🥰 Chapter 120 ✅
ရှန်းလွေ့က ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်ပြီး အားလုံးကို ရှင်းလင်းရန်ပြောလိုက်သည်။
ရှောင်ဖန်းသည် မင်လျိုရီကို ကူညီပေးချင်သော်လည်း မဒမ်သည် အဆင်ပြေနေပုံရပြီး မက်တပ်ရပ်ကာ ဗီလာသို့လျှောက်သွားနေသည်။
ကျောက်ချမ်းသည်လည်း ယောင်ကျိကျိုးကို အိပ်ခန်းဆီသို့ ပြန်ပို့ပေးခဲ့သည်။
အသားကင်တာက ကမ်းခြေတွင်ဖြစ်သော်လည်း သူတို့၏အ၀တ်တွင် မီးခိုးနံ့နှင့်အကင်နံ့များစွဲနေဆဲဖြစ်သည်။ မင်လျိုရီက ကျောက်ချမ်းကို ယောင်ကျိကျိုးအား ရေချိုးကူပေးရန် ပြောလိုက်ပြီးနောက် သူမကိုယ်တိုင်ရေချိုးလိုက်သည်။
မင်လျိုရီ ရေချိုးခန်းမှထွက်လာတော့ ယောင်ကျိကျိုးသည် ရေမွေ့ယာ၏ခေါင်းပိုင်းတွင် မှီကာထိုင်နေခဲ့သည်။
ရေချိုးလိုက်တာကြောင့် ခေါင်းကိုက်ခြင်းများ မရှိတော့ပဲ အတော်အတန်ပြေလျော့သွားခဲ့သည်။
မင်လျိုရီက သူမ၏ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ပြုလုပ်တော့သည်။ သူမ ဆံပင်ကိုလေမှုတ်လိုက်ပြီး စကင်ခဲပြီးနောက် ယောင်ကျိကျိုး၏ မျက်လုံး
နှင့်ခြေထောက်များကို နှိပ်နယ်ပေးနေသည်။
မင်လျိုရီသည် သူမပုံမှန်ပြန်ဖြစ်လာပြီဟုထင်ခဲ့သော်လည်း သူမလှုပ်ရှားလိုက်တိုင်း ပုံမှန်နှင့် မတူတော့ပေ။ တစ်စက်တည်းဖြစ်ရမည့် စမ်းချောင်းရေသည် မထင်မှတ်ဘဲ သုံးစက်ဖြစ်သွားခဲ့သည်။
မင်လျိုရီ၏ နှလုံးသားက နာကျင်သွားတော့သည်။ ဒီစမ်းရေတွေက အလကားဖြစ်သွားရင် ပိုတောင်နာကျင်ရဦးမည်။ သူမက ညင်သာစွာဖြင့် လက်နှစ်ဖက်အားပွတ်ကာ ယောင်ကျိကျိုး၏ မျက်လုံးပေါ် ဖိကပ်ပေးလိုက်သည်။
ယောင်ကျိကျိုးက တစ်ခါတည်းနှင့် ခံစားမိသွားခဲ့သည်။
သာမန်တွင် သူ့ဇနီး မျက်လုံးကိုနှိပ်ပေးသည့်အချိန်တိုင်း အအေးဓာတ်သာ ခံစားရသော်လည်း ယနေ့တွင် မတူတော့ချေ။
တောင်ကျစမ်းရေမှလာသည့် အေးမြမှုသည် ပြင်းထန်ပြီး မျက်လုံးမှတစ်ဆင့် ၀င်ရောက်လာသည့် စွမ်းအားသည် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ယောင်ကျိကျိုးသည် မျက်လုံးမှ နာကျင်မှ အနည်းငယ်ခံစားလိုက်ရသော်လည်း သည်းခံနိုင်သေးသည်။ မင်လျိုရီ၏လက်များဖယ်သွားသည့်အခါ ကြွက်သားများတင်းကြပ်လာပြီး ခဏအကြာတွင်လျင်မြန်စွာပဲ ပြေလျော့သွားခဲ့သည်။
ထို့နောက် မင်လျိုရီသည် ယောင်ကျိကျိုး၏ခြေသလုံးများ၊ ဒူးများကို နှိပ်နယ်ပေးခဲ့သည်။
အရင်က မင်လျိုရီ၏နှိပ်နယ်အားသည် အတူတူပင်ဖြစ်သော်လည်း ယနေ့တွင် ရံဖန်ရံခါ အားပျော့ပြီး ရံဖန်ရံခါ အားပြင်းလာတတ်သည်။ ပြင်းထန်သည့်အားသည် ရေမွေ့ယာကြောင့် ပိုမိုသိသာနေသည်။
မင်လျိုရီသည် အလွန်ပင်ပန်းနေပုံပေါ်ပြီး ယောင်ကျိကျိုးကို ဘာမှမပြောဘဲနှင့် နှိပ်နယ်ခြင်းကို ရပ်တန့်လိုက်သည်။ သူမက သူ့ဘေးတွင် လှဲချလိုက်သည်။ ရေမွေ့ယာသည် မင်လျိုရီ၏ လှုပ်ရှားမှုအတိုင်း ရွေ့လျားကာ မင်လျိုရီလဲ အထက်အောက် ရွေ့နေသည်။
သူမ လှဲပြီးမကြာခင်တွင် မင်လျိုရီသည် ယောင်ကျိကျိုးကို မှီခိုလာခဲ့ပြီး သူမခေါင်းကို ယောင်ကျိကျိုး ရင်ဘတ်ပေါ် တင်ထားခဲ့ကာ ထိုအတိုင်းပင် အိပ်ပျော်သွားခဲ့သည်။
အမှောင်ထဲတွင် ယောင်ကျိကျိုးသည် မင်လျိုရီ၏ မျက်လုံးအား ထိကြည့်ခဲ့သည်။ ချောမွတ်နူးညံ့ပြီး ထိုခံစားချက်က သူ့အားစိတ်ကျေနပ်စေသည်။ သူ့ဇနီးလေးက သိပ်မလေးတာကိုပင် ကျေးဇူးတင်ရမလိုဖြစ်နေသည်။
...
ယောင်ကျိရန်သည် ယောင်ကျိကျိုးနှင့်မင်လျိုရီက ဗီလာတွင် နေ့တိုင်းပျော်ပါးကာ ကမ်းခြေတွင် ဖျော်ဖြေဖို့ တီးဝိုင်းပင်ငှားခဲ့သည့် သတင်းကို ကြားသိလိုက်ရတော့ လှောင်ပြောင်လိုက်သည်။
သူ့ရဲ့ မျက်မမြင်ဒုက္ခိတ ပလေးဘွိုင်းအစ်ကိုက သူ့ကို ဘယ်နည်းနဲဘများ ပြိုင်ဆိုင်နိုင်မှာလဲ...
ကယ်ဆယ်ရေးသည် ကျော်ကြားမှုစာရင်း၀င်သွားခဲ့ပြီးနောက် ယောင်ကျိရန်သည် စုံစမ်းဖို့လူလွှတ်ခဲ့သည်။ ပရဟိတအဖွဲ့အစည်းတွင် နောက်ခံမရှိဘဲ အဖွဲ့အစည်းကြီးကြီးမားမားနှင့် ပူးပေါင်းထားခြင်းလဲမရှိပေ။ ယောင်ကျိရန်သည် ထိုအရာက တိုက်ဆိုင်မှုတစ်ခုဟုသာ ကောက်ချက်ချခဲ့သည်။
မင်လျိုရီသည် ချိုက်မိသားစုမှလာခဲ့သော်လည်း သူမရှင်သန်လာခဲ့သည့် ပတ်၀န်းကျင်၊ ဗဟုသုတနှင့် အရှိန်အဝါက ချိုက်ရီရှီးနှင့် မယှဉ်နိုင်ပေ။ ချိုက်မိသားစုက မင်လျိုရီကို မကူညီခဲ့ရမှာ...
ထိုသို့တွေးလိုက်တော့ အဲဒီတောသူမ မင်လျိုရီက ယခုအခြေအနေတွင် ဘာလွှမ်းမိုးမှုမှမရှိပေ။ သူမတွင် မြူဆွယ်နည်း အနည်းငယ်နှင့် ယောင်ကျိကျိုးသူမကို ချစ်လာအောင် လုပ်ခဲ့လို့ပဲနေမည်။
ဒါက ယောင်ကျိရန်လိုချင်သည့် အရာပင်။ သူ့အား အချိန်များများနှင့် အခွင့်အလမ်းများ ပိုရစေလိမ့်မည်။
ယောင်ကျိရန်သည် ရှန်ဟိုင်းပရောဂျက်ကို အခြေခံနားလည်ထားပြီး အလုပ်သမားအားလုံးကို သူ့ဘက်ဆွယ်နိုင်မည့်အနေအထားရောက်နေပြီဖြစ်သည်။ နောက်ထပ်ခြေလှမ်းသည် ဘုတ်အဖွဲ့၀င်များဖြင့် တိုက်ခိုက်ရန်ဖြစ်ပြီး အရာအားလုံးက ယောင်ကျိရန်၏အစီအစဉ်အတိုင်းသာသွားနေသည်။
ထို့ကြောင့် ယောင်ကျိရန်သည် စိတ်အခြေအနေကောင်းနေပြီး ဒီခရီးက ပင်ပန်းသည်ဟု မခံစားရပေ။
...
မစ္စတာဟဲသည် အခြေအနေများကို ယောင်ကျိကျိုးထံ တင်ပြနေသည်။
"ဥက္ကဌ"
မစ္စတာဟဲက ပြောလိုက်၏။
"ယောင်ကျိရန်က ဒီနေ့မနက်ပဲ ရှန်ဟိုင်းကနေ ပြန်သွားပါပြီ အချိန်က ကျွန်တော်ခန့်မှန်းထားတဲ့အတိုင်းပါပဲ"
"အစီအစဉ်အတိုင်း ဆက်လုပ်မယ်"
ယောင်ကျိကျိုးက ခေါင်းငြိမ့်လိုက်သည်။
"ငါတို့ လိုက်ချီးရွာကို မနက်ဖြန်မနက်သွားမယ်လို့ သတင်းလွှင့်လိုက်"
နာမည်အတိုင်းပင် ထိုရွာသည် လိုက်ချီးကို အဓိကထုတ်လုပ်ပြီး ရှည်လျားသည့်သမိုင်းရှိခဲ့သည်။ သူတို့၏ ဘိုးဘေးများနေထိုင်စဉ်ကတည်းက လိုက်ချီးများကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ရွာတည်နေရာသည် ဖြစ်ချင်တော့ ရှန်ဟိုင်းပရောဂျက်၏ နယ်ပယ်ထဲတွင်ဖြစ်ပြီး ပရောဂျက်ရပ်နားလိုက်ရသည့် အကြောင်းအရင်းလဲဖြစ်သည်။ ရွာသားများသည် ထိုနေရာကို မစွန့်ခွာနိုင်သလို သူတို့၏ လိုက်ချီးစိုက်ခင်းများကို မထားခဲ့နိုင်ကြပေ။
လိုက်ချီးပင်များသည် နွေဦးတွင်ပွင့်ပြီး နွေရာသီတွင် အသီးသီးကြသည်။ ပန်းပွင့်ချိန်နှင့် အသီးသီးချိန်အား ကြည့်ရှုရချိန်က မျက်စိပဒေသာပင်။
ထို့အပြင် ဤနေရာတွင် လိုက်ချီးများက ပေါများလှသည်။ ကောင်းကင်ဘုံမှ ကောင်းချီးပေးခံရသည့်အလား နှစ်စဉ်ရိတ်သိမ်းနှုန်းသည် များပြားပြီး လိုက်ချီးများကလဲ ကြီးမားကာချိုမြိန်သည်။
ရွာကလေးတွင် နောက်ထပ်အထူးအချက်ရှိသေးသည်။ ရှေးကျသည့် လိုက်ချီးဝိုင်ဖောက်သည့်နည်းပင်ဖြစ်သည်။ လိုက်ချီးနှင့်ပတ်သက်သည့် အခြားထုတ်ကုန် အများအပြားကို တီထွင်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ရှိပြီဖြစ်သည်။
🥰