🥰 Chapter 115 ✅
ယခုတွင် မင်လျိုရီက ယောင်ကျိကျိုး၏လည်ဇလုတ်အား ပထမဆုံးထိဖူးခြင်းဖြစ်၍ သူမသည် နီးကပ်လှသည့် အကွာအဝေးအတွင်း ယောက်ျားနှင့် မိန်းမကြားက ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ ကွာခြားမှုကြောင့် တောင့်ခဲနေတော့သည်။
မင်လျိုရီသူမလက်ကို ပြန်ရုတ်လိုက်ချိန်မှာတော့ သူမလက်ချောင်းများမှ အပူချိန်ကို ခံစားလိုက်ရသည်။
"လက်မောင်းကိုလဲ လိမ်းပေး"
ယောင်ကျိကျိုးက ပြောလိုက်သည်။
လတ်တလောတွင် ယောင်ကျိကျိုးသည် လက်မောင်းလေ့ကျင့်ခန်းများပြုလုပ်ထားတာကြောင့် ကြွက်သားများထင်လာပြီဖြစ်ပြီး သူ၏ဇနီးလေးကို ပြဖို့ရာမစောင့်နိုင်တော့ပေ။
မင်လျိုရီသူ၏လက်မောင်းကို ထိလိုက်သည်နှင့် ယောင်ကျိကျိုးသည် အားထုတ်ကာ သူ၏လက်မောင်းကြွက်သားများကို တင်းထားလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း သူ၏ဇနီးလေးသည် အထူးတလည်အာရုံစူးစိုက်ကာ လက်မောင်းကို အကြာကြီး ပွတ်သပ်ကြည့်နေခဲ့သည်။
ယောင်ကျိကျိုးသည်လဲ စိတ်ပျော်နေပုံရကာ အပြုံးလေးဖြင့် မေးလိုက်သည်။
"ထိလို့၀ရဲ့လား"
မင်လျိုရီ၏မျက်နှာသည် ချက်ချင်းပင်နီရဲသွားပြီး ဓာတ်လိုက်သလို သူ၏လက်မောင်းကို လွှတ်ချလိုက်တော့သည်။ သူမက မစ္စတာဟဲဆီမှ အုန်းသီးကို ချက်ချင်းယူလိုက်ပြီး ကမ်းခြေသို့ပျံမတက်ပြေးထွက်သွားတော့သည်။
...
မြို့၏တခြားတစ်ဖက်တွင်တော့ ယောင်ကျိရန်သည် ရှန်ဟိုင်းမြို့မှပရောဂျက်ကို လုယူဖို့မစောင့်နိုင်တော့ပေ။
သူ၏အတွင်းရေးမှူးအား ချက်ချင်းပဲ ရှန်ဟိုင်းလေယာဉ်လက်မှတ်ဖြတ်ခိုင်းခဲ့သော်လည်း အတွင်းရေးမှူးက ရှန်ဟိုင်းလေကြောင်းလိုင်းများ မဖွင့်သေးကြောင်းပြောခဲ့သည်။ အတွင်းရေးမှူးက ချက်ချင်းပင် အကြုံပြုလိုက်သည်။ ရှန်ဟိုင်းဘေးမှ မြို့ကိုအရင်သွားကာ ရှန်ဟိုင်းသို့ကားဖြင့်ဆက်သွားရန်ပြောလိုက်သည်။ သို့သော် သုံးနာရီလောက်မောင်းရမည်ဖြစ်သည်။
ယောင်ကျိရန်က ဒေါသအနည်းငယ်ထွက်သွားကာ ပြောလိုက်သည်။
"ဒါဆို သီးသန့်လေယာဉ်စီစဉ်ပေး"
အတွင်းရေးမှူးကပြောလိုက်သည်။
"လေယာဉ်ဆင်းဖို့လမ်းကြောင်းကို ကြိုချိတ်ဖို့လိုပါတယ်... လေကြောင်းဌာနကို ဆက်သွယ်ခဲ့ပေမဲ့ လေယာဉ်ပြေးကွင်းက လတ်တလော မအားသေးပါဘူးတဲ့ ဌာနကချက်ချင်းပဲပယ်ချခဲ့ပါတယ်"
"နားလည်ပြီ"
ယောင်ကျိရန်က စိတ်မရှည်စွာပြောလိုက်သည်။
"မင်းအကြံပြုတဲ့အတိုင်းပဲ စီစဉ်လိုက် ဘေးကပ်ရပ်က မြို့ကိုအရင်သွားမယ်"
"ကိစ္စမရှိပါဘူး ဒုဥက္ကဌ"
အတွင်းရေးမှူးက ချက်ချင်းပြန်ဖြေခဲ့သည်။
"အစောဆုံးလေယာဉ်က ည ၁၁ နာရီပါ ဟိုကိုရောက်ဖို့ခန့်မှန်းချေက နောက်တစ်နေ့ မနက် ၅ နာရီပါ"
"ကောင်းပြီ ကောင်းပြီ"
ယောင်ကျိရန်က စိတ်မရှည်ပေ။
ယောင်ကျိရန် သူ၏အတွင်းရေးမှူးနှင့် ရှန်ဟိုင်းမြို့ကိုရောက်တော့ မျက်လုံးများကရဲတွတ်နေကာ ၀တ်စုံကလဲ ရှုပ်ပွနေကာ မျက်နှာကပင်ပန်းနေပုံပေါ်ပြီး အတော်လေး ပစ်စလတ်ခက်နိုင်လှသည်။
ယောင်ကျိရန်သည် ဟိုတယ်သို့သွားကာ သုံးနာရီမျှ အနားယူပြီးနောက် အတွင်းရေးမှူးနှင့်အတူ ယောင်အဖွဲ့အစည်း၏ ပရောဂျက်တည်ရှိသည့် စတူဒီယိုသို့ ထွက်သွားတော့သည်။
တာ၀န်ရှိသူ ၀မ့်သဲဖာ က ထိုနေရာတွင်စောင့်ဆိုင်းနေပြီးဖြစ်သည်။
သဲဖာသည် အနည်းငယ်နားမလည်နိုင်ဖြစ်နေသည်။ ယခုပရောဂျက်ကို ဥက္ကဌယောင်ကျိကျိုးသာ အမြဲတာ၀န်ယူခဲ့သော်လည်း သူရှန်ဟိုင်းသို့ ရောက်လာချိန်တွင် အပန်းဖြေဗီလာသို့တန်းသွားခဲ့ပြီး တစ်ချက်ကလေးပင် လာမကြည့်ခဲ့ပေ။
တစ်ရက်ပဲရှိသေးသည် ဒုဥက္ကဌကလဲ အလျင်စလိုရောက်လာခဲ့ပြီး မနက်စောစော မီတင်ထိုင်ဖို့ချိန်းဆိုလာခဲ့သည်။
ပရောဂျက်သည် ရပ်နားထားသည်မှာ တစ်နှစ်နီးပါးပင်ကြာနေပြီဖြစ်ပြီး ရုတ်တရက်ဆိုသလို ဥက္ကဌနှစ်ယောက်က ရောက်လာခဲ့သည်။ ဖြစ်နိုင်တာက ပရောဂျက်ကို ပြန်စတော့မလို့များလား...
၀မ့်သဲဖာသည် ပရောဂျက်အတွက် အချက်အလက်များကို ပြင်ဆင်ထားခဲ့ပြီး ဒုဥက္ကဌကို စောင့်ဆိုင်းနေခဲ့သည်။
ယောင်ကျိရန် ကားထဲမှထွက်လာသည်နှင့် ဝမ့်သဲဖာသည် ယောင်ကျိရန်၏မျက်တွင်းနက်များကို မြင်လိုက်ရသည်။
'သေချာအနားယူခဲ့ရပုံမပေါ်ဘူး စိတ်အခြေအနေလဲ ကောင်းမှာမဟုတ်လောက်ဘူး'
မီတင်အခန်းထဲသို့ အားလုံးစုံသည့်အချိန်တွင် ယောင်ကျိရန်က ပြောလိုက်သည်။
"ဥက္ကဌရဲ့လက်ရှိအခြေအနေကို အားလုံးသဘောပေါက်ကြမယ်လို့ထင်ပါတယ် ကျွန်တော်ကပဲ ရှန်ဟိုင်းပရောဂျက်ကို အခုကစပြီးတာ၀န်ယူပေးသွားပါမယ် အခုပဲလက်ရှိအခြေအနေတွေကို တင်ပြလို့ရပါပြီ"
ဝမ့်သဲဖာသည် သူတင်ပြရသည့်လူက မည်သူဖြစ်မလဲဆိုတာ အရေးမကြီးပေ။ သူတို့အားလုံးသည် အလုပ်သမားများဖြစ်ပြီး ၀မ့်သဲဖာတွင် ဖုံးကွယ်ထားစရာ ဘာတစ်ခုမှမရှိပေ။ ယောင်ကျိရန်ကလဲ ၀မ့်သဲဖာကို သူ့အတွက် အလုပ်လုပ်ပေးစေချင်သည်။ ထိုလူသာ သူ့လူဖြစ်လာခဲ့လျှင် ရှန်ဟိုင်းပရောဂျက်ကို အရယူနိုင်ဖို့ လွယ်ကူသွားပြီဖြစ်သည်။
ယောင်ကျိရန်၏ခရီးလမ်းသည် မချောမွေ့ခဲ့ပြီး စိတ်အခြေအနေမကောင်းသော်လည်း ၀မ့်သဲဖာကိုတော့ ချိုချိုသာသာဆက်ဆံပေးခဲ့သည်။
တင်ပြမှုပြီးသွားတော့ ၀မ့်သဲဖာက ယောင်ကျိရန်ကို ကြည့်လိုက်ကာ ဒုဥက္ကဌ၏ညွှန်ကြားချက်ကို စောင့်နေခဲ့သည်။ ယောင်ကျိရန်က ရုတ်တရက်ထပြောလိုက်သည်။
"အားလုံး တာ၀န်ကျေပါတယ် ခဏနားကြတာပေါ့"
ထို့နောက် ယောင်ကျိရန်သည် သီးသန့်စားသောက်ဆိုင်တွင် ၀မ့်သဲဖာနှင့် ဆွေးနွေးဖို့ ပြောလိုက်သည်။ သူက ၀မ့်သဲဖာနှင့် အသေးစိတ်အကြောင်းအရာများကို ပြောချင်ခဲ့သည်။
၀မ့်သဲဖာသည် အလွန်ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ ယောင်အဖွဲ့အစည်း၏စတိုင်သည် စီးပွားရေးဆန်သော်လည်း ဒုဥက္ကဌကတော့ ကွဲပြားသည်။
သူတို့စားသောက်ဆိုင်သို့ရောက်တော့ ယောင်ကျိရန်တွင် ပြောစရာမရှိပေ။ ထို့ကြောင့် ကဒ်တစ်ကဒ်ကို ၀မ့်သဲဖာထံ ပစ်ပေးပြီးပြောလိုက်သည်။
"ဒီနှစ်တွေထဲမှာ ရှန်ဟိုင်းပရောဂျက်အတွက် အလုပ်ကြိုးစားပေးခဲ့ပါတယ်...ကျွန်တော်က ဒီမှာပထမဆုံးအကြိမ်ဆိုတော့ လက်ဆောင်ပေးတာပါ အခုကစပြီး မင်းနဲ့ပူးပေါင်းမှရမယ် မစ္စတာ၀မ့်"
ယောင်ကျိရန်သည် ဒုဥက္ကဌဖြစ်သော်ငြား ၀မ့်သဲဖာကို ယဉ်ကျေးစွာပြောခဲ့သည်။ ၀မ့်သဲဖာသည် အလုပ်ခွင်တွင် ကျင်လည်နေတာကြာပြီဖြစ်၍ မအံ့ဩသော်လည်း ရလာသည့်အခွင့်အရေးကိုဖြုန်းတီးဖို့မသင့်ပေ။ ယောင်ကျိရန် ဘာလိုချင်သလဲနှင့် ၀မ့်သဲဖာကဘာပြန်ပေးနိုင်သလဲ အပေါ်သာမူတည်လေသည်။
"ဒုဥက္ကဌရာ အတည်ကြီးဖြစ်စရာမလိုပါဘူး ကျွန်တော့်အလုပ်ကျွန်တော်လုပ်ပေးရုံပါပဲ"
၀မ့်သဲဖာက ပြောလိုက်သည်။
သူက နိုး ဟုပြောလိုက်သော်လည်း လက်ကတော့ ကဒ်ကိုလျင်မြန်စွာယူပြီး သိမ်းထားလိုက်သည်။ သူက သဘောတူသည် ဟုလဲမဆို သဘောမတူဘူး ဟုလဲ မဆိုခဲ့ပေ။
ယောင်ကျိရန်က ပြုံးလိုက်သည်။ ၀မ့်သဲဖာက တိုက်ရိုက်ကြီးမငြင်းလိုက်သ၍ လုပ်ကိုင်ရသည်က အများကြီးလွယ်ကူသွားပြီဖြစ်သည်။ ၀မ့်သဲဖာက ယောင်ကျိရန်ကို သူ၏အခြေအနေကို ဖော်ပြဖို့စောင့်နေသည်ဆိုတာ အရှင်းကြီးပင်။
🥰