🥰 Chapter 128 ✅
ယောင်ကျိကျိုးတွင် ပြောချင်နေသည့် စကားများစွာရှိသော်လည်း နောက်ဆုံးတွင်တော့ စကားတစ်ခွန်းသာ ထွက်လာသည်။ သူပြောလိုက်၏။
“အရမ်းလှတယ်”
မင်လျိုရီကြားသောအခါ စိတ်သက်သာသွားပြီး မျက်နှာပေါ်တွင် တောက်ပသည့် အပြုံးလေးပေါ်လာသည်။
ချီဖောင်က အချို့နေရာများတွင် မတော်လောက်ဟု သူမထင်သောကြောင့် ဒီဇိုင်နာက ပြုပြင်ပေးရန် အချိန်နှစ်ရက် ဖယ်ထားခဲ့သည်။ သို့သော်လည်း ယောင်ကျိကျိုး ပေးထားသည့် ကိုယ်တိုင်းများမှာ ကွက်တိဖြစ်နေပြီး ပြန်လည်ပြုပြင်စရာလည်း မလိုအပ်လိုက်ပေ။
ဒီဇိုင်နာသည်လည်း စိတ်ကျေနပ်လောက်သည့် ငွေကြေးကိုလက်ခံရရှိလိုက်သောကြောင့် နေရာမှ ပျော်ရွှင်စွာ ထွက်သွားတော့သည်။
ထိုအချိန်တွင် ရှောင်ဖန်းကပြောလာသည်။
"မဒမ်…အရမ်းလှတာပဲ... ကျွန်မလည်း မဒမ်ရဲ့ တစ်ဝက်လောက် လှရင်ကောင်းမှာပဲ”
မင်လျိုရီပြုံးလိုက်၏။
“ရှောင်ဖန်းလည်း လှပါတယ်... မင်း သတို့သမီးဖြစ်လာတဲ့တစ်နေ့ကျရင် မင်းအတွက်လှပတဲ့ တစ်ခုခုချုပ်ပေးဖို့ ဒီ ဒီဇိုင်နာကို ခေါ်ပေးမယ်”
ရှောင်ဖန်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မဒမ်…မဒမ်က အရမ်းကြင်နာတာပဲ”
ရှောင်ဖန်း၏ ပျော်ရွှင်မှုပြီးသွားသည့်တစ်ခဏတွင် ကျောက်ချမ်းက လူကြီးမင်းဟဲယူလာပေးသည့် တရာတ်ရိုးရာ အဝတ်အစားများကို ဝတ်နေသည်ကို တွေ့လိုက်ရသည်။ ရှောင်ဖန်းပြောလိုက်၏။
"ဟင်း…ဒါပေမယ့် အဲ့ဒီလက်ဆောင်ရမယ့်ရက်ကို ရောက်လာပါ့မလား မသိပါဘူး”
ယောင်ကျိကျိုးက သူ့အတွက်ဂရုစိုက်ပေးရန် တစ်ယောက်ယောက်ကိုလိုအပ်နေဆဲဖြစ်သောကြောင့် တစ်ယောက်တည်း ပွဲတက်ရန်က အဆင်မပြေပေ။ ဒီနေ့တွင် ပွဲကြီးကြီးမားမား တက်ရမည်ဖြစ်သောကြောင့် ကျောက်ချမ်းသည်လည်း သေသေသပ်သပ်ဝတ်ဆင်ရသည်။
ရှောင်ဖန်းက သူမဝတ်စုံအားကြည့်နေသည်ကို သတိထားမိသောကြောင့် မင်လျိုရီကနှစ်သိမ့်ပေးရန် ပြင်လိုက်သော်သည်။
ရှောင်ဖန်းက ရုတ်တရက်တစ်ခုခုကို သတိရသွားသည့်ပုံရကာ ကျောက်ချမ်းကိုပြောလိုက်သည်။
"ဒါက ယောင်မိသားစုက ဒီဇိုင်းဆွဲထားတဲ့ ဝတ်စုံမဟုတ်လား... အရင်တုန်းက လုံခြုံရေးအစောင့်တွေဝတ်တာတွေ့ဖူးတယ်... ဒါပေမယ့် အခုငါဝတ်ထားတဲ့ဟာက ပိုလှတယ်ထင်တာပဲ”
အမြဲတည်တည်ငြိမ်ငြိမ်နေတတ်သည့် ကျောက်ချမ်းက ဘာမှပြန်မပြောလာပေ။
…
နှစ်ရက်ကြာပြီးနောက် ချိုက်မိသားစု၏ပွဲကျင်းပရာနေရာတွင် ကားအမျိုးအစားများစွာက နေရာယူထားသည်။ ကားအကောင်းစားများ၏ ပိုင်ရှင်များက ညစာစားပွဲအတွက် ဝတ်ကောင်းစားလှများဝတ်ဆင်လာကြသည်။
ပုံမှန်အားဖြင့် လူတိုင်းက ထိုကဲ့သို့သောပွဲမျိုးကို ကားဖြင့်တက်ကြသည်။ သို့သော် Maybach ကားက ချိုက်မိသားစု၏ ပွဲကျင်းပရာနေရာသို့ ဝင်ရောက်လာသည်ကို တွေ့သောအခါ အားလုံးက ယောင်မိသားစုမှ သခင်လေးရောက်လာကြောင်း သိလိုက်ကြသည်။ တံခါးက ဖြေးညင်းစွာပွင့်လာပြီး ယောင်ကျိကျိုး ထွက်ပေါ်လာသည်။
ယောင်ကျိကျိုး ကားတံခါးပွင့်သွားသည့်အသံကြားလိုက်သည်။ သူက မျက်နှာကို အနည်းငယ်လှည့်လိုက်ရာ မြင့်မားသောနှာတံနှင့် ပြတ်သားသည့် မေးရိုးလိုင်းပေါ်လာသည်။ သူ၏မျက်ခုံးများက ဆံပင်များဖြင့် ဖုံးကွယ်ခံထားရသော်လည်း သူ၏ချောမောမှုများကို လျော့မသွားစေပေ။ ဝှီးချဲပေါ်တွင် ယောင်ကျိကျိုး၏ပုံစံက ဖြောင့်မတ်နေကာ အမူအရာများမှာ အေးစက်နေသောကြောင့် အငွေ့အသက်ကလည်း ပြင်းထန်နေသည်။
တံခါးဖွင့်လိုက်ပြီးနောက် ယောင်ကျိကျိုးက ကားထဲမှ ဖြေးဖြေးချင်း တွန်း၍ထွက်လာသည်။ ယခုက မတော်တဆဖြစ်ပြီးနောက် ဤကဲ့သို့ကြီးကျယ်သည့်ပွဲအား ယောင်ကျိကျိုး ပထမဆုံးတက်ခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းက သူ့အားသိချင်စိတ်များဖြင့် ကြည့်နေကြသည်။
ချိုက်ဝမ်လွမ့်က တံခါးဝတွင်ရပ်နေကာ ယောင်ကျိကျိုးနှင့် နှုတ်ဆက်ရန်စောင့်နေ၏။ ယောင်ကျိကျိုးက အလျင်မလိုပေ။ ထိုအစား သူကလှည့်၍ တစ်ယောက်ယောက်ကို ခေါ်သကဲ့သို့လက်မြှောက်လိုက်သည်။ လူတိုင်း အသက်အောင့်လိုက်ကြ၏။ ယောင်ကုမ္ပဏီ၏ မြင့်မားပြီးတန်ခိုးကြီးသည့် ဥက္ကဌကို ကိုယ်တိုင်လက်ကမ်းအောင် လုပ်နိုင်သည့် သူက မည်သို့သောသူမျိုးဖြစ်ကြောင်း သူတို့မသိကြချေ။
ရုတ်တရက် ဖြူဖွေးပြီးနူးညံ့သည့်လက်လေးက ယောင်ကျိကျိုး၏ လက်ကိုကိုင်တွယ်လာသည်။ ဆွဲဆောင်မှုရှိသည့် အမျိုးသမီးလေးက ကားထဲမှ ထွက်လာ၏။ သူမတွင် နူးညံ့သည့်မျက်နှာအစိတ်အပိုင်းများရှိပြီး အသားအရေကဖြူဖွေးကာ သူမဝတ်ထားသည့် ချီဖောင်ကလည်း လှပလေသည်။
မင်လျိုရီက ယောင်ကျိကျိုး၏လက်ကိုတွဲ၍ စိတ်လှုပ်ရှားခြင်းတစ်စုံတစ်ရာမရှိဘဲ ကားထဲမှထွက်လာသည်။ ထိုမိန်းကလေးက ယောင်ကျိကျိုးကို ထိလိုက်ချိန်တွင် ယောင်ကျိကျိုး၏အေးစက်နေသည့်အငွေ့အသက်များမှာ ချက်ချင်းနူးညံ့သွားကြောင်း လူတိုင်းခံစားလိုက်ရသည်။
လူအများစုအတွက် အမျိုးသမီးပါတနာများကို ပွဲသို့ခေါ်လာသည်က သာမန်သာဖြစ်သော်လည်း ယောင်ကျိကျိုးအတွက်တော့ ယခင်ကတစ်ယောက်မှ ခေါ်မလာခဲ့ဖူးချေ။ ထို့အပြင် ယခုသူ့ဘေးနားရှိ မိန်းကလေးကိုလည်း အားလုံးကရင်းနှီးမနေကြပေ။ ထို့ကြောင့် လူတိုင်းက သူမအားပို၍ သိချင်လာကြသည်။
မွေးနေ့ပွဲဟုသာခေါ်နေကြသော်လည်း တကယ်တမ်းတွင် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် ကြွားဝါကြသည့်ပွဲသာဖြစ်သည်။ လူတိုင်းတွင် သူတို့၏ယုတ်ညံ့သည့် ရည်ရွယ်ချက်များရှိကြပြီး လူအများအပြားရောက်နေကြသည့် အကြောင်းအရင်းကတော့ ယောင်ကျိကျိုးကြောင့်သာဖြစ်သည်။
မတော်တဆဖြစ်သွားသည့် အချိန်အတွင်းတွင် ယောင်မိသားစုက ယောင်ကျိကျိုးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဖုံးအုပ်ထားခဲ့သည်။ သူ မတော်တဆဖြစ်သွားပြီးနောက် မျက်လုံးကွယ်ရုံသာမက မသန်မစွမ်းဖြစ်သွားပြီး သစ်ပင်လူသားပင်ဖြစ်သွားသည်ဆိုသည့် ကောလဟာလများကို ကြားခဲ့ရသည်။
သို့သော် ထင်မှတ်မထားစွာဘဲ သစ်ပင်လူသားက ပြန်နိုးလာခဲ့သည်။
ယောင်မိသားစု၏ အောင်ပွဲခံသည့်အခမ်းအနားက မကျင်းပရသေးသော်လည်း သူတို့ကချိုက်မိသားစု၏ ပွဲကို တက်ရောက်လာကြသည်။ ၎င်းက သူတို့အား မျက်နှာသာပေးလိုက်ခြင်းပင်။
ယောင်ကျိရန်က ဒုတိယထပ်တွင်ရပ်နေသည်။ မင်လျိုရီကိုမြင်သောအခါ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း ချိုက်ရီရှီးသတိထားမိမည်ကို စိုးရိမ်သောကြောင့် လျင်မြန်စွာ ဖိနှိပ်လိုက်သည်။
ချိုက်ဝမ်လွမ့်က မင်လျိုရီပေါ်လာသည်ကို မြင်သောအခါ ဘာကြောင့်မှန်းမသိသော်လည်း အနည်းငယ် စိတ်လှုပ်ရှားသွားကာ ထိုမိန်းကလေးနှင့် ဆက်သွယ်မှုကို အနည်းငယ်ခံစားလိုက်ရသည်။
ချိုက်ရီရှီးက နူးညံ့စွာပြောလိုက်သည်။
“အဲ့ဒါ ယောင်ကျိကျိုးရဲ့မိန်းမ…မင်လျိုရီပဲ”
သတိပေးခံလိုက်ရပြီးနောက် ထိုမိန်းကလေးမှာ ချိုက်ရီရှီးအစား ယောင်မိသားစုသို့ လက်ထပ်လိုက်ရသည့် မိန်းကလေးဖြစ်ကြောင်း မှတ်မိသွားကြသည်။
လက်ထပ်ပွဲက ကြီးကျယ်ခမ်းနားသည့် အရာမဟုတ်သောကြောင့် ယောင်မိသားစုက လျှို့ဝှက်ထားခဲ့ကြသည်။ မူလမင်လျိုရီက မဒမ်ယောင်ဆိုသည့် ဂုဏ်ပုဒ်ဖြင့် မည်သည့်ပွဲကိုမှ မတက်ခဲ့ဖူးပေ။ သူမက ထိုဂုဏ်ပုဒ်အား ယောင်မိသားစု၏ရှော့ပင်းမောလ်များ၌ ဈေးဝယ်ရာတွင်သာ အသုံးပြုခဲ့သည်။ ချိုက်မိသားစုအတွက်ကတော့ သူတို့သမီးနှင့် လက်ထပ်ပေးလိုက်သည်ဆိုသည့် သတင်းကိုဖြန့်ဖို့ရန်က ပိုလို့တောင် မဖြစ်နိုင်ပေ။
ထို့ကြောင့် ချိုက်မိသားစုနှင့် ယောင်မိသားစုတို့သာ မင်လျိုရီ၏ သရုပ်မှန်ကို သိကြသည်။
🥰