Chapter 132
Viewers 11k

🥰 Chapter 132 ✅


ချိုက်ဝမ်လွမ့်က အမြဲလိုလို အေးစက်စက်သာနေသည်။ သူက လူအများရှေ့တွင် ယခုလိုတစ်ခါမှ မပြုံးခဲ့ဖူးပေ။ ကြည့်ရသည်မှာ တကယ်ကိုရန်စခံလိုက်ရသည်ထင်သည်။ 


ယောင်ကျိကျိုးက တစ်ခုခုပြောလိုက်ချင်သော်လည်း မင်လျိုရီက သူ့လက်ကိုဆွဲလာသည်။ 


ယောင်ကျိကျိုး ဆက်မပြောတော့သည်ကိုမြင်သောအခါ ချိုက်ဝမ်လွမ့်ချက်ချင်း ပြောလာ၏။ 


“အားလုံးပဲ...နေရာယူကြပါ” 


တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက လူစုကွဲသွားသော်လည်း ယောင်ကျိကျိုးနှင့် မင်လျိုရီတို့ကို ကြည့်နေကြဆဲပင်။ အများစုကတော့ မင်လျိုရီအပေါ်တွင်သာ ကျရောက်နေသည်။ မင်လျိုရီကတော့ သူတို့၏အကြည့်များကို မခံစားမိသည့်အလား ယောင်ကျိကျိုးအား စကားအနည်းငယ်ကို တီးတိုးပြောလိုက်သည်။ 


ထို့နောက် သူတို့က စင်ပေါ်မှအတူဆင်းလာကြကာ ဘာမှဖြစ်ပျက်မသွားသကဲ့သို့ အပေါ်ထပ်ရှိ VIP ခုံဆီသို့ပြန်သွားကြသည်။ သူတို့နှစ်ယောက်က ဖြူဖျော့နေသည့် ချိုက်ရီရှီးကို လှည့်ပင်မကြည့်သွားကြပေ။ 


ယောင်ကျိရန်က ချိုက်ရီရှီး၏ယနေ့အပြုအမူများကို နားမလည်နိုင်ပေ။ သို့သော်လည်း သူက သူမအား မျက်နှာသာပေးကာ သူမလက်ကိုကိုင်၍ စင်ပေါ်မှ ဆင်းလာသည်။ 


မင်လျိုရီ ဒုတိယထပ်သို့ ပြန်ရောက်သွားသည်နှင့် စားပွဲထိုးလေးက သူမအားဖျော်ရည် ချက်ချင်းလာပေးသည်။ မင်လျိုရီက လိမ္မော်ဖျော်ရည်ထင်သောကြောင့် များများမတွေးဘဲ လက်ခံလိုက်သည်။ သူမက တစ်ခါတည်းသောက်မပစ်လိုက်ဘဲ ဘေးသို့ဖယ်ထားလိုက်သည်။ 


မွေးနေ့ပွဲက စတင်တော့သည်။ အနောက်တိုင်းအစားအစားများ၊ အဓိကဟင်းပွဲများနှင့် အချိုပွဲများ ချပေးလာကြသည်။ သို့သော်လည်း လူတိုင်းက ပေါက်ကွဲနိုင်သည့်သတင်းများကို ကြားထားသောကြောင့်အတင်းအဖျင်းပြောရန်သာ စိတ်ဝင်စားနေကြသည်။ သူတို့အားလုံး စားသောက်ရန် စိတ်မပါကြပေ။


ချိုက်ဝမ်လွမ့်လည်း ယောင်ကျိကျိုးကို နှစ်ယောက်တည်း စကားပြောရန်အတွက် ရုံးခန်းထဲသို့ ခေါ်သွားလေသည်။ 


အမြဲတည်ငြိမ်အေးဆေးနေတတ်သော သူမအဖေမှာ ဘာကြောင့် ဒီလောက်စိတ်လှုပ်ရှားနေရလဲဆိုတာ ချိုက်ရီရှီးနားမလည်ပေ။ ယောင်ကုမ္ပဏီတွင် ဒုဥက္ကဌရှိပြီး ထိုဒုဥက္ကဌမှာ သူမ၏ချစ်သူဖြစ်သည်။ 


ဘာလို့ ယောင်ကျိကျိုးတစ်ယောက်ကိုပဲ ကြည့်နေရတာလဲ ။ ယောင်ကုမ္ပဏီက ယောင်ကျိကျိုးကို ဘာလုပ်လုပ်ဆိုပြီး ခွင့်ပြုပေးထားလို့လား…


ယောင်ကျိကျိုး ထွက်မသွားခင် သူက ချန်စန်းကျင်းနှင့်ရှောက်မော့တို့ကို သတိပေးလိုက်သည်။ 


"လျိုရီကို သေချာကြည့်ထား”


ထို့နောက် ကျောက်ချမ်းက ယောင်ကျိကျိုးအား ရုံးခန်းဆီသို့ ခေါ်သွားတော့သည်။ 


ယောင်ကျိကျိုးထွက်သွားသည်ကိုကြည့်ရင်း ချန်စန်းကျင်းမနေနိုင်ဘဲ မေးလာသည်။ 


"မရီး…မင်းတို့နှစ်ယောက် ဘယ်လိုတွေ့ကြတာလဲ... ဘယ်အချိန်က လက်ထပ်လိုက်ကြတာလဲ”


ရှောက်မော့လည်း ချက်ချင်း ထပ်ပေါင်းပြောလာသည်။ 


"ယောင်ကျိကျိုးက မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ် နေလေ့မရှိဘူး... သူနဲ့အတူ မိန်းကလေးအဖော်တွေလည်း ခေါ်လာလေ့မရှိဘူး... ပြီးတော့ အဝတ်အစားဆိုလည်း ကြယ်သီးအပြည့်တပ်တတ်တဲ့လူ... ကျွန်တော်တို့က ကျိကျိုးဘဝမှာ မိန်းကလေးတစ်ယောက်မှ ရမှာမဟုတ်ဘူးလို့ထင်ထားခဲ့ကြတာ... အခုလို လူတိုင်းအရှေ့မှာ ဝန်ခံချပြလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ”


မင်လျိုရီလည်း အံ့ဩနေမိသည်။ ယခုလေးတွင် စိတ်လှုပ်ရှားစရာကောင်းသည့် ဒရာမာတစ်ခုဖြစ်သွားခဲ့သည်။ ဇာတ်ကြောင်းကလည်း ရှုပ်ထွေးလွန်းလှသည်။ သို့သော် ဒီနှစ်ယောက်က ထိုအရာများကိုသာ တွေးနေကြသည်။ ထို့အပြင် သူမတို့၏အိမ်ထောင်ရေးက စီးပွားရေးအရသာဖြစ်သည်။ 


ဘာအံ့ဩစရာရှိလို့လဲ…


မင်လျိုရီက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ 


“ဟုတ်တယ်…ကျွန်မတို့ ဆက်ဆံရေးက အရမ်းကောင်းတာ... ဖျက်ဆီးလို့မရနိုင်ဘူး”


ရှောက်မော့နှင့် ချန်စန်းကျင်းနှင့် မှင်သက်သွားသည်။ 


ဖျက်ဆီး၍မရနိုင်ဆိုသည်က ကောင်းမွန်သည့် စကားလုံးဖြစ်ပေမယ့် ဘာလို့ထူးဆန်းနေသလို ခံစားနေရတာလဲ…


သူတို့နှစ်ယောက်က အသေးစိတ်မေးနေပြီး မင်လျိုရီကတော့ တစ်ခါလျှင်တစ်ခွန်းသာတုံ့ပြန်လေသည်။ သူတို့နှင့် ဆက်တိုက်စကားပြောနေသောကြောင့် သူမရေဆာသလိုဖြစ်လာခဲ့သည်။ သူမက လာပေးထားသည့် လိမ္မော်ဖျော်ရည်ကို ယူ၍ တစ်ကျိုက်သောက်လိုက်သည်။ 


…


ရုံးခန်းထဲတွင် ယောင်ကျိကျိုးဝင်လာသည်ကို တွေ့သောအခါ ချိုက်ဝမ်လွမ့် ချက်ချင်းမတ်တပ်ရပ်၍ ပြောလာသည်။ 


"ဥက္ကဌယောင်…ဒီနေ့ ဟာသက နည်းနည်းများသွားတယ်မဟုတ်လား”


“ဘယ်လိုဟာသမျိုးလဲ”


ယောင်ကျိကျိုးက အေးစက်စွာ တုံ့ပြန်လာသည်။ “


"လူကြီးမင်းချိုက်…ဘယ်စကားကို ဟာသလို့ထင်နေတာလဲ”


“ဥက္ကဌယောင်…အထင်လွဲတာတစ်ခုခုရှိနေပါလိမ့်မယ်”


ဝမ်ချိုက်လွမ့်ပြောလိုက်သည်။ 


“အရင်ဖြေရှင်းရအောင်လေ... အဲ့လောက်ထိ လုပ်စရာမလိုပါဘူး”


ယောင်ကျိကျိုး ပြောလိုက်သည်။ 


"ဘာအထင်လွဲတာလဲ... လျိုရီက ကျွန်တော့်ကိုလက်ထပ်ထားတယ်... ပြီးတော့ ချိုက်ရီရှီးက ယောင်ကျိရန်ကို လက်ထပ်ထားတယ်... ညီတူညီမျှပဲလေ... အဲ့ဒါကောင်းတဲ့အရာမဟုတ်ဘူးလား”


ထိုစကားကို ကြားသောအခါ ချိုက်ဝမ်လွမ့်၏နဖူးတွင် ချွေးအလွှာပါးလေးက နေရာယူလာသည်။ 


ဒါဆို ဒါကြောင့်ပေါ့…ဘာပဲဖြစ်နေပါစေ ချိုက်မိသားစုက လုံးဝအမှားလုပ်လိုက်မိပြီပဲ


တချိန်က ယောင်မိသားစုနှင့်လက်ထပ်ချင်သည်ဟု အရင်ဆုံးပြောလာသူက ချိုက်ရီရှီးပင်။ ချိုက်ဝမ်လွမ့်ကလည်း ယောင်မိသားစုအား အကြိမ်ကြိမ် အရိပ်အမြွက်များပြဖူးသည်။ သို့သော်လည်း ယောင်မိသားစုက…ယောင်ကျိကျိုး၏ မတော်တဆမတိုင်ခင်အထိ သူတို့ကို လျစ်လျူရှုလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


သို့သော် အဖေတစ်ယောက်အနေနဲ့ ချိုက်ဝမ်လွမ့်က ဘယ်လိုလုပ် သူ့သမီးကို မသန်မစွမ်းဖြစ်နေတဲ့ လူတစ်ယောက်နဲ့ လက်ထပ်ခိုင်းရမလဲ…


ထိုအချိန်တွင် သူ့သမီးက ထိုကိစ္စကိုချက်ချင်း ဖြေရှင်းရမည်ဟု ပြောခဲ့သည်။ မင်လျိုရီအား ချိုက်မိသားစု၏ ဝမ်းကွဲတစ်ယောက်အဖြစ် စီစဥ်ထားသော်လည်း ချိုက်ဝမ်လွမ့်က မင်လျိုရီအား တစ်ခါမှမမြင်ဖူးပေ။ ချိုက်ဝမ်လွမ့်က သတို့သမီးနေရာတွင် အစားထိုးရန် တစ်ယောက်ယောက်ကို ရှာခြင်းက မမှန်ကန်ဟု သိနေသောကြောင့် မျက်ကွယ်ပြုနေခဲ့သည်။ 


ယခုအချိန်တွင်တော့ ချိုက်ဝမ်လွမ့် နောင်တများဖြင့် ပြည့်နှက်နေတော့သည်။ ထင်ထားသည့်အတိုင်းပင် လူသားများက သူတို့၏ကံကြမ္မာကိုဆန့်ကျင်၍ ဘာမှမလုပ်သင့်ပေ။ သို့မဟုတ်ပါက အကျိုးဆက်များက အနှေးနှင့်အမြန် တံခါးလာခေါက်လိမ့်မည်ပင်။ 


နတ်ဆိုးတစ်ပါးတံခါးလာခေါက်ခြင်းထက် ယောင်ကျိကျိုးက ပို၍ကြောက်ဖို့ကောင်းသည်။ 


“ဥက္ကဌယောင်”


ချိုက်ဝမ်လွမ့်ပြောလိုက်သည်။ 


"ဘယ်လိုလုပ်ချင်ပါသလဲ…ချိုက်မိသားစု ပူးပေါင်းပေးပါ့မယ်”


ယောင်ကျိကျိုး တစ်ခုခုပြောတော့မည့်အချိန်မှာပင် ရုံးခန်းတံခါးကို တစ်ယောက်ယောက်က အလျင်စလို ခေါက်လာသည်။ ချိုက်ဝမ်လွမ့်မျက်မှောင်ကြုတ်သွား၏။


ချန်စန်းကျင်းက တံခါးဝတွင် စိုးရိမ်တကြီးဖြင့် ရပ်နေသည်။ သူက ဂုဏ်သိက္ခာတို့ကို ဂရုမစိုက်တော့ဘဲ အထဲသို့ တန်းဝင်လာလိုက်သည်။ သူပြောလာ၏။ 


“မရီးဒုက္ခရောက်နေပြီ တစ်ခုခုမှားနေတယ်”



🥰