🥰 Chapter 116 ✅
ယောင်ကျိရန်က ၀မ့်သဲဖာကိုကြည့်လိုက်ပြီးနောက် ကွေ့ဝိုက်ခြင်းကို ရပ်တန့်ကာပြောလိုက်သည်။
"မစ္စတာဝမ် ခင်ဗျားကဉာဏ်ကောင်းသားပဲ...အဲကဒ်ထဲမှာ ၀မ်နှစ်သိန်းပဲရှိတာ ဒီပရောဂျက်ကို ယောင်ကျိကျိုးဆီကယူဖို့ ကျွန်တော့်ကိုကူညီပေးနေသ၍ ဒီထက်ပိုပြီးအကျိုးရှိစေရမယ်"
၀မ့်သဲဖာက ထိုစကားကြောင့် အနည်းငယ်ရှုပ်ထွေးသွားသည်။ ရှန်ဟိုင်းမြို့ပရောဂျက်သည် ရပ်နားထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ပြီး ယခုအခြေအနေတွင် အစကပြန်စသည်က ပို၍ပင်ခက်ခဲသေးသည်။ ယောင်အဖွဲ့အစည်း၏အတွင်းရေးအရှုပ်တော်ပုံများကြောင့် ရှန်ဟိုင်းမြို့အတွက် ရေရှည်စီမံကိန်းများနှင့် ထောက်ခံချက်များလဲ မရရှိသေးပေ။
ထို့အပြင် သူကြားခဲ့တာတော့ ဘုတ်အဖွဲ့၀င်အချို့ဒရိုက်တာတွေက ရှန်ဟိုင်းပရောဂျက်ကို သိပ်ပြီး သဘောမကျကြဘူးတဲ့... ဒါနဲ့များ ဘာလို့ ဒီပရောဂျက်ကို လုနေကြတာလဲ...
မည်သို့ပင်ဖြစ်စေ ပရောဂျက်အား တာဝန်ယူပြီး ဆက်လုပ်ဖို့ လူရှိနေသ၍ ၀မ့်သဲဖာအတွက် အကျိုးအမြတ်ရလေဖြစ်သည်။
ယောင်ကျိရန်၏ တောင်းဆိုမှုကိုကြားပြီးနောက် ၀မ့်သဲဖာက ဘဏ်ကဒ်ကို သူ၏အိတ်ကပ်ထဲသို့ထည့်လိုက်သည်။ သူက ရယ်မောကာဆက်ပြောလိုက်သည်။
"ကောင်းပါပြီဗျာ... တစ်ခုခုအကြောင်းရှိရင် ခင်ဗျားကို တိုက်ရိုက်သတင်းပို့ပါမယ် ဥက္ကဌကို ဘယ်လိုကိုင်တွယ်ရမလဲ ကျွန်တော်သိပါတယ်"
ယောင်ကျိရန်က ထိုစကားကြောင့် ရင်ထဲမှအပူများ ချက်ချင်းငြိမ်းကျသွားသည်။ ဒီကိုလာဖို့အတွက် သူအားထုတ်ခဲ့သမျှက တန်သည်။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေခဲ့ခြင်းက ပျောက်ကွယ်သွားလေပြီ။
ယောင်ကျိရန်သည် ကံကြမ္မာက သူ့အား မျက်နှာသာပေးလာပြီ ဟုပင် တွေးနေခဲ့သည်။
...
ဗီလာတွင်တော့ ယောင်ကျိကျိုးသည် ညစာစားပွဲတွင် ထိုင်စောင့်နေကာ မင်လျိုရီမှာတော့ ယခုထက်ထိ အခန်းပြင်သို့ထွက်မလာသေးပေ။
အပန်းဖြေခရီးတွင် လူတိုင်းသည် နည်းနည်းပိုပြိး အိပ်စက်ခွင့်ရကြသည်။ ထို့ကြောင့်ပဲ ညစာစားချိန်သည် အမြဲလိုလို နောက်ကျလေ့ရှိသည်။ မစ္စတာဟဲ က ထိုအခွင့်အရေးကိုအရယူပြီး ယောင်ကျိရန်၏ လှုပ်ရှားမှုများကို တင်ပြလိုက်သည်။
ယောင်ကျိကျိုးသည် ယခုမှနိုးကာစဖြစ်ပြီး ရှားရှားပါးပါး အနည်းငယ် ပျင်းရိနေခဲ့သည်။ သူက ဝှီးလ်ချဲပေါ်တွင်ထိုင်ကာ တင်ပြချက်ကို နားထောင်နေခဲ့သည်။
ယောင်ကျိရန်နှင့် ၀မ့်သဲဖာတို့ သီးသန့်စားသောက်ဆိုင်သို့ သွားခဲ့သည်ကို ကြားသိပြီးနောက် ယောင်ကျိကျိုးက ပေါ့ပါးစွာ ပြောလိုက်သည်။
"၀မ့်သဲဖာလိုလူမျိုးက ငွေပမာဏနည်းနည်းနဲ့ ကျေနပ်နေမဲ့လူမဟုတ်ဘူး ယောင်ကျိရန် သူ့ကို ဘယ်လောက်တောင်ပေးလိုက်လဲမသိဘူး"
"ဒါဆို ကျွန်တော်တို့ မလွန်ခင်တားဖို့နည်းလမ်းရှာလိုက်ရမလား"
မစ္စတာဟဲက မေးလိုက်သည်။
"မလိုဘူး ယောင်ကျိရန် သူ့ဘာသာကိုင်တွယ်ပါစေ ၀မ့်သဲဖာယူသွားသမျှကတော့ မရှေးမနှောင်း ပြန်ပေးဆပ်ရလိမ့်မယ်"
ယောင်ကျိကျိုးက ပြောလိုက်သည်။
မစ္စတာဟဲ က တခြားအကြောင်းအရာများ ဆက်ပြောပြနေခဲ့ပြီး သူပြန်တော့မည့်ဆဲဆဲမှာပဲ မင်လျိုရီက အခန်းအပြင်ထွက်လာခဲ့သည်။
မစ္စတာဟဲ ကိုမြင်တော့ မင်လျိုရီကပြောလိုက်သည်။
"မစ္စတာဟဲ စားပြီးရဲ့လား တစ်ခါတည်း၀င်စားသွားပါလား"
မစ္စတာဟဲက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"မဒမ် ကျွန်တော်စားပြီးပါပြီ ပြီးတော့ လုပ်စရာလေးတွေလဲ ရှိသေးလို့ပါ...အားလပ်ချိန်ကို ကောင်းကောင်းအနားယူကြပါဗျ"
မစ္စတာဟဲပြန်သွားပြီးနောက် မင်လျိုရီက တီးတိုးပြောလိုက်သည်။
"မစ္စတာဟဲက သိပ်တင်းကြပ်တာပဲ"
ယောင်ကျိကျိုးက မင်လျိုရီအတိုင်းလိုက်လုပ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။
"သူက ပျင်းစရာကြီးလေ...ကိုယ်တို့စားပြီးသွားရင် ကမ်းခြေကိုသွားပြီး သူ့ကိုသင်ခန်းစာပေးကြမယ်"
သို့သော်လည်း မင်လျိုရီက မစ္စတာဟဲအား အနိုင်ကျင့်ရန် နည်းလမ်းရှာမတွေ့ခင်မှာပင် ကျောက်ချမ်းက ရေသေနတ်များဖြင့် အခန်းထဲသို့ လျှောက်လာသည်။
ကျောက်ချမ်းသည် သူ့သခင်၏ညွှန်ကြားချက်အတိုင်း မဒမ်အတွက် ရေသေနတ်အကြီးကြီးများကို အထူးတလည်ပြင်ဆင်ပေးခဲ့သည်။ လူတိုင်းတွင် သာမန်ရေသေနတ်များရှိကြသော်လည်း သခင်မ၏သေနတ်နှင့်ယှဉ်ကြည့်လျှင် အလွန်ပင် သေးကွေးသွားတော့သည်။
မင်လျိုရီက ထိုအရာကိုမြင်တော့ ပျော်ရွှင်စွာနဲ့ ရေသေနတ်ယူဖို့ ပြေးထွက်သွားတော့သည်။ သူတို့ထမင်းစားပြီးတော့ မင်လျိုရီက အားလုံးကစားလို့ရရန် ကမ်းခြေသို့ခေါ်ဆောင်သွားတော့သည်။
အစပိုင်းတွင် လူတိုင်းသည် အနည်းငယ်သတိထားနေပြီး သူတို့ မဒမ်အား ရေသေနတ်ဖြင့်မပစ်ရဲကြသေးပေ။
သို့သော်လည်း မင်လျိုရီ၏ "ရန်စမှု" ကြောင့် လူတိုင်းလူတိုင်း ရေများဖြင့် ရွှဲနစ်သွားပြီးနောက် အားလုံးက "လက်စားချေ" ဖို့ လုပ်ငန်းစကြတော့သည်။
မစ္စတာဟဲလဲ ကွဲထွက်မနေခဲ့ပါ။ မင်လျိုရီ သူ့အား "အနိုင်ကျင့်" ခဲ့ချိန်တွင် သူမက သိသိသာသာကို ညှာတာသောအားဖြင့် အင်္ကျီလက်ကိုသာ ရေစိုအောင်ပြုလုပ်ခဲ့သည်။ အတွင်းရေးမှူးလဲ ထိုအချိန်တွင် ငယ်ဘ၀သို့ပြန်ရောက်သွားသကဲ့သို့ ရေသေနတ်ကို ကောက်ကိုင်ကာ အားလုံးနှင့်ပျော်ပျော်ကြီး ကစားကြတော့သည်။
မင်လျိုရီက သူမ၏အထူးကြီးမားသည့် ရေသေနတ်ကြောင့် လျင်လျင်မြန်မြန်နှင့် အသန်မာဆုံး ကစားသမားဖြစ်လာခဲ့သည်။ ရလဒ်အနေဖြင့် သဘာ၀ကျစွာပဲ လူတိုင်းသည် စတင်ပူးပေါင်းကာ သူမကို အလယ်တွင်ထားပြီး တိုက်ခိုက်ကြတော့သည်။
သူတို့အားလုံးသည် အချိန်အကြာကြီးကစားခဲ့ကြပြီး တစ်ကိုယ်လုံး ရွှဲစိုကုန်တော့သည်။ ယောင်ကျိကျိုးတစ်ယောက်တည်းသာ ဝှီးချဲတွင်ထိုင်ပြီး မင်လျိုရီနှင့် အခြားသူများ၏ ရယ်မောသံများကို နားထောင်နေခဲ့သည်။
ပင်လယ်တဝိုက်အတွင်းရှိ အပူချိန်သည် သာယာလှပြီး ချောမောခန့်ညားသည့် ယောင်ကျိကျိုး ထိုင်လိုက်စဉ်မှာတော့ လှပသည့်ရှုခင်းအဖြစ် ပြောင်းလဲသွားတော့သည်။ သို့သော်လည်း မင်လျိုရီကတော့ ထိုလှပသည့် ရှုခင်းအား ဖျက်ဆီးချင်နေခဲ့သည်။
သူမက အားလုံးကိုအချက်ပြလိုက်ပြီး ယောင်ကျိကျိုးကိုညွှန်ပြကာ သူမတို့ သူ့အား တိုက်ခိုက်သင့်ကြောင်း ပြောလိုက်သည်။
လူတိုင်းက သူတို့ခေါင်းများကို အလန့်တကြား ခါလိုက်ကာ
"မဖြစ်ဘူး မဖြစ်ဘူး" ဟု ဖော်ပြနေကြသည်။
တခြားတစ်ဖက်တွင်မူ မင်လျိုရီကတော့ သူမ မျက်ခုံးများကို ပင့်ကာ "ငါကတော့ လုပ်မှာပဲ" ဟူသည့် အမူအရာဖြင့် ရေသေနတ်သယ်ပြီး ယောင်ကျိကျိုးထံသို့ ပြေးသွားကာ ရင်ဘတ်ကိုချိန်ရွယ်လိုက်သည်။
ယောင်ကျိကျိုး၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားကာ အပြုံးမှာလဲ ပျောက်ကွယ်သွားသည်။ သူက နဘေးရှိ ရေသေနတ်ကို ကောက်ကိုင်လိုက်ပြီး ချိန်ရွယ်လာသည့်ဘက်သို့ ပစ်လိုက်သည်။
မင်လျိုရီသည် အချိန်မှီ မရှောင်လိုက်နိုင်ဘဲ ယောင်ကျိကျိုးတိုက်ခိုက်တာ ခံလိုက်ရသည်။ သူမက ချက်ချင်းပင် မြွေတစ်ကောင်လို လှုပ်ရှားလိုက်ပြီး အဆက်မပြတ် ပြန်ပစ်ခက်လိုက်သည်။
🥰