အပိုင်း၁၂၇
Viewers 11k

🥰 Chapter 127 ✅


ယောင်ကျိကျိုးက ထိုကိစ္စနှင့်ပတ်သက်၍ နှလုံးသားထဲတွင် အသားကျလာပုံရသည်။ သူက မျက်လုံးများကိုဖွင့်လိုက်ပြီး အမူအရာတစ်ခုလေးကိုတောင် လွတ်မသွားချင်သည့်အလား သူ့မိန်းမ၏မျက်နှာကို ကြည့်နေသည်။ 


ယောင်ကျိကျိုးက ရုပ်ဆိုးလွန်းသည့်သူ့ခြေထောက်များကို ရွံရှာမိသည်။ သူမလိုလှပသည့်အမျိုးသမီးတစ်ယောက်အတွက်ကတော့... သူမလည်း သူ့ခြေထောက်များကို မုန်းနေလောက်မည်။ 


သို့သော်လည်း သူ့မိန်းမလေးက သူ့ခြေထောက်များကို မမုန်း‌‌ပေ။ အမာရွတ်များကို လုံး၀ဂရုမစိုက်သည့်အတိုင်း တစ်ချိန်လုံး သူမမျက်နှာပေါ်တွင် အပြုံးလေးရှိနေသည်။ သူမက ရွံရှာမုန်းတီးခြင်းတစ်စုံတစ်ရာမရှိဘဲ ညင်သာစွာဖြင့် နှိပ်နယ်ပေးနေသည်။ 


သူမ၏လက်များက နူးညံ့သော်လည်း လျှပ်စစ်စီးကြောင်းကိုဖြစ်ပေါ်စေတတ်သည့်ပုံရသည်။ ယောင်ကျိကျိုး၏ အကြောသေနေသည့် ခြေထောက်ကို သူမထိလိုက်သည့်အချိန်တိုင်း ထုံထိုင်းသွားသည့်ခံစားချက်ကို ခံစားရသည်။ 


နှိပ်နယ်ပြီးနောက် ယောင်ကျိကျိုးက သူမအား ပြုံး၍ ကြည့်နေဆဲဖြစ်ကြောင်း မင်လျိုရီ တွေ့လိုက်ရသည်။ 


“ကောင်းပြီ... ကျွန်မရှင့်ကို မနေ့ကနှိပ်မပေးလိုက်ရဘူး... ဒီနေ့ ကြာကြာလေးနှိပ်ပေးမယ်”


မင်လျိုရီ၏အပြုံးက မြူများကိုဖယ်ရှားပေးလိုက်သလို ယောင်ကျိကျိုး၏ မျက်လုံးထဲသို့ နေရောင်ခြည်များ သမ်းလာစေသည်။ 


...


မင်လျိုရီက အိပ်ယာတွင်ဝင်လှဲရန် အလျင်မလိုလိုက်ပေ။ သူမရှန်ဟိုင်းမြို့သို့ သွားနေချိန်တွင် အိပ်ရာမဝင်ခင် ယောဂမလုပ်ဖြစ်ပေ။ ယနေ့တွင်တော့ သူမက ယောဂကို သေချာလေးကျင့်နိုင်တော့မည်။ 


သူမက အိပ်ရာပေါ်တွင် ဒူးထောက်ကာ လက်များကို ဆန့်တန်းလိုက်ပြီး ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း နှိမ့်ချလာပြီး balasana (Child’s pose) လုပ်ရန်ပြင်လိုက်သည်။ 


မင်လျိုရီ၏နဖူးက အိပ်ရာခင်းကို ထိတော့မည့်အချိန်တွင် နွေးထွေးသည့်အရာတစ်ခုကို ခံစားလိုက်ရသည်။ ယောင်ကျိကျိုးက သူ့လက်ကို သူမနဖူးအောက်တွင်ထားလာ၏။


ယောင်ကျိကျိုး နိုးမလာခင်တွင် သူ့မိန်းမလေးက ညတိုင်း သူမနဖူးကို ကာကွယ်ရန် သူ့လက်ကို အသုံးပြုခဲ့သည်မဟုတ်ပါလား... ယောင်ကျိကျိုးက သူမယောဂကျင့်နေမှန်းသိနေခဲ့သော်လည်း မည်သို့ပုံစံရှိမှန်းမသိခဲ့ချေ။ ယခုတွင်တော့ သူအမြင်အာရုံပြန်ရချိန်တွင် မနေနိုင်ဘဲ သိချင်လာ၏။ 


သူ့မိန်းမလေးတွင် အချိုးအစားကျသည့် ခန္ဓာကိုယ်ရှိကာ ယောဂကျင့်သည့်အချိန်တွင် ပို၍ကျော့ရှင်းလှပသည်။ ‌ယောင်ကျိကျိုးက သူလွတ်သွားခဲ့သည့်အရာများအားလုံးကို ပြန်လည်ခံစားချင်မိသည်။ သူ ပြန်နိုးလာသည့် အချိန်ကတည်းက ပထမဆုံးအကြိမ်မှလွဲ၍ သူ့မိန်းမလေးက သူနှင့်အချိန်အကြာကြီး ယောဂမကျင့်ခဲ့ပေ။ 


ယနေ့တွင်တော့ ယောင်ကျိကျိုးက အခွင့်အရေးကို အမိအရဆုပ်ကိုင်ခဲ့ပြီး သူ့မိန်းမလေး၏ စည်းချက်နှင့်လည်း လိုက်ညှိနိုင်ခဲ့သည်။ သူမနေနိုင်ဘဲ ပြုံးလိုက်၏။ 


"ဒီနေ့က ကိုယ်တို့တွေ နှစ်ယောက်တွဲယောဂလုပ်တဲ့နေ့လေ”


သူ့မိန်းမလေး၏ အပြုံးကိုမြင်သောအခါ ယောင်ကျိကျိုးက ပျော်ရွှင်မြူးထူးစွာဖြင့် တွေးလိုက်သည်။ 


ငါ့ရဲ့ဇနီးလေးလည်း စိတ်ပျော်ရွှင်နေတယ်... ကြည့်ရတာ ငါကောင်းကောင်းလုပ်ခဲ့တဲ့ပုံပဲ... နောက်ဆုံးတော့ ငါဖြစ်နေတာပဲ...


...


ချိုက်မိသားစုက ပညာတတ်မိသားစုဖြစ်ပြီး အားလုံးက ပညာဗဟုသုတကြွယ်ဝသည့် သူများဖြစ်ကြသည်။ ချိုက်ဝမ်လွမ့်၏မျိုးဆက်တွင် သူက အသိုင်းအဝိုင်းထဲ၌ ကျော်ကြားသည့် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ဗဟုသုတအလွန်ကြွယ်ဝသူလည်းဖြစ်သည်။ 


ထို့အပြင် ချိုက်ဝမ်လွမ့်က သူ့မိသားစုအပေါ်တွင် မမှီခိုပေ။ သူငယ်ရွယ်စဥ်က ရရှိခဲ့သည့် ပထမဆုံးရွှေအိုးမှာ ကုမ္ပဏီအမျိုးမျိုးတွင် မိန့်ခွန်းများပြောကြားခြင်းနှင့် အမျိုးမျိုးသော စီးပွားရေးအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်းဖြင့် ရရှိခဲ့ခြင်းဖြစ်၏။ 


နောက်ပိုင်းတွင် သူက လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည့် အင်တာနက်ကို လက်ခံအသုံးချလိုက်သောကြောင့် ချမ်းသာကြွယ်ဝမှုများက အလျင်အမြန်ကြီးထွားလာခဲ့သည်။ သူက တက်သစ်စလူတစ်ဦးဖြစ်လာပြီး မိသားစု၏ချမ်းသာကြွယ်ဝမှုများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ သူကနှစ်များစွာကြာအောင် ချောချောမွေ့မွေ့နှင့် ရွက်လွှင့်ခဲ့သည်ပင်။ 


ဒီနှစ်တွင် ချိုက်ဝမ်လွမ့်က ၅၃နှစ်သာ ရှိသေးသည်။ ကြီးကျယ်သည့်နှစ်မဟုတ်သေးသော်လည်း စားပွဲအနည်းငယ် ပြင်ဆင်ကာ မိသားစုအနည်းငယ်နှင့် ပေါင်းလူးဆက်ဆံရန် လိုအပ်သေး၏။ ကြီးကျယ်သည့် ပွဲမျိုးမဟုတ်သော်လည်း သူတို့က ချမ်းသာသည့်မိသားစုဖြစ်နေသေးသည်။ သဘာဝကျစွာဖြင့် ပွဲက ရိုးရိုးရှင်းရှင်းမဖြစ်ဘဲ အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်လိုက်သည်။ 


ပွဲကျင်းပမည့်နေရာနှင့် လိုက်လျောညီထွေရှိစေရန် တက်ရောက်လာသူအားလုံးက တရုတ်ရိုးရာဝတ်စုံများကို ဝတ်ဆင်ရမည်ဟု ဖိတ်ကြားလွှာများတွင် အထူးတလည် ဖော်ပြထားသည်။ 


ယောင်ကျိကျိုးက မင်လျိုရီအတွက် ချီဖောင်ဝတ်စုံကို စိတ်ကြိုက်ချုပ်လုပ်ပေးရန် တစ်ယောက်ယောက်ကို ငှားရမ်းခဲ့ပြီး ဝတ်စုံမှာ လွန်ခဲ့သည့်နှစ်ရက်အကြာတွင် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။


မင်လျိုရီက ချီဖောင်ဝတ်စုံကို မြင်ပြီးနောက် အကြည့်မလွှဲနိုင်တော့ပေ။ အဖြူရောင်ချီဖောင်အပေါ်တွင် ရွှေရောင်အပါးလွှာလေး တစ်ထပ်ထပ်ထားသည်။ အလင်းရောင်အောက်တွင် ၎င်းက ကြယ်များကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေ၏။ ပုံစံကွက်က အကွက်အကွက်များဖြင့် ပုံဖော်ထားရာ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ကိုပေးစွမ်းနေသည်။ ရင်ဘတ်ရှိ ကြယ်သီးများမှာလည်း အလွန်လှပ၏။


အသစ်ချုပ်လုပ်ထားသည့် ချီဖောင်က ရိုးရာပုံစံအတိုင်း ချုပ်လုပ်ထားခြင်းဖြစ်သည်။ အင်္ကျီလက်များက ကြာပန်းအရွက် သဏ္ဌာန်လက်များဖြစ်ပြီး ငါးအမြီးပုံစံရစ်ပတ်ထားသည်။ အောက်ခြေတွင် အနားကွပ်လေးများပင်ပါနေရာ ချစ်စရာကောင်းသည့်အပြင့် ပို၍ကျော့ရှင်းသွားစေသည်။ 


ထိုကဲ့သို့ ချီဖောင်မျိုးကို သေသပ်သည့်ဝတ်စုံဟု ဆို၍ရနိုင်သည်။ 


ဒီဇိုင်နာက သူမ၏ဆံပင်အား ကလစ်များဖြင့် ပြင်ဆင်ပေးချိန်တွင် မင်လျိုရီဝတ်စုံအား ဝတ်ကြည့်ရန် မစောင့်နိုင်တော့ပေ။ ဆံပင်ပုံစံအသစ်နှင့် ချီဖောင်က လိုက်ဖက်လိမ့်မည်ပင်။ 


မင်လျိုရီ အဝတ်လဲခန်းထဲမှထွက်လာချိန်တွင် မိန်းမကိုငေးကြည့်နေတတ်သည့် နတ်ဆိုးကြီးဖြစ်သည့် ယောင်ကျိကျိုးတစ်ယောက် အသက်ဝင်လာသည်။ မိတ်ကပ်မလိမ်းရသေးသော်လည်း သူမက ခြွင်းချက်မရှိအောင် လှပနေသည်။ 


မင်လျိုရီက မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်များနှင့် သူ့ဆီသို့တစ်လှမ်းချင်းလျှောက်လာသည်။ ချီဖောင်က မင်လျိုရီ၏ကောက်ကြောင်းကို ပြီးပြည့်စုံစွာ ပုံဖော်ထားပြီး မိန်းမငယ်လေးတစ်ယောက်၏ ငယ်ရွယ်ပျိုမျစ်မှုများနှင့် ကျော့ရှင်းသည့်ပုံစံမျိုး ရရှိနေစေသည်။ 


အဖြူရောင်ဇာပုဝါလေးသာတပ်လိုက်ရင် လပ်ထပ်ပွဲအတိုင်း ဖြစ်သွားမှာပဲ…။


ယောင်ကျိကျိုးက သူ၏လှပသည့်မင်လျိုရီကိုကြည့်ရင်း သူမအား လက်ထပ်ပွဲဝတ်စုံနှင့်ပုံစံအား ပုံဖော်မကြည့်ဘဲ မနေနိုင်ပေ။ သူမက ယခုထက် ပို၍လှနေလိမ့်မည်။ 


ဒီဇိုင်နာက ပြောလာသည်။ 


"ဒီချီဖောင်က လူရွေးတယ်... မဒမ်ယောင်နဲ့တော့ တကယ်လိုက်သားပဲ... အခုလို လိုက်ဖက်တဲ့ ပိုင်ရှင်နဲ့ တွေ့သွားတာ ကောင်းတယ်ပြောရမယ်”


မင်လျိုရီက မြှောက်ပင့်ခံလိုက်ရပြီးနောက် ပို၍ပျော်လာတော့သည်။ သူမကပြုံး၍ ပြောလိုက်သည်။


"ကျေးဇူးတင်ပါတယ်”


ထို့နောက် မင်လျိုရီက ယောင်ကျိကျိုးကို ကြည့်လိုက်သည်။ တခြားသူများထွက်သွားသည့်အချိန်အထိ ယောင်ကျိကျိုး စကားတစ်ခွန်းမှ ဆိုမလာခဲ့ချေ။



🥰