပဲ ကြောက်စရာကောင်းတဲ့ ဇာ့ဂ်တစ်ယောက် ဖြစ်ပါစေ စိတ်စွမ်းအားနဲ့ တည်ဆောက်ထားတဲ့ အတားအဆီးကို သူ မဖြတ်ကျော်နိုင်ပါဘူး...


လင်းက အတားအဆီးကိုမှီ၍ နှုတ်ခမ်းပါးပါးလေးများ ကွေးညွတ်သွားသော်လည်း  သူ့နှုတ်ခမ်းမှလွဲ၍ သူ့မျက်နှာပေါ်ရှိ ကြွက်သားများက ပြုံးခြင်းဟူသည့် အရိပ်အယောင်ကို မပြသနေပေ။ သူက ထူးဆန်းစွာပြုံးနေသည့် အရုပ်လေးနှင့် တူနေသည်။


"သူ့ကို လွှတ်လိုက်..."


🌌🌌🌌