Chapter 39
Viewers 4k

Ch39 ဖြစ်ရပ်မှန်နှင့် ထင်ယောင်ထင်မှား




နေရာတစ်ခု... သူလှဲလျောင်းနေခဲ့သည့်နေရာ...



သူ့ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီး သူ့မျက်လုံးများပေါ်မှာ သွေးစက်များစွန်းထင်းနေသည်။ သူ့လက်များတွင် ဖန်အမှုန်အမွှားများစိုက်ကာပြည့်နှက်နေပြီး အလင်းမှုန်များက တောက်ပနေခဲ့သည်။ သူသည် လုံးဝ ထုံကျင်နေပြီး နာကျင်မှုကို မခံစားနေရပေ။



သွေးများဖြင့် ဖုံးလွှမ်းနေသော နေရာကျဉ်းကျဉ်းလေးတစ်ခုတွင် သူအိပ်နေခဲ့သည်....



ထိုနေရာတွင်လေမရှိနေချေ...



သူသည်လည်း အသက်ရှူရန် လေမလိုအပ်နေပေ...



ဖန်ချန်း၏ သူ့ခြေထောက်များက ပျော့ခွေသွားကာ သူ့ဒဏ်ရာများသည် သူမျှော်လင့်ထားသည်ထက် ပိုမြန်စွာ ပျောက်ကင်းလာခဲ့တော့သည်။



ရှဲ့ယင်းသည် သူမလက်ကို ဘယ်မှာထားရမှန်းမသိဖြစ်နေကာ ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။ ဒီလိုမျိုး မဖြစ်သင့်ပေ၊ ဖန်ချန်းသည် ဒီလိုပုံစံမျိုးဖြင့်မမှတ်မိသင့်ပေ။ သူမသည် ဖန်ချနအား ပထမဆုံးအကြိမ် တွေ့ဆုံမိသလိုပင် ခံစားလိုက်ရသည်။သူမ၏ အကြည့်များသည် တွန့်ဆုတ်မှုနှင့် ရှုပ်ထွေးသော စိတ်ခံစားမှုအချို့ ရောနှောကာ နောက်ပြန်ဆုတ်သွားခဲ့သည်။



သူမသည် တဖြေးဖြေးပျောက်နေဆဲဖြစ်သော ဖန်ချန်း၏ လက်ကောက်ဝတ်က ဒဏ်ရာကို ကြည့်လိုက်သည်။ဒဏ်ရာသည့် သွေးများထွက်နေသေးကာ သွေးမျက်ရည်များယိုစိမ့်ထွက်နေသော အရုပ်ဆိုးဆိုး မျက်လုံးနှင့်ပင် တူနေသည်။



"နင် ထင်သလိုမဟုတ်ရင်...နင်သေလိမ့်မယ်"



"ဒါပေမယ့် ငါထင်တာမှန်နေတယ်လေ"



ဖန်ချန်း၏လက်တစ်ဖက်သည် သူ့နံဘေးသို့ ယိမ်းယိုင်သွားကာ ကျန်လက်တစ်ဖက်က ရှဲ့ယင်းကို မကြည့်မီ သူ့လည်ပင်းကို နှစ်ကြိမ်ခန့်နှိပ်နယ်လိုက်သည်။ 



"နောက်ပြီး... ငါကသေပြီးတာကြာနေပြီပဲကို"



ရူးကြောင်ကြောင်နိုင်ချက်ပဲ....



ရှဲ့ယင်းသည် ဖန်ချန်း၏ရှေ့တွင် ခွေးကဲ့သို့ နာခံမှုရှိသော နျဲ့ရှီကို မလွဲမသွေ တွေးမိခဲ့သည်။ သူ့ကို ဒီလိုဖော်ပြတာ နည်းနည်းတော့ စော်ကားသလိုဆိုပေမယ့်... သူက ဖန်ချန်းကိုသာ သူ့သခင်လိုမျိုး အသိအမှတ်ပြုပေသည်။ အခြားသူများကိုတော့ ပူးပေါင်းဆောင်ရွက်သည့်လုပ်ဖော်ကိုင်ဖက်.. မစ်ရှင်တစ်ခု.. ပစ်မှတ်တစ်ခု.. သတ်ပစ်ရမည့်သူ သို့မဟုတ် မရှိသည့်အရာတစ်ခုမျှသာသဘောထားခဲ့ပေသည်။



ရှဲ့ယင်းသည် ဖန်ချန်းနှင့် နျဲ့ရှီတို့သည် ဝင်ရိုးစွန်းဆန့်ကျင်ဘက်များဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူတို့သည် အလွန်တူလှသည်။



နှစ်ယောက်စလုံးသည် ရူးမိုက်ကာ မဆင်မခြင်ပြုခြင်းကို စွဲလမ်းနေသော အကြောအခြင်များသည် သူတို့၏ အရိုးများထဲတွင် စွဲနေခဲ့ကြသည်။



"အစထဲစ ငါတို့ လုံးဝ မလွတ်မြောက်နိုင်ဘူး" 



ဖန်ချန်းက ခေါင်းကို ငုံ့ထားရင်း အားကိုးရာမဲ့ လေသံဖြင့် ပြောလိုက်သည်။



"သေပြီးသားသူတွေ ဘယို လွတ်မြောက်နိုင်မှာတဲ့လဲ..."



"ဒါကတရားမျှတတယ် ဟုတ်တယ်မလား" 



ရှဲ့ယင်းကပြောကာ ပြတင်းပေါက်ကို လှမ်းကြည့်လိုကသည်။ အနီရောင် လသည် ကောင်းကင်ထက်မြင့်မားစွာ ချိတ်ဆွဲလျက်ရှိနေသည်။



"ဘဝမှာ ကျူးလွန်ခဲ့သမျှ အပြစ်တွေကို သေတဲ့အခါကြ နှစ်ဆပေးချေရတယ်တဲ့" 



သူမသည် ရုတ်တရက် ရယ်မောလိုက်ပြီး နှုတ်ခမ်းအနီရောင်များ ဟသွားကာ ဖြူဖွေးသော သွားများက ပေါ်လာခဲ့သည်။



သူတို့အားလုံးသည် သူတို့ကျူးလွန်ခဲ့သော ရာဇ၀တ်မှုမှန်သမျှကို ပြန်လည်အသက်သွင်းပြီး အပြစ်ပေးခံရရန်အတွက် သူတို့တစ်ဦးချင်းစီ၏အပြစ်များအစသို့ ပြန်သွားရမည်ဖြစ်သည်။



ဤရည်ရွယ်ချက်ဖြင့် "လူ့ဘုံ" တည်ရှိလာကခဲ့ရခြင်းဖြစ်သည်။



ဖန်ချန်း၏ စိတ်သည် ရုတ်ချည်း ဗလာဖြစ်သွားခဲ့ပြီး သူ့မျက်စံများက ကျဉ်းမြောင်းသွားခဲ့သည်။ 



"မင်းဘာပြောလိုက်တယ်"



ရှဲ့ယင်းကခေတ္တရပ်လိုက်ပြီး နှုတ်ခမ်းပေါ်လက်ညှိုးတင်ကာ ပြတင်းပေါက်ပေါ်ရှိ ကြောင်ကို ရည်ရွယ်ချက်ရှိရှိ မျက်လုံးများဖြင့်ညွှန်ပြလိုက်သည်။



အဆောက်အအုံလေးလွှာ...



 ဖန်ချန်းသည် တိမ်မည်းများ ဝေ့ဝဲနေသော ကောင်းကင်ကို မော့ကြည့်လိုက်ကာ ကြောင်သည် ပြတင်းပေါက်ဘောင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး သူ့ကို ငုံ့ကြည့်နေခဲ့သည်။



သူအဲ့ဒီမှာ ဘယ်လိုလုပ်ထလာခဲ့တာလဲ...



ရှဲ့ယင်း: "မကြာခင် သိလာရတော့မှာပါ"



"ငါ့အပြစ်ကြောင့် သေရမှာလား"



ဖန်ချန်းက မေးလိုက်သည်။ ထူးဆန်းသည်မှာ သူ့ခန္ဓာကိုယ်သည် တုန်လှုပ်နေသော်လည်း သူ့စကားထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စမှရှိမနေပေ....



"ပြီးရင် ငါထာဝရသေသွားမှာလား..."



ရှဲ့ယင်းက နှုတ်ခမ်းကို ကွေးညွတ်လိုက်ကာ စွဲမက်ဖွယ် အပြုံးတစ်ခုပြုံးပြလိုက်ရင်း ဖန်ချန်း၏ မေးခွန်းကို တိုက်ရိုက်ဖြေမည့်အစားအနည်းငယ်လှည့်ပြီးဖြေလိုက်သည်။



"သေဆုံးသွားတဲ့သူတွေရဲ့ ကျန်ရစ်ခဲ့တဲ့ အညစ်အကြေးတွေက စိတ်နတ်ဆိုးတွေအဖြစ် ပြောင်းသွားမှာဖြစ်ပြီးတော့ ကျန်တစ်ပိုင်းက လူဝင်စားခြင်းထဲ ဝင်သွားလိမ့်မယ်... ဒါပေမယ့်... ဖန်ချန်း နင်ကတော့ ထပ်မသေနိုင်တော့ဘူး"



"ဘာလို့လဲ"



ရှဲ့ယင်းက သက်ပြင်းတစ်ချက်ချကာ ရယ်မောလိုက်သည်။ ဖန်ချန်းက ထင်ရှားသည့် တစ်ခုခုကို မေးခဲ့သလိုပင် 



"ဖန်ချန်း နင်က ငါ့ကို မေးခွန်းတွေ အများကြီးမေးတယ် အဲ့တော့ ငါလည်း နင့်ကို ပြန်မေးချင်မိတယ်" 



ကြောင်သည် ညင်သာစွာ မြည်သံပေးလာပြန်သည်။ ရှဲ့ယင်းကပြောလိုက်သည်။



"စောနက နင်ဘာလို့ ဘာလို့ ကျန်းရွေ့ နဲ့ ဝမ်ဟွေ့ဝမ် တံခါးကိုလာခေါက်ရတာလဲ"



ဖန်ချန်းသည် ပါးစပ်ကို တ၀က်လောက်ဖွင့်ဟလိုက်မိသော်လည်း စကားလုံးများမရှိနေပေ။ သူတို့ အိပ်ပျော်နေလား ဆိုတာကို ဒီတိုင်းစစ်ဆေးကြည့်ချင်ခဲ့သည်။



ကြောင်ကလေးသည် နောက်တစ်ကြိမ်အသံပေးလာပြန်သည်။



"ချောင်ယန်က နင့်ကို သဲလွန်စပေးခဲ့ပေမယ့်...နင် ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး"



ရှဲ့ယင်းက ပြောလိုက်သည်...



"ဖန်ယင်းယင်း သေသွားတဲ့ညက..." 



သူမသည် ရုတ်တရက် လူသေတစ်ဦးကို ပြောလာခဲ့သည်။



"နင့်ကို သူမ ဆွဲခေါ်သွားတာကို နင်ဘာလို့ သူမနောက်ကို ဒီတိုင်းလိုက်သွားရတာလဲ... နင့်မှာ သူမကို တားနိုင်စွမ်းရှိတာရှင်းနေသားနဲ့ကို..."



ရှဲ့ယင်းသည် နောက်ဆုံးစာကြောင်းကိုပြောနေစဉ်မှာ ကြောင်သည် ရုတ်တရက်အော်သံပေးလာခဲ့ပြီး ခပ်ပျော့ပျော့ရွှံ့များ အန်ချလာခဲ့သည်။



ဖန်ချန်းက ခေါင်းကို လှည့်လိုက်သည်။ ကြောင်သည် ရှဲ့ယင်းကိုသတိပေးချင်နေသလိုမျိုး အမွေးများထောင်ထနေပြီး ချွန်ထက်သောသွားများကို ကြိတ်ပြနေ၏။



"ဖန်ချန်း နင် ဖော်ထုတ်ထားပြီး ဖြေရှင်းနိုင်ခဲ့တဲ့ အရာတွေ အများကြီးပဲ..." 



ရှဲ့ယင်းက သူ့ဆီသို့ လှမ်းလာခဲ့ပြီးဆက်ပြောလာသည်။ 



"ဘာကြောင့်လဲလို့ တွေးဖူးလား"



သူမသည် လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး ဖန်ချန်း၏ သွေးစွန်းနေသော ဓားမြှောင်ကို ကုန်းကာကောက်လိုက်၍ ဖန်ချန်းကိုကမ်းပေးလိုက်သည်။



ဖန်ချန်းသည် မယူမီ တုံ့ဆိုင်းသွားခဲ့သည်။ ရှဲ့ယင်းကိုထပ်၍ ကြည့်လိုက်ရာ လရောင်ထဲတွင် အမျိုးသမီး၏ မျက်နှာသည် ဖြူဖျော့နေသော်လည်း အလွန်အမင်း လှပနေသေးသည်။ သူမ၏ လုံးဝန်းသော လက်သည်းများကို အနီရောင်ခြယ်ထားလေသည်။ လက်သည်းဆိုးဆေး၏အရောင်နှင့် ဓားမြောင်ပေါ်ရှိ ဖန်ချန်း၏သွေးများသည် တောက်ပနေခဲ့သည်။



"ကောင်းပြီ.. ငါဆက်မပြောတော့ဘူး"



 ရှဲ့ယင်းက ဖန်ချန်းကိုပြောလိုက်တာပေမယ့် ဖန်ချန်းသည် သူ့ဆီ ဦးတည်သည့်စကားလို့ မခံစားရပေ။



ကြောင်၏ အဆက်မပြတ်အော်သံ ရပ်တန့်သွားပြီးနောက် အမှောင်ထုထဲလျင်မြန်စွာ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။



ဖန်ချန်းက ပြန်လှည့်ကြည့်ချင်လာသည်။ သူ့မျက်လုံးများကို လှည့်လိုက်ကာ သူ့ခေါင်းနောက်ကိုလှည့်တော့မည့်အချိန်မှာပဲ ရှဲ့ယင်းက သူ့ကို အော်ဟစ်ပြီးတားလာခဲ့သည်။



"မကြည့်နဲ့!! ပိန်‌ညှောင်ညှောင်ကြောင်တစ်ကောင်က ဘာများစိတ်ဝင်စားစရာရှိလို့လဲ" 



ရှဲ့ယင်းသည် ကြမ်းပြင်ပေါ်ရှိ သွေးစွန်းကွက်များကို ငုံ့ကြည့်လိုက်သည်။ထိုအရာများသည် ပျောက်ကွယ်မသွားနေပေ။ 



"နင် နျဲ့ရှီကိုတွေ့တဲ့အခါကြ သူ့ကို ဘယ်လိုရှင်းပြမလဲဆိုတာ စဉ်းစားရင် ပိုကောင်းမယ်... ဒီလိုပုံစံမျိုးနဲ့ နင့်ကို သူတွေ့တဲ့အခါ သူသေချာပေါက်အရူးလိုဘာလုပ်ရမှန်းမသိဖြစ်သွားလိမ့်မယ်"



အတွေးတစ်ခုက သူမဆီ ဖြတ်လာခဲ့သည်။ သူမက လက်သည်းကို ကိုက်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များရှိနေခဲ့သည်။



"နျဲ့ရှီက နင့်ထက်တောင် ရူးနေသေးတယ်... မကောင်းဆိုးဝါးတစ်ကောင်လိုပဲ"



"ဒီည...သူလာမှာလား" 



ဖန်ချန်းသည် တုန်လှုပ်သွားပြီး နျဲ့ရှီ၏ “မင်းငါ့ကို စွန့်ပစ်မှာလား” ဟူသောမေးခွန်းက သူ့စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။ နျဲ့ရှီကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမသိပေ။



ရှဲ့ယင်းသည် ပြတင်းပေါက်ဆီသို့ စူးစိုက်ကြည့်လိုက်သည်။ ဗလာဖြစ်နေပြီး ခပ်ဝေးဝေးရှိ တောင်တန်းများသည် မည်းမှောင်နေပြီး အုံ့မှိုင်းနေသည်။ ကြောင်သည် ပျောက်ကွယ်သွားကာ ထိုနေရာ၌ ရှိခဲ့သလားဟုပင် သံသယဝင်စရာ ဖြစ်လာသည်။



"သူက ငါ့ကို ယုံမှာမဟုတ်ဘူး" 



ရှဲ့ယင်းသည် သူမ မျက်နှာကိုသူမညင်သာစွာ ပွတ်သပ်လိုက်သည်။ သူမစိတ်ထဲတွင် အတွေးများဖြတ်ပြေးလာကာပြောလိုက်သည်။



"သူငါ့ကိုမယုံတာမို့လို့ သူလာမှာသေချာတယ်"



ဖန်ချန်းက ရုတ်တရက် မောပန်းသွားပြီး ပင်ပန်းနွမ်းနယ်မှုလှိုင်းလုံးများက သူ့အပေါ်ကို လွှမ်းခြုံသွားကာ ခြေထောက်ကို ပျော့ခွေကျလုနီးပါး ခံစားလိုက်ရသည်။ သူ့လက်ပေါ်က သွေးများက ချွေးများနဲ့အတူ ခမ်းခြောက်သွားခဲ့သည်။ ကြေကွဲခြင်း... ငိုခြင်း သို့မဟုတ် အော်ဟစ်ခြင်း...ကြောက်ရွံ့ခြင်းနှင့် ဒေါသကို သူထုတ်ဖော်သင့်သည်။ သို့တိုင် သူဘာမှ မလုပ်နိုင်ခဲ့ပေ...အမှောင်ထုထဲနစ်မြုပ်နေသည့် လွတ်နေသော စင်္ကြံတဝိုက်ကို လှည့်ပတ်ကြည့်ရင်း သူ့၏ အရောင်ဖျော့ဖျော့ မျက်စံများကဗလာဖြစ်နေခဲ့သည်။ 



အနက်ရောင်စပျစ်နွယ်ပင်များက ခြေရင်းမှ တွားတက်လာကာ ခြေထောက်များမှတစ်ဆင့် လက်နှစ်ဖက်ကို ချည်နှောင်လာ၍ လည်ပင်းကို ရစ်ပတ်လာသလိုမျိုး အသက်ရှူကြပ်လာခဲ့ပြီး နောက်ဆုံးတွင် မျက်လုံးများကို မမြင်နိုင်အောင်တားဆီလာသလိုခံစားလိုက်ရသည်။



သေခြင်းတရားက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေခဲ့သည်။ လက်ခံဖို့ကလွဲလို့ သူ့မှာ ရွေးချယ်စရာမရှိတော့ပေ။



တခြားသူများကဲ့သို့ပင် သူသည် မသေမီ နောက်ဆုံး ပြစ်ဒဏ်ကို လက်ခံပြီး စိတ်နတ်ဆိုးအဖြစ် ကျန်ရစ်ခဲ့လိမ့်မည်။



ထို့နောက်တွင်တော့ ထာဝရပျောက်ကွယ်သွားလိမ့်မည်။



ဒါပေမယ့် အဲဒီမတိုင်ခင်တော့ သူစောင့်ရအုံးမည်...



"နောက်ဆုံးမေးခွန်းတစ်ခု..."



ဖန်ချန်းက မျှော်လင့်ချက်မဲ့သည့်အသံဖြင့် မေးလိုက်သည်။



"နျဲ့ရှီ... သူဘယ်လိုသေခဲ့တာလဲ"



ဒါကို သူ အကြိမ်ကြိမ် မေးခဲ့သော်လည်း တိကျသည့် အဖြေမရခဲ့ပေ။



ရှဲ့ယင်း - "အရာရာကို နင်သတိရသွားတဲ့အခါ နျဲ့ရှီဘယ်လိုသေခဲ့လဲဆိုတာကို နင်သဘာဝကျကျ ပြန်မှတ်မိလာလိမ့်မယ်"



ဒီတစ်ခါတော့ အဖြေကတူတော့ပေ....



တခြားနည်းနဲ့ သူထပ်မေးလိုက်သည်။



 "သူ ငါ့ကြောင့်သေခဲ့ရတာလား"



ရှဲ့ယင်းက ပြုံးလိုက်သည်။



"နင် အဲ့လိုလိုတွေးနေတယ်ဆိုရင် လုံးဝတော့မမှားနေဘူး... သူ့ရဲ့သေဆုံးမှုက နင့်နဲ့တကယ်ကိုသက်ဆိုင်ခဲ့တယ်"



ဖန်ချန်းသည် သူ့နှုတ်ခမ်းတွေကို ဖိလိုက်သည်... ဒီလို မရေရာသည့် အဖြေများကို သူကြောက်သည်။



ရှဲ့ယင်းထံမှ ထွက်ခွာရန် ရည်ရွယ်ချက်မတွေ့ရသဖြင့် ခဏတာ ရပ်တန့်ပြီးနောက် ဖန်ချန်း ထိုင်ချလိုက်သည်။ ကြမ်းပြင်သည် အေးခဲနေခဲ့ပြီး သူသည် နံရံကို မှီကာ အဝေးကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။



ရှဲ့ယင်းသည် ပြတင်းပေါက်နားတွင် သူမ၏လက်မောင်းကို ဆန့်ထားပြီး ဆံပင်များကို ရံဖန်ရံခါ ဆော့နေခဲ့သည်။



"အရင်က မင်းက ရဲအရာရှိလို့ ပြောခဲ့တာ...အဲဒါ လိမ်တာလား"



ဖန်ချန်းကတွန့်ဆုတ်စွာမေးလိုက်သည်။



"မဟုတ်ဘူး" 



ရှဲ့ယင်းသည် ပြတင်းပေါက်ကို လက်ညိုးထောင်လိုက်သည်။



"ငါ အသက်ရှင်နေတုန်းက တကယ်ကို ရဲမေတစ်ယောက်လေ...."



သူမ၏ မျက်လုံးများက တဖျပ်ဖျပ်ခတ်လာခဲ့ပြီး အတိတ်ကိုအမှတ်ရနေပုံရသော်လည်း သူမက လျင်မြန်စွာပဲ ဖန်ချန်းကို ပြန်လှည့်ကြည့်လာခဲ့သည်။



"ကဲ စပ်စုတတ်တဲ့ ကလေးလေးရေ နင့်မှာ တခြားမေးခွန်းတွေ ရှိသေးလား..ရှိသေးရင် ငါဒီမှာရှိတုန်း အဲ့ဒါအားလုံးကို မေးတာ အကောင်းဆုံးပဲ"



ဖန်ချန်းသည် ခဏမျှ တိတ်ဆိတ်သွားသည်။ သူ့မှာ မေးချင်သော မေးခွန်းများစွာရှိသော်လည်း စကားပြောချင်စိတ်မရှိတော့ပေ။ လည်ချောင်းသည် နာကျင်နေပြီး မျက်လုံးများက ခြောက်သွေ့နေသည်။ စကားတစ်ခွန်းပြောရင်တောင်မှာ သေနိုင်လောက်အောင် ခံစားရသည်။



သူက "ဘယ်သူ" ဆိုတာကိုတောင် သိချင်စိတ်မရှိတော့ပဲ ဒီပဟေဠိကို သဘာဝအတိုင်း ထားလိုက်တော့သည်....



ရှဲ့ယင်းက သက်ပြင်းချလိုက်သည်။



"အရမ်းပင်ပန်းနေပြီလား"



"...အဲ့လောက်မဟုတ်ပါဘူး" 



နောက်ဆုံးတွင် သူ့ဝိညာဉ်ကို ယူဆောင်သွားမည့်သူနှင့် သူဘာကြောင့် စကားပြောဆက်နေရသနည်း.... ဤအခိုက်အတန့်တွင် သူ့တွင် ကြောက်ရွံ့ခြင်းမရှိနေပေ။ အမျိုးသမီး၏ နူးညံ့သိမ်မွေ့သောစကားများသည် သူ့ကို သက်တောင့်သက်သာဖြစ်စေပြီး ငိုက်မျဉ်းလာခဲ့သည်။



ရှဲ့ယင်း - "နင် ပင်ပန်းရင် သွားအိပ်လိုက်တော့ နောက်မှ နင့်ကို စောင့်နေတဲ့ ကိစ္စတွေအများကြီး ရှိသေးတယ်"



အိပ်တစ်ဝက် နိုးတစ်ဝက် အနေအထားတွင် ဖန်ချန်းက ရှဲ့ယင်းပြောနေသည်ကို ကြားလိုက်ရသည်။ ပြတင်းပေါက်နားက အနီရောင်တောက်တောက် ပုံရိပ်ကို မြင်နိုင်အောင် မျက်လုံးကို တွန်းအားပေးဖွင့်လိုက်သည်။



ရှဲ့ယင်း : "ပြီးရင်... ဒါတွေအားလုံး ပြီးသွားလိမ့်မယ်.."



ထိုအမျိုးသမီး၏ စကားသံများ မှိန်ဖျော့သွားသည်နှင့် ဖန်ချန်း၏ မျက်လုံးများ လုံးလုံးမှိတ်သွားခဲ့သည်။ သူအိပ်ပျော်သွားခဲ့သည်။



ထောင့်နားတွင် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် ရစ်ပတ်ထားပြီး နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခုရှိနေကာ လုံခြုံမှုကင်းမဲ့နေသည့် ကလေးတစ်ယောက်လို ဖြစ်နေစေခဲ့သည်။



ရှဲ့ယင်းသည် ခဏလောက် ငုံ့ကြည့်ပြီးနောက် လှည့်ထွက်သွားကာအေးစက်စက် ကျောပြင်ပေါ်သာချန်ခဲ့သည်။



×××××××××××



ဖန်ချန်းသည် နောတွင် တွန့်လိမ်သွားပြီး ပူလောင် ချွေးထွက်လာသလိုခံစားလိုက်ရသည်။



သူ့စိတ်က နိုးကြားနေသော်လည်း မျက်လုံးများက မပွင့်နိုင်သေးပေ....



ပြတင်းပေါက်မှ တဖွဲဖွဲကျနေသည့် မိုးသံကို သူကြားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ပူလောင်နေပေမယ့် သူ့လက်ချောင်းများက အေးစက်နေခဲ့သည်။ မိုးရေသည် အေးမြလန်းဆန်းနေခဲ့သည်။ သူ့မျက်ခွံများက တလှုပ်လှုပ်ဖြစ်လာခဲ့သည်။



သူနိုးလာတော့မည်...



တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေခဲ့သည်...



"ဖန်ချန်း..."



အသံက ရင်းနှီးလှသည်...



"ဖန်ချန်း..."



သူသိသောလူဖြစ်ရမည်...



"ဖန်ချန်း"



ဘယ်သူလဲ...



မိုးရွာသည့်နေ့တစ်နေ့... မှန်ပြတင်းပေါ်က မိုးရေစက်တွေ... သူ့ပေါင်ပေါ်တင်ထားလျက်ရှိနေသည့် နှင်းဆီပန်းတွေကို သူ့မျက်လုံးများ ဖွင့်ကြည့်လိုက်သည်နှင့် မြင်လိုက်ရကာ သူ မသေသေးဘူးဆိုတာ သိလိုက်ရသည်။



သူသည် ယခုအချိန်တွင် နိုးထတော့မည်။



"ဖန်ချန်း"



ဖန်ချန်း နိုးလာသောအခါတွင် အလင်းဖျော့ဖျော့သည် မျက်လုံးထဲတိုးဝင်လာခဲ့၍ သူ့မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည် ။



အားလုံးပြီးသွားပြီလား...



သူ့အမြင်အာရုံထဲ ပုံရိပ်တစ်ခုက ပေါ်လာခဲ့သည်။ ဖန်ချန်း သည် ခေါင်းကို မော့လိုက်ပြီး အေးခဲနေသော နံရံကို မှီကာ ဘယ်ညာ စကင်န်ဖတ်သည်။ စင်္ကြံလမ်းသည် အဆုံးမရှိ ထွက်ပေါက်မမြင်နိုင်ဖြစ်နေခဲ့သည်။ ကောင်းကင်ကြီး၌ တိမ်များမှိန်ဖျော့နေကာ ဓာတ်ပုံဟောင်းတစ်ပုံကဲ့သို့ မီးခိုးရောင်နှင့် အဖြူရောင်အရိပ်များထဲ နစ်မြုပ်နေခဲ့သည်။



သူ..အိပ်မက်ကနေ မထနိုင်သေးဘူးလား...



ဖြစ်ရပ်မှန်နှင့် ထင်ယောင်ထင်မှားတို့ကို ခွဲခြား၍မရနိုင်ပေ။



ဖန်ချန်းက သူ့ရှေ့မှာ ရပ်နေသည့်လူ၏ နာမည်ကို တိုးတိုးလေးပြောလိုက်သည်....



"နျဲ့ရှီ"