🥰 Chapter 121 ✅
ရွာသူရွာသားများအား ထိုကဲ့သို့ပြောင်းရွှေ့ခိုင်းပါက သနားဖို့ကောင်းလိမ့်မည်။
သို့သော်လည်း သူသာ ရှန်ဟိုင်းပရောဂျက်လုပ်ဆောင်နေစဥ်အတွင်း ရွာသူရွာသားများနှင့် လိုင်ချီးသီးများ၏လုံခြုံရေးကို အာမခံပေးနိုင်လျှင် ရှင်းဟိုင်မြို့အတွက် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်လာလိမ့်မည်။ ယောင်ကျိကျိုးက ထိုသို့မြင်မိ၏။
သို့သော်လည်း ရွာသူရွာသားများနှင့် ရွာလူကြီးခေါင်းဆောင်တို့က ရှေးရိုးဆန်လွန်းကြသည်။ သူတို့က သူတို့၏ရိုးရှင်းသည့် ဘဝများကို မပြောင်းလဲချင်ကြပေ။ ထို့ကြောင့် ရှင်းဟိုင်မြို့၏ပရောဂျက်က တစ်နှစ်ကျော်လောက် ရပ်ဆိုင်းထားခဲ့ရသည်။
ဒီအစီအစဥ် အလုပ်မဖြစ်ဘူးဆိုရင် နောက်တစ်ခုကတော့ အလုပ်ဖြစ်နိုင်လောက်တယ်…
ယောင်ကျိကျိုးက သူ၏မူလအစီအစဥ်ကို ပြောင်းလဲလိုက်သည်။ သူက ပထမဆုံး လိုင်ချီးယဥ်ကျေးမှုကျေးရွာကို တည်ဆောက်ပြီး ရွာသူရွာသားများအား ၎င်း၏သက်ရောက်မှုနှင့် သူ၏စိတ်ရင်းမှန်များကို ပြသချင်သည်။ ထို့နောက် ရှင်းဟိုင်မြို့တွင် အခြားပရောဂျက်များကို ဆက်လက်လုပ်ဆောင်မည်။
အတွင်းရေးမှူးဟဲက အစီအစဥ်အနည်းငယ်ကို ကြိုတင်၍ ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့လုပ်ရန် ကျန်ရှိနေသည်က လိုင်ချီးကျေးရွာနှင့်ဆွေးနွေးရန်သာဖြစ်သည်။
ထိုကိစ္စသည် ယောင်ကျိကျိုး ရှန်ဟိုင်းသို့ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။
…
ယောင်ကျိကျိုးနိုးလာချိန်တွင် မျက်လုံးများ အနည်းငယ် အဆင်မပြေဖြစ်နေသော်လည်း သူကဒီအတိုင်းလျစ်လျူရှုနေလိုက်သည်။ ယခုရက်များတွင် ပင်လယ်စာများ အစားများသွားသောကြောင့် မျက်လုံးများကျိန်းစပ်နေတာ ဖြစ်နိုင်သည်ဟု သူတွေးမိသည်။
မနက်ပိုင်းအလုပ်များပြီးသွားပြီးနောက် နေ့လည်စာစားပြီးလျှင် တစ်မှေးလောက်မှေးလိုက်မည်ဟု သူတွေးလိုက်သည်။ မင်လျိုရီ အခန်းထဲသို့ ဝင်လာသည့်အခါ ယောင်ကျိကျိုး နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမ သူ့ကို မနှောင့်ယှက်တော့ပေ။
ညအချိန်သို့ ရောက်လာသောအခါ မင်လျိုရီက ယောင်ကျိကျိုးကို ညစာအတွက် လာနှိုးလေသည်။
ယောင်ကျိကျိုးက သူ့အားနှိုးနေသည်ကို သိသော်လည်း မထပေ။ သူသည် အိပ်ချင်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ကလည်း လေးလံနေသောကြောင့် လျင်မြန်စွာပဲ ပြန်လည်အိပ်ပျော်သွားခဲ့သည်။
အချိန်ဘယ်လောက်အိပ်ပျော်သွားလဲ ယောင်ကျိကျိုး မသိပေ။ သို့သော် သူခံစားမိသည်က သူ့ဇနီးလေးလည်း အိပ်ရာထဲတွင် ရှိနေသည်ကိုပင်။ သူမ၏အသက်ရှူသံက ဖြေးဖြေးမှန်မှန်လေးရှိနေသောကြောင့် သူမ အိပ်ပျော်နေတာဖြစ်လိမ့်မည်။
ယောင်ကျိကျိုးက ညင်သာစွာဖြင့် သူ့ဇနီးလေးကို ရင်ခွင်ထဲသို့ ပွေ့ဖက်လိုက်သည်။ နေ့လည်ဘက်တွင် သူမနှင့် အတူ အချိန်မကုန်ဆုံးခဲ့ရသောကြောင့် သူ သူမကို အရမ်းလွမ်းနေခဲ့သည်။ ယောင်ကျိကျိုးက လက်မြှောက်၍ သူ့ဇနီး၏မျက်နှာကို မျက်လုံးမှသည် နူးညံ့သည့်နှုတ်ခမ်းပါးများအထိ ထိတွေ့လိုက်သည်။
မင်လျိုရီက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။ သူမ၏ပါးစပ်လေးက တစ်ယောက်ယောက် အရသာခံမည်ကို စောင့်ဆိုင်းနေသကဲ့သို့ အနည်းငယ်ပွင့်ဟနေသည်။
ယောင်ကျိကျိုးက သူမအား ရတနာလေးတစ်ခုကဲ့သို့ ဂရုတစိုက်ထိတွေ့ပြီး နူးညံ့စွာနမ်းလိုက်ကာ ပြောလိုက်သည်။
“ကိုယ့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”
ထို့နောက် သူမ၏ဆံပင်လေးများကို ပွတ်သပ်လိုက်ကာ ပြန်အိပ်လိုက်သည်။
...
နောက်နေ့မနက်တွင် လေထုကရုတ်တရက် ပြင်းထန်နေသည်။
မင်လျိုရီ တစ်စုံတစ်ခုမှားနေသည်ကို ခံစားမိသောကြောင့် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ရှင်ဒီနေ့ အရေးတကြီး လုပ်စရာရှိလို့လား”
“အရေးမကြီးပါဘူး... ကိုယ် မင်းကို လိုင်ချီးရွာဆီ အလည်အပတ်ခေါ်သွားမလို့”
ယောင်ကျိကျိုး ဖျော့တော့စွာ ပြောလိုက်သည်။
ဘာမှမဟုတ်ပါဘူးဟု ပြောလိုက်သော်လည်း ကျောက်ချမ်းက သူ့အားအနောက်တိုင်းဝတ်စုံ ဝတ်ဆင်ပေးပြီး မင်လျိုရီက သူ့အားနက်ခ်တိုင်ကူချည်ပေးလာချိန်တွင် အရေးတကြီးမဟုတ်မှန်း ယုံရန်ခက်လှသည်။ ယောင်ကျိကျိုးနှင့် လိုက်ဖက်ရန်အတွက် မင်လျိုရီလည်း သပ်သပ်ရပ်ရပ် ဝတ်ဆင်ရသည်။
အတွင်းရေးမှူးဟဲက သူ့အားအချက်အလက်များ နောက်တစ်ခါ ပြောပြသည်ကိုအတည်ပြုပြီးနောက်တွင် သူတို့ထွက်လာခဲ့ကြသည်။
ရွာလူကြီးခေါင်းဆောင်က ယောင်ကျိကျိုးလာရောက်လည်ပတ်သည့် ရည်ရွယ်ချက်ကို သိသောကြောင့် သူနှင့်မတွေ့ချင်သော်လည်း ယောင်ကျိကျိုးက ဝှီးချဲပေါ်တွင်ထိုင်လျက်လာနေသည်ကို တွေ့သောကြောင့် ရွာလူကြီးခေါင်းဆောင်က သူနှင့်တွေ့ဆုံရန်ဆုံးဖြတ်လိုက်ရသည်။
ရွာလူကြီးခေါင်းဆောင်က မင်လျိုရီအား ပထမဆုံးအကြိမ်တွေ့ဖူးတာဖြစ်သည်။ တစ်ချိန်လုံး လိုင်ချီးပင်များကို စိုက်ပျိုးခဲ့တာကြောင့် သူကအပင်များ၏ စွမ်းအင်များကို ခံစားနိုင်သည်။ သို့သော် ယခုတွင် သူသည် မင်လျိုရီ၏စွမ်းအင်ကို ခံစားနေရသည်။
မင်လျိုရီက ယောင်ကျိကျိုး၏မိန်းမဖြစ်ကြောင်း သိသွားပြီးနောက် ရွာလူကြီးခေါင်းဆောင်၏ ယောင်ကျိကျိုးအပေါ် အမြင်များ တိုးတက်သွားသည်။
....
သူက ရွာထဲမှလူငယ်အနည်းငယ်ကို ခေါ်လိုက်ပြီး အသေးစိတ်ရှင်းပြနေသည့် အတွင်းရေးမှူးဟဲ၏ အစီအစဥ်များကို နားထောင်စေသည်။
လူတိုင်း၏အမူအရာအများက လေးနက်လာကြသည်။ ယခုတစ်ချိန်တွင်တော့ လူငယ်များနှင့် ရွာလူကြီးခေါင်းဆောင်က ရွာမှာ တန်ဖိုးထားခံရကြောင်း ခံစားလိုက်ရသည်။ ယောင်ကုမ္ပဏီက ပရောဂျက်ကို တိုးတက်အောင်လုပ်ချင်ရုံသာမက လိုင်ချီးကျေးရွာ၏ယဥ်ကျေးမှုနှင့် လူတိုင်း၏ဘဝများကို တိုးတက်အောင် လုပ်ချင်နေသည်။
ရွာလူကြီးက လက်ထဲမှ အစီအစဥ်အသေးစိတ်ကို ချ၍ ပြောလာ၏။
“ငါတို့ ဒါကို သေချာ လေ့လာရဦးမယ်... ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်”
ရွာလူကြီးခေါင်းဆောင်၏ စကားကိုကြားသောအခါ လူအုပ်ကြားထဲမှ လေးလံနေသည့်လေထုက ချက်ချင်း ပြေပျောက်သွားလေသည်။
“အခုက လိုင်ချီးရိတ်သိမ်းရတဲ့ ရာသီပဲ”
ရွာလူကြီးခေါင်းဆောင် ဆက်ပြောလာသည်။
“အဲ့ဒါက အရမ်းလှတယ်... မင်းတို့ကြည့်ရအောင် လိုင်ချီးစိုက်ပျိုးရေးခြံဆီ ခေါ်သွားပေးမယ်”
သူတို့အားလုံး ရွာလူကြီးခေါင်းဆောင်၏ အိမ်ထဲမှ ထွက်လာသောအခါ ရွာသူရွာသားများက အိမ်အပြင်ဘက်တွင် သတင်းအတွက် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေသည်ကို တွေ့လိုက်ရ၏။
“ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြ”
ရွာလူကြီး ခေါင်းဆောင်က လက်ဝှေ့ရမ်းပြရင်း ပြောလိုက်သည်။
“ငါတို့ရဲ့ ကျက်သရေရှိ ဧည့်သည်တွေကို လိုင်ချီးခြံဆီခေါ်သွားလိုက်ဦးမယ်”
လူတိုင်းက “ကျက်သရေရှိဧည့်သည်တွေ” ဆိုသည့် စကားကိုကြားသောအခါ ရွာလူကြီးခေါင်းဆောင်၏ သဘောထားကို နားလည်သွားကြပြီး စိတ်အေးသက်သာစွာဖြင့် ထွက်သွားကြတော့သည်။
ကလေးများထဲမှ တစ်ယောက်က မိဘများကိုမေးလာ၏။
“မေမေ...ဝှီးချဲပေါ်က မျက်စိကန်းနေတဲ့လူက သူဌေးဖြစ်နိုင်လားဟင်”
ကလေးအမေက ချက်ချင်း သူမကလေး၏ ပါးစပ်ကို လက်ဖြင့်ပိတ်လိုက်ရင်း ကသိကအောက်ဖြင့်ရယ်လိုက်သည်။ သူမက တီးတိုးဆို၏။
“အဓိပ္ပာယ်မရှိတာတွေမပြောနဲ့... အဲ့ဒါအရမ်းရိုင်းတယ်”
ကလေးက ဆက်ပြောလေသည်။
“ဒါပေမယ့် မေမေ...လူတွေရဲ့ကွယ်ရာမှာ သူတို့အကြောင်းပြောတာက မယဥ်ကျေးရာရောက်
တယ်လို့ မေမေပဲပြောခဲ့တာမလား... အခု သူတို့အရှေ့မှာ ပြောတော့လည်း ရိုင်းတာပဲလား”
ကလေးအမေက သူမ၏ကလေးကို လည်ပင်းးညှစ်သတ်ချင်လာတော့သည်။ သူမက ကသိကအောက်ဖြင့် ကလေးကိုချီကာ ချက်ချင်း ထွက်သွားရန်ပြင်တော့သည်။
သူတို့စိတ်ခုသွားမည်ကို စိုးရိမ်သောကြောင့် မင်လျိုရီက ကလေးထံလျှောက်လာပြီး ပြုံးလိုက်သည်။
“ဟယ်လို...သူငယ်ချင်းလေး... ဘယ်သူမဆို ကြိုးစားရင် သူဌေးဖြစ်လာနိုင်ပါတယ်... မင်းက အရမ်းထက်မြက်တာပဲ... စာကြိုးစားပြီး မင်းအမေစကားကို သေချာနားထောင်နော်... မင်းလည်း တစ်နေ့ကျ သူဌေးဖြစ်လာလိမ့်မယ်”
🥰