အပိုင်း၁၂၂
Viewers 11k

🥰 Chapter 122 ✅


မင်လျိုရီကိုမြင်သောအခါ ကလေး၏မျက်လုံးများ တောက်ပသွား၏။ သူက ကလေးသံလေးဖြင့် ပြောလာသည်။ 


“မမ...မမက အရမ်းလှတာပဲ... မမက နတ်သမီးလား ... မမကို ကျွန်‌တော်တကယ် သဘောကျတယ်... ကျွန်တော်ကြီးလာတဲ့အခါကျရင် မမကို ကျွန်တော်လက်ထပ်လို့ရမလား”


မင်လျိုရီမနေနိုင်ဘဲ အသံထွက်၍ ရယ်လိုက်မိသည်။ ကလေးအမေလည်း ပြုံးနေ၏။


သူမ၏ကလေးက နောက်ထပ် ရှက်ရွံ့ဖွယ်ကောင်းသည့် စကားများပြောလာမည်ကို စိုးရိမ်သောကြောင့် ကလေးကိုချီ၍ လျင်မြန်စွာထွက်သွားတော့သည်။ 


ယောင်ကျိကျိုး၏မျက်နှာ အနည်းငယ်နက်မှောင်သွားပြီး သူ့အသံကလည်း အေးစက်သွားသည်။ သူက ကလေးဆန်စွာ ပြောလာ၏။ 


“မင်းမှာအခွင့်အရေးမရှိတော့ဘူး... သူမက ငါ့မိန်းမ”


ထင်ထားသည့်အတိုင်း ကောင်ငယ်လေးက ယောင်ကျိကျိုး၏ စကားများကို ကြားသောအခါ မျက်ရည်များ ကျလာလေသည်။ 


“မေမေ...နတ်သမီးမမကို သွားကယ်ရအောင်” 


ကလေးက ငိုရင်း ပြောလာ၏။


 “သူမက နတ်ဆိုးဖမ်းတာ ခံထားရတယ်”


ကလေးအမေက ကောင်ငယ်လေး၏ပါးစပ်ကို ပိတ်ချင်စိတ်များ ပေါ်လာခဲ့သည်။ သူမက လူအုပ်ကြီးကို အကြိမ်ကြိမ်တောင်းပန်ပြီး ကလေးကိုချီ၍ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ 


ယောင်ကျိကျိုး၏ မျက်နှာပို၍ နက်မှောင်သွားလေသည်။ 


သူကအဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား...


မင်လျိုရီက ယောင်ကျိကျိုးကို ကြည့်လိုက်သည်။ သူက သင့်တင့်ကောင်းမွန်သည့် အဝတ်အစားများကို ဝတ်ဆင်ထားကာ ကြယ်သီးများကိုလည်း စနစ်တကျ သေသေချာချာ တပ်ထားပြီး ကြည့်ကောင်းသည့် မျက်နှာအသွင်အပြင်များလည်းရှိသည်။ 


သူက ဒီအတိုင်း အေးစက်စက်နေတတ်ရုံပါ။ ဒါပေမယ့် ဘယ်လိုပဲကြည့်ကြည့် သူကချောတဲ့လူတစ်ယောက်ပဲဟာ... ဘယ်လိုလုပ် နတ်ဆိုးဖြစ်သွားတာလဲ ။


လိုင်ချီးစိုက်ပျိုးရေးခြံဆီသို့ သွားသည့်လမ်းတွင် ယောင်ကျိကျိုး၏အမူအရာမကောင်းပေ။ 


တစ်ဖက်တွင်တော့ မင်လျိုရီကအလွန်ပျော်နေမိသည်။ လမ်းတစ်လျှောက်တွင် ဈေးသည်များက လမ်းတစ်ဖက်တစ်ချက်မှသည် သူတို့၏ကုန်ပစ္စည်းများကို ရောင်းချနေကြသည်။ မင်လျိုရီ လျှောက်နေရင်း ရပ်လိုက်၏။ 


အားလုံးက လိုင်ချီးဖြင့်ပြုလုပ်ထားသည့် ရောင်းကုန်များဖြစ်သည်...လိုင်ချီးဝိုင် ၊ လိုင်ချီးကြက်ဥလိပ် နှင့် လိုင်ချီးဖျော်ရည်များ...။


လိုင်ချီးစိုက်ပျိုးရေးခြံသို့ ရောက်သောအခါ အရှေ့ရှိ မြင်ကွင်းကိုကြည့်၍ လူတိုင်းအံ့ဩမှင်သက်သွားကြသည်။ 


လိုင်ချီးပင်များက မြင့်ပြီး အကိုင်းအခက်များ ဝေဝေဆာဆာရှိကာ ထူပိတ်နေသည့် အစိမ်းရောင်အရွက်များရှိသည်။ 


“ဒီမှာ နှစ်တစ်ရာကျော်ကြာအောင်ရှိနေတဲ့ လိုင်ချီးပင်တွေ အများကြီးရှိတယ်”


ရွာလူကြီးခေါင်းဆောင်က ဂုဏ်ယူစွာနှင့် ပြောလာသည်။ 


"အမြင့်ဆုံးအပင်က တစ်ရာမီတာတောင်ကျော်လိမ့်မယ်”


သက်ပြင်းချသံနှင့်အတူ ရွာလူကြီးဆက်ပြောလာသည်။ 


"ငါ့ထက်တောင် အသက်ကြီးတဲ့ အပင်တွေ အများကြီးရှိတယ်... သူတို့က ပြောင်းရွှေ့တာကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိကြပါ့မလဲ” 


ယောင်ကျိကျိုးက သူ့အရှေ့ရှိမြင်ကွင်းကို မမြင်ရသော်လည်း လတ်ဆတ်သည့်လိုင်ချီးသီးများ၏ အချိုဓာတ်ကို အနံ့ခံနိုင်ပြီး သူ့ပတ်ဝန်းကျင်၏ အသက်ဝင်နေမှုကိုလည်း ခံစားနိုင်သည်။ 


ရွာလူကြီးခေါင်းဆောင်ပြောလာသည်။ 


“ဒီမှာ ကြိုက်သလို လျှောက်သွားပြီး ကြည့်နိုင်ပါတယ်... လိုင်ချီးတွေလည်း ကြိုက်သလောက်စားလို့ရတယ်... ဒီက လိုင်ချီးတွေက ဈေးမကြီးပေမယ့် သူတို့အားလုံးက ချိုတယ်... စိတ်မရှိရင် မိသားစုအတွက် အိမ်ကို အနည်းအကျဥ်းယူသွားလို့ရတယ်”


ပြောပြီးနောက် ရွာလူကြီးက လှည့်ထွက်သွားတော့သည်။ 


မင်လျိုရီက အနီရောင်လိုင်ချီးသီးများကိုကြည့်ရင်း ဗိုက်ဆာသလို ခံစားလာရသည်။ ဒီကိုလာသည့်လမ်းတစ်လျှောက်တွင် လိုင်ချီးသီးများအများကြီး စားခဲ့ပြီး‌သော်လည်း လတ်ဆတ်သည့် အသီးများကို ထပ်တွေ့လိုက်ရချိန်တွင် ထပ်၍မြည်းစမ်းချင်လာမိသည်။ 


မင်လျိုရီက ယောင်ကျိကျိုးကို ကြည့်၍တိုးတိုးလေးမေးလိုက်သည်။ 


"ကျွန်မတို့ စားလို့ရလား”


ယောင်ကျိကျိုး မနေနိုင်ဘဲ ရယ်လိုက်သည်။ 


သူ့ကိုတကယ်ပဲ နတ်ဆိုးလို့ သူမ ထင်နေတာလား...


“လိုင်ချီးစားဖို့တောင်မှ ခွင့်ပြုချက်တောင်းနေသေးတာလား... သွား...ကြိုက်သလိုသွားစားလာခဲ့” 


ယောင်ကျိကျိုး ဖျော့တော့စွာ ပြောလိုက်သည်။ 


“ယေး”


မင်လျိုရီ ပျော်ရွှင်စွာ အော်လိုက်သည်။


...


သူမက ရှောင်ဖန်းကိုခေါ်၍ လိုင်ချီးခြံကို ဝင်လိုက်ထွက်လိုက်လုပ်နေတော့သည်။ ပတ်ပတ်လည်တွင် ရှိနေသည့် လိုင်ချီးပင်များက နှစ်တစ်ရာကျော်ရှိနေပြီဖြစ်သည်။  မင်လျိုရီက ဤနေရာတွင် သက်သက်သာသာခံစားရပြီး ဝိညာဥ်စမ်းချောင်းသည်လည်း အနည်းငယ်လှုပ်ရှားနေသည်။ 


မင်လျိုရီ အချိန်အတော်ကြာ‌အောင် ရှာပြီးနောက် နောက်ဆုံးတွင် ကြီးမားသည့်အသီးကိုတွေ့လိုက်သည်။ ခူးရန်ပြင်လိုက်ချိန်တွင် သူမလက်ထဲ၌ လိုင်ချီးသီးများဖြင့် ပြည့်နေသည်သတိထားမိလိုက်သည်။ 


သူမက လိုင်ချီးသီးကို အခွံခွာလိုက်ရာ အထဲမှ အချိုဓာတ်များပြည့်ဝနေသည့် ဖြူဖွေးပြီး ချောမွေ့နေသည့် အသားပေါ်လာသည်။ တစ်ကိုက်ကိုက်လိုက်ပြီးနောက် အသီးကကြွပ်ဆတ်ကာ အရည်လည်းရွှမ်းသည်ဟု သူမတွေးလိုက်သည်။ 


အရမ်းချိုတာပဲ...


မင်လျိုရီက အရသာကို ချက်ချင်းသဘောကျသွားတော့သည်။ တစ်လုံးစားပြီးနောက် သူမက ချက်ချင်း နောက်တစ်လုံးကိုယူကာ အခွံခွာရင်း ယောင်ကျိကျိုးဆီသို့ လျှောက်လာလိုက်သည်။


ယောင်ကျိကျိုး၏ဝှီးချဲက သစ်ပင်အောက်တွင် ရှိနေပြီး မြင့်မားသည့်လိုင်ချီးပင်များဖြင့် ဝန်းရံနေသောကြောင့် သူ့အတွက်အရိပ်များစွာရနေသည်။ 


သို့သော်လည်း အလင်းတန်းလေးတစ်ခုက သူ့မျက်လုံးကို လာထိုးနေသကဲ့သို့ ယောင်ကျိကျိုး ခံစားလိုက်ရသည်။ သူက မသက်မသာဖြင့် မျက်တောင်ခတ်လိုက်၏။ 


သူက ပတ်ဝန်းကျင်မှ အသံအားလုံးကို မေ့ပျောက်ကာ အာရုံအားလုံးက သူ့မျက်လုံးတွင်သာ ရှိနေ၏။ ရုတ်တရက် သူ့ဇနီးလေး၏ နူးညံ့သည့်အသံလေးထွက်ပေါ်လာသည်။ 


မင်လျိုရီပြောလာ၏။


"ယောင်ကျိကျိုး...ကျွန်မရှင့်အတွက် လိုင်ချီးကို အခွံခွာထားပေးတယ်...မြည်းကြည့်ပါဦး”


ခေါ်သံကြားသောကြောင့် ယောင်ကျိကျိုးက ခေါင်းကိုလှည့်လာကာ သူမရှိနေသည့်လားရာဘက်ကို ကြည့်လာသည်။ မျက်တောင်များအကြိမ်အနည်းငယ် တုန်ယင်သွားပြီးနောက် သူက ဖြေးညင်းစွာနှင့် မျက်လုံးများကို ဖွင့်လာခဲ့သည်။ 


ချက်ချင်း တောက်ပသည့်အလင်းရောင်က သူ့အရှေ့တွင်ပေါ်လာ၏။ အလင်းဒဏ်ကိုမခံနိုင်သောကြောင့် ယောင်ကျိကျိုး မျက်တောင်ခတ်လိုက်ပြန်သည်။ 


ဝေဝါးနေသည့်အမြင်များက ဖြေးဖြေးချင်း သူ့အရှေ့မှ အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။ သူမက ဂါဝန်အရှည်လေးကို ဝတ်ဆင်ထားသည်။ သူမအနောက်တွင် လိုင်ချီးပင်အုပ်ကြီးရှိနေ၏။ သူမ၏မျက်လုံးများက တောက်ပကာ သန့်ရှင်းသည့်ရေကန်တစ်ကန်ကဲ့သို့ ကြည်လင်နေပြီး ဆွဲဆောင်မှုရှိသည်။ သူမ၏ဖြူဖွေးနေသည့်အသားအရေက အပင်အရိပ်အောက်တွင် တောက်ပနေပြီး သူမ၏နူးညံ့သည့် နှုတ်ခမ်းပါး‌လေးက ယခုလေးတွင် တစ်ခုခုကို စားထားသည့်ပုံရသည်။ နှုတ်ခမ်းများမှာ စိုစွတ်နေ၏။


သူမက အခွံခွာထားသည့် လိုင်ချီးကိုကိုင်ရင်း ယောင်ကျိကျိုး၏အမည်ကိုခေါ်ကာ ဖြေးဖြေးချင်းလျှောက်လာသည်။ 


ယောင်ကျိကျိုးမှင်သက်သွား၏။ မင်လျိုရီလည်း ယောင်ကျိကျိုးက မျက်လုံးများဖွင့်ထားသည်ကို သတိထားမိလိုက်သည်။



🥰