အပိုင်း၁၂၄
Viewers 11k

🥰 Chapter 124 ✅


မင်လျိုရီက နီရဲနေသည့်မျက်နှာလေးနှင့် လျှောက်လာသည်။ 


သူမက တီးတိုးပြောလာ၏။ 


“ရှင်ကျွန်မကို အဲ့လိုကြည့်တဲ့အချိန် ကျွန်မရှက်တယ် ... ဘာလို့ မျက်လုံးတွေကို မှိတ်မထားတာလဲ" 


ယောင်ကျိကျိုး၏အကြည့်များ နက်မှောင်သွားပြီး သူ့အသံလည်းအက်ရှသွားသည်။ 


“ကိုယ့်မျက်လုံးတွေမှိတ်လိုက်ရင် မင်းမျက်နှာလေးကို မြင်ရတော့မှမဟုတ်ဘူး” 


မင်လျိုရီ ပြောစရာစကားမဲ့သွားရသည်။


ယောင်ကျိကျိုး လက်မြှောက်၍ မင်လျိုရီကို အနားသို့တိုးလာရန် ခေါ်လိုက်သည်။ သူပြောလိုက်၏။ 


“လာ…ကိုယ်မင်းကို သင်ပေးမယ်”


ကမ္ဘာကြီးကို ပြန်မြင်နိုင်သည့်အချိန်မှစ၍ ယောင်ကျိကျိုး၏ စိတ်အခြေအနေက ယခင်ကထက်ပို၍ အားကောင်းလာသည်။


မင်လျိုရီက ခြေလှမ်းစိတ်စိတ်များနှင့် တိုးကပ်သွားသည်။ ယောင်ကျိကျိုးက စိတ်မရှည်စွာနှင့် ဝှီးချဲကိုအရှေ့သို့တွန်းလာလိုက်သည်။ သူ မင်လျိုရီအနားသို့ရောက်လာချိန်တွင် သူမ၏ခါးလေးကို လက်များဖြင့် ရစ်သိုင်းကာ သူ့ပေါင်ပေါ်တွင် ထိုင်စေလိုက်သည်။ သူ့လက်ထဲမှ အလှလေးကိုခံစားရင်း ယောင်ကျိကျိုး ကျေနပ်မှုဖြင့် အသက်ရှူထုတ်လိုက်သည်။ 


မင်လျိုရီက ရုတ်တရက် ဆွဲယူခံလိုက်ရသောကြောင့် သူမ၏လက်များက ချက်ချင်းယောင်ကျိကျိုး​၏လည်ပင်းကို အလိုအလျောက်ပွေ့ဖက်မိသွားသည်။ 


ရှင်းဟိုင်မြို့၏အပူချိန်က ပူနွေးနေဆဲဖြစ်ပြီး သူတို့ဝတ်ထားသည့် အဝတ်အစားများက ပွယောင်းကာ ပါးလွှာသည်။ မင်လျိုရီက သူမ၏ခြေထောက်များ၊ မျက်နှာနှင့် ရင်ဘတ်များမှာ ပူလောင်လာသည်ကို ခံစားနေရသည်။ 


ယောင်ကျိကျိုးက သူမကိုချက်ချင်း “သင်” မပေးဘဲ သူကလည်တိုင်ထက်မှ မင်လျိုရီ၏လက်များကို ယူလိုက်သည်။ 


ထိုလက်များမည်မျှလှကြောင်းကို ယောင်ကျိကျိုး တစ်ကြိမ်ထက်မက တွေးဖူးသော်လည်း လက်တွေ့မြင်ရသည့်အခါ သူစိတ်ကူးထားသည်ထက် ပိုလှနေသည်ပင်။ 


သူမ၏လက်ချောင်းများက အရိုးမရှိသကဲ့သို့ သေးသွယ်ပြီး သွယ်လျသည်။ သူမ၏အသားအရေကဖြူဖွေးပြီး ချောမွေ့နေကာ လက်သည်းများကလည်း သေသပ်ညီညာစွာ ကိုက်ညှပ်ထားပြီး အနုပညာဆန်လှသည်။ 


ထိုလက်တစ်စုံက အမှောင်ထုထဲမှသူ့ကို မရေမတွက်နိုင်အောင် ကူညီပေးခဲ့သည်။ အကြိမ်တိုင်းတွင် သူမက သူ၏မျက်လုံးများနှင့် ခြေထောက်များကို ညင်သာစွာနှိပ်နယ်ပေးပြီး အနာဂတ်အတွက် သူ့ကိုမျှော်လင့်ချက်များ ပေးခဲ့သည်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏လက်ဖမိုးများကို ညင်သာစွာနမ်းလိုက်ပြီးနောက် လက်ဖဝါးများကို ဆက်နမ်းသည်။ သူ့မျက်လုံးများက နွေးထွေးကာညင်သာနေသည်။ မင်လျိုရီက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ကာ ယောင်ကျိကျိုး၏ပခုံးနှင့် ပွတ်သပ်လိုက်သည်။ သူမ၏အပြုအမူများက ယောင်ကျိကျိုးအား အရည်ပျော်ကျစေလုနီးပင်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏လက်များကိုလွှတ်၍ သူမ၏မေးကိုပင့်တင်ကာ သူ့ကိုကြည့်စေသည်။ သူတို့၏မျက်လုံးများ ဆုံတွေ့သွားကြပြီး တစ်ယောက်၏အသက်ရှူသံကို တစ်ယောက် ကြားနေရသည်။ 


မူရင်းစာအုပ်ထဲတွင် ယောင်ကျိကျိုးက အခြားသူများအားကြည့်ရန်ပင် ပျင်းရိကာ အေးစက်ပြီး အထီးကျန်ဆန်သူအဖြစ် ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုတွင်တော့ ယောင်ကျိကျိုးက အခြားလူတစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူ့မျက်လုံးများက မင်လျိုရီနားမလည်နိုင်သည့် ခံစားချက်များဖြင့် ပြည့်နေသည်။ 


သူမခင်ပွန်း၏ မျက်လုံးများမှတစ်ဆင့် မင်လျိုရီက သူမ၏ပုံရိပ်ကို မြင်နေရသည်။ 


ယောင်ကျိကျိုးက မင်လျိုရီ၏မေးကိုပင့်တင်ထားကာ လက်တစ်ဖက်ကတော့ သူမ၏ခါးတွင် ရှိနေပြီး ခေါင်းငုံ့၍နီးကပ်လာလိုက်သည်။ သူမကိုနမ်းတော့မည့်အချိန်တွင် သူကအက်ရှရှအသံဖြင့် ခပ်နိမ့်နိမ့်‌ ပြောလာသည်။ 


"အခု မျက်လုံးမှိတ်လို့ရပြီ”


မင်လျိုရီက နာနာခံခံဖြင့် မျက်လုံးများကို မှိတ်လိုက်သော်လည်း သူမ၏မျက်တောင်များက တုန်ယင်နေ၏။ 


အစတွင်တော့ ပေါ့ပါးသည့်အနမ်းလေးတစ်ခုဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ အထိန်းအကွပ်မဲ့လာကာ ပြင်းထန်ပြီးပူလောင်လာသည်။ 


သူမ၏နှလုံးမှာ အာရုံစိုက်၍မရနိုင်အောင် လျင်မြန်စွာခုန်နေသည်။ သူမ၏လက်များက ယောင်ကျိကျိုးရင်ဘတ်ကို ညင်သာစွာတွန်းထားပြီး စိတ်လှုပ်ရှားမှုကြောင့် သူမ၏ခြေချောင်းလေးများမှာ ကွေးသွားလေသည်။ 


သို့သော်လည်း ယောင်ကျိကျိုးက မင်လျိုရီအား ညည်းညူရန် အခွင့်အရေးမပေးဘဲ သူ၏လျှာက ညင်သာစွာဖြင့် သူမ၏ပုလဲလုံးများကဲ့သို့ ဖြူဖွေးနေသည့် သွားများကိုဖွင့်ကာ နူးညံ့သည့်ချိုမြိန်မှုများကို အရသာခံတော့သည်။


မင်လျိုရီ၏ ဝိညာဥ်စမ်းချောင်းလည်း လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ စမ်းရေ၏လန်းဆန်းနေသောရနံ့က သူ့နှာခေါင်းထဲသို့ စိမ့်ဝင်လာသောကြောင့် သူခေါင်းမော့လာသည်။ 


ယောင်ကျိကျိုးက မင်လျိုရီကိုစိုက်ကြည့်ပြီး ပြောလာ၏။ 


"စမ်းရေရဲ့ လန်းဆန်းတဲ့ရနံ့လေးရနေတယ်…အဲ့ဒါဘာလဲ”


မင်လျိုရီ ဘယ်လိုရှင်းပြရမလဲ မသိသောကြောင့် ယောင်ကျိကျိုးကိုဖက်ကာ သူမ၏နှုတ်ခမ်းကိုသုံး၍ သူ့နှုတ်ခမ်းကို ပိတ်လိုက်တော့သည်။


အေးမြသည့်အရသာက လောင်မြိုက်နေသည့်အပူများကို ဖယ်ရှားမပစ်နိုင်ဘဲ အကူပစ္စည်းအဖြစ် လုပ်ဆောင်လေတော့သည်။ မင်လျိုရီ၏ ဦးဆောင်လာမှုက ယောင်ကျိကျိုးကို အံ့ဩသွားစေကာ သူ့ကိုယ်သူ ထိန်းချုပ်ရန်ပိုခက်ခဲလာစေသည်။ လေထုပူပြင်းလာသည်နှင့်အမျှ မင်လျိုရီတစ်ယောက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထို့ကြောင့်ချက်ချင်း ယောင်ကျိကျိုးကို အဝေးသို့တွန်း၍ ထရန်ရုန်းကန်လိုက်သည်။


“ကျွန်မတို့လည်း ရှော့ပင်းထွက်ရအောင်”


သူမပြောလိုက်သည်။ နောက်တစ်ခွန်းထပ်ပြောလာချိန်တွင် သူမမျက်နှာ နီရဲလာ၏။ 


"ကျွန်မမျက်နှာသွားသစ်လိုက်ဦးမယ်”


ထို့နောက် သူမ ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။ ယောင်ကျိကျိုးက ထွက်ပြေးသွားသည့် မင်လျိုရီကိုကြည့်ရင်း သူ့မိန်းမက အလွန်ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်သည်။ 


မင်လျိုရီနောက်တစ်ကြိမ်ပြန်ထွက်လာချိန်တွင် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။ ယောင်ကျိကျိုးလည်း သူ၏အေးစက်ပြီးမြင့်မြတ်သည့် မူလပုံစံကိုပြန်လည်ရောက်ရှိသွားသည်။ ပထမတွင် မင်လျိုရီက ယောင်ကျိကျိုးကို မကြည့်ရဲဘဲ တိတ်ဆိတ်စွာဖြင့် သူ့ဝှီးချဲကို တွန်းလိုက်သည်။ မင်လျိုရီက သူ့ကိုတွန်းပေးနေသည့်အချိန်တွင် ယောင်ကျိကျိုးကတော့ စိတ်အေးသက်သာဖြစ်နေသည်။


လမ်းဘေးမှ လှပသည့်ပန်းများနှင့် လိပ်ပြာလေးများကို မြင်သောအခါ မင်လျိုရီက ဝှီးချဲကိုလွှတ်၍ လိပ်ပြာများနောက်သို့ လိုက်ဖမ်းတော့သည်။ ယောင်ကျိကျိုးက ဝှီးချဲအား သူ့ဘာသာတွန်း၍ မင်လျိုရီအနောက်သို့ လိုက်လာလိုက်သည်။ သူပင်ပန်းလာသည့်အခါ ဝှီးချဲအား အလိုအလျောက်ရွေ့ရန် ရီမုကွန်ထရိုးကိုသုံးနိုင်သည်။ သူတို့နှစ်ယောက်က အပန်းဖြေသည့်အချိန်လေးကို ပျော်ရွှင်စွာကုန်ဆုံးခဲ့ကြသည်။


လှပစွာလှုပ်ရှားနေသည့် ကမ်းခြေသို့ရောက်ရန် အချိန်သိပ်မပေးလိုက်ရပေ။ ကမ်းခြေတွင် လူအများကြီးရှိနေ၏။ အချို့ကရေကူးနေကြပြီး အချို့ကရေလွှာလျှောစီးနေကြကာ အချို့ကတော့ ကမ်းခြေတွင် အသားကင်များစားရင်း အအေးသောက်နေကြသည်။ ၎င်းက အလွန် အပန်းပြေနိုင်သည့် လေထုပင်။



🥰