🥰 Chapter 123 ✅
ယောင်ကျိကျိုး၏မျက်လုံးများက အလွန်လှပသည်။ ငှက်မွှေးကဲ့သို့ မျက်တောင်များ၊ နက်ရှိုင်းသည့် မျက်လုံးအိမ်များနှင့်အတူ သူ၏ကျောက်မျက်ရတနာနှင့်တူသည့်မျက်လုံးထဲတွင် ကြယ်များလင်းလက်နေသကဲ့သို့ပင်။
ယောင်ကျိကျိုး မမြင်ရသည်ကို သူမ သိသော်လည်း မင်လျိုရီရှက်ရွံ့မိဆဲဖြစ်သည်။
သူမက လျင်မြန်စွာလျှောက်လာပြီး ယောင်ကျိကျိုးဘေးတွင် ဆောင့်ကြောင့်ထိုင်ချ၍ မေးလိုက်သည်။
“မျက်လုံးတွေ အဆင်မပြေလို့လား”
ယောင်ကျိကျိုး၏မျက်လုံးများက မင်လျိုရီ၏လှုပ်ရှားမှုအားလုံးကို လိုက်ကြည့်နေကာ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ယောင်ကျိကျိုးမှာ သူမ၏နှလုံးသားကို ဖောက်မြင်နေရသလိုပင်။
မင်လျိုရီကခေါင်းမော့၍ ယောင်ကျိကျိုးကိုကြည့်လိုက်ရာ သူမ၏သေးသွယ်ပြီး ဖြူဖွေးသည့် လည်တိုင်လေးမှာ လှပသည့်ကောက်ကြောင်းလေးတစ်ခုဖြစ်ပေါ်လာစေသည်။ သူမကလက်ထဲတွင် အခွံခွာထားသည့် လိုင်ချီးကိုကိုင်ထားဆဲဖြစ်သည်။ သို့သော် လိုင်ချီး၏အထဲမှအသားအရောင်က သူ့မ၏အသားအရေလောက် မဖြူပေ။
“လျိုရီ မင်းပဲစားပါ”
ယောင်ကျိကျိုး ပြောလိုက်သည်။
မင်လျိုရီ၏လှုပ်ရှားမှုများက ထိန်းချုပ်ခံလိုက်ရသကဲ့သို့ လိုင်ချီးကိုတစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက်တွင် ယောင်ကျိကျိုးက ခေါင်းကိုနှိမ့်ကာ မင်လျိုရီ၏နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။
ယောင်ကျိကျိုးက လျှာကိုသုံး၍ သူမ၏သွားများကို ပွင့်ဟရန်ကြိုးစားလိုက်ပြီး ပါးစပ်ထဲသို့ ကျွမ်းကျွမ်းကျင်ကျင်ဝင်သွားကာ လိုင်ချီးစလေးကို လုယူလိုက်သည်။
ပါးစပ်ထဲတွင် ပျံ့နှံ့သွားသည့် အချိုအရသာလေးကို ခံစားရင်း ယောင်ကျိကျိုးပြုံး၍ ပြောလာ၏။
“တကယ်ချိုတာပဲ”
မင်လျိုရီ တောင့်ခဲသွားသည်။ အနမ်းက ရုတ်တရက်ဆန်လွန်းပြီး သူမလည်း ပြင်ဆင်မထားမိချေ။ မင်လျိုရီ၏မျက်နှာက ရုတ်တရက်နီရဲလာကာ လည်ပင်းများသို့ပင် ပျံ့နှံ့လာသည်။
ယောင်ကျိကျိုးက နှလုံးသားထဲမှပျော်ရွှင်မှုများကို ဖိနှိမ့်လိုက်ပြီး ဆွဲဆောင်မှုရှိသည့်အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
"အချစ်... ဒါက ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် မြင်ရတဲ့ ပထမဆုံးအချိန်ပဲ... ကိုယ့်ကို အခုကစပြီး ဂရုစိုက်ပေးပါဦးနော်”
သူ့စကားများကို မင်လျိုရီကြားသောအခါ ခေါင်းမော့လာကာ ယောင်ကျိကျိုးအရှေ့တွင် လက်များကို ဝှေ့ယမ်းပြလာသည်။ သူမက တအံ့တဩဖြင့် ပြောလာ၏။
"ရှင်မြင်ရပြီလား”
ယောင်ကျိကျိုး ခေါင်းညိတ်ပြလိုက်၏။ မင်လျိုရီ ချက်ချင်း မျက်ရည်များကျလာတော့သည်။
သူမ ပြောလိုက်သည်။
“ရှင်ပြန်ကောင်းလာမှာ ကျွန်မသိနေတယ်... ကျွန်မသိနေတယ်”
မှောင်မိုက်သည့်အချိန်များကို ကြုံတွေ့ခဲ့ရပြီးနောက် သူမအရှေ့မှ ဂုဏ်ယူဖွယ်ကောင်းသည့် လက်ရွေးစင်လေးမှာ နောက်ဆုံးတွင်ပြန်မြင်နိုင်ခဲ့ပြီ။
လူကြီးမင်းဟဲ၊ ရှောင်ဖန်းနှင့် ကျောက်ချမ်းတို့လည်း စိတ်လှုပ်ရှားနေကြတော့သည်။ သခင်လေး တကယ် ပြန်ကောင်းလာသည်ကို သူတို့မယုံနိုင်ဖြစ်နေကြသည်။
ယောင်ကျိကျိုးက မင်လျိုရီကို ပွေ့ဖက်လိုက်ပြီး ကျောကို ပုတ်ပေးနေသည်။
"မငိုပါနဲ့...အချစ်...မငို့နဲ့နော်” သူချော့မြှူလိုက်၏။
သို့သော်လည်း မင်လျိုရီ၏မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျနေလေသည်။ ယောင်ကျိကျိုးက သက်ပြင်းချလိုက်ရင်း သူမ၏နားသန်သီးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထိုမှသာ သူမ အငိုတိတ်သွားတော့သည်။
သူမက ခေါင်းမော့လာသည်။ သူမ၏မျက်လုံးများက ငိုထားသောကြောင့် နီရဲနေရာ ပို၍သနားစရာ ကောင်းနေတော့သည်။ ယောင်ကျိကျိုးမနေနိုင်ဘဲ ခေါင်းငုံ့၍ သူမ၏မျက်ရည်များကို အနမ်းဖြင့်ဖယ်ရှားပေးလိုက်သည်။
မင်လျိုရီ ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့သွားပြန်သည်။ သူတို့နှစ်ယောက်က အချိန်အတော်ကြာအောင် ပွေ့ဖက်ထားကြပြီးမှ ပြန်ခွာလိုက်ကြသည်။
...
လိုင်ချီးစိုက်ပျိုးရေးခြံမှ ပြန်လာပြီးနောက် လူတိုင်းက သက်တောင့်သက်သာနှင့်ပျော်ရွှင်နေကြသည်။ ရှောင်ဖန်းတောင်မှ ဤလိုင်ချီးခြံမှာ သခင်လေး၏မျက်လုံးကို ပြန်မြင်စေသည်အထိ အံ့ဩဖွယ်ကောင်းသည်ဟု တွေးထင်မိသည်။
လူတိုင်း ပြုံးပျော်နေကြ၏။
သူတို့ပြန်လာသည်ကို ရွာလူကြီးခေါင်းဆောင်မြင်သောအခါ ယောင်ကျိကျိုး၏မျက်လုံးများက ယခင်ကနှင့် မတူကြောင်း သူချက်ချင်း သတိထားမိလိုက်သည်။ သူမနေနိုင်ဘဲ အံ့ဩမိသွားသည်။
...
ယောင်ကျိကျိုး၏မျက်လုံးများက မင်လျိုရီအပေါ်တွင်သာ ရှိနေသည်။ သူမ ဘာလုပ်နေပါစေ၊ သူကြည့်နေသည်။ သူသာ သူမကိုကြည့်မနေပါက မှောင်မိုက်သည့်နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားမည်ကို စိုးရိမ်မိသည်။
သူမကို မမြင်ရခင်က သူမမည်မျှလှကြောင်းကို အခြားသူများ၏ စကားမှသာ ကြားသိခဲ့ရသည်။ သို့သော် သူမအား ဤမျှလောက် လှလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
သူမသည်ဂါဝန်ရှည်လေးကို ဝတ်ဆင်ထားကာ ဆံပင်ရှည်များက ပုခုံးတစ်လျှောက် ပြန့်ကျဲကျနေသည်။ ခါးလေးကလည်းသွယ်လျကာ ကိုယ်ထည်က အချိုးအစားကျသည်။
ခဏကြာအောင်ကြည့်ပြီးနောက် ယောင်ကျိကျိုးတွင် တစ်ကိုယ်ကောင်းဆန်ပြီး မှောင်မိုက်သည့်အတွေးများ ဝင်ရောက်လာသည်။ သူ မင်လျိုရီကိုဖွက်ထားချင်သည်။ မင်လျိုရီ၏အလှကို သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည်။
မင်လျိုရီ၏မျက်နှာပေါ်မှ အပြုံးကိုမြင်သောအခါ ယောင်ကျိကျိုး ချက်ချင်းခေါင်းခါလိုက်ပြီး နှလုံးသားထဲမှ မှောင်မိုက်သည့် အတွေးများကို ဖယ်ရှားပစ်လိုက်သည်။ သူမ ပျော်ရွှင်နေသရွေ့ အရာအားလုံး အဆင်ပြေသည်။
ပြန်လာသည့်လမ်းတွင် ယောင်ကျိကျိုးက ကားထဲတွင် ထိုင်နေရင်းပြောလာ၏။
"အားလုံးပဲ...ကျွန်တော် အမြင်ပြန်ရလာတယ်ဆိုတာကို အချိန်တစ်ခုလောက်အထိ လျှို့ဝှက်ထားစေချင်တယ်... အားလုံးကကျွန်တော်နဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်... အချိန်ကျတဲ့အခါ ကျွန်တော်ထုတ်ပြောသွားမှာပါ”
ထို့ကြောင့် ဗီလာသို့ပြန်လာပြီးနောက်တွင် အားလုံးက ယောင်ကျိကျိုးအား ယခင်အတိုင်းပင် ပြုစုကြသည်။
“ကျွန်တော်တို့ မနက်ဖြန်သွားကြမယ်”
ယောင်ကျိုကျိုးပြောလိုက်သည်။
"ဒီနေ့လည်နားကြမှာမို့လို့ အလုပ်လုပ်စရာမလိုဘူး... ရှုခင်းကို အားလုံးအတူတူခံစားရအောင်”
ရှောင်ဖန်းက ချက်ချင်း ပျော်ရွှင်စွာမေးလာသည်။
“သခင်လေး...ကျွန်မအပြင်သွားပြီး ဈေးဝယ်လို့ရမလား... ကျွန်မက ဒီက ဒေသခံအစားအစာတွေ ဝယ်သွားချင်လို့”
“ငါ့မိန်းမကိုမေးလိုက်”
ယောင်ကျိကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
မင်လျိုရီက ချက်ချင်း ပြောလာ၏။
"ရတာပေါ့... မြန်မြန်သွားနော် ဂရုလည်းစိုက်ဦး”
အားလုံးထွက်သွားကြပြီးနောက် မင်လျိုရီနှင့် ယောင်ကျိကျိုးတို့သာ အခန်းထဲတွင်ကျန်ခဲ့တော့သည်။ ယောင်ကျိကျိုးက လက်မြှောက်၍သူ့မျက်နှာကို ညွှန်ပြလာသည်။
ထိုအမူအယာသည် ယခင်ကသူတို့၏လျှို့ဝှက်အချက်ပြဖြစ်ပြီး မင်လျိုရီက ချက်ချင်း ယောင်ကျိကျိုး၏မျက်နှာကို နမ်းရမည်ဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင်တော့ ယောင်ကျိကျိုး ဘာလုပ်ခိုင်းနေပါစေ၊ မင်လျိုရီက ချက်ချင်းမလုပ်တော့ပေ။
သူမရှက်နေသည်ကိုကြည့်၍ ရယ်စရာကောင်းသည်ဟု ယောင်ကျိကျိုးတွေးလိုက်သည်။
“အခုတော့ ဒီအဖွဲ့လိုက်လုပ်ဆောင်မှုက ပြိုလဲသွားပြီပေါ့လေ”
ယောင်ကျိကျိုး မေးလိုက်သည်။
🥰