Chapter 81
Viewers 5k

🌌 Chapter 81




ဇာ့ဂ်ဘုရင်မက လင်းကို ကြောင်တောင်တောင် ကြည့်လိုက်သည်။


"ခရက်..."

အက်သံအနည်းငယ်ဖြင့် လင်း၏လက်က ဖောက်ထွင်းမြင်ရသော အတားအဆီးကို ဖြတ်ကျော်သွားပြီး တရှဲရှဲမြည်သံနှင့် အသားညှော်နံ့များ ထွက်လာ၏။ ထိုအရာက "အတားအဆီး" ကို ဖြတ်ကျော်သွားခြင်းအတွက် သူ့ပြစ်ဒဏ်ပင်။ သူက သူ့အရေပြား၏ လက်မတိုင်းတွင် ပူလောင်သောဝေဒနာကို ခံစားရပြီး နာကျင်မှုက စိတ်ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်မှုရှိသည်။


ဒီလိုဝေဒနာမျိုးကို ဘယ်သူမှ မခံနိုင်ပေမယ့်...


လင်းက ဘာမှခံစားပုံမပေါ်ချေ။


"မင်း မ...အနားကို မလာနဲ့..."

ဇာ့ဂ်ဘုရင်မက သူ၏ ထူးဆန်းသောအမူအရာကြောင့် တုန်လှုပ်သွား၏။ သူက ဆုပ်ကိုင်ထားသော လုမော့ကိုပင် လွှတ်ချလိုက်ပြီး တွားသွား၍ နောက်ဆုတ်လိုက်သည်။


ဇာ့ဂ်ဘုရင်မ၏ ထိတ်လန့်နေသော အကြည့်အောက်တွင် လင်းက သူ့အနားသို့ တိုးကပ်လာပြီး ဘယ်ဘက်ခြေထောက်ကို လှမ်းကိုင်လိုက်၏။


"ခရက်..."

အားဖြင့် ဖိချေခံရသော အရိုးများမှ အသံထွက်ပေါ်လာ၏။


ဇာ့ဂ်ဘုရင်မက နာကျင်နေပြီး သူမျက်နှာက ရှုံ့တွနေကာ လင်း၏ ခြေဖဝါးအောက်တွင် အရူးအမူးရုန်းကန်နေရသော်လည်း လင်းက လုံးဝမလှုပ်မယှက်ဖြစ်နေပြီး အခြားခြေထောက်ကို ထပ်နင်းလိုက်သည်။


"ခရက်..."


"ခရက်...ခရက်..."


အရိုးကွဲအက်သံတစ်ခုများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာ၏။ 



သူက အရိုးတစ်လက်မချင်းစီကို စေ့စေ့စပ်စပ်နင်းကာ အရိုးများ အနာကျက်ရန် တိတ်တဆိတ် စောင့်ဆိုင်းပြီးနောက်...


ထပ်ချိုးပစ်ပြန်၏။


ဤသည်မှာ ရှည်လျားပြီး အဆုံးမဲ့နှိပ်စက်မှုတစ်ခုဖြစ်သော်လည်း ညှဉ်းပန်းနှိပ်စက်သူတွင် ကရုဏာအရိပ်အယောင်မရှိခဲ့ဘဲ ဇာ့ဂ်ဘုရင်မ၏ ကြေကွဲဖွယ်အော်ဟစ်သံက သူ့လှုပ်ရှားမှုများကို အနည်းငယ်မျှ တွန့်ဆုတ်စေခြင်းမရှိပေ။


အဆုံးတွင် ဇာ့ဂ်ဘုရင်မ၏ ခန္ဓာကိုယ်က ညည်းသံပင် မထွက်နိုင်တော့ဘဲ နုပ်နုပ်စင်းထားသည့် အသားများနီးပါး ဖြစ်လာသည်။


လင်းက ထုံကျင်နေသော ခြေထောက်ကို မြှောက်လိုက်ပြီး ခြေလှမ်းစတော့မည်ဖြစ်သော်လည်း လုမော့၏ အသံအနည်းငယ်ကို ကြားလိုက်ရသည်။


"အာ့…"


"..."


လင်း၏ မျက်လုံးများက လှုပ်ရှားနေကြပြီး နောက်ဆုံးတွင် ထိုရှုပ်ထွေးသော အခြေအနေမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူက လုမော့အနားတွင် ဒူးထောက်ကာ လုမော့ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်လိုက်၏။


လုမော့ သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သော်လည်း တောက်ပခဲ့ဖူးသော ထိုအစိမ်းရောင်မျက်လုံးများထဲတွင် အလင်းအရိပ်အယောင်မျှမရှိနေချေ။


"လင်း..."


လင်း ပါးစပ်ဟလိုက်သော်လည်း အသံမထွက်နိုင်ပေ။


အချိန်အတော်ကြာပြီးနောက် သူ အသံအနည်းငယ်ထွက်လာ၏။

 "ငါ...ငါ ဒီမှာ..."


လုမော့က သူ့လက်ကို ဆန့်တန်းကာ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ လင်းကဖမ်းပြီး သူ့မျက်နှာပေါ်  ဖိထားလိုက်၏။

"ငါဒီမှာပါ..."


"အိုး..."

လုမော့က ဖြည်းညှင်းစွာပြန်ဖြေလိုက်၏။

"ဒါဆို... ဇာ့ဂ်ဘုရင်မကကော..."


လင်းက ပုံပျက်နေသောအသားအစုအဝေးကြီးကိုကြည့်ရန် သူ့ခေါင်းကိုလှည့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒီမှာရှိသေးတယ်..."


လုမော့က ရုန်းကန်ပြီး ပြောလိုက်၏။

"မဟုတ်ဘူး... အဲဒီကျောက်တုံးကို မထုတ်ရင် သူသေမှာမဟုတ်ဘူး..."


"အင်း..."

လင်းက ပြန်ဖြေလိုက်ပြီး အေးစက်စက် အပြုံးတစ်ခု သူ့ပါးစပ်ထောင့်တွင် ပေါ်လာ၏။


ဒါက အကောင်းဆုံးပဲ ဟုတ်တယ်မလား...


လုမော့ မည်သည့်အရာကိုမှ မမြင်နိုင်သလို လင်း၏ အမူအရာကိုလည်း မမြင်နိုင်ပေ။ နောက်ဆုံးတွင် သူ၏ စိတ်စွမ်းအားက ဇာ့ဂ်ဘုရင်မ၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိသေးဘဲ နောက်ဆုံးအခိုက်အတန့်တွင် စနစ်ကို စွန့်ပစ်ခဲ့ရသည်။


စနစ်လေးက ငိုယိုပြီး သူ့ကိုဖမ်းဆုပ်ထားရန် အသည်းအသန်ကြိုးစားခဲ့သော်လည်း ပုံရိပ်သေးသေးလေး၏ လက်နှင့် ခြေထောက်ပိစိလေးများကြောင့် လုမော့က သူ့ကိုလွယ်လွယ်ကူကူ လှုပ်ခါပစ်နိုင်သွား၏။


ဘယ်လိုတောင် အသုံးမဝင်တဲ့ စနစ်စုတ်လေးလဲ…


သို့သော် သူက သွေးစာချုပ်ကို မရုပ်သိမ်းနိုင်ချေ။


လုမော့က လင်း၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး လှဲလျောင်းနေပြီး အနည်းငယ် အေးစက်သွားသလို ခံစားလိုက်ရသည်။


"တောင်းပန်ပါတယ် လင်း..."


"ဟင်..."


"ကိုယ် သိပါတယ်... ကိုယ် မင်းနဲ့ သွေးစာချုပ် မချုပ်ခဲ့သင့်ဘူးဆိုတာ..."


အားလုံးကို စနစ်တကျ စီစဉ်ထားသော်လည်း ယခုချိန်တွင် လုမော့က ဘာလုပ်ရမည်မသိချေ။ သူ ဂရုတစိုက် လုပ်ခဲ့သော်လည်း ထိုကဲ့သို့အခြေအနေတွင် ဇာ့ဂ်ဘုရင်မ၏ စိတ်စွမ်းအားကို သူ မခံနိုင်ချေ။


ငါ သေရင် လင်းလည်း သေမှာပဲ..


တကယ်...


(T/N - လုမော့က စနစ်လေးကိုမုန်းလို့ စွန့်ပစ်လိုက်တာ မဟုတ်ပါဘူး သူ့ဆီမှာကပ်နေရင် ဒုက္ခရောက်မှာစိုးလို့ပါ၊ လင်းနဲ့ကလည်း သွေးစာချုပ်ချုပ်ထားတာဆိုတော့ သူသေရင် လင်းလည်း သေရမှာစိုးလို့ပါ )


နွေးထွေးသော လက်ဖဝါးများက လုမော့၏ မျက်နှာကို ဖိကပ်ထားကာ ပိုအေးလာသော နှုတ်ခမ်းများကို တည်ငြိမ်စေပြီး လင်းက ပြုံးလိုက်၏။


"အင်း အဲ့ဒါက ကောင်းတာပဲလေ..."


" မင်းဘယ်ကိုသွားသွား ငါနဲ့ အမြဲတမ်းရှိနေရမယ်လို့ ပြောထားတယ်လေ..."


"ငရဲမှာတောင် ငါတို့အမြဲတမ်း အတူရှိနေမှာပါ..."


လင်းက လုမော့ကို ပွေ့ဖက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။


လုမော့က ယခုအခါ သူ့နီးပါး အရပ်ရှည်လာသော်လည်း ယခုအချိန်တွင် လင်း၏ ပွေ့ဖက်မှုအောက်တွင် မှီပြီး သူ့မျက်နှာကို ရင်ခွင်ထဲ မြှုပ်ထား၏။


ဇာ့ဂ်ဘုရင်မ၏ ခန္ဓာကိုယ်မှ စီးဆင်းသွားလာသော စေးကပ်ကပ်သွေးများက မြေပြင်ပေါ် ပြည့်နေ၏။ ခြေတစ်လှမ်းလှမ်းတိုင်း လင်း၏ ဖိနပ်များက စေးကပ်သော အသံထွက်လာသည်။


နှစ်ထောင်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပြီး နေရောင်အောက်တွင် လှပစွာ တောက်ပနေသည့် ဥက္ကာခဲရှိနေသော အသားအပိုင်းအစပုံကြီးဆီသို့ သူ ရောက်လာသည်။


လင်း ခေတ္တရပ်လိုက်ပြီး ဥက္ကာခဲကို ကန်ချက်တစ်ချက်ဖြင့် ကန်ထုတ်လိုက်သည်။


ဥက္ကာခဲက ဇာ့ဂ်ဘုရင်မ၏ ခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဇာ့ဂ်ဘုရင်မက သက်ပြင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်က နေရောင်အောက်တွင် လျင်မြန်စွာ ကျုံ့သွားပြီး လိမ်သွားကာ ပြာများအဖြစ်သို့ ပြောင်းလဲပြီး လေနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။


လင်းက လုမော့ကို ပွေ့ဖက်ကာ ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့ပြီး ညင်သာစွာ ပြောလိုက်၏။

"လုမော့ ကြည့်ပါဦး..."


ချိုးဖြူတစ်ကောင်က အတောင်ပံခတ်၍ အနီရောင်နှုတ်သီးက သစ်ကိုင်းစိမ်းစိမ်းကို သယ်ဆောင်လာသည်။ ၎င်းက အဝေးရှိ ကောင်းကင်ယံမှ ပျံသန်းလာပြီး လုမော့ပုခုံးပေါ်တွင် နားလိုက်၏။ ၎င်းက ခေါင်းငုံ့ပြီ နှုတ်သီးကို အသုံးပြု၍ သစ်ကိုင်းစိမ်းစိမ်းကို လုမော့၏ ကော်လံပေါ်တွင်တင်ကာ အတောင်ပံများကို သေသေသပ်သပ်ဖြစ်အောင်လုပ်ပြီး ပျံသန်းသွားခဲ့သည်။


အရာအားလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။


လင်း ခေါင်းငုံ့ကာ ပြတင်းပေါက်အစွန်းကို မှီလိုက်သည်။


"လုမော့ မင်းပျော်နေလား..."


"အင်း..."

လုမော့က ခေါင်းကို မော့လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့ဖျော့နေပုံပေါ်သော်လည်း သူက ပြုံးနေ၏။

"ကိုယ် အရမ်းပျော်ပါတယ် လင်း"


"ကိုယ် မောလ်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်...သူတို့ကို မဦးဆောင်ရဲဘူး...သူတို့ရဲ့ မျှော်လင့်ချက်အတိုင်း ကိုယ် မလုပ်ပေးနိုင်ဘူး..."


"ဒါပေမယ့် ဒါကိုတော့ လုပ်နိုင်တယ်..."

သူ လက်ကိုဆန့်ပြီး ကောင်းကင်ကို ညွှန်ပြလိုက်၏။


"အောင်မြင်မှုဆိုတာ ကိုယ့်မှာရှိမနေဘူး..."


" ဒါပေမဲ့ အောင်မြင်ဖို့အတွက် ကိုယ် သေချာပေါက်ရှိနေရမယ်..."


လုမော့ ပြောလိုက်သောအခါ လင်းက ထူးဆန်းသောအသံကို ထပ်မံကြားလိုက်ရသည်။


[ဒင်...ပြီးပြည့်စုံသောအဆုံးသတ်ကို ရောက်ရှိခဲ့တဲ့ ကစားသမားလုမော့အား ဂုဏ်ပြုပါတယ်...]


——


သူ့ခြေဖဝါးအောက်မှ လေတိုးလာသလို ခံစားရပြီး လင်းက အံ့သြတကြီးဖြင့် ခေါင်းကို မော့လိုက်၏။ သူ ရှည်လျားသော ပုံရိပ်ကြီးတစ်ခုကို မြင်လိုက်ရ၏။ 


အဆိုပါပုံရိပ်က သုံးမီတာကျော်မြင့်ပြီး ကြီးမားသော၀တ်စုံကို ၀တ်ဆင်ထားကာ ရှည်လျားသော အနက်ရောင်ဆံပင်များက ဝတ်ရုံထဲမှ လွင့်နေ၏။ ထိုအသွင်အပြင်မှလွဲ၍ အခြားလက္ခဏာ မမြင်ရေချေ။ 


လင်းက လုမော့ကို တင်းတင်းကြပ်ကြပ် ဖက်ထား၏။

"မင်းက ဘယ်သူလဲ..."


"ဟား ဟား…"

အခြားပုံရိပ်က ရယ်မောလိုက်ပြီး သူ့အသံက နက်ရှိုင်းကာ စွမ်းအင်အပြည့်နှင့်ပင်။

"ငါတို့ ပြန်တွေ့ကြပြန်ပြီး လင်း..."


လင်းက သူ့ကို သေသေချာချာ ကြည့်လိုက်၏။

 "ငါ မင်းကို မသိဘူး..."


"ဟုတ်ပါတယ် မင်းငါ့ကို မသိဘူး...ဒါပေမယ့် ငါတို့ တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး ခြောက်ကြိမ်လောက်တွေ့ဖူးတယ်လေ..."


ထိုလူက သက်ပြင်းချလိုက်၏။

"ဒါက သတ္တမအကြိမ်တွေ့တာလေ… ငါ နည်းနည်းတောင် ငြီးငွေ့လာပြီ…"


"အင်း...ရှင်းပြရတာ ခက်တယ်...အဲဒါတွေကိုပဲ ကြည့်လိုက်..."


ထိုလူက ဝတ်ရုံထဲမှလက်ကို ဆန့်ထုတ်လိုက်ရာ လက်ချောင်းများက အရိုးစုသာဖြစ်ပြီး အသားမရှိချေ။  


ရောင်စုံအလုံးလေး ခြောက်လုံးက သူ့လက်မှ ပြုတ်ကျကာ လင်း ရှေ့တွင် ခဏမျှ ခုန်ပေါက်သွားသည်။ လင်း နိုးနိုးကြားကြားရှိနေဆဲဖြစ်သော်လည်း ၎င်းတို့က လင်းရင်ဘတ်ထဲသို့ ထိုးကျသွားသည်။


"အမ်..."


လင်းမျက်လုံးများရှေ့တွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။


“တဟုန်ထိုးလောင်ကျွမ်းနေတဲ့မီးရောင်အောက်မှာ ငွေရောင်ဆံပင်မျက်လုံးနီနီနဲ့ အမျိုးသမီးက စိတ်ပျက်လက်ပျက် ရှုပ်ထွေးနေတဲ့အပြုံးနဲ့ ပြိုကျနေတဲ့ ဗိမာန်တော်ရှေ့ ရပ်နေကာ.... ပြိုကျလာတဲ့ ဗိမာန်တော်က သူ့ကို ဖုံးလွှမ်းသွားတယ်...”


“သူက အလောင်းပုံကြီးရဲ့ အမြင့်ဆုံးနေရာမှာ ထိုင်ပြီးတော့ ဓားရှည်ကို လှန်ပြီး ဓားဖျားကို သူ့ကိုယ်မှာသူ ပြန်ချိန်ထားခဲ့တယ်...”


“ဇာ့ဂ်ဧကရာဇ်ရဲ့ ပွေ့ဖက်မှုထဲမှာ သူ့ရဲ့ မျက်လုံးနီနီတွေက တောက်ပမှု အရိပ်အယောင်တောင်မရှိတော့ဘဲ နောက်ဆုံးစိတ်စွမ်းအင်အနည်းငယ်ကို တိတ်တဆိတ်စုပ်ယူခံလိုက်ရတယ်...”



မြင်ကွင်းအားလုံးက သူ၏ ပျက်စီးခြင်းအသွင်အပြင်သာ ဖြစ်သည်။


လင်းက ထိတ်လန့်တုန်လှုပ်သွားပြီး မျက်လုံးများပြူးသွား၏။ သူက ထိုလူကို စိုက်ကြည့်ကာ မေးလိုက်၏။ 

"အဲဒါတွေက ဘာလဲ..."


"မင်းရဲ့အဆုံးသတ်...ကမ္ဘာကြီးရဲ့အဆုံးသတ်..." 

ထိုလူက သက်ပြင်းချလိုက်၏။

"ဒီမတိုင်ခင်က ဇာ့ဂ်မျိုးနွယ်က ခြောက်ကြိမ်တိုင်တိုင် ဖျက်ဆီးခံခဲ့ရတာ...ငါ့ရဲ့ ကိုယ်ပွား ၁၇၂ ယောက်မှာ အကောင်းဆုံး ကိုယ်ပွားခြောက်ခုက အဲ့ဒါကြောင့် ကွဲအက်သွားခဲ့တယ်..."


"နတ်ဘုရားက ကမ္ဘာကြီးကို  ၇ ရက်နဲ့ ဖန်ဆင်းခဲ့တယ်...အခုတော့ နောက်ဆုံးအခွင့်အရေး တစ်ခုရှိပြီ..."


လေပြင်းတစ်ချက်က သူ့ဝတ်ရုံကို တိုက်ခတ်သွားပြီး အရောင်ဖျော့ဖျော့မေးစေ့ကို ပေါ်လွင်စေခဲ့၏။ သူ့နှုတ်ခမ်းပါးများက ပြုံးလာ၏။

"ငါ့ရဲ့ မွေးခါစကိုယ်ပွားက ငါ့ရဲ့ အမှတ်ရစရာတွေအားလုံးကို ဒီကမ္ဘာကြီးထဲ သယ်ဆောင်သွားတာကို ငါတကယ် မတားလိုက်နိုင်ဘူး..."


"သူ လုမော့ကို ရွေးခဲ့တယ်...ဒီလို နူးညံ့ပြီး နုနယ်တဲ့ ဝိညာဉ်က ပြီးပြည့်စုံတဲ့ အဆုံးသတ်ကို ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး..."


"..."


လင်းက လုမော့ကို နက်ရှိုင်းစွာ ပွေ့ဖက်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည်။


ငွေရောင်ဆံပင်က သူ့အမူအရာများကို ဖုံးကွယ်ထား၍ ခံစားချက်အစစ်အမှန်ကို မမြင်နိုင်ဘဲ သူ့အသံက အလွန်နက်ရှိုင်းနေ၏။

"ဒီတော့ ဘာဖြစ်လဲ...ဇာ့ဂ်မျိုးနွယ်စုရဲ့ ပျက်စီးမှုက ငါနဲ့ ဘာဆိုင်လို့လဲ...လုမော့က သေတော့မယ်...“


"မင်းမှန်တယ်..."


ထိုလူက ပေါ့ပေါ့ပါးပါး ရယ်လိုက်၏။

"ဒါကြောင့် သူ့ဝိညာဉ်ကို ပြန်ယူဖို့ ငါ လာခဲ့တာ..."


သူ့အသံနှင့်အတူ လုမော့ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာ၏။ လင်း၏ အံ့အားသင့်နေသော မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုက ထိုလူ၏ အနားသို့ လွင့်ပျံလာသည်။


“ရွှေရောင်ဝိညာဉ်…”

 ထိုလူက ခံစားမှုအပြည့်နှင့် သက်ပြင်းချလိုက်၏။

“မင်းကို နောက်ဆုံးတွေ့ကတည်းကဆို မတွေ့ရတာကြာပြီနော်...”


လင်း ရုတ်တရတ် ခေါင်းထောင်ကာ ဖြူဖျော့သော မျက်နှာဖြင့် ထိုလူကို ကြည့်လိုက်၏။

 "မင်း သူ့ကို ခေါ်သွားချင်တာလား..."


"ဒါပေါ့…"


ထိုလူ၏ ခေါင်းစွပ်က စကားပြောလိုက်သည်နှင့် လှုပ်ရှားသွား၏။

 "သူက ဒီလောကနဲ့ မသက်ဆိုင်ဘူးလေ...သူပြန်သွားရမယ့် နေရာလည်း ရှိတယ်..." 


လင်းက ထိုလူအား တင်းမာစွာ စိုက်ကြည့်လိုက်၏။

 "ငါ့ကိုပါ ခေါ်သွားပါ..."


"..."


"မင်းငါ့ကို သတ်နိုင်သလို ငါ့ဝိညာဉ်ကို မင်းလိုချင်သလောက် ရောင်းစားလို့ ရတယ်...ငါ့ကို ဇာ့ဂ်တစ်ကောင် ဒါမှမဟုတ် ကျောက်တုံးဖြစ်အောင် လုပ်ထားရင်တောင် ငါ့ကို ခေါ်သွားပေးပါ ...လုမော့ တစ်သက်လုံး ရှာမတွေ့ရင်တောင် ငါ့ကို ခေါ်သွားပေးပါ... ငါကို လုမော့ အနားမှာ နေခွင့်ပေးပါ..."


ဖြစ်လာနိုင်သမျှအားလုံးကို သူစိတ်ကူးယဉ်ပြီး နာကျင်စွာပြောလိုက်၏။

 "သူငါ့ကို မမှတ်မိရင်တောင် တခြားလူကို ချစ်မိသွားရင်တောင် သူ့ကိုကြည့်နေခွင့်ပြုပါ..."


"ငါ သူ့ကို ကြည့်နေရရင် အဆင်ပြေပါတယ်..."


ထိုလူက သူ့ကို ခဏမျှ တိတ်တဆိတ်ကြည့်လိုက်ကာ ပြောလိုက်၏။

" ဒီကမ္ဘာက စာအုပ်တစ်အုပ်ပဲဆိုတာ မင်းသိလား..." 


လင်းက ထိုလူကို ကြည့်ပြီး မငြိမ်မသက်ဖြစ်နေသည်။


"မင်းဟာ စာအုပ်ထဲက ဝိညာဉ်မဲ့ဇာတ်ကောင်တစ်ကောင်ပဲ..."


လင်းက ဦးခေါင်းနောက်ဘက်သို့ တူဖြင့်ရိုက်ခံရသလို တုန်လှုပ်သွားပုံပင်။ မည်သို့ပင်ဖြစ်စေ သူ ခုခံပြောနေဆဲပင်။

"ကျေးဇူးပြုပြီး..."


"ဒါပေမယ့်-"


ထိုလူက ရုတ်တရက် ပြုံးလိုက်ပြီး ပြော၏။

"ဒါပေမယ့် တစ်နေ့မှာတော့ ဒီကမ္ဘာကြီး ရုတ်တရက် ထူးထူးခြားခြား ဖြစ်သွားပြီး ဇာတ်ကောင်တစ်ခု နိုးထလာခဲ့တယ်..."


"ဒီဇာတ်ကောင်ရဲ့ လွှမ်းမိုးမှုအောက်မှာ...ကမ္ဘာကြီးတစ်ခုလုံးဟာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားတယ်...ပြီးပြည့်စုံတဲ့အဆုံးသတ်ကို ရောက်ရှိနေသမျှကာလပတ်လုံး ဒီကမ္ဘာကြီးဟာ တကယ့်ကမ္ဘာဖြစ်လာမှာပါ..."


"ဒီဇာတ်ကောင်က မင်းပဲ လင်း..."


လင်းက မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။


သူ့အကြည့်အောက်တွင် ထိုလူက သူ့လက်ကို ဖွင့်လိုက်၏။ 

"ဂုဏ်ယူပါတယ် လင်း..."


[ဒင်...အခု ပြီးပြည့်စုံတဲ့အဆုံးသတ်အတွက် ဆုလာဘ်များ စတင်ထုတ်ပေးနေပါပြီး...]


[ဒင်...ဇာတ်လိုက်ရောင်ဝါ အသက်ဝင်လာပါပြီ...]


[အဆင့်တက်နိုင်ခဲ့တဲ့ ပိုင်ရှင်လုမော့အား ဂုဏ်ပြုပါတယ်...]


[နတ်ဘုရားအဆင့် အမျိုးသားဇာဂ့် ရောက်ရှိလာပါပြီ...]


——


အဖြူရောင် အလင်းတန်းတစ်ခုက လုမော့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ရွှေရောင်ဝိညာဉ်က ထိုလူ့လက်ထဲတွင် လှည့်ပတ်နေကာ သူ့ခန္ဓာကိုယ်ဆီသို့ အမြန်ပြန်လာခဲ့၏။


ကျိုးပဲ့နေသော ဒဏ်ရာများကို ပြန်လည်ပြုပြင်ပြီး ဖြူဖျော့သောမျက်နှာက တဖြည်းဖြည်း နီမြန်းလာ၏။ တိတ်ဆိတ်နေသော ရင်ဘတ်မှ နှလုံးခုန်သံများ စတင်လာ၏။


ပထမတွင် အနည်းငယ် တိုးညှင်းနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အသံက ပိုပြင်းလာ၏။


တောက်ပသော အလင်းရောင်အလွှာက ထိုအေးစက်သော မျက်နှာကို ဖုံးလွှမ်းသွားသည်။


ကမ္ဘာတစ်ဝှမ်းရှိ မျိုးစိတ်များထဲမှ မည်သူမဆို သူ့ကို မြင်ရသူတိုင်းက ဤပြိုးပြိုးပြက်ပြက်အသွင်အပြင်ဖြင့် ဆွဲဆောင်ခံရလိမ့်မည်။


အမှန်တရားက မနှိုင်းယှဉ်နိုင်လောက်အောင်ပင်။


"အဟွတ် အဟွတ်..."

လုမော့ ချောင်းဆိုးရင်း မျက်လုံးဖွင့်လိုက်သည်။


မျက်ရည်များပြည့်နေသည့် လင်း၏မျက်နှာနှင့် သူ အကြည့်ချင်းဆုံသွား၏။


လုမော့က သူ့ပါးစပ်ဟလိုက်ပြီး သူ့စိတ်က မကြည်လင်သေးချေ။ သူက  အဝတ်လျှော်စက်ထဲတွင် လှည့်ပတ်ပြီး လူးလိမ့်ထားသလို ခံစားလိုက်ရပြီး ဟန်ချက်ညီရန် ကြိုးစားမရချေ။ 


ဤအချိန်တွင် စိတ်လှုပ်ရှားစရာတစ်ခုခု ပြောသင့်သည်လို့ သူ ခံစားလိုက်ရ၏။


ဥပမာအားဖြင့်:


အခုချိန်ကစပြီး ကိုယ် မင်းကို ဘယ်တော့မှ ထားမသွားဘူး…


- ထိုကဲ့သို့ တစ်စုံတစ်ခုပင်။


ထိုအချိန်တွင် လုမော့ ပါးစပ်ဟလိုက်ရာ စကားလုံးများက လည်ချောင်းထဲတွင် တစ်နေ၏။ လုမော့ အကြာကြီး နှုတ်ဆိတ်နေပြီး ညင်သာစွာ ပြောလိုက်သည်။

"ချစ်ဇနီးလေး...မင်းက အရမ်းကြောက်တတ်တယ်နော်...မင်းလို အမျိုးသမီးဇာ့ဂ်က ငါ့ကို ခဏလေး မတွေ့လိုက်တာနဲ့ ငိုတော့တာပဲ..."


"ဟမ့်...ကံကောင်းလို့ ငါက သဘောထားကြီးတဲ့အမျိုးသားဇာ့ဂ်ဖြစ်လို့ပေါ့...မဟုတ်လို့ကတော့ ငါ ဘယ်လိုမျိုးများ မင်းကို သည်းခံနိုင်မှာလဲ..."



လုမော့: "..."


=口=


မဟုတ်ဘူး၊ တစ်ခုခုမှားနေပုံရတယ်...


ငါ ဘာဖြစ်နေတာလဲ... ဟန်ဆောင်တာ အရမ်းကြာသွားလို့ ငါ့ပင်ကိုယ်စရိုက်ပါပြောင်းသွားတာလား...ကယ်ကြပါဦး...


လင်း : "ဟက်..."


လုမော့: "..."


လင်းက သူ့မျက်နှာကို လုမော့လည်ပင်းတွင် မြှုပ်ထားပြီး ပြင်းပြင်းထန်ထန် ရယ်မောလိုက်ရာ  သူ့တစ်ကိုယ်လုံးက တုန်ခါသွားခဲ့၏။


သူက အူလှိုက်သည်းလှိုက် ရယ်မောပြီး နောက်ဆုံးတွင် လုမော့ကို တိုက်ရိုက်ပွေ့ဖက်ကာ မြေပြင်ပေါ်သို့ ဘောလုံးတစ်လုံးသဖွယ် လှိမ့်ချလိုက်၏။


လုမော့ ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်ပြီး ဒေါသတကြီးဖြင့် သူ့ခေါင်းကို တွန်းထုတ်လိုက်သည်။

"မင်း... ကလေးဆန်လွန်းတဲ့ အမျိုးသမီးဇာ့ဂ်..."


လင်းက လုမော့၏ပွေ့ဖက်မှုမှ ခေါင်းမော့လိုက်ရာ သူ့မျက်လုံးနှင့် မျက်ခုံးများက ကွေးနေ၏။ 


ကျိုးနေသည့် ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်က ဝင်ရောက်လာပြီး သက်သောင့်သက်သာဖြစ်ကာ နွေးထွေး နေ၏။


လုမော့က လင်းကို ငေးကြည့်လိုက်သည်။ ရွှေရောင်ကဲ့သို့ နေရောင်က လင်းကို ရွှေရောင်ကောက်ကြောင်းများဖြင့် ဖုံးအုပ်ထားပြီး နူးညံ့သိမ်မွေ့ပြီး လှပသောမျက်နှာက ထင်ယောင် ထင်မှားဖြစ်နေသလိုပင်။ အချိန်အတော်ကြာအောင် ကြည့်နေမည်ဆိုပါက လုမော့ အံ့အားသင့်သွားလိမ့်မည်။


"လုမော့ မင်း ဒီကမ္ဘာကြီးကို ကြိုက်လား..."


ပြတင်းပေါက်အပြင်ဘက်တွင် လေနှင့်အတူ တိမ်တိုက်များ လွင့်မျောနေပြီး ငှက်များက ဝေဟင်ထက် ပျံဝဲနေသည်။


လုမော့က လင်းကို ပွေ့ဖက်ပြီး နဖူးကို နမ်းလိုက်သည်။


"အင်း ကိုယ် အရမ်းကြိုက်တယ်..."


—————


ပြတင်းပေါက်အပြင်ဘက်တွင် အရပ်ရှည်သောလူ၏ နောက်မှ ကြီးမားသောအက်ကွဲကြောင်းကြီးတစ်ခု တဖြည်းဖြည်းပေါ်လာပြီး အက်ကွဲအစွန်းများက တဖျပ်ဖျပ်လင်းလာသည်။


သူ လှည့်၍ အက်ကွဲကြောင်းသို့ ခြေလှမ်းတော့မည် ဖြစ်သော်လည်း သူ့ဝတ်ရုံက လှုပ်လှုပ်ရွရွ ဖြစ်လာ၏။


အဖြူရောင်အလုံးလေးက သူ့ရင်ခွင်ထဲမှ ခိုးကြောင်ခိုးဝှက် ထွက်လာရာ ထိုလူက ချက်ချင်း သူ့ကို ခြေထောက်ဖြင့်လှမ်းဆွဲလိုက်၏။


“ဟေ့ ဟေ့ ဟေ့...မင်းဘာလုပ်တာလဲ...”

အမျိုးသားက သူ့ခေါင်းကို ထိလိုက်၏။


အဖြူရောင်အလုံးလေးက စိတ်လှုပ်ရှားစွာ လှည့်ပတ်ကြည့်လိုက်၏။

[ငါမရှိရင် လုမော့က အရမ်းကို သနားစရာဖြစ်သွားလိမ့်မယ်...သူက အရမ်းတုံးတာ...]


၎င်းက စပြောချိန်တွင် မဝံ့မရဲဖြစ်နေသော်လည်း သူဆက်ပြောလေလေ ပို၍ သေချာလာလေလေပင်။

[ငါက သူ့ကိုမွေးခဲ့တာဆိုတော့ ငါ့မှာ ဒီတာဝန်ရှိတယ်...]


ထိုလူက လှောင်ပြောင်ပြီး ၎င်းကို လွှတ်လိုက်၏။

"ဇာ့ဂ်မျိုးနွယ်က သက်တမ်းအရှည်ကြီးကို...မင်းဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ..."


[အဆင်ပြေပါတယ်...] 

အလုံးလေးက ထိုလူ၏ လက်ကိုပွတ်သပ်ပြီး ပြောလိုက်၏။


[ဘာပဲဖြစ်ဖြစ် မင်းမှာ ကိုယ်ပွားတွေ အများကြီးရှိတယ်လေ...မင်း ငါ့ကို မလိုနေပါဘူး...ဒါပေမယ့် လုမော့မှာတော့ စနစ်တစ်ခုပဲရှိတယ်လေ...]

(ဂုဏ်ယူနေသည့် ရုပ်ဖြင့်)


အမျိုးသားက စနစ်လေးကို မတားမြစ်ခဲ့ပေ။ ၎င်းက အသေးငယ်ဆုံးနှင့် နောက်ဆုံးပေါ် ကိုယ်ပွားအဖြစ် ထိုသို့သောတာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းကပင်  အလွန်တော်၏။


သူက ချီးမြှောက်မှုနှင့် ထိုက်တန်၏။


ထိုလူ ဝင်သွားပြီးနောက် အက်ကွဲကြောင်းက ဖြည်းညှင်းစွာ ပိတ်သွားသည်။


စနစ်က သူ့လက်တိုတိုများနှင့် ထွက်ခွာသွားသော ထိုလူနောက်သို့ လမ်းဝှေ့ယမ်းပြလိုက်ပြီး ယာယီခွဲခွာခြင်းကြောင့် ကျလာသော မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ကာ ခေါင်းကိုလှည့်လိုက်ပြီး ဘုရားကျောင်းဆီသို့ ပျံသန်းသွားခဲ့သည်။


ဖြေရှင်းစရာ များစွာကျန်နေသေးသော်လည်း ယခုအချိန်တွင် စနစ်က ဒဏ္ဍာရီပုံပြင်စာအုပ်အားလုံး၏ အဆုံးသတ်ကို အမှတ်ရနေသည်။


[ဒီအချိန်ကနေစပြီး မင်းသားနဲ့ မင်းသမီးတို့က အတူတကွ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားခဲ့ကြပါတယ်...]



🌌🌌🌌


စနစ်လေး ပြန်ရောက်လာလို့တော်သေးတယ် သူ့ကို အရမ်းချစ်တာပဲ😭


Main Storyလေးက ဒီနေရာမှာပဲ အဆုံးသတ်သွားခဲ့ပါပြီရှင့် ဒါပေမဲ့ Extraလေးတွေက အပိုင်း20ကျော်တောင် ကျန်ပါသေးတယ်😚


လုမော့နဲ့ လင်းတို့ရဲ့ ရိုတဲ့အခန်းတွေ၊ စနစ်လေးရဲ့ ချစ်စရာကောင်းပုံလေးတွေကို အများကြီးဖတ်ရဦးမှာပါ 💙