🥰 Chapter 113 ✅
ဗီလာသို့ရောက်သောအခါ မစ္စတာဟဲက ဦးစွာ၀င်ခဲ့ပြီး ဂရုတစိုက်နှင့် အပေါ်ထပ်အောက်ထပ်ကို စစ်ဆေးပြီး ပြဿနာမရှိကြောင်းအတည်ပြုပြီးတော့မှ ကျန်လူများကို ၀င်ခဲ့ဖို့အချက်ပြလိုက်သည်။
ဗီလာသည် နှစ်ထပ်ဗီလာဖြစ်ပြီး အထူးသဖြင့် ပထမထပ်သည်ပိုကြီးသည်။ မာစတာအိပ်ခန်းအပြင် အခြားသော ဧည့်သည်ခန်းများလဲပါ၀င်သည်။ ဒုတိယထပ်ကတော့ အနားယူဖို့အတွက် ဖျော်ဖြေရေး၊ အားကစားနှင့် ရေကူးကန်များပါရှိသည်။
မင်လျိုရီသည် ယောင်ကျိကျိုးကို မာစတာအိပ်ခန်းဆီ တွန်းသွားလိုက်သည်။ နောက်ထပ်ခြေလှမ်းကတော့ သူမ ဒီခရီးမှာ ကောင်းကောင်းပျော်ပါးဖို့ပင်ဖြစ်သည်။
မစ္စတာဟဲနှင့် အလုပ်သမားနှစ်ယောက်သည် သဘာ၀ကျစွာဖြင့် မာစတာအိပ်ခန်းနှင့်အဝေးဆုံးအခန်းများကို ရွေးချယ်လိုက်ကြသည်။ ကျောက်ချမ်းကတော့ သူမသွားခင် ယောင်ကျိကျိုးကို အ၀တ်အစားကူလဲပေးသွားခဲ့သည်။
"လေယာဉ်အကြာကြီးစီးထားတော့ ပင်ပန်းနေမှာပဲ တစ်ရေးတမောအိပ်လိုက်ပါလား"
မင်လျိုရီက ယောင်ကျိကျိုးကိုမေးကြည့်လိုက်သည်။
ယောင်ကျိကျိုး ခေါင်းငြိမ့်သည်နှင့် မင်လျိုရီသည် အိပ်ယာဘေးသို့တွန်းသွားလိုက်ပြီး သူ့ဘာသာ အိပ်ယာပေါ်သို့ တက်ရလွယ်အောင် လုပ်ပေးလိုက်သည်။
သို့သော် ယောင်ကျိကျိုး၏မျက်နှာသည် အိပ်ယာနှင့်လက် ထိလိုက်သည်နှင့် ပြောင်းလဲသွားတော့သည်။ သူက လက်ကိုပြန်ရုတ်လိုက်ပြီးပြောလိုက်သည်။
"ကျောက်ချမ်းကို ဒီလာခိုင်းလိုက်"
မင်လျိုရီက
"နေရာသစ်မလို့ ပတ်၀န်းကျင်နဲ့စိမ်းနေတာလား...ကျောက်ချမ်းကိုခေါ်ဖို့မလိုပါဘူး ကျွန်မကူညီပေးမယ်လေ"
မင်လျိုရီက အိပ်ယာစွန်းတွင်ထိုင်ချလိုက်တော့ သူမတစ်ကိုယ်လုံးကမြုပ်သွားပြီး အိပ်ယာက လှုပ်ရမ်းနေတော့သည်။ မင်လျိုရီလဲ အိပ်ယာပေါ်မှပြန်ကန်ထွက်ပြီး အထက်အောက်ခုန်သွားတော့သည်။
'ဒါ ရေမွေ့ယာပဲ အိပ်ယာခင်းကို တင်းတင်းပတ်ထားလို့ စေ့စပ်တဲ့ မစ္စတာဟဲတောင် သတိမထားမိလိုက်ဘူး'
"ဒါ..ဒါဆိုလဲ ကျောက်ချမ်းကို လာခိုင်းလိုက်မယ်နော်"
မင်လျိုရီက ရှက်သွားကာပြောလိုက်သည်။
ကျောက်ချမ်းက အခန်းထဲ၀င်လာပြီး ယောင်ကျိကျိုးကို အိပ်ရာပေါ်လှဲနိုင်အောင် ကူညီပေးလိုက်သည်။ ယောင်ကျိကျိုး၏မျက်နှာသည် မဲမှောင်လာသည်။ မင်လျိုရီက ထိုအရာသည် ယောင်ကျိကျိုးက အိပ်ယာနှင့်မသင့်လျော်ဘဲ သူ့ဘာသာ အထိုင်အထမပြုလုပ်နိုင်ကာ မာနထိခိုက်တာကြောင့်ဟု ထင်ခဲ့သည်။
ကျောက်ချမ်းထွက်သွားတော့ မင်လျိုရီက မေးလိုက်သည်။
"ကျွန်မတို့ အခန်းပြောင်းကြမလား တခြားအခန်းတွေရှိပါသေးတယ်..."
ယောင်ကျိကျိုးက အိပ်ယာတွင်လှဲကာ မျက်နှာက အေးစက်သထက် အေးစက်လာခဲ့သည်။
"မလိုဘူး ဒီမှာပဲအိပ်မယ်"
ယောင်ကျိကျိုးက အေးစက်စွာပြောလိုက်သည်။
မင်လျိုရီက မျက်ခုံးပင့်လိုက်မိသည်။ ယောင်ကျိကျိုးက ခေါင်းမာတတ်မှန်း သူမ မသိခဲ့ပေ။ သူမက ပြဿနာကိုပုံကြီးမချဲ့ချင်တာကြောင့် အ၀တ်အစားလဲကာ အိပ်ယာပေါ်တွင် ခဏတာအနားယူလိုက်သည်။
သူမအတွက် ပထမဆုံးအကြိမ် ရေမွေ့ယာတွင်အိပ်စက်ခြင်းဖြစ်သောကြောင့် စိမ်းသက်နေခဲ့သည်။
ယောင်ကျိကျိုးသည် ရေလှိုင်းများပေါ်တွင် အိပ်နေရသည့်အလား သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်မရခဲ့ပေ။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် သက်တောင့်သက်သာရှိသွားပြီး ငြိမ်းချမ်းစွာအိပ်စက်နိုင်ပြီဟုထင်ခဲ့သော်လည်း ထိုတိတ်ဆိတ်သည့်အချိန်လေးက မင်လျိုရီအိပ်ယာပေါ် မထိုင်လိုက်ခင်အထိပဲဖြစ်ကာ လှုပ်ခါမှုကို ရပ်တန့်သွားဖို့ နောက်တခါစောင့်ဆိုင်းနေရပြန်သည်။
မင်လျိုရီက အိပ်ယာစွန်းတွင်ထိုင်ခဲ့သောကြောင့် သူမဘက်မှအိပ်ယာကနစ်သွားပြီး အိပ်ယာတစ်ခုလုံးလှုပ်သွားတော့သည်။ ရေစီးဆင်းနေသည့်အသံများတောင်မှ ကြားနေရသည်။
မင်လျိုရီသည် ရေများငြိမ်သက်သွားပြီဟုထင်ခဲ့ပြီး သူမက ဂရုတစိုက်နှင့် လှဲချလိုက်တော့သည်။ သို့သော် မည်မျှပင်သေးငယ်သည့်လှုပ်ရှားမှုဖြစ်နေပါစေ ရေများကကြမ်းတမ်းစွာလှုပ်ခါနေတုန်းပင်ဖြစ်သည်။
"မလှုပ်နဲ့ လှဲနေ"
ယောင်ကျိကျိုးက အံ့ကြိတ်သံဖြင့်ပြောလိုက်သည်။
မင်လျိုရီလဲ အနည်းငယ်စိတ်ရှုပ်သွားသည်။ သူမ ညင်ညင်သာသာလုပ်လဲ လှုပ်နေမှာပဲဆိုတော့ အကုန်လုံးတစ်ပြိုင်နက်ပဲ လုပ်လိုက်တော့မယ်...
ထို့နောက် မင်ချိုရီသည် ရုတ်တရက် အကြိမ်အနည်းငယ်လောက် လူးလှိမ့်လိုက်ပြီး အိပ်ယာခင်းများဖြန့်ခြင်းနှင့် ယောဂပင်လုပ်လိုက်သေးသည်။ မင်လျိုရီ လှုပ်ရှားတိုင်း ယောင်ကျိကျိုးပါ လှုပ်ရှားနေရပြီး ရေမွေ့ယာတွင် အထက်အောက်လှုပ်ခါနေသည်။ သူကလက်သီးဆုပ်လိုက်သည်။
မင်လျိုရီသည် မွေ့ယာပေါ်တွင် မက်တပ်ရပ်ဖို့ပင်လုပ်လိုက်ပြီး အိပ်ယာပေါ်သို့ခုန်ကြည့်နေခဲ့သည်။ သူမပြန်ထတော့မည့်အချိန်တွင် မွေ့ယာအလယ်မှ ယောင်ကျိကျိုး၏ဆွဲဖက်ခြင်းခံလိုက်ရပြီး ရေမွေ့ယာ၏ဖိအားအနည်းငယ်ကြောင့် နှစ်ယောက်ကိုပိုမိုနီးကပ်စေခဲ့သည်။
"မင်းမအိပ်ချင်မှတော့ မအိပ်နဲ့တော့"
ယောင်ကျိကျိုးက ပြောလိုက်သည်။
မင်လျိုရီက ရုတ်တရက်ငြိမ်ကျသွားပြီး နာခံစွာနှင့် လှဲချလိုက်ကာ စောင်ကိုသူမလည်ပင်းနားထိ ဆွဲခြုံလိုက်ပြီးနောက် မျက်လုံးများပင်မှိတ်လိုက်သည်။
မင်လျိုရီ၏မျက်တောင်များသည် အနည်းငယ်တုန်ရီနေပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်မ အိပ်ချင်တယ်"
.....
နေ့လယ်တွင် ရှန်းလွေ့သည် မြို့တွင်းပင်လယ်စာဆိုင်များကိုရွေးပြီး စားဖိုမှူးများကိုခေါ်ကာ ဗီလာတွင် ပထမဆုံးအနပ်ကို ပြင်ဆင်တော့သည်။
ရှန်းလွေ့သည် လတ်လတ်ဆတ်ဆတ် ဖမ်းလာခဲ့သည့် ကမာများကိုယူပြီး မင်လျိုရီအားပြောလိုက်သည်။
"မဒမ်က ရှန်ဟိုင်းကိုအခုမှရောက်ဖူးတာဆိုတော့ ပင်လယ်စာတွေကို အကျဉ်းဖျင်းမိတ်ဆက်ပေးပါ့မယ်... ဒါတွေက ကမာရဲ့အတွင်းအစိတ်အပိုင်းတွေလေ.. အဲဒါတွေကိုအရင်ဖယ်ရမယ် ဒီအစိမ်းနဲ့အမဲရောင်အပိုင်းတွေက ကမာရဲ့ဇီ၀ရုပ်အစိတ်ပိုင်းတွေ ဒါတွေလဲ ဖယ်ရမှာပဲ...ကျန်တာတွေကတေ့ စားလို့ရတယ်"
ပြောလို့ပြီးသွားတော့ ရှန်းလွေ့က ကမာတစ်ကောင်လုံးကို ချက်ချင်းပဲ စားပြလိုက်သည်။
မင်လျိုရီကား ဆွံ့အသွားခဲ့သည်။
အခုလေးတင်ပဲ အဲအစိတ်အပိုင်းတွေကို ဖယ်ထုတ်ဖို့ပြောခဲ့ပြီး တစ်ခုလုံးကိုမတုန့်ဆိုင်းပဲစားပြလိုက်တယ်ပေါ့။
ရှန်းလွေ့စားလို့ပြီးသွားတော့ သူကရှင်းပြလိုက်သည်။
"မရယ်ပါနဲ့မဒမ် ကျွန်တော်တို့က ကမ်းခြေကလူတွေဆိုတော့ အကုန်စားလို့ရတယ် မဒမ်တို့ကျ တစ်ခါတလေမှ လာလည်တာဆိုတော့ အစာအိမ်က အဲလောက်မမာဘူး ဒါကြောင့် ဖယ်စားတာက ပိုကောင်းပါတယ်"
ထို့နောက် ရှန်းလွေ့က စားလို့ရသည့်ပင်လယ်စာအားလုံးကို ရှင်းပြပေးခဲ့ပြီး မစားရသည့် အစိတ်အပိုင်းများကို မည်သို့ဖယ်ထုတ်ရမလဲကိုပါ သင်ပြပေးခဲ့သည်။
"မဒမ် ကိုယ့်ဘာသာလုပ်ကြည့်ချင်လား ဒါမှမဟုတ် စားဖိုမှူးကိုပဲ ဖယ်ခိုင်းလိုက်ရမလား"
ရှန်းလွေ့က မေးလိုက်သည်။
"ကျွန်မဘာသာပဲ လုပ်ချင်တယ်"
မင်လျိုရီက ချက်ချင်းပြောလိုက်သည်။
🥰