🥰 Chapter 125 ✅
ယောင်ကျိကျိုး၏ဝှီးချဲက လျှပ်စစ်ဝှီးချဲဖြစ်သည်။ ကမ်းခြေမှသဲများကြောင့် ဝှီးချဲကဖြေးဖြေးလေးရွေ့နေသော်လည်း အခြားအခက်အခဲများမရှိဘဲ ရွေ့လျားနိုင်နေတုန်းပင်။ ဝှီလ်းချဲလ်က စိုစွတ်ပြီးမာကျောသည့်နေရာသို့ ရောက်မှသာ ပုံမှန်အရှိန်အတိုင်း ပြန်လည်ရောက်ရှိသွားသည်။
ထို့ကြောင့် ယောင်ကျိကျိုးက လှိုင်းများတက်လာသည့်နေရာတွင်သာ ဝှီးချဲဖြင့်သွားလာနေသည်။ သူသွားလာရာလမ်းက ဒီရေဖြင့်သဲများအကြိမ်ကြိမ်ဖုံးလွှမ်းသည့်နေရာများသာဖြစ်သည်။
သိပ်မဝေးသည့်နေရာတွင် ကလေးများတန်းစီနေသည့် ရေခဲမုန့်ကားရှိနေသည်။ မင်လျိုရီက ချက်ချင်း ထိုနေရာသို့ ပြေးသွားလိုက်သည်။ ယောင်ကျိကျိုးက သိပ်မဝေးသည့်နေရာတွင် ရပ်နေကာ မင်လျိုရီနှင့် အခြားကလေးများ တန်းစီနေသည်ကို လှမ်းကြည့်နေသည်။ သိပ်မကြာခင်မှာပဲ ရေခဲမုန့်သည်က မင်လျိုရီအား အရောင်မတူသည့် ရေခဲမုန့်နှစ်ခုကို ပေးလိုက်သည်။ မင်လျိုရီ၏ စိတ်အားထက်သန်နေသည့် မျက်လုံးများမှတစ်ဆင့် သူမချက်ချင်း စားချင်နေမှန်း သိသိသာသာမြင်နေရသည်။ သို့သော်လည်း သူမက ယောင်ကျိကျိုးနှင့် အတူစားရန်အတွက် ယူလာလေသည်။
ရာသီဥတုက ပူလောင်လွန်းလှသည်။ မင်လျိုရီ မြန်မြန်လေး ပြန်ပြေးလာတာတောင်မှ ရေခဲမုန့်က အရည်ပျော်ပြီး လက်ပေါ်သို့ ကျနေလေသည်။
မင်လျိုရီက ရေခဲမုန့်အား ယောင်ကျိကျိုးထံသို့ ကမ်းပေးလိုက်သည်။ ထို့နောက် သူမလက်ထဲမှ ရေခဲမုန့်ကို လျက်လိုက်သည်။ သူမက ပိန်းဥအရသာကို ကြိုက်သောကြောင့် မျက်လုံးမှိတ်၍ အရသာကို ပျော်ရွှင်စွာခံစားလိုက်သည်။ ယောင်ကျိကျိုးလည်း စားလိုက်သည်။ ရေခဲမုန့်က သူ့ပါးစပ်ထဲတွင် အရည်ပျော်သွား၏။
သူ့မိန်းမလေးကို မြင်နိုင်နေခြင်း၊ ယခုလို ရာသီဥတုသာသာယာယာရှိခြင်းနှင့် ချိုမြိန်သည့် ရေခဲမုန့်ကို စားနေရခြင်းတို့မှာ သူ့အတွက်အိပ်မက်များ အမှန်တကယ်ဖြစ်လာသလိုပင်။
...
နောက်တစ်နေ့မနက်တွင် အားလုံးက ကိုယ်ပိုင်ဂျက်လေယာဥ်ပေါ်သို့တက်ကာ ပြန်လာခဲ့ကြသည်။
ယောင်ကျိကျိုး၏မျက်လုံးများ ပြန်ကောင်းသွားသည်နှင့် သူကချက်ချင်း အလုပ်သရဲဖြစ်သွားတော့သည်။
လေယာဥ်ပေါ်တွင် မင်လျိုရီခဏလောက်အိပ်နေရာမှ နိုးလာခဲ့သည်။ ယောင်ကျိကျိုးနှင့် အတွင်းရေးမှူးဟဲတို့ အလုပ်လုပ်နေသည်ကို မြင်သောအခါ သူမ ပင်ပန်းသကဲ့သို့ ခံစားလာရတော့သည်။
သူမ၏အစားအသောက်ဘလော့ဂ်အကောင့်တွင် အချိန်အတော်ကြာအောင် မတင်ဖြစ်သည်ကို စဥ်းစားရင်း သူမက တက်ဘလက်ကိုထုတ်ကာ မကြာသေးခင်ကမှရိုက်ထားသည့် ဗီဒီယိုများကို စုစည်း၍ တည်းဖြတ်ခြင်း စတင်လုပ်လိုက်သည်။
ယောင်ကျိကျိုးက မင်လျိုရီနိုးလာပြီး ဆံပင်ကို ချစ်စဖွယ်စည်းထားသည်ကို တွေ့လိုက်သည်။ သူက မေးလိုက်၏။
"မအိပ်ဘူးလား... တစ်ခုခုစားချင်သေးလား”
မင်လျိုရီခေါင်းခါလိုက်သည်။ သူမက သူ့ယောက်ျား၏အကြည့်များကို ရင်မဆိုင်နိုင်ပေ။ ယခုအခြေအနေက သူမကတစ်စုံတစ်ယောက်ကို ဂရုစိုက်ပေးနေရာမှ ရုတ်တရက် ထိုတစ်စုံတစ်ယောက်က သူမကိုပြန်ဂရုစိုက်ပေးနေသလိုဖြစ်နေသည်။
“ကျွန်မလည်း အလုပ်များနေတယ်”
မင်လျိုရီ ပြောလိုက်သည်။
“ကျွန်မ ဗီဒီယိုတစ်ပုဒ် တည်းဖြတ်နေတာ”
“ကိုယ့်ဟာလား” ယောင်ကျိကျိုး မေးလာသည်။
မင်လျိုရီ ခေါင်းညိတ်၍ပြောလိုက်၏။
"အကုန်လုံးမဟုတ်ဘူး... ရှုခင်းအခန်းတွေအများကြီးပဲ... ရှင့်မျက်လုံးတွေက အခုကောင်းသွားပြီဆိုပေမယ့် တစ်နေ့လုံးအလုပ်လုပ်နေတော့ ပင်ပန်းနေမှာပဲ... အခုကစပြီး ကျွန်မပဲဓာတ်ပုံရိုက်ပါ့မယ်”
“ဗီဒီယိုတွေကနေရမယ့် ကိုယ့်ရဲ့ဘောနပ်စ်ကိုတော့ မျှော်လင့်နေမိပြီ”
ယောင်ကျိကျိုးက အပြုံးလေးနှင့်ပြောလာသည်။
“ရှင်က စီအီးအိုတစ်ယောက်ဖြစ်နေပြီပဲကို”
မင်လျိုရီပြောလာ၏။
“ဒီလောက်ပိုက်ဆံ နည်းနည်းလေးကို ဂရုစိုက်နေသေးတာလား”
ယောင်ကျိကျိုး မျက်ခုံးပင့်လိုက်၏။
"ဘယ်သူသိမှာလဲ... တစ်နေ့ကျရင် ကိုယ်က ယောင်မိသားစုရဲ့ စွန့်ပစ်တာကို ခံရင်ခံရနိုင်တယ်လေ... ကိုယ့်ကိုထောက်ပံ့ဖို့ မင်းကိုမှီခိုရတဲ့အချိန်ရောက်လာနိုင်တာပဲ”
မင်လျိုရီ ယောင်ကျိကျိုးကို စိုက်ကြည့်လိုက်သည်။
မူလဇာတ်ကြောင်းထဲမှ အဲ့လိုဇာတ်ကြောင်းမပါပါဘူး ။ အဲ့ဒါကို ဘာလို့ အမျိုးသားဇာတ်လိုက်က သူ့အတွက် ကြေကွဲစရာဇာတ်ကြောင်းထည့်ချင်နေရတာလဲ…
“ကိုယ်မင်းကိုပြောဖို့ မေ့တော့မလို့…သန်ဘက်ခါကျရင် ချိုက်မိသားစုရဲ့မွေးနေ့ပါတီကို မင်းကိုယ်နဲ့ လိုက်တက်ရမယ်”
“ချိုက်မိသားစု”
မင်လျိုရီ ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“အင်း…မင်းကလည်း ချိုက်မိသားစုကပဲ ဟုတ်တယ်မလား”
ယောင်ကျိကျိုး ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒါက ချိုက်ဝမ်လွမ့်ရဲ့မွေးနေ့မှန်းသိလား”
မင်လျိုရီ တွေးလိုက်သည်။
[မူလမင်လျိုရီက စွန့်ပစ်ခံလိုက်ရတဲ့ အစားထိုသက်သက်ပဲ... သူမက ချိုက်မိသားစုနဲ့ ပတ်သက်လို့ ဘာမှမသိခဲ့ဘူး... မူလဇာတ်ကြောင်းအတိုင်းဆိုရင် ယောင်ကျိကျိုး နိုးမလာသေးတဲ့အတွက် မင်လျိုရီက ချိုက်ဝမ်လွမ့်ရဲ့ မွေးနေ့ကိုလုံးဝမသိခဲ့ဘူး...]
ချိုက်ဝမ်လွမ့်က မူလမင်လျိုရီ၏ အဖေအရင်းဖြစ်သည်။
မင်လျိုရီ၏နှလုံးသားတွင် အနည်းငယ် လေးလံလာသည်။ သူမက မူလမင်လျိုရီနေရာတွင် အစားထိုး ရောက်နေခဲ့သည်။ ထို့ကြောင့် သူမက မူလဇာတ်ကောင်၏ဖခင်အား သွားတွေ့၍အရိုအသေပေးသင့်သည်။
မင်လျိုရီပြောလိုက်၏။
"ကောင်းပြီ... ကျွန်မရှင်နဲ့သွားမယ်... ဒါပေမယ့် အဲ့လိုပွဲမျိုး ကျွန်မအရင်က မတက်ဖူးဘူး”
“ကိုယ်မင်းအတွက်အားလုံး ပြင်ဆင်ထားပြီးပြီ... မင်းကကိုယ့်အနားမှာတစ်ချိန်လုံးနေရုံပဲ... ဘယ်သူမှ မင်းကိုခက်ခဲစေမယ့် အရာတွေလုပ်ရဲမှာမဟုတ်ဘူး”
မင်လျိုရီခဏလောက်တွေးလိုက်ပြီး ပြောလာသည်။
“ကျွန်မက ဒီအတိုင်းရိုးရိုးသားသားပဲသွားမှာပါ... ပြီးတော့ ကျွန်မအတွက် စိတ်မကောင်းမဖြစ်နဲ့ ... တကယ်တမ်း ကျွန်မကချိုက်မိသားစုနဲ့ ဘယ်တုန်းကမှ အဆက်အသွယ်မရှိခဲ့ဘူး... ရှင့်ကိုလက်ထပ်ဖို့ ဘာကြောင့် တွန်းအားပေးခံခဲ့ရလဲတောင် ကျွန်မမသိသေးဘူး”
“ပုံမှန်ဆိုရင် အရင်ကကိစ္စတွေကို ကိုင်တွယ်သင့်တာဆိုပေမယ့် အဲ့ဒါကအရေးမကြီးတော့ပါဘူး... အခုမင်းက ကိုယ့်ဇနီးဖြစ်နေပြီ... အဲ့ဒါကသာအရေးကြီးတာ... အခုကစပြီး ကိုယ်မင်းကို ကာကွယ်ပေးမယ်”
မင်လျိုရီ၏နှလုံးသားနွေးထွေးသွား၏။ ဒီကမ္ဘာထဲသို့ ရောက်လာပြီးနောက် သူမတွင်ဆွေမျိုးသားချင်းများ မရှိတော့ပေ။ မူလမင်လျိုရီ၏ မိဘအရင်းများက တစ်ယောက်ကိုတစ်ယောက် အသိအမှတ်မပြုကြဘဲ မွေးစာမိဘများကလည်း သူမကို ဂရုမစိုက်ကြချေ။ သူတို့က သူမအား မသန်မစွမ်းဖြစ်နေသည့် သူစိမ်းတစ်ယောက်ကို လက်ထပ်ရန်ပင် တွန်းအားပေးခဲ့ကြသည်...။
မင်လျိုရီက မူလဇာတ်ကြောင်းတွင် အမြှောက်စာဇာတ်ကောင်ဖြစ်သည့်အတွက် သူမ၏အဆုံးသတ်က သဘာဝကျစွာပင် ဆိုးဝါးလေသည်။
သူမက အေးအေးဆေးဆေးနေပုံပေါ်သော်လည်း တကယ်တမ်းတွင် ထွက်ပေါက်အမြဲရှာနေခဲ့သည်။ မင်လျိုရီက ယိုလင်လင်နှင့်သူငယ်ချင်းများဖြစ်ခဲ့သော်လည်း သူမအထီးမကျန်ခဲ့၊ စိတ်မလှုပ်ရှားခဲ့ဟု ပြောရန်မှာ အလိမ်အညာတစ်ခုသာဖြစ်လိမ့်မည်။
ကူးပြောင်းလာပြီးနောက် နေထိုင်လာသည့်တစ်လျှောက်လုံးတွင် မူလမင်လျိုရီ၏ ယောင်ကျိကျိုးအပေါ် သတ်ရန်ကြိုးစားမှုကို သူမနားမလည်နိုင်ခဲ့ပေ။ သို့သော် ယခုအခိုက်အတန့်တွင်တော့ မင်လျိုရီက မူလမင်လျိုရီဘဝ၏ ပူဆွေးရမှုများကို နားလည်လိုက်သည်။
မင်လျိုရီမှာ ယခုအခြေအနေလက်ခံလိုက်ရသည်။သူမ၏ကိုယ်ပိုင်အတွေးအမြင်များကြောင့် အနာဂတ်တွင် လမ်းပျောက်နေသည့် ကလေးတစ်ယောက်လို ဖြစ်တော့မည်မဟုတ်ကြောင်း ခံစားလိုက်ရသည်။
🥰