Chapter 131
Viewers 11k

🥰 Chapter 131 ✅


ချိုက်ဝမ်လွမ့်နှင့် ယောင်ကျိရန်တို့ ပို၍ထင်မှတ်မထားသည်က ချိုက်ရီရှီးနောက်ထပ်ပြောလာသည့်စကားများဖြစ်သည်။


ချိုက်ရီရှီး ဆက်ပြောလာသည်။ 


"ဒီနေ့ ကျိရန်ရဲ့အစ်ကို ယောင်ကျိကျိုးနဲ့အတူ သူ့ဇနီးမင်လျိုရီတို့လည်း ရောက်နေကြတယ်ဆိုတော့ ကျွန်မတို့အတူတူ ဓာတ်ပုံရိုက်သင့်တယ်”


ချိုက်ရီရှီး၏ ရည်ရွယ်ချက်များကရိုးရှင်းသည်။ ဒီနေ့က သူမ၏အိမ်နေရာတွင်ဖြစ်ပြီး သူမမိသားစု၏ပွဲဖြစ်သည်။ ထိုအခြင်းအရာကို သူမက အားလုံးအား မြင်စေချင်တာဖြစ်သည်။ 


ချိုက်မိသားစု၏တစ်ဦးတည်းသော သမီးအဖြစ် ချိုက်ရီရှီးက ယောင်ကုမ္ပဏီ၏ ချောမောသည့် အနာဂတ်ဥက္ကဌအား လက်ထပ်ပေလိမ့်မည်။ 


မင်လျိုရီက ယောင်ကျိကျိုးကို လက်ထပ်ထားလျှင်တောင်မှ ကိစ္စမရှိပေ။ သူက မျက်စိကွယ်ပြီး မသန်မစွမ်းဖြစ်နေသေးသည်။ အနာဂတ်တွင်ခြေကုပ်စရာရလိုပါက ယောင်ကျိရန်အပေါ်ကိုသာ သူမ မှီခိုရမည်။


သူမတို့နှစ်ယောက် ဘယ်လောက်ပင်ယှဥ်ပြိုင်နေပါစေ ချိုက်ရီရှီးက မင်လျိုရီထက် ပိုသာသည်ကို လူတိုင်းအား မြင်စေချင်သည်။ 


အားလုံးက ချိုက်ရီရှီး၏စကားများကြောင့် သူတို့အကြားတွင် တီးတိုးဆိုလာကြသည်။ 


“ဘာဖြစ်တယ်... ဇနီး...အဲ့ဒါ ယောင်ကျိကျိုးရဲ့မိန်းမလား”


“အရင်က ယောင်ကျိကျိုးရဲ့ လက်ထပ်ပွဲအကြောင်း ဘာမှမကြားမိဘူး... ယောင်ကုမ္ပဏီက ကြီးမားတဲ့ စီးပွားရေးမိသားစုဖြစ်ပြီး လက်ထပ်ပွဲကတော့ လူသိရှင်ကြားတောင်မဟုတ်ပါလား”


“မင်လျိုရီလား... သူမကို တစ်ခါမှမကြားဖူးဘူး... သူမက ဘယ်မိသားစုကလဲ”


ကျောက်ချမ်းက ယောင်ကျိကျိုး၏ ညွှန်ကြားချက်များအတိုင်း သူ့ကို စင်ဆီသို့ တွန်းပေးလာသည်။ 


ဝှီလ်းချဲပေါ်တွင်ထိုင်နေသော်လည်း ယောင်ကျိကျိုး၏ မြင့်မြတ်သည့်အငွေ့အသက်နှင့် ကိုယ်နေဟန်ထားတို့မှာ လုံးဝလျော့မသွားပေ။


ယောင်ကျိကျိုးက အာရုံစိုက်မှုများ၏ အဓိကဗဟိုဖြစ်လာကာ လူတိုင်းကဝှီလ်းချဲအားစင်ဘေးသို့ တွန်းလာသည်ကို ကြည့်နေကြသည်။ 


စတိတ်က အရမ်းမမြင့်သောကြောင့် ကျောက်ချမ်းက လွယ်ကူစွာပဲ ယောင်ကျိကျိုးကို စင်ပေါ်သို့တင်ပေးလိုက်နိုင်သည်။ 


ယောင်ကျိကျိုးက စင်ပေါ်သို့တက်လာ၍ ပြောလိုက်သည်။ 


"လျိုရီ...လာခဲ့”


မင်လျိုရီက ချက်ချင်းစင်ပေါ်သို့ တက်သွား၍ သူမ၏ခင်ပွန်းဘေးတွင်ရပ်နေလိုက်သည်။ ‌ယောင်ကျိကျိုးက မွေးရာပါ ခေါင်းဆောင်တစ်ယောက်ကဲ့သို့ မိုက်ကိုကိုင်လိုက်သည်။ သူဒီမှာရှိနေသရွေ့ သူသာလျှင် အဓိကဇာတ်ကောင်ဖြစ်နေလိမ့်မည်။ 


ချိုက်ရီရှီးက အခုဆွေမျိုးတော်စပ်တာကို လိုချင်နေတယ်ပေါ့... ဒါဆိုလည်း သူမလိုချင်တာ ပေးရတာပေါ့


“ပထမဆုံးအနေနဲ့”


ယောင်ကျိကျိုး ပေါ့ပေါ့ပါးပါးလေးပြောလာသည်။ 


"အားလုံးကို ကျွန်တော့်ရဲ့အသစ်စက်စက် လက်ထပ်ထားတဲ့ ဇနီး ၊ မင်လျိုရီနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ကျွန်တော် သူမကို သိပ်ချစ်ပါတယ်... ပြီးတော့ အရမ်းလည်းမြတ်နိုးပါတယ်... သူမက အခုဆိုရင် ကျွန်တော့်ဘဝမှာမရှိမဖြစ်တဲ့သူပါ"


မင်လျိုရီအနည်းငယ် ကြောင်အမ်းသွားသည်။ ဒါကပြောပြနေရုံသပ်သပ်သာဖြစ်သော်လည်း တကယ်ကြီးအိမ်ရှင်ကို ကျော်ပြီးလွှမ်းမိုးနေပြီမဟုတ်လား...


ချိုက်ရီရှီးက တစ်စုံတစ်ခုပူးကပ်ခံရသကဲ့သို့ ဖြစ်လာပြီး ပို၍ရဲတင်းလာသည်။


"လျိုရီ...နင်ကအရမ်း ကံကောင်းတာပဲ... အထက်တန်းကျောင်းလေးပဲပြီးထားပြီး ဘာအစွမ်းအစမှမရှိပေမယ့် သူ့လိုခင်ပွန်းမျိုးနဲ့ ရှိနေခွင့်ရတယ်”


လူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ 


ယောင်ကျိကျိုး၏မိန်းမက အထက်တန်းလွှာမိသားစုမှမဟုတ်ပေ။  ထို့အပြင် သူမကအထက်တန်းလေးသာ အောင်ထားသည်။ လူတိုင်း၏ အာရုံစိုက်မှုများက မင်လျိုရီ့ထံ ကျရောက်လာကြတော့သည်။ 


သူတို့က လှပသည့်မိန်းကလေးက မသန်မစွမ်းဖြစ်နေသည့်လူကို လက်ထပ်ထားကြောင်း ပြောနေခဲ့ကြ၏။ ယခုတွင်တော့ အခြေအနေကပြောင်းလဲသွားချေပြီ။ သူတို့က ယောင်ကျိကျိုးမှာ ထိုမိန်းကလေးကို လက်ထပ်ရန် မသင့်တော်ဟု ခံစားလာရသည်။ 


ယောင်ကျိကျိုးက မသန်မစွမ်းဖြစ်နေသော်လည်း ယောင်ကုမ္ပဏီ၏ စီအီးအိုဖြစ်နေတုန်းပင်။ လက်တစ်ချက်ဝှေ့ရုံနှင့်တင် မုန်တိုင်းများကိုဖြစ်စေသည့် လူတစ်ယောက်မဟုတ်ပါလား...


အဲ့လိုလူက ဘယ်လိုလုပ်ပြီး မိသားစုနောက်ခံမရှိဘဲ မျက်နှာလှလှလေးတစ်ခုပဲရှိတဲ့ မိန်းကလေးနဲ့ လက်ထပ်လိုက်ရတာလဲ...။ 


ချိုက်ရီရှီးက မင်လျိုရီ အလွန်အမင်းရှက်ရွံ့သွားလိမ့်မည်ဟု ထင်ထားသော်လည်း မင်လျိုရီက တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။ 


ချိုက်ရီရှီးတွေးလိုက်သည်။ 


'အခုမင်လျိုရီရဲ့ အရှက်ရစရာတွေထုတ်ဖော်ခံလိုက်ရပြီကို သူမကလုံးဝမရှက်ဘူးလား... အရှက်ဆိုတာ ဘာလဲရော သိရဲ့လား’


ယောင်ကျိကျိုး၏မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များဖြတ်ပြေးသွား၏။ သူက မင်လျိုရီအား ထိုအခြေအနေထဲမှ ကူထုတ်ပေးချင်သော်လည်း မင်လျိုရီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည်။ 


"ကျွန်မအပေါ်  ဆုံးဖြတ်ချက်တွေနဲ့အလျင်မလိုကြပါနဲ့... ကျွန်မ ကြိုးကြိုးစားစားနဲ့ သင်ယူနေဆဲပါ... ပြီးတော့ ကျွန်မရဲ့အသက်မွေးဝမ်းကြောင်းအတွက်လည်း ကြိုးစားနေပါတယ်” 


ယောင်ကျိကျိုး၏နှလုံးသားမှာ ချက်ချင်းနူးညံ့သွားသည်။ မင်လျိုရီသည် ကမ္ဘာပေါ်ရှိဘယ်အရာကမှ သူမကို နာကျင်အောင် မလုပ်နိုင်သကဲ့သို့ တည်ငြိမ်နေသည်။ ထို့အပြင် သူမက တကယ်ကို အင်အားကြီးသေးသည်။


ယောင်ကျိကျိုး အံကြိတ်လိုက်သည်။ ချိုက်ရီရှီးက သူ့ဇနီးအား အရှက်ခွဲရဲမှတော့ သူမအားလွှတ်ပေးရန် အကြောင်းပြချက်မရှိတော့ပေ။


ယောင်ကျိကျိုး သရော်လိုက်၏။ 


"မင်းအတွက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်... ယောင်မိသားစုက ချိုက်မိသားစုရဲ့ စိတ်ရင်းအမှန်တွေကို သိနေပြီးသားပါ... မနက်ဖြန်ကျရင် ယောင်မိသားစုက ဝယ်ယူခြင်းလုပ်ငန်းစဥ်ကို စတင်မှာဖြစ်ပါတယ်"


ချိုက်ဝမ်လွမ့် ခေါင်းရှုပ်သွားသည်။ 


"ဘာဖြစ်တယ်”


ယနေ့က ချိုက်ဝမ်လွမ့်၏မွေးနေ့ပွဲဖြစ်ပြီး သူတို့ကပွဲကိုဆင်နွှဲနေရမှာဖြစ်သည်။ 


ဘာလို့ချိုက်ရီရှီးက ရုတ်တရက်ကြီးစင်ပေါ်ကို တက်လာပြီး လက်ထပ်မယ့်အကြောင်းကိုပြောရတာလဲ... ပြီးတော့ဘာလို့ သူ့ကုမ္ပဏီက ယောင်ကုမ္ပဏီရဲ့ ဝယ်ယူခြင်းခံရမယ့်အကြောင်းတွေကိုရော ဖော်ထုတ်လိုက်ရတာလဲ…။


အခြေအနေများက မြန်ဆန်လွန်းသောကြောင့် ချိုက်ဝမ်လွမ့်မှာ တုံ့ပြန်စရာအချိန်ပင် မရလိုက်ပေ။


ပွဲတွင် ရှိနေကြသည့် လူအားလုံးလည်း ထိတ်လန့်သွားကြသည်။ 


ချိုက်မိသားစုက ပညာတတ်မိသားစုဖြစ်ပြီး လူတိုင်းနီးပါးကလည်း သူတို့ကိုလေးစားရတယ် ။ ဒါဆို ဘာလို့‌ ယောင်ကျိကျိုးက သူတို့ကိုဝယ်ချင်တယ်လို့ ဘာလို့ပြောရတာလဲ…။


အခြားလူတစ်ယောက်သာဆိုလျှင် သူတို့ကိုယ်သူတို့အထင်ကြီးနေခြင်းသာဖြစ်ပြီး ယောင်ကျိကျိုးကတော့ ကွာခြားသည်။ 


ဒါကအလျင်စလိုချလိုက်သည့် ဆုံးဖြတ်ချက်လား ၊ ယောင်ကျိကျိုးက ချိုက်မိသားစုနှင့် ဆွေးနွှေးပြီးသားလား ဆိုသည်ကို အားလုံးမသိကြပေ။


ထိုအချိန်တွင် လူတိုင်းက သူ့ကို ဂုဏ်ပြုရမလား ၊ ချိုက်ဝမ်လွမ့်ကို နှစသိမ့်ရမလား ဝေခွဲမရကြတော့ပေ။


ချိုက်ဝမ်လွမ့် စိတ်တည်ငြိမ်အောင်လုပ်၍ အပြုံးလေးနှင့်ပြောလာသည်။ 


"ဥက္ကဌယောင်က သိပ်ရယ်ရတာပဲ... ဟားဟားဟား ... အဲ့ဒီအကြောင်းကို အသေးစိတ်သွားပြောကြရအောင်... အားလုံးလည်း ဗိုက်ဆာနေကြလောက်ပြီ ... မိသားစုကိစ္စတွေနဲ့ အားလုံးရဲ့အချိန်ကိုမဖြုန်းပစ်ကြရအောင်”



🥰