ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ
အပိုင်း (၇၄)
ငါ ဘာပြောလို့လဲ။
ကျွန်မ ပို၍ မှင်တက်သွားမိသည်။
"မြို့စားမင်းကြီးအိမ်တော်က ညစာစားပွဲလေ။ရှင် ကျွန်မကို မပြောခဲ့ဘူး။အကြောင်းပြချက်က ဘာများလဲ။
"အာ၊အဲ့ဒါလား။"
ဆိုဗက်စ်စတာက ကျွန်မကို မကြည့်ဘဲ ပြန်ဖြေသည်။
"ကိုယ် မေ့သွားတယ်။"
"..."
ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေရတာလဲ။
ဆိုဗက်စ်စတာက ထိုကိစ္စကို မမေ့နိုင်ပေ။သူ၏အင်္ကျီလက်အောက်တွင် တစ်စုံတစ်ခု ရှိနေပုံရ၏။
[တစ်ခုခု ဖုံးကွယ်ထားသည်။]
"မလိမ်နဲ့၊ကျွန်မကို မြန်မြန်လေး ပြောလိုက်။"
"ဘာ"
"ရှင် ကျွန်မကို ဘာတွေ ဖုံးကွယ်ထားလဲ။"
ထိုအခါမှသာ ဆိုဗက်စ်စတာက ကျွန်မဘက်သို့ လှည့်ကြည့်လေသည်။
"ကိုယ် တကယ် မေ့သွားတာ။ကိုယ် တစ်ခြားကိစ္စတစ်ခုကို တွေးနေခဲ့တာကြောင့် မေ့သွားတယ်။"
တခြားကိစ္စတစ်ခုကို တွေးနေခဲ့တာ တဲ့လား။
ကျွန်မ ခေါင်းကို စောင်းငဲ့လိုက်သည်။
တွေးကြည့်မှ ဆိုဗက်စ်စတာ၏မျက်နှာအမူအရာက ထူးဆန်းနေသည်။ကျွန်မ စိုးရိမ်သွားပြီး သူ့အနား တိုးကပ်မိသွား၏။
"တစ်ခုခု ဆိုးရွားတာ ဖြစ်နေလို့လား။"
ကျွန်မ စိုးရိမ်ပူပန်စွာဖြင့် ထိုသို့ မေးလိုက်သည်၊သို့သော် ဆိုဗက်စ်စတာက ဘာမှမဖြစ်သည့်အတိုင်း ကျွန်မကို ကြည့်လေသည်။
"တော်သင့်ပြီ"
ထို့နောက် သူက အေးစက်စွာ ဆက်ပြောသည်။
"ဒါက မင်းအပူမပါဘူး။"
"ဝါး..."
ကျွန်မ ပါးစပ်ကို ပိတ်ထားလိုက်မိသည်။
"ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့အထိ တိုးတက်လာလို့ ရှင့်ကို လက်ခုပ်ဩဘာနဲ့ ဂုဏ်ပြုပေးသင့်တာပေါ့။"
ဖြောင်း ဖြောင်း ဖြောင်း
"ထေ့ငေါ့မနေစမ်းနဲ့။"
"ကျွန်မ ထေ့ငေါ့တတ်တာ အခု ရှင်သိသွားပြီဆိုတော့ တော်တော်လေး တိုးတက်လာတာပဲ။"
"မင်း ကိုယ့်ကို လာနောက်နေတာလား။"
ဟာသနှစ်ခုပေါ့။
ကျွန်မ ထိုသို့ ပြောချင်သည့်တိုင် မြိုသိပ်ထားလိုက်ရသည်။
"ဘာပဲဖြစ်ဖြစ်ပါ ရှင် နောက်ဆို ကျွန်မကို ကြိုပြောလိမ့်မယ်လို့ မျှော်လင့်တယ်။ဒါမှ ကျွန်မရဲ့စိတ်ကို ကြိုတင်ပြင်ဆင်လို့ ရမှာ။"
"မြို့စားမင်းကြီးအိမ်တော်ကို သွားဖို့အတွက် မင်းမှာ ဘယ်လိုမျိုး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လိုနေလို့လဲ။"
ဆိုဗက်စ်စတာက မျက်မှောင်ကြုတ်၍ မေးသည်။
"မဟုတ်ဘူး၊မြို့စားမင်းကြီးကတော်က ကျွန်မကို မုန်းနေတယ်လေ။ဒီတော့ ကျွန်မရဲ့ စိတ်ကို ကြိုတင်ပြင်တင်ထားဖို့ လိုတာပေါ့။"
"စိုးရိမ်မနေနဲ့။"
ဆိုဗက်စ်စတာက အခိုင်အမာ တုံ့ပြန်လိုက်သည်။
"မြို့စားမင်းကြီးကတော်က မင်းကို သဘောကျလာအောင် ကိုယ် လုပ်ပေးမှာမို့လို့ပဲ။"
ကျွန်မ မျက်လုံးပြူးလိုက်မိသည်။
မြို့စားမင်းကြီးကတော်က ကျွန်မကို အလွန်အမင်း မုန်းတီးနေသည်။သူမက ကျွန်မအပေါ် သဘောကျလာခြင်းမှာ အနောက်အရပ်က နေထွက်လာသည်နှင့် တူ၏။
အဓိပ္ပါယ် မရှိပေ။
သို့သော်
မြို့စားမင်းကြီးက ကျွန်မဘက်တွင် ရှိနေပြီးသား ဖြစ်သည်။မြို့စားမင်းကြီးကတော်ပါ ကျွန်မဘက်တွင် ရှိနေသည်ဆိုပါက။
ထိုထက် အကျိုးအမြတ် ပိုရနိုင်သော ကိစ္စဟူ၍ မရှိပေ။
ကျွန်မ မျက်တောင် အနည်းငယ် ခတ်လိုက်မိသည်။
"ဘယ်လို ... ရှင် ဘယ်လို လုပ်မှာလဲ။"
"အိုဖီလီယာ"
ဆိုဗက်စ်စတာက ကျွန်မ၏တောက်ပနေသော မျက်ဝန်းများကို ကြည့်၍ ပြောသည်။
"ဒါပေါ့ ၊ဒါက လျှို့ဝှက်ချက်ပဲ။"
"ဟမ်၊ဘာကြောင့်လဲ။"
"ကိုယ်က မရိုင်းစိုင်းလို့လေ။မင်းကို ပြောပြမှာ မဟုတ်ဘူး။"
"ဝိုး ..."
ထိုလူ၏ ရိုင်းပြမှုနှင့် သဘောထားသေးသိမ်မှုကို ကျွန်မ ဂုဏ်ပြုပေးလိုက်ချင်ပါ၏။
"ရှင်က ကောင်းကင်ကို ဓါးနဲ့ထိုးနေတဲ့အတိုင်း တကယ်ကို အရှက်မရှိပါလား။"
"ကိုယ် သိတယ်။"
"သိတယ်ဆိုရင် ရှင် ဘာဖြစ်လို့ မပြောင်းလဲရတာလဲ။"
"ကိုယ်က ဘာလို့ ပြောင်းလဲရမှာလဲ။"
အော်၊အင်းပါ။
ကျွန်မ နှုတ်ခမ်းစူ၍ ဆိုဗက်စ်စတာကို ကြည့်လိုက်သည်။
သို့သော် ဆိုဗက်စ်စတာက ဘာမှ မဟုတ်သည့်အတိုင်း ကျွန်မကို လျစ်လျူရှုနေခဲ့၏။ထို့ကြောင့် ကျွန်မ သူ့ကို ကျော်၍ ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
နှင်းများက ထူထပ်စွာ ကျဆင်းနေလေသည်။
အပြင်ဘက်တွင် လရောင်ကြောင့် ထိန်လင်းနေပြီး ကမ္ဘာလောကတစ်ခုလုံးက ဖွေးဖွေးလှုပ်နေခဲ့သည်။
အပြင်ထွက်ရန် အကြောင်းပြချက်တစ်ခုပေးပြီး နှင်းဘောလုံးတိုက်ပွဲ ပြုလုပ်၍ ဆိုဗက်စ်စတာကို ရိုက်နှက်တိုက်ခိုက်ရန် ရုတ်တရက် အတွေးဝင်လာခဲ့သည်။သို့သော် အကယ်၍ ကျွန်မ ထိုသို့ လုပ်ခဲ့မိပါက အရိုက်ခံရလောက်သည်ဟု တွေးမိသွားပြီး အတွေးများကို မြန်မြန်ဆန်ဆန် ဖျက်ပစ်လိုက်ရ၏။
ထို့အပြင် ယခုက ညလယ် ရောက်နေပြီဖြစ်ရာ ကျွန်မ အပြင်ထွက်၍ တစ်ခုခု မလုပ်နိုင်တော့ပေ။
အချိန်အကြောင်း တွေးနေရင်းဖြင့် ပင်ပန်းမှုက ရောက်ရှိလာခဲ့သည်။
"ဒီတော့ ကျွန်မတို့ အိပ်ရာဝင်ကြတော့မလား။"
"ဘာ"
သို့သော် ဆိုဗက်စ်စတာက ထိတ်လန့်သွားပြီး ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်သည်။
သူ ဘာဖြစ်နေတာလဲ။
"ရှင် ဒီကို လာတာ အိပ်ဖို့ မဟုတ်ဘူးလား။နောက်ကျနေပြီဆိုတော့ ရှင် အိပ်သင့်နေပြီလေ။"
"..."
ကျွန်မ၏စကားများကို ဆိုဗက်စ်စတာက ပြန်မဖြေနိုင်ပဲ ပါးစပ်သာ ပိတ်ထားလေသည်။
"ဟင့်အင်း၊ဒါပေမဲ့ မှန်ပါတယ်လေ။"
သူက တွန့်ဆုတ် တွန့်ဆုတ် လုပ်နေသေးသည်။
"အတူတူ အိပ်ရမှာလား။"
ဒါက ဘာဖြစ်ရပြန်ပြီလဲ။ကျွန်မကို အတူတူအိပ်ဖို့ ရှင် ဘယ်တုန်းက ပြောခဲ့တာလဲ။အခုမှ ကျွန်မနဲ့ အတူအိပ်ရဖို့ ရှင် ရှက်နေတာလား။
အဓိပ္ပါယ်မရှိလိုက်တာ။
ကျွန်မ ရေရွတ်လိုက်ပြီး နှာမှုတ်၍ မလေးနက်သော အမူအရာကို ပြုလုပ်လိုက်သည်။
"ဒီတော့ ဘာလဲ၊ ရှင်က ကြမ်းပြင်ပေါ်မှာ အိပ်မလို့လား။"
"..."
ဆိုဗက်စ်စတာက ဆက်လက်၍ တိတ်ဆိတ်နေပြန်သည်။
သူက အေးစက်စက် ကြမ်းပြင်ကို ငုံ့ကြည့်လိုက်သည်။ထို့နောက် ဆိုဖာကို တစ်ချက် ကြည့်လိုက်ပြီးမှ အိပ်ရာဆီသို့ ပြန်လှည့်လာ၏။
ပြီးနောက် သူ ဘာမှ မတတ်နိုင်သည့်အတိုင်း သက်ပြင်းချလိုက်ပြီး အိပ်ရာပေါ်တွင် ပြန်ထိုင်လိုက်လေသည်။
"အိုကေ"
သူက ကျွန်မ၏မျက်လုံးများကို မသိမသာ ရှောင်ရှား၍ အိပ်ရာပေါ်သို့ သတိကြီးစွာ လှဲချလိုက်လေသည်။
ထို့နောက် သူက ကုတင်အောက် ပြုတ်ကျလုမတတ် တစ်ဖက်စွန်းသို့ တိုး၍ ကိုယ်ကို ကွေးညွှတ်ထားပြီး နေရာသေးသေးလေးသာ ယူလိုက်သည်။
"ကောင်းသောညပါ။"
သူက ကျွန်မကို တစ်ချက်ပင် မကြည့်ဘဲ နှုတ်ဆက်လာ၏။
တကယ်ပါပဲ၊သူ ဘာဖြစ်နေတာလဲ။
*
အိုဖီလီယာ၏အသက်ရှူသံက တည်ငြိမ်လာသည်နှင့် တစ်ပြိုင်နက် ဆိုဗက်စ်စတာက မျက်လုံးပွင့်လာသည်။
ပြီးနောက် သူက အိပ်ပျော်နေသော အိုဖီလီယာကို ငုံ့ကြည့်လိုက်၏။
အိုဖီလီယာက အမှန်တကယ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
ထို့ကြောင့် ဆိုဗက်စ်စတာမှာ အနည်းငယ် မှင်တက်မိသွားရ၏။
မင်းက ဘာလို့ ဒီလောက် ကောင်းကောင်း အိပ်နေရတာလဲ။
အစပိုင်းတွင် အိုဖီလီယာသည် ဟိုဘက်သည်ဘက် လှိမ့်နေသေးသော်လည်း ယခု သူမ ငြိမ်သက်စွာ လဲလျောင်းလျက် အိပ်မောကျသွားခဲ့သည်။
ဒီလိုမျိုး အနေကြပ်တာတွေ မရှိတော့ရင် သူတို့က စုံတွဲတွေ ဖြစ်လာမှာလား။
အနည်းငယ် စိတ်ဓါတ်ကျသလို ခံစားနေရ၏။
ဆိုဗက်စ်စတာက သက်ပြင်းတစ်ချက် ချရင်း အိုဖီလီယာ၏နဖူးပေါ်သို့ သူ့လက်ကို တင်လိုက်သည်။
"အင်း ..."
အိုဖီလီယာက လှုပ်ရှားလာပြီး ခပ်တိုးတိုး ညည်းလိုက်သည်။
သို့သော် ဆိုဗက်စ်စတာ၏လက်ကို ဖယ်ထုတ်ပစ်ခြင်း မရှိခဲ့ပေ။သူ၏ အေးစက်သော ခန္ဓာကိုယ်အပူချိန်က သူမအတွက် အဆင်ပြေနေပုံရသည်။ဆိုဗက်စ်စတာ ရယ်လိုက်မိ၏။
ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတတ်တဲ့အထိ တိုးတက်လာလို့ ရှင့်ကို လက်ခုပ်ဩဘာနဲ့ ဂုဏ်ပြုပေးသင့်တာပေါ့။
ဖြောင်း ဖြောင်း ဖြောင်း
သူ အိုဖီလီယာနှင့် စကားပြောချိန်တိုင်းတွင် အမြဲလိုလို ရယ်မောနေမိသည်။
သူ ထိုစကားကို ကြားရချိန်တွင် မရယ်မိအောင် ထိန်းထားဖို့ ဘယ်လောက်ခက်ခဲသည်ကို မသိခဲ့ပါ။
သူ ယခင်က မတွေးမိခဲ့သော်လည်း အိုဖီလီယာမှာ ဟာဥာဏ်ရွှင်သော လူတစ်ယောက် ဖြစ်နေခဲ့သည်။ထို့ကြောင့် သူမနှင့် အတူရှိချိန်တိုင်းတွင် ပျော်စရာကောင်းနေခဲ့သည်။
အင်း ၊ပျော်စရာကောင်းတယ်။
ဆိုဗက်စ်စတာမှာ အနာဂတ်တွင် သူ၏ခံစားချက်များကို မထိန်းချုပ်နိုင်လောက်တော့ဟု အလိုလိုသိစိတ်တစ်ခု အတိအကျ ဖြစ်ပေါ်လာရသည်။
သို့သော် သူ ထပ်တလဲလဲ ပြောနေခဲ့သည့်အတိုင်း ထိုသို့ မဖြစ်သင့်ပေ။ဆိုဗက်စ်စတာသည် အိုဖီလီယာကို နှစ်သက်သဘောကျနေ၍ မရပေ။
ဟူး
သူ သက်ပြင်းချလိုက်သည်။
ယခု ဒုတိယမင်းသား လာဂိုက ပြန်ရောက်လာခဲ့သည်။
လာဂိုသာ ဆိုဗက်စ်စတာ၏နှလုံးသားရေးရာကို သိသွားမည်ဆိုပါက ဘာဆက်ဖြစ်လာမည်ကို မသိနိုင်ပါ။ထို့ကြောင့် လာဂို၏ရှေ့တွင် သူ၏နှလုံးသားကို တတ်နိုင်သမျှ ဖုံးကွယ်ထားရလိမ့်မည်။
မဟုတ်သေး။သူ၏ အိုဖီလီယာအပေါ် ဖြစ်ပေါ်နေသော ခံစားချက်များကို လာဂို၏ရှေ့မှာသာမကဘဲ လူတိုင်း၏ရှေ့တွင်၌ပါ ဖုံးကွယ်ထားရမည်။
သူက အိုဖီလီယာကို မကြိုက်သင့်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် အိုဖီလီယာ၏နဖူးပြင်ထက်မှ သူ့လက်ကို မတတ်သာပဲ ပြန်ဖယ်လိုက်သည်။
သို့သော်
အိုဖီလီယာက လှုပ်ရှားလာပြီး ဟိုလှည့်သည်လှည့်လုပ်၍ ဆိုဗက်စ်စတာ၏လက်ကို ဖမ်းဆုပ်လာခဲ့သည်။ပြီးနောက် သူမက ပြန်လွှတ်မပေးတော့ပေ။
"..."
ထိုခဏ၌ ဆိုဗက်စ်စတာမှာ စိတ်ဒုက္ခရောက်ရလေသည်။
သူ အိုဖီလီယာကို နှိုးလိုက်ပြီး သူမရဲ့ လက်ကို ဖယ်ခိုင်းသင့်လား။
အိုဖီလီယာကို နှိုးလိုက်ပါက သူက သူမကို ကြင်နာစွာ ထိတွေ့နေမိကြောင်း ထုတ်ပြမိသလို ဖြစ်သွားမည်။
သူ ထိုသို့ မဖြစ်ချင်ပေ။
ထို့အပြင် အချင်းချင်း ဆုပ်ကိုင်ထားသော သူတို့နှစ်ယောက်၏လက်များကို ဖြုတ်မပစ်ချင်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ထို့ကြောင့် ဆိုဗက်စ်စတာသည် အိုဖီလီယာ၏ဘေးတွင် တိတ်ဆိတ်စွာ လဲလျောင်း၍ မျက်လုံးများ မှိတ်ထားလိုက်သည်။
သူ့နှလုံးသားက အရိုင်းဆန်ဆန် ခုန်ပေါက်နေသည်ဟု ခံစားရ၏။
ခုန်ပေါက်နေသော နှလုံးသားက ငြိမ်သက်မသွားလေရာ သူ အိပ်မပျော်နိုင်ခဲ့ပေ။
*
သူမ နိုးလာချိန်တွင် ဆိုဗက်စ်စတာက မရှိတော့ပေ။
သူ၏ကင်းမဲ့မှုကို ယခု ကျွန်မ ကျင့်သားရနေပြီ ဖြစ်သည်။
ထို့ကြောင့် ကျွန်မ အကြောဆန့်ပြီး ထထိုင်လိုက်သည်။
ပြီးနောက် ခေါင်းလောင်းကြိုးကို ဆွဲလိုက်၏။မကြာခင် အိုင်ရင်းက တံခါးခေါက်လာခဲ့သည်။
"နိုးပါပြီလား မဒမ်။"
အိုင်ရင်းက အပြုံးတစ်ပွင့်ဖြင့် အနားတိုးလာခဲ့သည်။
"ဆိုဗက်စ်စတာရော"
"သခင်က ရုံးခန်းထဲမှာပါ။မနက်ကတည်းက အလုပ်များနေတဲ့ ပုံပါပဲ။"
ဒုတိယမင်းသား ပြန်ရောက်လာကတည်းက သူ တကယ်ပင် အလုပ်များနေခဲ့သည်။
ကျွန်မ ခေါင်းငြိမ့်လိုက်ပြီး အိုင်ရင်းအနားသို့ တိုးလိုက်သည်။
"အရာအားလုံး အဆင်ပြေရဲ့လား။"
"လေဒီငယ်လေး ဂျက်စမင်က လာရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတာကို တင်ပြလာပါတယ်။"
"တကယ်လား၊သူမကို လာခိုင်းလိုက်ပါ။"
"ဒီ့ထက် ထူးတာက ကောင့်မြို့စားကတော်ကာဒယ်လ်လဲ သူမနဲ့အတူ ပါလာပါမယ်တဲ့။"
"နှစ်ယောက်လုံးလား။"
ကျွန်မ ခေါင်းကို စောင်းငဲ့မိလိုက်သည်။
သူမတို့နှစ်ယောက်လုံး တစ်ချိန်တည်း အတူတူ လာတာဆိုတော့ တစ်ခုခု ဖြစ်လို့များလား။
ကျွန်မမှာ သံသယ ရှိနေသော်လည်း သူမတို့ ရောက်လာမှ ဖြေရှင်းရမည်ဖြစ်၍ နက်နက်နဲနဲ တွေးမနေတော့ပေ။
သူမတို့နှစ်ယောက် ပို၍နီးစပ်လာခြင်းက ကျွန်မအတွက် ကောင်းသောကိစ္စသာ ဖြစ်သည်။
ကျွန်မ ခေါင်းယမ်းလိုက်သည်။
"အင်း၊ကောင်းပြီလေ။"
ထို့နောက် နှင်းများ ရပ်တန့်သွားပြီး နေရောင်ခြည်ဖြင့် တောက်ပနေသော အပြင်ဘက်သို့ ကျွန်မ လှမ်းကြည့်လိုက်မိသည်။
ကျွန်မ ကြည့်လိုက်ချိန်တွင် ထိုနေရာ၌ နှင်းများ စုပုံနေခဲ့ခြင်း ရှိမနေပေ။
မနေ့က ဆိုဗက်စ်စတာ နည်းနည်း ရိုင်းစိုင်းနေခဲ့တယ်။ဒီတော့ ငါ သူ့ပိုက်ဆံကို နည်းနည်းလောက် ဘာလို့ မဖြုန်းနိုင်ရမှာလဲ။
"အကြာကြီး နေပြီးမှ ငါ အပြင်ထွက်သင့်လား။"
မဒမ်ရှိုင်း၏ဆိုင်တွင် အကန့်အသတ်ဖြင့် ထုတ်ထားသော ပစ္စည်းအမြောက်အမြား ရှိနေသည်ဟု ကြားမိသည်။
ကောင့်မြို့စားကတော်ကာဒယ်လ်က ဒါကို သဘောကျလောက်တယ် မလား။
ပြီးတော့ ဒါတွေက ငါ့ပိုက်ဆံမှ မဟုတ်တာ။မြို့စားကြီးရဲ့ ပိုက်ဆံဆိုတော့ အဆင်ပြေတာပဲ။
"ငါ့ကို အဆင်သင့် ပြင်ပေးတော့။"
ကျွန်မ ပြုံးမိသွားပြီး အိုင်ရင်းကို လက်ယပ်ခေါ်လိုက်သည်။
"ငါ ပိုက်ဆံသွားသုံးလိုက်ဦးမယ်။"
ကျွန်မ မည်မျှ ပိုက်ဆံဖြုန်းတီးသည်ဖြစ်စေ ၎င်းက မူလအိုဖီလီယာ ဖြန်းတီးနေကျ ပမာဏ တစ်ဝက်ထက် နည်းနေသည်ကို ကျွန်မ သဘောကျမိသည်။
ငါ ဒီနေ့ ဘယ်လောက်များများ သုံးရမလဲ။
အာ၊စိတ်လှုပ်ရှားစရာပဲ။
ကျွန်မ ပခုံးတွန့်၍ ပြုံးလိုက်မိသည်။
TK Team
++++++++