Chapter 56
Viewers 6k

🥘 Chapter 56




လွန်ခဲ့​သော ရက်အနည်းငယ်က သူ့​ခြေ​ထောက်များ ကိုက်ခဲ​နေကာ သူ့အဖိုးမှာ ကြမ်းပြင်၌ မတ်တတ်ပင် မရပ်နိုင်ပါ​​ချေ။ ရက်အနည်းငယ်သာ ကုန်လွန်​သွားသေးသည်။ အမှန်တကယ် တိုးတက်လာသည် မဟုတ်ပါက ဟန်​​​ဆောင်ရန် ခွန်အားရှိမည်မဟုတ်​ပေ။


ထိုအခိုက်တွင် ကျန်း​ချောင်အ​ဖေက ​ပျော်ရွှင်စွာ ​ဆောင့်​ကြောင့်ထိုင်လိုက်ကာ သူ့အ​ဖေ​ခြေ​ထောက်ကိုကိုင်၍ အဆစ်များကို ထိကြည့်လိုက်သည်။ သူ့​ခေါင်းကို​မော့လျက်​ မေးလိုက်သည်။


"အ​ခု အဖေ ​​ခြေ​ထောက်နာ​နေ​သေးလား..."


အဖိုးအိုက ပြုံးကာ​ပြောလိုက်သည်။

"မင်း ဖိလိုက်ရင်​တော့ နည်းနည်းနာတယ်...မဖိရင် မနာဘူး..."


"တကယ်ကြီးလား..."


ကျန်း​ချောင် ​အမြန်ပြေးလာကာ သူ့အဖိုးခြေ​ထောက်ကို ဖိလျက် သူ့အဖိုး မျက်နှာအမူအရာကို ကြည့်လိုက်သည်။ အဆုံး၌ သူ​​ ကောက်ချက်ချလိုက်သည်။


သူ့အဖိုး​ခြေ​ထောက်​က တကယ်ကြီး တိုးတက်လာပြီ...


"တကယ် အံ့ဖွယ်သရဲပဲ...လွန်ခဲ့တဲ့ရက်တွေကမှ အဖိုး​​ခြေ​ထောက်က လုံးဝ ပြင်းထန်​နေတဲ့ပုံပဲကို... ဒီ​နေ့မှ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အ​ခြေ​အနေတိုးတက်လာရတာလဲ..."


သူ့သံသယများကို ​ပြောလိုက်ပြီး ကျန်းချောင်နှင့် ကျန်လူနှစ်​ယောက်က အဖိုးအို၏ အ​ဖြေကို ​စောင့်​မျှော်​နေကြသည်။ အငယ်သုံး​ယောက်က သူ့အား ကြည့်​နေ​သော​ကြောင့် ကျန်းကျန့်ဟွမ် အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူ့မျက်နှာနီသွား​သော်လည်း ကံ​ကောင်းစွာပင် သူ့အ​သားအရည်က​ မဲ​နေ​သော​ကြောင့် ၎င်းကို ​ကောင်း​ကောင်း ဖုံးလိုက်နိုင်သည်။ တခဏမျှ​တွေးပြီး​နောက် ​ပြောလိုက်သည်။


"..အဲ့ဒါ ဖြစ်နိုင်တာက ရှန်းကျစ် ငါ့ဆီလာလည်ပြီးဟင်းချက်တဲ့ကိစ္စ​​တွေ ​​​ဆွေးနွေးသွားလို့ ဖြစ်မယ်...အဲ့​ကြောင့် ငါ့စိတ်အ​ခြေ​နေ​ ကောင်းလာပြီး ​​ခြေ​ထောက်ကလည်း ပြန်​ကောင်းလာတာ​ နေမှာ​​ပေါ့..."


အမှန်တကယ်တွင် ကျန်းကျန့်ဟွမ် ကိုယ်တိူင်လည်း ဘာ​ပြောရမည်မှန်းမသိပါ​ပေ။ သို့သော်ငြား ထိုစကားလုံးများအား ပြောလိုက်ပြီး​နောက် အမှန်ဖြစ်လောက်သည်ဟု ခံစားလိုက်ရသည်။ ပိုင်ရှန်းကျစ်​ ရောက်လာသည့်​ နေ့ကတည်းကပင် သူ့​ခြေ​ထောက်မှ နာကျင်မှုများ ​လျော့ကျသွားသည်မှန်း သတိပြုမိသွားသည်။ သူအိပ်ယာမဝင်မီက ကိတ်မုန့်တစ်လုံးစားခဲ့ပြီး တစ်ညလုံး ​မှောက်လိုက် လှန်လိုက်လုပ်ရန် ပြင်​နေခဲ့သည်။ သို့​သော်ငြား လှဲ​လျောင်းပြီး မကြာမီမှာပင် အိပ်​ပျော်သွားကာ နံနက် ၆ နာရီ​​​ကျော်မှသာ နိုးလာခဲ့သည်။ သူ့ကို အံ့အားသင့်​စေသည်မှာ သူ့​ခြေ​ထောက်များက မ​နေ့ကနှင့် ယှဥ်လျှင် ပို​ကောင်းလာသည်ဟု ခံစားရသည်ကိုပင်။ 


ထိုအ​​ကြောင်းကို သူပို​တွေး​လေ​လေ ပိုယုံကြည့်လာ​လေ​လေဖြစ်သည်။ သူစိတ်လှုပ်ရှားစွာ စားပွဲကိုရိုက်လိုက်ပြီး

"ဒီလိုပဲဖြစ်ရမယ်... ရှန်းကျစ်လာပြီး ငါ့စိတ်အ​​ခြေနေ​တိုးတက်လာတယ် ပြီး​တော့ ငါ့​ခြေ​ထောက်လည်း ပို​ကောင်းလာတယ်...ကမ္ဘာ​ပေါ်မှာ စိတ်ပညာရှင်​တွေ ရှိ​နေတာ မအံ့သြ​တော့ပါဘူး...ကြည့်ရတာ သူတို့ကတကယ် ​နေမ​ကောင်းတာကို ကု​ပေးနိုင်တယ်..."


ကျန်း​ချောင်နှင့်အခြားသူများ : "..."


ဒါက ဘယ်လို အ​ကြောင်းပြချက်ကြီးလဲ...


အဓိကအချက်က စိတ်ပညာရှင်​တွေက စိတ်နဲ့ပတ်သတ်တာ​တွေပဲ ကုတာ​လေ...ခြေ​ထောက် နာ​တာ​ကိုကုတာ မဟုတ်ဘူး....


သို့သော် သူတို့သုံးယောက်က မည်သို့ပင် ကြိုးစားရှင်းပြနေပါစေ အဘိုးအိုက သူ့ယုံကြည်ချက်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူ့စိတ်ခံစားချက်ကို​ ကောင်းမွန်​စေသည့် ရှန်းကျစ်​ရောက်လာ​သော​ကြောင့်​သာ ခြေ​ထောက်​ကောင်းလာခြင်း ဖြစ်​ကြောင်းသာ မ​လျှော့တမ်း​​ ပြောနေခဲ့သည်။ အငယ်သုံး​ယောက်က ​ငြင်းခုံရာတွင် မောပန်းလာပြီး အဆုံးတွင် အရှုံးပေးလိုက်ကြ​တော့သည်။ ခြေ​ထောက်တိုးတက်လာသည်က​ ကောင်းသည့်အရာပင်။


ကျန်တာက​တော့ သူ​တွေးချင်သလိုသာ  တွေးပါ​စေ...


*****


သုံး​ထောင်စား​​တော်ဆက် တရားဝင်ဖွင့်လှစ်လိုက်ပေပြီ။


​မျှော်လင့်​စောင့်စားမှုကို လဝက်ကြာ ကြံ့ကြံ့ခံ ခံစားရပြီး​နောက် သုံး​ထောင်စား​တော်ဆက်၏ သစ္စာရှိ စားသုံးသူများက သတင်းဖြန့်ရန် မ​စောင့်နိုင်​တော့ပေ။ ဤစိတ်လှုပ်ရှားစရာ အချိန်အခါကို သူတို့ကကမ္ဘာသုံး​ထောင်လုံးနှင့် မျှ​ဝေချင်​နေကြသည်။


သူတို့အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးမှာ သုံး​ထောင်စား​​တော်ဆက်က ကြိုတင်မှာယူနိုင်မှုကို ​နောက်ဆုံးတွင် လူတစ်​ထောင်အထိ တိုးချဲ့လိုက်ခြင်းဖြစ်သည်။ ကြိုတင်မှာယူမှု channel ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်နာရီအတွင်းမှာပင် စာရင်းတစ်​​ထောင်လုံး ပြည့်သွားခဲ့ပြီး သုံး​ထောင်စား​တော်ဆက်၏​ ကျော်ကြားမှုကို ​တွေ့မြင်နိုင်​ပေသည်။ 


ကြိုးကြာကလန်မှ ဝမ်ဇဲ့ အမည်ရ​သော ကံ​ကောင်းသည့် ကြိုးကြာငယ်လေးက ကြိုတင်မှာယူမှု တစ်​နေရာရသွားခဲ့၍ ​အ​ပျော်လွန်ကာ သူ့မူလပုံသဏ္ဍာန်ကိုပင်ပြောင်းသွားပြီး ​​ရေကန်နံ​ဘေးတွင် သီချင်းများ သီဆို​နေခဲ့​လေသည်။ သူ့အဖွားက​ ပြေးလာကာ ကြိုးကြာ​ငယ်လေးအား ဆူပူကြိမ်း​မောင်းလိုက်သည်။


"​သေ​​တော့မှာ မလို့လား..ဘာကိစ္စ အဲ့​လောက်​အော်​နေတာတုန်း..."


ဝမ်ဇဲ့ မြန်မြန်ဆန်ဆန် ရပ်တန့်လိုက်ပြီး သူ့အဖွားအား စိတ်အားထက်သန်စွာ​ ပြောပြလိုက်သည်။


"ဖွားဖွား လဝက်ကြာသွားပြီ...​နောက်ဆုံး​​တော့ မနက်ဖြန်ကျရင် သုံး​ထောင်စား​တော်ဆက်မှာ စားလို့ရပြီ..."


သူ့အဖွားက မျက်​မှောင်ကြုံ့လျက်

"မနက်ဖြန် အပြင်စားမလို့လား..ဒါ​ပေမဲ့ မနက်ဖြန်က နင့်ညီမ​လေး မွေး​နေ့​လေ...အိမ်မှာပဲ အဖွားတို့ ​လေး​ယောက် ပွဲလုပ်ကြမယ်..."


သူ့နဖူးကို ရိုက်လျက် ဝမ်ဇဲ့က တည်တည်ငြိမ်ငြိမ် အကြံပြုလိုက်သည်။ 


"သုံး​ထောင်စားတော်ဆက်မှာ မိသားစုပွဲ ကျင်းပရင်​ရော...ညီမ​လေးက အဲ့က ဟင်းလျာ​တွေကို သေချာပေါက်ကြိုက်မှာ..."


"ဒါ​ပေမဲ့ နင့်ညီမ​လေးအ​ခြေအ​နေက...သုံးထာင်စား​တော်ဆက်မှာ လူအများကြီး ရှိ​နေ​လောက်တယ်..."


ဝမ်ဇဲ့၏ ညီမ​လေးမှာ ​မွေးလာစဥ်တည်းကပင် စိတ်ကစဥ့်ကလျား​ ရောဂါရှိသည်။ သူမက လူစိမ်းများ၊ လူအုပ်ကြီးများနှင့် ထိ​တွေ့ဆက်ဆံရသည်ကို​ကြောက်ရွံ​ပေသည်။ သူမမိသားစုဝင်များကို စကားအနည်းငယ်​ ​ပြောသည်မှလွဲ၍ အပြင်ကိုမူ တစ်လုံးမှပင် မ​ပြော​​ချေ။ အတင်းအကျပ်ဖိအား​ပေးလျှင် သူမငိုယို​အော်ဟစ်ပြီး ထိန်းမရသိမ်းမရ ဖြစ်သွားတတ်​ပေသည်။ 


ဝမ်ဇဲ့ တခဏမျှ ​တွေးကာ​ပြောလိုက်သည်။

"သူ​ဌေးကို ကျွန်​တော် မက်​ဆေ့ချ်ပို့ပြီး ဖြေရှင်းနည်းရှိမလား ကြည့်လိုက်ဦးမယ်..."


ထိုအချိန်တွင် ပိုင်ရှန်းကျစ်က ကြိုတင်မှာယူသည့်​ စာရင်းများကို စစ်​ဆေး​နေခဲ့သည်။ ကြိုတင်အမှာ တစ်ထောင်လုံး ပြည့်​နေသည်ကို မြင်လိုက်ပြီး​နောက် ပိုင်ရှန်းကျစ် လက်ရှိ သူ့စွမ်း​ဆောင်ရည်နှင့်ဆို အနည်းငယ် မလုံ​လောက်သေးမှန်း သတိပြုမိသွားသည်။ သူ့အလုပ်သင်များကို အပြည့်အဝ ​လေ့ကျင့်ပြီးသည်နှင့် ယခုထက် ပိုတိုးချဲ့ရ​ပေလိမ့်မည်။ ထိုအခိုက်တွင် 'ကြိုးကြာငယ်လေးက ငါးမစားဘူး' အမည်ရသည့် အသုံးပြုသူထံမှ မက်​ဆေ့ချ်ကိုသတိပြုမိလိုက်သည်။ မက်​​ဆေ့ချ် ဖတ်ပြီး​နောက် သူမဆိုင်းမတွ စာပြန်လိုက်သည်။ 


[Hello  သင်က 'ကြိုးကြာငယ်လေးက ငါးမစားဘူး' လားခင်ဗျာ...ကျွန်​တော်တို့ သင့်ညီမ​လေးအ​ခြေအ​နေကို သတိပြုမိပါတယ်...မနက်ဖြန် သင်နှင့် သင့်မိသားစုအတွက် သီးသန့်ခန်း စီစဥ်​ပေးထားပါတယ်]


"ဝိုး...အဖွား သုံး​ထောင်စား​​တော်ဆက်က ကျွန်​​​တော့်ကို စာပြန်တယ်..."


သူ့ဆက်သွယ်​ရေးစက်ကို ကိုင်လျက် ဝမ်ဇဲ့ စိတ်လှုပ်ရှားစွာဖြင့် မန်နေဂျာ၏ တုံ့ပြန်ချက်ကို သူ့အဖွားအား ကျယ်​လောင်စွာ ဖတ်ပြလိုက်သည်။ ဖတ်ပြီး​နောက် သူက

"ကျွန်​တော်တို့ သုံး​ထောင်စား​တော်ဆက်မှာ စားဖို့ ညီမ​လေးကို​ ခေါ်သွားလို့ရတယ်..."


သူက ​သေးငယ်ပြီးတိတ်ဆိတ်နေသည့် သူ့ညီမလေးအား​ ကောက်ချီကာ ပျော်ရွှင်စွာ ပတ်ချာလည် လှည့်လိုက်သည်။


"ညီမ​လေး မနက်ဖြန်ကျရင် အရသာရှိတာ​တွေ စားဖို့ ကိုကိုက​ ခေါ်သွား​ပေးမယ်..."


​နောက်တစ်​နေ့တွင် ဝမ်ဇဲ့မိသားစုက သုံး​ထောင်စား​​တော်ဆက်သို့ ​စောစီးစွာ​ ရောက်ရှိလာခဲ့သည်။ သူတို့က လူအများကြီးနှင့်​ တွေ့ပြီး သူ့ညီမ​လေးအား​ကြောက်လန့် မသွား​စေချင်​ပေ။ သူတို့​ရောက်လာသည်နှင့် ပိုင်ရှန်းကျစ်  တိတ်ဆိတ်​နေသည့် က​လေးမ​လေးအား သတိပြုမိလိုက်သည်။ သူချဥ်းကပ်သွားကာ ​မေးလိုက်သည်။


"မင်းက 'ကြိုးကြားငယ်လေးက ငါးမစားဘူး' ဆိုတဲ့တစ်ယောက်လား"


သူ၏ အွန်လိုင်းနာမည် ခေါ်ခံလိုက်ရသည့်အတွက်ရှက်သွားပြီး ဝမ်ဇဲ့ ရှက်ရွံ့စွာ​ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်..ကျွန်​တော်ပါ..."


ပိုင်ရှန်းကျစ် နူးညံ့စွာပြုံးလျက်

"​ကျေးဇူးပြုပြီး အထဲဝင်လာပါ...သီးသန့်ခန်းက ပြင်ထားပြီးပါပြီ..."


ဝမ်ဇဲ့မိသားစုက ပိုင်ရှန်းကျစ်​နောက်လိုက်ကာ သုံးထောင်စား​တော်ဆက်ထဲသို့ ဝင်သွားကြသည်။ လုံးဝ​ပြောင်းလဲသွား​သော ပတ်ဝန်းကျင်အသစ်​ကြောင့် သူ မယုံကြည်နိုင်​လောက်​အောင် အံ့အားသင့်သွားခဲ့သည်။ 


ဤအ​ရှေ့တိုင်း​ခေတ်​ဟောင်းပုံစံကို သူ မရင်းနှီး​သော်လည်း ကျက်သ​​ရေနှင့် ခမ်းနားထည်ဝါမှုကို မချီးကျူးဘဲ မ​နေနိုင်ပါ​ပေ။ 


မကြာမီ၌ သီးသန့်ခန်းသို့​ ရောက်ပြီး သူတို့​လေး​ယောက်က ခုံအသီးသီး၌ ထိုင်လိုက်ကြသည်။ ပိုင်ရှန်းကျစ် ဝါးနှင့်ပြုလုပ်ထား​သော အစားအ​​သောက်စာရင်းစာရွက်ကို​ ပေးလိုက်ပြီး  စား​ပွဲ​ပေါ်မှ ဝါးနှင့်လုပ်ထား​သော ဝိုင်အိုးလေးအား ညွှန်ပြလိုက်သည်။


"​အော်ဒါမှာယူဖို့ ဟင်းလျာထပ်မှာဖို့နဲ့ ​​ဘေလ်ရှင်းဖို့ အတွက်ဆိုရင် ​ကျေးဇူးပြုပြီး ဒီဝိုင်အိုး​လေးကိုနှိပ်လိုက်ပါ..ကျွန်​တော်တို့ဝန်ထမ်း​တွေက ကူညီပါလိမ့်မယ်..."


ရှင်းပြပြီး​နောက် အခန်းထဲမှ ထွက်သွားလိုက်သည်။

ဝမ်ဇဲ့၏မိသားစုက သီးသန့်ခန်းထဲမှ အပြင်အဆင်များကို အံ့ဖွယ်တစ်ပါးသကဲ့သို့ ခံစား​နေကြသည်။

ထူးထူးခြားခြား လှပလွန်းလှ​​ပေသည်။ 


သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဘဲ ဝမ်ဇဲ့နှင့် သူ့မိဘများက ဆက်သွယ်​ရေးစက်များ ထုတ်ယူကာ ပုံများစတင် ရိုက်ယူလိုက်ကြသည်။ 

စက္ကူ​​ပျော့ဖတ်နှင့် ကာထား​သော ​ရှေး​ဟောင်းသစ်သားတံခါး၊ နံရံများတွင် ​ရေးဆွဲထား​သော ​​တော်​တောင် ရှုခင်း ပန်းချီကားများ၊ နက်​မှောင်​နေသော ​လေး​ထောင့် သစ်သားစားပွဲ၊ ပန်းများ၊ ငှက်များ၊ အင်းဆက်ပိုးမွှား​လေးများနှင့် ငါးများကို သရုပ်ဖော်ထားသည့် အနုစိတ် ထွင်းထုထားသည့် ခုံများအပြင် စားပွဲ​ပေါ်ရှိ လက်ရာ​မြောက်လှ​သော သစ်သားနှင့်လုပ်ထားသည့်​ ကြေးညို​ရောင် ဝိုင်အိုး...


သူတို့သုံး​ယောက် တက်တက်ကြွကြွနှင့်ပုံများရိုက်ယူ​နေလျက် အ​ရှေ့တိုင်း​ခေတ်​ဟောင်းပုံစံများ၏ ကျက်သ​ရေရှိမှုများထံမှ ဆွဲ​​ဆောင်ခံလိုက်ရကာ အစားအ​သောက် မှာယူဖို့​ မေ့သွားကြသည်။ ​


ဘေးမှာ ငြိမ်သက်စွာ ထိုင်နေ​သော က​လေးမ​လေးက လှည့်ပတ်ကြည့်​နေရင်း ခဏကြာ စားပွဲ​ပေါ်မှ ဝိုင်အိုး​​ပေါ် အာရုံ​​ရောက်သွားခဲ့သည်။ ဂရုတစိုက်ဆုံးဖြတ်လိုက်ပြီးနောက် လက်ကို အသာအယာ ဆန့်ထုတ်ကာ  ဖိချလိုက်သည်။ ချက်ခြင်းပင် ငြိမ့်ညောင်း​သော အသံတစ်ခုက သီးသန့်အခန်းထဲ ပြည့်သွားခဲ့ပြီး စားပွဲပေါ်ရှိ အပေါက်သေးသေးလေးမှ ကလေးတစ်​ယောက်၏ နူးနူးညံ့ညံ့အသံ​လေးထွက်လာကာ

"Hello ချစ်လှစွာ​သော စားသုံးသူ...ကျွန်တော်တို့ဝန်ထမ်း လာ​နေပါပြီ..​.ကျေးဇူးပြုပြီး ခဏ​စောင့်​ပေးပါ..."


သုံးယောက်လုံး ချက်ချင်း အာရုံပြန်ဝင်လာကြသည်။ ဝိုင်အိုးကိုကြည့်ပြီးနောက်  အသံလာအရင်းမြစ်ကိုကြည့်လျက် ဝမ်ဇဲ့က မထိန်းနိုင်စွာ ​ပြောလိုက်သည်။


"ဒါ...က အံ့သြစရာကြီး..."


ဝမ်ဇဲ့ကဲ့သို့ တူညီ​​သောခံစားချက်များ ရှိ​သော လူအများအပြားက သုံး​ထောင်စား​​တော်ဆက်၏ ပြန်လည်ဖွင့်လှစ်မှုကို အံ့သြချီးမွမ်းခဲ့ကြသည်။ မူလက လူများမှာ စားရန်အတွက်သာ လာခဲ့​သော်လည်း ​​တော်ဝင်ဆန်ပြီး ခမ်းနား​သော ပတ်ဝန်းကျင်၊ ​တွေး​ခေါ်​မျှော်မြင်တတ်​သော ဝန်​ဆောင်မှုနှင့် ဆန်းသစ်လှပ လှ​သော အစားအစာများ​ကြောင့် ချက်ချင်းပင် အထင်ကြီး ​လေးစားသွားကြသည်။ ဤအရာများအားလုံးက ကမ္ဘာသုံး​ထောင်မှ လူများအား အံ့အားသင့်သွား​စေခဲ့သည်။


ယခင်က သုံး​ထောင်စား​​တော်ဆက်၏ ပတ်ဝန်းကျင်အ​​ခြေအနေကို ​စောဒကတက်​သော လူများစွာရှိခဲ့သည်။ သို့​​သော် ယခုမူ ထိုကဲ့သို့​သော စကားများ လုံးလုံး ထွက်​ပေါ်မ​​လာတော့​ပေ။ လက်ရှိပတ်ဝန်းကျင်သည် ၎င်းတို့၏ မျှော်လင့်ချက်ထက် ရိုးရှင်းစွာပင် သာလွန်ကောင်းမွန်နေ​သော​ကြောင့်ပင်။


စား​တော်ဆက်အား အမျိုးသမီး အများအပြား လာကြပြီး အချို့မှာ ​ရှောင်လုံ ၏ ပရိသတ်များဖြစ်သည်။ အသစ်ပြောင်းလဲထားသော သုံးထောင်စား​တော်ဆက်ကို တွေ့ကာ ဝိုင်ပုလင်းကို နှိပ်ပြီးနောက် သူတို့၏သား သို့မဟုတ် ​ကောင်​လေး၏အသံကို ကြားလိုက်ရသောအခါတွင် ထိုအမျိုးသမီးများသည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ မူးလဲလုနီးပါးပင်။ သူတို့က စား​သောက်ရန်လာခဲ့​သော်လည်း မ​​မျှော်လင့်စွာပင် သူတို့၏သား၊ ​ကောင်လေး၏အသံကို ကြားလိုက်နိုင်သည်။


ဘယ်​လောက်​​တောင် ကြည်နူးစရာ​ ​ကောင်းလိုက်လဲ...


-------


စား​သောက်ပြီး​နောက် ဝမ်ဇဲ့တို့မိသားစုက ထွက်ခွာရန်ပြင်​နေကြသည်။ ပိုင်ရှန်းကျစ်  တစ်ဖန်​ပေါ်လာခဲ့ပြီး ရိုးရှင်း​သော အနားဝိုင်းရှိသည့် ဝိုင်ပုလင်းကို ကိုင်ဆောင်ကာ က​လေးမ​လေးအား လက်ဆောင်​​​ပေးလိုက်သည်။ က​လေးမ​လေး၏ မျက်လုံးများကသူမ ရသည့် ဝိုင်ပုလင်း​ပေါ်တွင် စူးစိုက်ကြည့်​နေပြီး ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ ထိ​နေသည်။ သူမ ၎င်းကို မည်မျှ ကြိုက်သည်ကို​ တွေ့လိုက်ပြီးနောက် ဝမ်ဇဲ့က ရင်ထဲခံစားသွားရသည်။ သူ ပိုင်ရှင်အား ကျေးဇူးတင်လိုက်သည်။


"​ကျေးဇူးတင်ပါတယ် ညီမ​လေးက လက်​ဆောင်ကို အရမ်းတန်ဖိုးထားတယ်..."


ပိုငိရှန်းကျစ် ပြုံးကာ

"​ကြိုဆိုပါတယ်...အဲ့ဒါက က​လေးအတွက် လက်​ဆောင်​သေး​သေး​လေးပါ... သူမကြိုက်လို့ ဝမ်းသာပါတယ်...ဂရုစိုက်ပါ ကျွန်​​တော်တို့ဆီ​ ​နောက်တစ်ကြိမ်လာလည်ဖို့ ကြိုဆိုပါတယ်..."


ဝမ်ဇဲ့​ ခေါင်းညိတ်ပြလိုက်သည်။

"​သေချာ​ပေါက် လာမှာပါ..."


သူတို့၏အိမ်ပြန်လမ်းတွင် ဝမ်ဇဲ့က ယ​နေ့ သူရိုက်ခဲ့​​သော ပုံများကို သူ့အ​တွေးအမြင်များနှင့်အတူ သူ၏လူမှုကွန်ယက်အ​ကောင့်တွင် မျှ​ဝေရန် မ​စောင့်နိုင်​တော့​ပေ။




🥘