Chapter 129
Viewers 11k

🥰 Chapter 129 ✅


ချိုက်ဝမ်လွမ့် ဘာမှမတွေးနိုင်သေးခင်မှာပင် ယောင်ကျိကျိုးက တံခါးသို့ရောက်လာပြီဖြစ်သည်။ 


“လူကြီးမင်းချိုက်… ကံကောင်းခြင်းတွေနဲ့ သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်” ယောင်ကျိကျိုးက သူ့ကိုပြောလိုက်သည်။ 


ယောင်ကျိကျိုးက သူ့မျက်လုံးများပြန်မြင်နေရကြောင်း မကြေညာထားပေ။ ထို့ကြောင့် သူက တစ်ချိန်လုံး နေကာမျက်မှန်တပ်ထားသည်။ 


“လူကြီးမင်းယောင်…ကြင်နာလွန်းနေပါပြီ”


ချိုက်ဝမ်လွမ့်ပြောလိုက်သည်။ 


သူတို့နှစ်ယောက်က လက်တွဲနှုတ်ဆက်လိုက်ကြပြီးနောက် ချိုက်ဝမ်လွမ့်က ယောင်ကျိကျိုးအား ပွဲကျင်းပရာ ခန်းမသို့သွားသည့် ဓာတ်လှေကားသို့ ကိုယ်တိုင်လိုက်ပို့ပေးသည်။ ထို့နောက် သူက အစေခံများကို ယောင်ကျိကျိုးအား ဒုတိယထပ်ရှိ VIPနေရာသို့ လိုက်ပို့ပေးရန် ညွှန်ကြားလိုက်သည်။ ချိုက်ဝမ်လွမ့်ပြောလာ၏။ 


"ကျိရန်ရောက်နေပြီ... မင်းတို့ ညီအစ်ကိုတွေအရင်ပြောနှင့်ကြဦး... ခဏနေမှ တွေ့ကြတာပေါ့”



ဓာတ်လှေကားပွင့်သွား၏။ လူတစ်ယောက်က အထဲတွင် ရပ်နေသည်။ သူက ယောင်ကျိကျိုးကို ကြည့်၍ ပြောလာ၏။ 


"ကြည့်ပါဦး...ယောင်ကျိကျိုး... မင်းနိုးလာတာလည်း မပြောပါလား... ပြီးတော့ ပွဲမှာမင်းကို စောင့်နေအောင် လုပ်လိုက်သေးတယ်” 


ထို့နောက် သူကမင်လျိုရီကိုကြည့်၍ ပြောလာသည်။


“မင်းက မိန်းကလေးကိုတောင် ခေါ်လာတယ်ပေါ့လေ... နိုးလာပြီးနောက်မှာ အကျင့်တွေပြောင်းသွားတာလား... ငါ့ကိုတော့ မမှတ်မိဘူးလို့ မပြောနဲ့နော်”


“စကားများလွန်းတယ်”


ယောင်ကျိကျိုး ပြောလိုက်သည်။ 


ယောင်ကျိကျိုးက ချန်စန်းကျင်း၏ အသံကို မှတ်မိလိုက်သည်။ သူ့အသံက စိတ်ရှုပ်စရာကောင်းလောက်လည်း စိတ်မရှည်သည့်ပုံတော့ ပေါ်မနေချေ။ ချန်စန်းကျင်းက ယောင်ကျိကျိုး၏ သူငယ်ချင်းနည်းနည်းလေးထဲမှ တစ်ယောက်ဖြစ်ကြောင်း မင်လျိုရီမှတ်မိသည်။ နောက်တစ်ယောက်က မိသားစုမှာ အလွန်အင်အားကြီးသည့် ‌ရှောက်မော့ဖြစ်သည်။ 


ယောင်ကျိကျိုးက မင်လျိုရီကိုညွှန်ပြ၍ပြောလိုက်သည်။


"မင်လျိုရီ...ငါ့မိန်းမ”


"ဟယ်လို...မရီး”


ချန်စန်းကျင်းက တအံ့တဩဖြင့်နှုတ်ဆက်လာသည်။ မူလက သူ့စိတ်ထဲတွင် ပြောမည့်စကားများ တန်းစီရှိနေသော်လည်း ချက်ချင်းပြန်မျိုချလိုက်သည်။ 


ယောင်ကျိကျိုးက သူမအား သေချာမိတ်ဆက်ပေးလာသည်ဆိုကတည်းက ချန်စန်းကျင်းက သူ့အချစ်ဆုံးသူငယ်ချင်းအား အရှက်မရစေချင်ပေ။ ထို့ကြောင့် သူကမြင့်မြတ်သည့် ကိုယ်ဟန်အနေအထားဖြင့် နေနေလိုက်သည်။ 


သိပ်မကြာခင်တွင် သူတို့ဒုတိယထပ်သို့ ရောက်ရှိလာကြသည်။ ဓာတ်လှေကားအပြင်ဘက်တွင် တစ်ယောက်ယောက် စောင့်နေ၏။ 


ချန်စန်းကျင်းက ရှောက်မော့ကို မြင်သောအခါ အရင်ဆုံးထွက်သွားပြီး ရှောက်မော့ကို ခပ်လှမ်းလှမ်းသို့ ဆွဲခေါ်သွားလိုက်သည်။ သူက ရှောက်မော့အား တစ်ခုခုတီးတိုးပြောပြီးနောက် နှစ်ယောက်သား ပြန်ရောက်လာကြသည်။ ရှောက်မော့၏ အငွေ့အသက်က လမ်းလျှောက်လာသည်နှင့်အမျှ ပြင်းထန်လာသည်ကို မင်လျိုရီ ခံစားလိုက်ရသည်။ 


ရှောက်မော့က လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ပြုမူလာသည်။ 


“ဟယ်လို…မိန်းကလေးမင်... ကျွန်တော့်နာမည်က ရှောက်မော့ပါ... တွေ့ရတာ ဝမ်းသာပါတယ်”


“ဒီတိုင်းပြောပါ... အဲ့လိုမလုပ်လည်းရပါတယ်” 


ယောင်ကျိကျိုး ရယ်လိုက်၏။ 


ရှောက်မော့ကြားသောအခါ သူကချက်ချင်း လူကြီးလူကောင်း မျက်နှာဖုံးကို ခွာချ၍ ပြောလာသည်။ 


"ကောင်းသောနေ့ပါ…မရီး”


ယခုက သူတို့နှင့် သူတို့၏မရီးတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည်။ 


မူလဇာတ်ကြောင်းတွင် ထိုဇာတ်ကောင်နှစ်ယောက်အကြောင်း သိပ်မပါသော်လည်း ယနေ့တွင် သူတို့ကို တွေ့သောအခါ သူတို့နှစ်ယောက်က အတော်လေးချောမောကြောင်း မင်လျိုရီတွေးလိုက်သည်။ 


မင်လျိုရီက ပြုံး၍ပြောလိုက်၏။ 


"ဟယ်လို…အားလုံးပဲ... အခုကစပြီး ဂရုစိုက်ပေးပါဦးနော်”


ချန်စန်းကျင်းနှင့် ရှောက်မော့တို့က သူတို့၏မရီးမှာ ပေါင်းသင်းဆက်ဆံရ အဆင်ပြေသည့်သူဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ သူမကအလွန်ညင်သာ၏။ သူတို့က ချက်ချင်း အေးအေးလူလူဖြစ်သွားကာ နဂိုပုံစံများကို ပြန်ရောက်သွားကြသည်။ 


ရှောက်မော့က လက်ဆန့်ထုတ်၍ ယောင်ကျိကျိုးအရှေ့တွင် ဝှေ့ယမ်းကြည့်ကာ သူမျက်စိကွယ် ၊ မကွယ် စမ်းသပ်ကြည့်လိုက်သည်။ ယောင်ကျိကျိုးက ရှောက်မော့၏လက်ကို ရိုက်ထုတ်လိုက်၏။


“မင်းမြင်ရတယ်” 


ရှောက်မော့ တအံ့တဩဖြင့် ပြောလိုက်သည်။ 


“ငါမမြင်ရဘူး... ဒါပေမယ့် မင်းလက်လှုပ်နေတာက ထွက်လာတဲ့ လေကိုတော့ ခံစားနိုင်တယ်” 


ထိုအချိန်တွင် ယောင်ကျိရန်ရောက်လာပြီး ပြောလာသည်။ 


"အစ်ကို…မရီး…နှစ်ယောက်လုံး ရောက်နေကြပြီပဲ”


ယောင်ကျိကျိုးက ခေါင်းညိတ်ပြ၍ ဘာမှမပြောလိုက်ပေ။ ယောင်ကျိရန်က အငြင်းအခုံမလုပ်လိုသောကြောင့် ယောင်ကျိကျိုးကို လာနှုတ်ဆက်ခြင်းဖြစ်ကာ ကိုယ့်မျက်နှာကိုယ် ကယ်တင်လိုက်တာဖြစ်သည်။ တစ်ဖက်လူကတော ကြိုက်သလို တုံ့ပြန်နိုင်သည်။ 


ယောင်ကျိုရန်က ယောင်ကျိကျိုးနှင့်ဆိုလျှင် သက်တောင့်သက်သာ မရှိသောကြောင့် အောက်ထပ်သို့ဆင်း၍ ချိုက်ရီရှီးနှင့် ဧည့်သည်များကို ကြိုဆိုနေလိုက်သည်။



ယောင်ကျိကျိုး အပေါ်ထပ်သို့ ရောက်လာသည်ကို ကြားကြသောအခါ ဧည့်သည်များကကြည့်ချင်လာကြသည်။


လွန်ခဲ့သည့်နှစ်များတွင် ယောင်မိသားစုက သူတို့ဩဇာအာဏာ အမြင့်ဆုံးတွင်ရှိနေခဲ့ပြီး ယောင်ကျိကျိုး ကြီးစိုးလိုက်ပြီးနောက်တွင် သူက ကြက်များကြားမှကြိုးကြာငှက်များအဖြစ် ရပ်တည်ခဲ့သည်။ လူတိုင်းက အပေါ်ထပ်သို့တက်၍ ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ရန် ယောင်ကျိကျိုးနှင့် စကားပြောချင်နေကြသည်။ 


ယောင်ကျိကျိုးနှင့် အခြားလူများက ထောင့်တစ်နေရာတွင် သူတို့ဘာသာ စကားပြောနေကြသည်။ သို့သော် သိသိသာသာပင် သူတို့က အကြာကြီး စကားမပြောနိုင်ကြချေ။ မည်သူကမှ ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ကြချေ။ 


ယောင်ကျိကျိုးက မင်လျိုရီကိုကြည့်၍ အသံနိမ့်နိမ့်ဖြင့် ပြောလာသည်။ 


"ဗိုက်ဆာနေပြီလား... ကျောက်ချမ်းကို စားစရာတစ်ခုခုသွားယူခိုင်းလိုက်ရမလား” 


“အဲ့လောက်မဆာသေးဘူး”


မင်လျိုရီပြောလိုက်၏။


"ရေဆာနေတာ”


သူ့ပတ်ပတ်လည်မှ လူများ၏အကြည့်များကို ခံစားမိသောကြောင့် ယောင်ကျိကျိုး ပြောလိုက်သည်။ 


"မင်းပျင်းနေရင် ကိုယ့်သူငယ်ချင်းနှစ်ယောက်နဲ့ ပတ်ကြည့်နေလို့ရတယ်... ခမ်းနားကြီးကျယ်တဲ့ ဟွီစတိုင်ဥယျာဥ်က မင်းအတွက် စိတ်ဝင်စားဖို့ကောင်းလိမ့်မယ်”


ယောင်ကျိကျိုးက စီးပွားရေးဆွေးနွေးရန် ရောက်နေခြင်းဖြစ်ကြောင်း မင်လျိုရီ ချက်ချင်း သဘောပေါက်လိုက်သည်။ သူမအတွက် ထိုနေရာတွင် ဆက်နေရန်မလိုတော့ပေ။ ထို့ကြောင့် သူမက လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ မင်လျိုရီမတ်တပ်ရပ်လိုက်ချိန်တွင် ယောင်ကျိကျိုးက သူမလက်များကိုဆွဲ၍ တီးတိုးပြောလာသည်။ 


"အရက်မသောက်ရဘူး” 


မင်လျိုရီက ယောင်ကျိကျိုး၏လက်ကိုပုတ်၍ နူးညံ့စွာ ပြန်ပြောလိုက်သည်။ 


"စိတ်မပူပါနဲ့…ကျွန်မသိပါတယ်”


ချန်စန်းကျင်းနှင့် ရှောက်မော့တို့သည့် ယခုလိုညင်သာသည့် ယောင်ကျိကျိုးကို တစ်ခါမှမမြင်ခဲ့ဖူးပေ။ သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြကာ အနည်းငယ်လည်း မှင်သက်သွားကြသည်။ 


သံသစ်ပင်ကြီးပွင့်လာခဲ့ပြီပဲ... နောက်ဆုံးတော့ ယောင်ကျိကျိုးရဲ့အမှောင်ထုတွေကို ဖယ်ရှားနိုင်တဲ့ သူတော်စင်လေး ရှိလာခဲ့ပြီ... သူမကို တန်ဖိုးထားရမယ်...


သူတို့နှစ်ယောက်က မင်လျိုရီ၏အနောက်သို့ ကြီးမြတ်သည့်ကာကွယ်သူများအဖြစ် လိုက်လာခဲ့ကြသည်။



🥰