Chapter 130
Viewers 11k

🥰 Chapter 130 ✅


ဓာတ်လှေကားပွင့်သွားသည်နှင့် ဝိုင်ခွက်နှစ်ခွက်ဖြင့် လျှောက်လာသည့် ချိုက်ရီရှီးကို မင်လျိုရီတွေ့လိုက်ရသည်။ 


ချိုက်ရီရှီးက အရပ်ရှည်ပြီး သဘောဝအတိုင်း ဆွဲဆောင်မှုရှိသည့် အသွင်အပြင်ရှိသည်။ မင်လျိုရီက ယနေ့တွင် အလွန်တောက်ပနေပြီး သူမ၏အရှိန်အဝါများကို ချိုက်ရီရှီးတစ်ယောက် ဖိနှိပ်၍မရချေ။


နှိုင်းယှဥ်ရမည်ဆိုလျှင် အသွင်အပြင်ပဲကော အဝတ်အစားကော မင်လျိုရီက ချိုက်ရီရှီးထက် ပို၍ သာလေသည်။ 


ချိုက်ရီရှီးက သရော်သည့်စကားပြောလာ၏။ 


"ဒီနေ့ လျိုရီရဲ့ဝတ်စုံက အိမ်ရှင်ကိုတောင်လွှမ်းမိုးဖို့ ကြိုးစားနေတဲ့ပုံပဲ”


သူမတို့နှစ်ယောက်က လေထဲတွင်အပစ်အခတ်များ ဖြစ်နေသည့်အတိုင်းပင်။ ချန်စန်းကျင်းနှင့် ရှောက်မော့တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ သူတို့၏မရီးကိုကူညီရန်တွေးနေကြသည်။ သူတို့ နည်းလမ်းတစ်ခုတော့ရှာရမည်။ နောက်ဆုံးတော့လည်း ချိုက်ရီရှီးက သူတို့မရီးကို လှောင်ပြောင်နေသည်မဟုတ်ပါလား...


သို့သော်လည်း ချိုက်ရီရှီးက မိန်းကလေးတစ်ယောက်ဖြစ်နေသောကြောင့် ယောက်ျားသားနှစ်ယောက်မှာ ဘာပြောရမှန်းမသိဖြစ်နေကြသည်။ သို့သော်လည်း သူတို့၏မရီးသာအနိုင်ကျင့်ခံရပါက ယောင်ကျိကျိုးက သူတို့ကို တစ်စစီ ဆွဲဖြဲပေလိမ့်မည်။


မင်လျိုရီသည် ချိုက်ရီရှီး၏စကားများထဲမှ ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို မကြားသည့်အလား တည်ငြိမ်နေသည်။ သူမကဧည့်သည့်များကို ကြိုဆိုနေသည့် ချိုက်ဝမ်လွမ့်ကိုကြည့်လိုက်ကာ စိတ်မဝင်စားသည့် ဟန်ဖြင့်ပြောလိုက်သည်။


"ဒီနေ့က လူကြီးမင်းချိုက်ရဲ့ မွေးနေ့ပွဲလေ... ငါကဒီတိုင်း မိန်းကလေးတစ်ယောက်ပါ... ဘယ်လိုလုပ် အိမ်ရှင်ကို လွှမ်းမိုးနိုင်ပါ့မလဲ”


ထို့နောက် သူမက တစ်စုံတစ်ခုကိုသဘောပေါက်သွားသည့်အလား မျက်တောင်ခတ်၍ ဆက်ပြောလာည်။


"နင်က... နင့်ကိုယ်နင် အိမ်ရှင်လို့ဆိုလိုချင်တာလား... အိုး ကျေးဇူးပါပဲ... နင်လည်း အရမ်းလှပါတယ်”


မင်လျိုရီစကားလုံးများ၏ အဓိပ္ပာယ်မှာထင်ရှားလှသည် : နင်ငါ့ကိုချီးကျူးရင် ငါလည်းနင့်ကို ပြန်ချီးကျုးမယ်


ချန်စန်းကျင်းနှင့် ရှောက်မော့တို့ အံ့ဩသွား၏။ သူတို့နှစ်‌ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့မရီးက ညင်သာသည့်ပုံပေါ်သော်လည်း တစ်ယောက်ယောက်ကို ပုတ်ခတ်ရာမှာတော့ တကယ်ကို မိမိုက်သည်ပင်။ 


ချိုက်ရီရှီး၏မျက်နှာ ချက်ချင်းမည်းမှောင်သွားသော်လည်း ယခုလိုပွဲမျိုးတွင် ပေါက်ကွဲ၍မဖြစ်ပေ။သူမက မင်လျိုရီအား ကောင်းမွန်သည့်မိသားစုနောက်ခံမရှိခြင်းနှင့် စည်းမျဥ်းများကို မသိခြင်းများအတွက် လှောင်ပြောင်ချင်ခဲ့သည်။ ထို့နောက် မင်လျိုရီက သူမအား အကျိုးအကြောင်းရှင်းပြပြီး လူပုံအလယ်တွင် မင်လျိုရီ၏ဂုဏ်သိက္ခာကျဆင်းရန် မျှော်လင့်ခဲ့သည်။ 


သို့သော်လည်း မင်လျိုရီက သူမကြိုးဆွဲရာအတိုင်း မပါလာသည့်အပြင် ယခုလိုပြန်ပြောလိမ့်မည်ဟု ထင်မထားခဲ့ချေ။ 


ချိုက်ရီရှီး၏အမူအရာများက ထပ်ခါထပ်ခါပြောင်းလဲနေသည်။ အဆုံးတွင်တော့ သူမက ရည်မွန်သည့်ပုံစံဟန်ဆောင်ကာ ပြောလိုက်သည်။


"ကျေးဇူးပဲနော် လျိုရီ... ငါလုပ်စရာလေးသွားလုပ်လိုက်ဦးမယ်... ကိုယ့်ကိုကိုယ် သေချာဂရုစိုက်နော်” 


ပြောပြီးနောက် မင်လျိုရီအနောက်တွင်ရပ်နေသည့် ယောက်ျားနှစ်ယောက်ကို ချိုက်ရီရှီးက ခေါင်းညိတ်ပြကာ ထွက်သွားတော့သည်။ သူမအနေနဲ့ ပထမတစ်ကြိမ်တွင်မအောင်မြင်မှတော့ သေချာပေါက် နောက်တစ်ခေါက် ကြိုးစားရမည်ပင်။ 


ချိုက်ရီရှီးက စားပွဲထိုးကိုခေါ်၍ ကော့တေးတစ်ခွက်ပြင်ပေးရန် ပြောလိုက်သည်။ ကော့တေးက သစ်သီးအရသာ အလွန်ပြင်းပြီး အရက်ပါဝင်နှုန်းလည်း များလေသည်။


မင်လျိုရီက ချိုက်ရီရှီးနှင့်ဆုံတွေခဲ့သည်ကိုအများကြီးမတွေးဘဲ ဘားဆီသို့တန်းသွားလိုက်သည်။ 


“မရီး...ဘာသောက်ချင်လဲ”


ချန်စန်းကျင်းကမေးလိုက်သည်။


"ကျွန်တော် မင်းအတွက်မှာပေးမယ်” 


“လိမ္မော်ဖျော်ရည်ဆိုရပါပြီ”


မင်လျိုရီပြောလိုက်သည်။ 


ဘားကောင်တာမှ စားပွဲထိုးက ချက်ချင်းပြောလာ၏။ 


"တောင်းပန်ပါတယ်... နောက်ဆုံးလိမ္မော်ဖျော်ရည်ကို တခြားဝိုင်းရဲ့အမှာအတွက် ဖျော်ပေးလိုက်ပါပြီ... တကယ်လို့ အလျင်လိုနေတယ်ဆိုရင် အခုချက်ချင်း ပြင်ပေးပါ့မယ်... ခဏလောက်စောင့်နိုင်မယ်ဆိုရင် လတ်ဆတ်တဲ့လိမ္မော်သီးတွေ မကြာခင်ရောက်လာတော့မှာပါ... အဲ့အခါကျရင် ချက်ချင်း ပြင်ဆင်ပေးပါ့မယ်”


ချန်စန်းကျင်းက မင်လျိုရီကို ကြည့်လာသည်။ မင်လျိုရီက ခေါင်းခါပြ၍ပြောလိုက်သည်။


"ထားလိုက်တော့...စပါကလင်တစ်ခွက်သာပေးပါတော့” 


စားပွဲထိုးက ခေါင်းညိတ်၍ စပါကလင်ပုလင်းကို ယူလိုက်သည်။ သူက ပုလင်းအား မင်လျိုရီအရှေ့တွင်ထား၍ ‌ပြောလာသည်။ 


“ကျွန်တော် တကယ်တောင်းပန်ပါတယ်... အခုချက်ချင်း လတ်ဆတ်တဲ့ လိမ္မော်ဖျော်ရည်ပြင်ဆင်ပြီး လာပေးပါ့မယ်”


...


ချိုက်ဝမ်လွမ့်က ဧည့်သည်များကြိုဆိုပြီးသွားသည့်အချိန်တွင် ပွဲစတော့မည်ဖြစ်သည်။ 


သူက သူ့ဇနီး ချန်းရှောင်မေကို ခြံထဲရှိစင်ပေါ်သို့ခေါ်လာသည်။ လူတိုင်း၏အကြည့်များက သူတို့ဆီကျရောက်နေကြောင်း သေချာအောင်လုပ်ပြီးနောက် သူက လူတိုင်း၏နွေးထွေးသည့် ကြိုဆိုမှုများအတွက် ကျေးဇူးတင်စကား အနည်းအကျဥ်းပြောလိုက်သည်။ သူက အထူးသဖြင့် ယောင်ကျိကျိုးအား ပွဲတက်လာပေးသည့်အတွက် ကျေးဇူးတင်လိုက်သည်။ 


ယောင်ကျိကျိုးက ဒုတိယထပ် ဝရန်တာမှ ခေါင်းညိတ်ပြလိုက်သည်။


ထို့နောက် ချိုက်ရီရှီးက စင်ပေါ်သို့တက်သွားသည်။ သူမက ချီဖောင်ဗြောင်လေးကို လျင်မြန်စွာ လဲလှယ်လာခဲ့သည်။ အချိန်မရှိသောကြောင့် ချိုက်ရီရှီးအတွက် မင်လျိုရီကို ယှဥ်နိုင်ရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမက ကျော့ရှင်းသည့်နည်းကိုသုံး၍ အနိုင်ယူရန် ကြိုးစားလိုက်သည်။ 


သူမက ရေကန်ထဲမှကြာလေးကဲ့သို့ ဖြူဖွေးလှပနေကာ စင်ပေါ်တွင်ရပ်နေသည်။ သူမက အားလုံး၏အာရုံများကို ဆွဲဆောင်လိုက်ရာ လူတိုင်းက ပြောဆိုလာကြတော့သည်။ 


“မိန်းကလေးချိုက်က တကယ်ကိုပြောင်မြောက်တဲ့ စာရေးဆရာမလေ... ပြီးတော့ သူမရဲ့စာအုပ်တွေက ရောင်းအားအကောင်းဆုံး စာအုပ်တွေပဲ... သူမရဲ့ အရှိန်အဝါကလည်း တကယ်ကို ထူးခြားတာပဲ”


“ထင်ထားတဲ့အတိုင်း ပညာတတ်မိသားစုပဲလေ... သူမကိုယ်ပေါ်မှာ ဘာကျောက်မျက်ရတနာမှမရှိတာတောင်... အလှကကွဲထွက်နေတာပဲ” 


“လူကြီးမင်းချိုက်ကလည်း ‌အောင်မြင်နေပြီးသားလူတစ်ယောက်လေ... သူ့သမီးကလည်း ထူးချွန်တယ်... ငါတကယ်ကို အားကျလိုက်တာ” 


လူတိုင်း၏စကားပြောသံကို ကြားနေရသောအခါ ချိုက်ရီရှီးက ကျေနပ်သည့်အပြုံးတစ်ခု လှစ်ဟလာသည်။ သူမက ပြောလိုက်၏။ 


"ဒီနေ့က ကျွန်မအချစ်ရဆုံးနဲ့ အလေးစားရဆုံး ဖေဖေ့ရဲ့ မွေးနေ့ဖြစ်ပါတယ်... သမီးတစ်ယောက်အနေနဲ့ အနာဂတ်မှာ ဖေဖေ အရမ်းအလုပ်မရှုပ်ဖို့ မျှော်လင့်ပါတယ်.... ဖေဖေကျန်းမာပြီး ပျော်ရွင်ပါစေ”


“ကျွန်မအဖေစိတ်အပူဆုံးက ကျွန်မဘယ်တော့ အိမ်ထောင်ပြုမလဲကိုပါ... ဒါကြောင့် ဒီနေ့တော့ကျွန်မအဖေရဲ့ မွေးနေ့မှာပဲ ပျော်ရွှင်စရာတွေကို နှစ်ဆတိုးပေးချင်ပါတယ်... ကျိရန်...လာပါဦး”


ချိုက်ဝမ်လွမ့် မှင်သက်သွားသည်။ ယောင်ကျိရန်လည်း အတူတူပင်။ 


သူမ ဘာတွေလုပ်နေတာလဲ...ဒါကို အရင်က တစ်ခါမှလည်း မဆွေးနွေးဖူးပါဘူး။


သူမက စပရိုက်မဟုတ်ဘဲ ထိတ်လန့်စရာကိုကြေညာရန်ပြင်နေသည်။ ထို့အပြင် ထိုကြေညာချက်ကယောင်ကျိရန်၏ အစီအစဥ်များကိုလည်း ပျက်သွားစေသည်။ လူတိုင်း၏ အကြည့်များအောက်တွင် ယောင်ကျိရန်က စင်ပေါ်သို့ တက်သွားလိုက်ရသည်။ 


ချိုက်ရီရှီးက ဟိတ်ဟန်များသည့်အသံဖြင့်ပြောလာသည်။ 


"ဒါက ယောင်ကုမ္ပဏီက ယောင်ကျိရန်ပါ... သူ့ကိုသိကြမယ်လို့ ထင်ပါတယ်... ကျွန်မတို့ စေ့စပ်တော့မှာပါ” 


ယောင်ကျိရန်လည်း သူမစကားနောက်သို့ အလိုက်သင့်ပြောရတော့သည်။


"ဦးလေး ကျန်းမာ‌ရေးကောင်းပြီး မျှော်လင့်ချက်တွေအားလုံးပြည့်ဝပါစေလို့ ဆုတောင်းပါတယ်... အားလုံး...ကောင်းချီးတွေအတွက် ကျေးဇူးတင်ပါတယ်” 


ချိုက်ဝမ်လွမ့်တွင် ဘာမှပြောစရာမရှိတော့ပေ။ သူက လက်ထပ်ပွဲကို ဘယ်တုန်းကမှ သဘောမတူခဲ့ချေ။



🥰