Chapter 75
Viewers 7k

ဟန်နီရေ ၊ ကျွန်မတို့က ဘာကြောင့် ကွာရှင်းလို့ မရတာလဲ 


အပိုင်း (၇၅)

"ဟယ်လို၊မြို့စားကြီးကတော်ရှင့်။"

"မြို့စားကြီးကတော်၊ကျွန်မ ရောက်ပါပြီရှင်။"

ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ဂျက်စမင်က ကျွန်မကို တစ်ပြိုင်တည်း နှုတ်ဆက်လာ၏။ကျွန်မ သူမတို့ကို တောက်ပစွာ ပြုံးပြလိုက်သည်။

"ရှင်တို့နှစ်ယောက် ဘာကြောင့် အတူတူ ရောက်လာရတာလဲ။"

ကျွန်မ လက်ဖက်ရည်ခွက်ကို မလျက် ပြောလိုက်သည်။ထိုအခါ ကောင့်မြို့စားကတော်ကာဒယ်လ်က ဖြေသည်။

"ကျွန်မက အရင် လေဒီငယ်လေး ဂျက်စမင်ကို ဆက်သွယ်လိုက်တာပါ။ကောင့်မြို့စားအိမ်တော်မှာ မကြာခင် ကျင်းပမဲ့ ကပွဲအတွက် ရှင့်ရဲ့အကြံပေးမှုကို နားထောင်လိုပါတယ်။"

ဂျက်စမင်ကလည်း ပြောသည်။

"ဟုတ်ကဲ့၊ဒါကြောင့် ကျွန်မ ဈေးဝယ်ထွက်ဖို့ အကြံပြုလိုက်တာပါ။လူတွေ ခေါ်လိုက်လို့ ရပေမဲ့ ရာသီဥတုလေးက ကောင်းနေတော့ လေကောင်းလေသန့် ရှူချင်တာနဲ့လေ။"

"မြို့စားကြီးကတော်ကသာ ကျွန်မတို့နဲ့အတူ လိုက်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိပြီး ကျွန်မတို့ ရောက်လာရတာပါ။"

ငါ့အတွေးနဲ့ ကွက်တိကျတဲ့ ကိစ္စကို နင်တို့က ပြောလာတာပဲ။

ကျွန်မ လက်ဖက်ရည် တစ်ငုံ သောက်ရင်း ပြုံးလိုက်မိသည်။

"ကျွန်မလဲ ဒီနေ့ မြို့ထဲသွားမလားလို့ စဥ်းစားနေတာ၊ဒီလို ဖြစ်လာတော့ ကျွန်မ ဝမ်းသာသွားမိပြီ။"

"ဘုရားရေ၊တကယ်ပဲလား။ဒါက တကယ် ကောင်းတာပဲ။"

ဂျက်စမင်က လက်ခုပ်တီး၍ ပြောလေသည်။

"အင်း၊ဒီနေ့ မြို့ထဲသွားလို့ ကောင်းလိမ့်မယ်။"

"မြို့တော်ထဲမှာ ပရိဘောဂစတိုးဆိုင် ကောင်းကောင်းတွေ အများကြီး ရှိပါတယ်။"

"ကပွဲအတွက် လိုအပ်တာတွေ ဝယ်လို့ရမဲ့ ဆိုင်တွေလဲ အများကြီးပဲ။"

"ကျွန်မတို့ ဘယ်နေရာကို အရင်ဆုံး သွားသင့်လဲ။"

ကောင့်မြို့စားကတော်ကာဒယ်လ်နှင့် ဂျက်စမင်က အချင်းချင်း ပြောနေကြသည်။

ကျွန်မ သူမတို့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး အစကတည်းက သူမတို့ကို မေးမြန်းမည့် စကားများကို ကျွန်မ ဖြည်းဖြည်းချင်း ထုတ်ပြောလိုက်သည်။

"ဒါနဲ့ စကားမစပ် ..."

"ဟုတ်ကဲ့"

"ပြောပါ၊မြို့စားကြီးကတော်"

"အမဲလိုက်ပြိုင်ပွဲတုန်းကလေ"

ကျွန်မ တမင်တကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကျွန်မ ပြန်သွားပြီးတော့ တစ်စုံတစ်ယောက်ကများ တစ်ခုခု ပြောနေသေးလား။"

ကောင့်မြို့စားကတော်နှင့် ဂျက်စမင်က ခေါင်းများကို စောင်းလိုက်ကြလေသည်။

ကျွန်မ ထပ်ထည့်ပြောလိုက်ရ၏။

"အဲ့ဒီအကြောင်းက ကောင့်မြို့စားကတော် ဖလဲရ်ရဲ့အကြောင်းဆိုရင် ပိုကောင်းတယ်။"

"အာ"

ကောင့်မြို့စားကတော်ကာဒယ်လ်က သတိထားမိသွားပုံဖြင့် ခေါင်းငြိမ့်လိုက်ပြီး မျက်လုံးများကို ဝေ့ဝဲ၍ ထိုနေ့က ဘာဖြစ်ခဲ့သည်ကို ပြန်လည်တွေးတောနေခဲ့သည်။

"ဘာတွေ ထပ်ဖြစ်ခဲ့သေးလဲဆိုတာ ကျွန်မ မသိပါဘူး။ရှင်လဲ ပြန်သွားတော့ ကျွန်မတို့လဲ အိမ်တော်ပြန်သွားကြတာပါ။"

"ဟုတ်ကဲ့၊ကျွန်မလဲ အဲ့လိုပဲ ထင်...အာ!"

ဂျက်စမင်က လက်ခုပ်တီးလိုက်သည်။

"တွေးကြည့်မှပဲ ကောင့်မြို့စားကတော်အမ်ဘာကတော့ နည်းနည်းလေး ဆူပူသောင်းကျန်းခဲ့သေးတယ်။"

"အိုး၊ဟုတ်ပါရဲ့။အဲ့လို ဖြစ်ခဲ့တာ အမှန်ပါပဲ။ကောင့်မြို့စားကတော် အမ်ဘာက နည်းနည်း ဒေါသဖြစ်နေခဲ့ပါတယ်။"

ဆူပူသောင်းကျန်းတယ်၊ဒေါသ ဖြစ်တယ်။

ကျွန်မ သူမတို့ ပြောပြသည်ကို နားထောင်လိုက်သည်။

"ကောင့်မြို့စားကတော် အမ်ဘာက ကောင့်မြို့စားကတော် ဖလဲရ်ကို ဒေါသဖြစ်နေခဲ့တာပါ။ကောင့်မြို့စားကတော် ဖလဲရ် ယူလာတဲ့ ရေမွှေးက ဘီလူးတွေကို ဆွဲဆောင်နိုင်တဲ့ ကာဘန်ပန်းနဲ့ ပြုလုပ်ထားတာဆိုပြီး သူမတို့ ပြောနေကြပါတယ်။"

"ဒါပေမဲ့ ဘယ်သူကမှ ရေမွှေးဆွတ်ပြီး တောထဲကို ဝင်သွားတာမျိုး မရှိဘူးဆိုတော့ ဘာမှ မဖြစ်သွားခဲ့ပါဘူး။အဲ့ဒီတော့ ဒီကိစ္စက ကောင့်မြို့စားကတော် ဖလဲရ်ရဲ့နမော်နမဲ့နိုင်မှုကြောင့် ဖြစ်ရတဲ့ အသေးအဖွဲကိစ္စလေး ဖြစ်သွားပါတယ်။"

"အဲ့လိုလား"

ကျွန်မ လက်ပိုက်၍ ခေါင်းကို စောင်းလိုက်သည်။

အင်း

အသံတွေက သဘာဝကျကျ ထွက်လာတာပါလား။

"ကောင့်မြို့စားကတော် အမ်ဘာက ဒါကို သိသွားပါတယ်။"

ကောင့်မြို့စားကတော် ဂျူလီယာအမ်ဘာ

ကျွန်မ၏ မှော်နက်အစွမ်းအကြောင်း လူသိရှင်ကြား ဖြစ်လာချိန်တွင် ကျွန်မထံသို့ စာပို့လာသူများ၌ သူမလည်း တစ်ယောက် အပါအဝင် ဖြစ်၏။

ထို့အပြင် သူမသည် မူလဇာတ်ကြောင်းထဲတွင် ဖော်ပြခြင်း ခံရသော ဇာတ်ကောင်တစ်ဦးလည်း ဖြစ်သည်။

ဖလဲရ်ကို သဘောမကျသော ဗီလိန်တစ်ဦး အဖြစ်။အိမ်ရှေ့စံမင်းသားအတွက်လည်း မကောင်းလေရာ သူမကို ဂရုစိုက်ပေးလိုက်ကြပါ၏။

ယခု၌ သူမက မူလဇာတ်ကြောင်းနှင့် အတူတူ ဖြစ်ပုံရလေသည်။ထို့ကြောင့် ကျွန်မ သူမကို အသုံးချနိုင်လောက်သည်ဟု မျှော်လင့်တကြီး တွေးမိပါ၏။

"သူမက အတော်လေး စဥ်းစားချင့်ချိန်တတ်တာပဲ။အဲ့ဒီအနံ့က ကာဘန်ပန်းနံ့ဆိုတာ မသိတဲ့ လူတွေ အများကြီး ရှိတယ်။"

"မဒမ်ရော သိပါသလား။"

ကောင့်မြို့စားကတော်ကာဒယ်လ်က မေးသည်။ကျွန်မ ပြုံးလိုက်၏။

"ကောင်းပြီလေ၊ကျွန်မ ဘယ်လို ပြောရမလဲ။"

ကျွန်မ လက်ဆန့်လိုက်ပြီး ရှေ့ကို ကိုင်းညွှတ်လိုက်သည်။"ကျွန်မ ဒုက္ခရောက်သွားရလို့ သူမကို ကျေးဇူးတင်ရမယ်လို့ ပြောချင်တယ်။လူတိုင်းက ကျွန်မရဲ့စုတ်ပြတ်နေတဲ့ ဂါဝန်ကို တွေ့ခဲ့ရတယ်လေ။သက်သေက အရှင်းကြီးပါ။"

ကျွန်မ ဂါဝန်စကို ညင်ညင်သာသာ မ၍ ဒဏ်ရာရနေသော ခြေသလုံးကို ပြလိုက်သည်။ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။

"ဒါ...ဒါက မဖြစ်နိုင်တာပဲ။"

"ရှင် ဘီလူးတွေနဲ့ တိုက်ခိုက်ခဲ့တာလား။"

"ရှူး"

ကျွန်မ ပါးစပ်ကို လက်ညှိုးဖြင့် ထိကပ်၍ အသံပြုလိုက်သည်။

"ဒါက လျှို့ဝှက်ချက်နော်။"

ထိုအခိုက်အတန့်၌ ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့၏ အသက်ရှူသံများမှာ ရပ်တန့်သွားလေသည်။

"ကျွန်မက ရှင်တို့ကို ယုံကြည်စိတ်ချတာကြောင့် ဒါကို ပြောပြတယ်လို့ ဆိုလိုတာပဲ။အကယ်၍ ဒါကသာ ပေါက်ကြားသွားခဲ့ရင် ..."

ကျွန်မ စကားများကို တုံးတိ ဖြတ်ချလိုက်ပြီး လည်ပင်းကို လက်ဖြင့် လှီးသည့် ပုံစံ လုပ်ပြလိုက်သည်။ထိုအခါ ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့က ကြောက်လန့်စွာ ပြန်ဖြေလာလေသည်။

"အာ ... ဟုတ်ကဲ့၊ကျွန်မ နားလည်ပါပြီ။"

"ဟု ...ဟုတ်ကဲ့ပါ။"

ကျွန်မ စိတ်ကျေနပ်စွာဖြင့် သူမတို့ကို ပြုံးပြလိုက်သည်။သူမတို့ကို ပြောပြရသော ရည်ရွယ်ချက်က ရိုးရှင်း၏။ကျွန်မက သန်မာကြောင်း သူမတို့ကို သိခွင့်ပေးပြီး ကျွန်မအပေါ် သစ္စာမဖောက်နိုင်စေရန် ဖြစ်၏။

သူမတို့က လုံလောက်အောင် လိမ္မာပါးနပ်ကြသဖြင့် ကျွန်မသာ ဆန္ဒရှိလျှင် သူမတို့ကို အလွယ်တကူ သတ်ပစ်နိုင်ကြောင်း သတိထားမိကြလိမ့်မည်။

ထို့ကြောင့် သူမတို့က ကျွန်မအပေါ် ပို၍ သစ္စာစောင့်သိကြလိမ့်မည်။

ကျွန်မ၏အတွေးများက မှန်ကန်သကဲ့သို့ ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့၏ မျက်လုံးများမှာ ယခင်ကထပ် ပိုမို တောက်ပနေတော့သည်။

ကျွန်မ အပြုံးတစ်ပွင့်နှင့် ထရပ်လိုက်သည်။

"ဒီတော့ အပြင်ထွက်ပြီး လည်ပတ်မယ်ဆိုရင် ပိုကောင်းမှာပဲ။"

ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့ နှစ်ယောက်လုံး ထရပ်လိုက်ကြသည်။ထို့နောက် ကျွန်မ ကောင့်မြို့စားကတော်ကာဒယ်လ်ကို တည့်တည့်စိုက်ကြည့်၍ ပြောလိုက်သည်။

"ဒီနေ့ ရှင် လိုချင်တာမှန်သမျှ ကျွန်မ ရှင့်ကို ပေးမယ်။"

ကျွန်မ ပြောလို့ ပြီးသည်နှင့် ကောင့်မြို့စားကတော်ကာဒယ်လ်၏မျက်နှာမှာ ဝင်းပသွား၏။

ကျွန်မ သူမ၏ပခုံးကို ပုတ်လိုက်ပြီး သူမဘေးက ဖြတ်ကျော်သွားလိုက်သည်။

ဝါး ... အခု ငါက အရမ်းမိုက်တာပဲ။

ကျွန်မ ဘာသာ စိတ်ထဲ၍ ရေရွတ်နေခဲ့သည်။

*
ကျွန်မတို့ မြို့တော်သို့ လာရာလမ်း တစ်လျှောက်လုံးတွင် ပျော်ပျော်ရွှင်ရွှင် စကားပြောလာကြသည်။

စကားအများစုမှာ ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့ တွေ့ဆုံခဲ့ကြသော အထက်တန်းလွှာ အမျိုးသားများ၏အကြောင်း ဖြစ်လေသည်။

ထိုစကားများမှာ အလွန် စိတ်ဝင်စားစရာ မရှိသော်လည်း ကျွန်မ အလွန် ပျော်ရွှင်နေမိသည်။

ကျွန်မ ကူးပြောင်းဝင်ရောက်လာပြီးကတည်းက တစ်ခါမှ ထိုသို့ ပေါ့ပေါ့ပါးပါး စကားစမြည် မပြောဖြစ်ခဲ့ပါချေ။

ယခုကဲ့သို့ သာမန်မျှ အပြန်အလှန် စကားပြောပြီး နေထိုင်ရသည်ကလည်း သိပ်မဆိုးလှဟု ကျွန်မ တွေးမိသည်။

ယခု ကျွန်မမှာ ခေါင်းနောက်စရာ ရှုပ်ထွေးပွေလီနေသော ဘဝဖြင့် နေထိုင်နေရသည်။

ကျွန်မ အလျင်အမြန် ကွာရှင်းပြီး ဝေးဝေးသွားကာ ယခုကဲ့သို့ အေးချမ်းသော သာမန်ဘဝလေးတွင် နေထိုင်ရမည်။

ကျွန်မ အနာဂတ်အတွက် မျှော်လင့်ခြင်းများစွာဖြင့် တွေးတောနေခဲ့သည်။

"ဒီတော့၊ မြို့စားကြီးကတော်ရှင့်။"

"ဟမ်"

ကျွန်မကို ခေါ်လိုက်သော အသံရှိရာသို့ ကျွန်မ ခေါင်းလှည့်ကြည့်လိုက်မိသည်။

"ရှင် ကျွန်မကို ခေါ်လိုက်လား။"

"ဟုတ်ကဲ့ မြို့စားကြီးကတော်။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ပြောသည်။

"မဒမ်က မြို့စားကြီးအကြောင်းကို ကြွားနေတယ်လို့ ကျွန်မ မထင်မိဘူး။အကယ်၍ မဒမ်ကသာ မြို့စားကြီးအတွက် ဂုဏ်ယူချင်တယ်ဆိုရင် ကျွန်မတို့ နားထောင်ပေးဖို့ အသင့်ပါပဲ။ဒီတော့ ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပေးပါ။"

"အမှန်ပါပဲ။ရှင် မြို့စားကြီးအကြောင်း ကြွားမယ်ဆိုရင်လဲ ကြိုဆိုပါတယ်နော်။"

ဂျက်စမင်ကလည်း လှမ်း၍ ကူညီလိုက်သည်။

"တစ်ချိန်တုန်းက မြို့စားကြီးကနေပြီး သူ့ဇနီးကို သဘောကျနေပါတယ် ဆိုတဲ့အကြောင်း လူသိရှင်ကြား ဖွင့်ဟဝန်ခံခဲ့တာ ရှိဖူးတယ်လေ။ပြန်တွေးကြည့်ရင် ဘယ်လောက်တောင် စိတ်ကူးယဥ်ဆန်ပြီး ကြည်နူးဖို့ ကောင်းလိုက်သလဲနော်။"

ကယ်လီယန်အား ဆွပေးဖို့ သူက ထူးဆန်းသော ဝန်ခံမှုတစ်ခု ပြုလုပ်ခဲ့သည့်အချိန်ကို သူမတို့က ရည်ညွှန်းချင်ပုံရလေသည်။

အာ၊ဒါက ကြည်နူးစရာကောင်းတာနဲ့ အဝေးကြီးပါ။

ကျွန်မ ခေါင်းယမ်းလိုက်ပြီး ကျစ်ခနဲ စုတ်သပ်လိုက်သည်။

"မြို့စားကြီးက အမြဲတမ်း ဒီလို ရိုမန့်တစ်ဆန်နေကျပဲလားဟင်။ကျွန်မဖြင့် တကယ်ပဲ သိချင်လှပါတယ်။"

"အမှန်ပါပဲ၊သူက အပြင်ပန်းမှာ သွေးအေးတဲ့ ပုံစံပေါက်နေလားတော့ ကျွန်မ မသိဘူး။ဒါပေမဲ့ အတွင်းမှာ တကယ်ပဲ နွေးထွေးတဲ့သူတစ်ယောက်လို့ ကျွန်မ ထင်တယ်။"

ငါ ဘာတွေ ကြားနေရပါလိမ့်။

အတွင်းမှာ တကယ် နွေးထွေးတဲ့လူ တစ်ယောက် ဟုတ်လား။ ဒီလိုမျိုး အဓိပ္ပါယ်မရှိတဲ့တာတွေက ဘယ်နေရာမှာ ပျံ့နှံ့နေတာလဲ။

"ကျေးဇူးပြုပြီး ဒီအကြောင်း ထုတ်ကြွားပေးပါဦး မဒမ်ရေ။"

"မှန်တာပေါ့ရှင်။"

ယခု ကျွန်မ သက်ပြင်းချလိုက်မိသည်။

အကယ်၍ ဤနေရာတွင် ဆိုဗက်စ်စတာ ရှိနေပါက ကျွန်မ၏မျက်နှာကို တံတွေးထွေးလိုက်သည်နှင့် တူပေသည်။

သို့သော် သူမတို့က မှန်ကန်သည်ဟု ပြောလိုက်ရန်မှာ ကျွန်မ၏အသိစိတ်ကို ထိခိုက်စေ၏။

အဘယ့်ကြောင့်ဆိုသော် ဆိုဗက်စ်စတာ၏မာနကြောင့် ဖြစ်သည်။

ဘယ်အရာက ကောင်းလိမ့်မည်နည်း။

"အမ်း..."

အချိန်အကြာကြီး ဆင်ခြင်စဥ်းစားပြီးနောက် ကျွန်မ ပါးစပ်ကို နှေးကွေးစွာ ဖွင့်လိုက်သည်။

"ပထမဆုံး ပြောရရင်တော့ သူက သန်မာတယ်။"

သူ ဘီလူးတစ်ကောင်အား သတ်ဖြတ်ပစ်လိုက်ချိန်ကို  ပြန်တွေးမိလျှင် သူက တကယ်ကို သန်မာပေသည်။ထို့ကြောင့် ကျွန်မ ဤသို့ ပြောလိုက်မိ၏။

"ပြီးတော့ သူက ညဘက်ရောက်ရင် များများစားစား မအိပ်တတ်ဘူး။"

သူက အခန်းထဲသို့ အရုဏ်တက်ချိန်ရောက်မှ ဝင်လာပြီး မနက်စောစော၌ ပြန်ထွက်သွားတတ်သောကြောင့် ဖြစ်၏။

စောစောထသောငှက်က အစာပိုဝသည်ဟု ပြောကြသည်။သူလည်း အလွန်လုံ့လဝီရိယ ရှိပုံ ရလေသည်။

သို့သော်လည်း ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့၏အတွေးက ထူးဆန်းနေလေသည်။

"အို ...အိုး၊ဘုရားရေ"

ဂျက်စမင်က မျက်နှာနီရဲစွာဖြင့် ကျွန်မ၏အကြည့်ကို ရှောင်တိမ်းလိုက်သည်။

"ရှင်က တကယ်ကို ဆက်ဆံရေးကောင်းတစ်ခု ရှိနေတာပဲ ဖြစ်မယ်။"

ကောင့်မြို့စားကတော်ကာဒယ်လ်က ယပ်တောင်ကို ဝှေ့ယမ်း၍ ပြောသည်။

ကျွန်မ ခေါင်းကို စောင်းလိုက်သည်။

ဒီစကားလေးလောက်နဲ့ ငါတို့က ဆက်ဆံရေးကောင်းတယ်လို့များ နင် ခန့်မှန်းနိုင်တယ်လား။

ကျွန်မ ခေါင်းခါလိုက်သည်။

"အဲ့လောက်ကြီး ဆက်ဆံရေးကောင်းတာ မဟုတ်ပါဘူး။ကျွန်မတို့က စကား သိပ်မပြောဖြစ်ကြဘူး။ညဘက်ရောက်မှ စကားအနည်းအကျဥ်းပဲ ပြောဖြစ်ကြတယ်။"

"ဘုရားရေ!"

ဂျက်စမင်က အော်လိုက်ပြီး သူမ၏မျက်နှာကို လက်နှစ်ဖက်ကြားတွင် ဖွက်ထားလေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ၏နီရဲတောက်နေသော မျက်နှာကို ကျွန်မ မြင်ရ၏။

"ဘာဖြစ်လို့လဲ။"

"ဘာ...ဘာမှ မဖြစ်ပါဘူး။"

ဂျက်စမင်က လက်ကို ယမ်းခါလိုက်ပြီး တံတွေးမြိုချလေ၏။

"ကျွန်မ ရှင်တို့ဇနီးမောင်နှံရဲ့ ဆက်ဆံရေးကို အရမ်း မနာလို ဖြစ်တာပဲ။"

"ကျွန်...ကျွန်မ သိပြီ။ကျွန်မ အိမ်တော်ပြန်ရောက်ရင် ကျွန်မရဲ့ခင်ပွန်းကို ဆူပစ်ရမယ်။"

ငါပြောလိုက်တဲ့စကားက  ကောင့်မြို့စားကာဒယ်လ်ကို သူမ ဆူပူမိအောင် လုပ်ပေးလိုက်တာလား။

ကျွန်မ ကောင်းစွာ နားမလည်သဖြင့် ခေါင်းခါလိုက်မိသည်။သို့သော် ကောင့်မြို့စားကတော်နှင့် ဂျက်စမင်တို့က အချင်းချင်းကြည့်၍ ယပ်တောင် တဖျတ်ဖျတ် ခပ်နေကြပြီး ကျွန်မကို ဘာမှ ထပ်မပြောတော့ပေ။

ထို့ကြောင့် ကျွန်မ သိချင်နေသော်လည်း မတတ်နိုင်ပါဘဲ တည်ငြိမ်စွာ နေလိုက်ရ၏။

ဤသို့ဖြင့် ကျွန်မတို့ မြို့တော်သို့ ရောက်လာခဲ့ကြသည်။


TK Team
++++++++