Chapter 133
Viewers 11k

🥰 Chapter 133 ✅


ထိုအကြောင်းကိုကြားသောအခါ ယောင်ကျိကျိုး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ချိုက်ဝမ်လွမ့်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နေသည်။ 


အကြည့်နှင့်သာသတ်နိုင်ပါက ချိုက်ဝမ်လွမ့် အကြိမ်ထောင်ပေါင်းများစွာ သေနေပြီဖြစ်သည်။ 


ယောင်ကျိကျိုး၏မျက်လုံးများက ယခုအခိုက်အတန့်မှာ ပုံရိပ်ယောင်ဖြစ်နေသကဲ့သို့ အောက်သို့ စိုက်ကျသွားသည်။


"လူနာတင်ယာဥ်ကို အရင်ခေါ်”


ယောင်ကျိကျိုး ပြောလိုက်သည်။ 


ချိုက်ဝမ်လွမ့်ချက်ချင်းပြောလာသည်။ 


"လူကြီးမင်းယောင်…အလန့်တကြားမဖြစ်ပါနဲ့... ဒီမှာ ဆေးခတ်မယ့်သူ တစ်ယောက်မှမရှိပါဘူး... ဒီနေ့ ဒီမှာရှိနေတဲ့ လူတိုင်းက ဗွီအိုင်ပီတွေပါပဲ... အစားအသောက်တွေကလည်း စစ်ဆေးထားပြီးသားပါ”


“အဲ့လိုသာဆိုရင်တော့ ကောင်းတာပေါ့”


ယောင်ကျိကျိုး ပြောလာသည်။ သူ့မျက်နှာက မှုန်မှိုင်းနေပြီး အသံကအေးစက်နေသည်။ 


ယောင်ကျိကျိုး စကားပြောပြီးသွားသည်နှင့် ကျောက်ချမ်းက ချက်ချင်းသူ့ကို မင်လျိုရီရှိသည့်နေရာသို့ တွန်းသွားပေးလိုက်သည်။ 


မင်လျိုရီက လက်ထဲတွင် ဖန်ခွက်ကိုကိုင်ထားသည်။ သူမက သူမနေရာတွင် ထိုင်နေကာ မျက်နှာလေးမှာ နီရဲနေပြီး သာမန်ပုံစံအတိုင်းရှိနေသည်။ သေချာကြည့်မည်ဆိုပါက မင်လျိုရီ၏ မျက်လုံးများမှာ မှုန်မှိုင်းနေပြီး သူမ၏ခန္ဓာကိုယ် ပျော့ခွေနေသည်ကို သတိထားမိလိမ့်မည်။ ရှောက်မော့က ဘေးတွင်ရပ်နေကာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ 


ယောင်ကျိကျိုးကမင်လျိုရီ၏ ဘေးသို့‌ ရောက်လာသည်။ 


"အချစ်”


မင်လျိုရီက ခေါင်းလှည့်လာရာ ယောင်ကျိကျိုးကို တွေ့လိုက်သည်။ သူမ၏မျက်လုံးများတွင် သူ့ပုံရိပ်များဖြင့် ပြည့်နေပြီး သူမက သူ့ကို တည့်တည့်စိုက်ကြည့်လာသည်။ ထို့နောက် တစ်ခုခုကို တွေးမိသည့်အလား ဖန်ခွက်ကို ချလိုက်သည်။ 


သို့သော်လည်း သူမ၏ခွန်အားကို မထိန်းနိုင်သည့်ပုံရကာ ခွက်ကစားပွဲပေါ်သို့ အရှိန်ပြင်းစွာကျသွားတော့သည်။ 


ခွမ်း


ကြေကွဲသံများနှင့်အတူ ဖန်ခွက်ကစားပွဲပေါ်တွင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလေသည်။ 


ယောင်ကျိကျိုး၏ နှလုံးသားက သူ့လည်မျိုသို့ ရောက်နေသကဲ့သို့ ဖြစ်လာကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။ 


"လျိုရီ…မလှုပ်နဲ့တော့နော်... ကိုယ့်ကိုစောင့်နေ”


မင်လျိုရီက ယောင်ကျိကျိုး၏ စကားကို လုံးဝနားမထောင်ပေ။ သူမက မတ်တပ်ရပ်လိုက်သည်။ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းယိုင်သွားပြီးနောက်မှ သူမကိုယ်သူမ သေချာထိန်းနိုင်လိုက်သည်။ 


မင်လျိုရီက ဝါဂွမ်းများပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ပင် ယိုင်တိယိုင်တိုင်ဖြစ်နေကာ သူမ၏ အသားအရေများမှာလည်း ပန်းရောင်သမ်းနေသည်။ သူမက ယောင်ကျိကျိုးအပေါ်သို့ မှီချလိုက်သည်။ 


ယောင်ကျိကျိုးက မင်လျိုရီ လဲသွားမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းလက်မြှောက်၍ သူမကို ဖမ်းလိုက်သည်။ ယောင်ကျိကျိုး၏ အပြုအမူများက မင်လျိုရီကို အားပေးအားမြှောက်ပေးသကဲ့သို့ဖြစ်သွားပြီး သူမကအရှိန်မြန်လာသည်။ သူမ ယောင်ကျိကျိုးအနားသို့ ရောက်လာချိန်တွင် မင်လျိုရီက ဖြေးဖြေးချင်း ထိုင်ချလိုက်ကာ ခေါင်းမော့လိုက်သည်။ 


ယောင်ကျိကျိုးက မင်လျိုရီစကားပြောချင်သည်ကို ထင်သောကြောင့် ခေါင်းငုံ့ပေးလိုက်သည်။ သို့သော် မင်လျိုရီက သူ့မျက်နှာအား နမ်းလိုက်သည်ကို ခံစားလိုက်ရသည်။ 


မင်လျိုရီက အသံနိမ့်နိမ့်ဖြင့်မေးလာသည်။


"ကျွန်မလုပ်တာမှန်ရဲ့လား”


ယောင်ကျိကျိုးက မင်လျိုရီအား ပြောခဲ့သည့်စကားများကို သတိရသွားသည်။ 


ယောင်ကျိကျိုး တစ်ခါပြောခဲ့ဖူးသည်။ 


"ကိုယ်တို့က အခုလက်ထပ်ထားတဲ့စုံတွဲတွေ…ပြီးတော့ ကိုယ်က အခုမှနိုးလာတာ... သေချာပေါက် ကိုယ်တို့က ကော်လိုကပ်နေသင့်တာပေါ့ ... ကိုယ်ကတစ်ယောက်ယောက်ကို တစ်ယောက်တည်းသွားစကားပြောနေရင် မင်းဘာလုပ်ရမလဲ... သေချာတာကတော့ ထိတွေ့ရင်းနှီးမှုကိုပြသဖို့ ကိုယ့်အနားကို ရောက်လာပြီး ကိုယ့်မျက်နှာကို ညင်ညင်သာသာလေးနမ်းရမှာပေါ့"


ထိုအကြောင်းကို တွေးရင်း ယောင်ကျိကျိုး၏ နှလုံးသားမှာ နူးညံ့သွားသည်။ သူမက ယခုလိုအခြေအနေတွင် ရှိနေသော်လည်း သူပြောသည့် စကားများကို မှတ်မိနေဆဲပင်။ 


ယောင်ကျိကျိုးက မင်လျိုရီကို တင်းကြပ်စွာ ဖက်လိုက်ရင်း ပြောလိုက်သည်။


"လျိုရီ…မကြောက်နဲ့နော်... ကိုယ်တို့ အခုပဲ ဆေးရုံသွားကြမယ်”


မင်လျိုရီ အံ့ဩသွားသည်။ 


"ဘာလို့ ဆေးရုံကို သွားမှာလဲ... ရှင်နေမကောင်းဘူးလား”


ယောင်ကျိကျိုး မျက်မှောင်ကြုတ်လိုက်သည်။ 


“ မင်းသက်တောင့်သက်သာ မဖြစ်နေတဲ့ နေရာရှိလား”


မင်လျိုရီက လက်ကို ဆန့်ထုတ်လိုက်သည်။ သူမလက်ချောင်းတွင် သွေးအချို့ရှိနေသည်။ ယခုလေးတင် ကွဲသွားသည့်ဖန်ခွက်မှ ဖြစ်လိမ့်မည်။ 


“လက်နည်းနည်းနာနေတယ်”


မင်လျိုရီ တီးတိုးပြောလိုက်သည်။ 


ယောင်ကျိကျိုး ပို၍ စိတ်လှုပ်ရှားလာတော့သည်။ သူပြောလိုက်၏။


"အခု ဝင်ပေါက်ကိုသွားရအောင်... မကြာခင် လူနာတင်ယာဥ်ရောက်လာ‌တော့မယ်”


ကာကွယ်သူနှစ်ယောက်က သူမကို ထူပေးချင်သော်လည်း မထူရဲဖြစ်နေသည်။ 


အမျိုးသမီးတစ်ယောက်က ဆိုလာ၏။ 


"မဒမ်ယောင်ကို ကူညီကြရအောင်”


အားလုံးက ထိုအသံကိုကြား၍ လှည့်ကြည့်လိုက်သောအခါ ဝမ်မိသားစု၏ သမီးဖြစ်နေကြောင်း တွေ့လိုက်ကြသည်။ ဝမ်ခယ့်အာက နိုင်ငံခြားမှ ကျောင်းတက်ပြီး၍ မကြာသေးခင်ကမှ ပြန်ရောက်လာသောကြောင့် ဤနေရာတွင် ရှိနေသည့်သူများနှင့် မရင်းနှီးပေ။


ဝမ်ခယ့်အာက မင်လျိုရီ၏လက်ကိုတွဲလိုက်သည်။ သူတို့ဝင်ပေါက်သို့ ရောက်သည့်အချိန်တွင် လူနာတင်ယာဥ်လည်း ‌ရောက်လာသည်။ 


“မိန်းကလေးဝမ်...ကျေးဇူးတင်ပါတယ်... နောက်ကျရင် သေချာကျေးဇူးတင်ပါ့မယ်”


ယောင်ကျိကျိုး ပြောလိုက်သည်။ 


ဝမ်ခယ့်အာ ပြောလာသည်။


"ဒါက ကိစ္စသေးသေးလေးပါ...လူကြီးမင်းယောင် ဘာမှမတွေးပါနဲ့”


ရှောက်မော့က ချက်ချင်း မင်လျိုရီသောက်ခဲ့သည့် ဖျော်ရည်ကို သူနာပြုထံပေးလိုက်သည်။ 


ယောင်ကျိကျိုးက ရှောက်မော့ကိုကြည့်၍ ပြောလိုက်သည်။ 


"ရလဒ်ထွက်မလာခင်အထိ ဘယ်သူမှ ထွက်မသွားစေနဲ့”


လူနာတင်ယာဥ်ထဲတွင် ဆရာဝန်ကချက်ချင်း မင်လျိုရီ၏လက်ကို ပိုးသတ်ပေး၍ ပတ်တီးစီးပေးလိုက်သည်။ ဆရာဝန်က မင်လျိုရီကိုမေးလိုက်သည်။


"တခြားမသက်မသာဖြစ်နေတဲ့နေရာရှိသေးလား” 


“ကျွန်မ နည်းနည်းမူးပြီး‌အေးနေတယ်”


မင်လျိုရီပြောလိုက်သည်။ 


“ခင်ဗျားသောက်ခဲ့တာလား”


ဆရာဝန်မေးလိုက်သည်။


"မဟုတ်ရင် ခင်ဗျားဆီက ဘာလို့အရက်နံ့တွေ ဒီလောက်တောင် ပြင်းနေရတာလဲ... အရက်ဆေးခတ်တာများ ခံလိုက်ရတာလား"


“ကျွန်မမသောက်ခဲ့ဘူး”


မင်လျိုရီ ခေါင်းခါလိုက်သည်။


“ကျွန်မ ထူးဆန်းတဲ့အရသာရှိတဲ့ လိမ္မော်ဖျော်ရည်ပဲ သောက်ခဲ့တာ”


ဆရာဝန်ဆက်မေးလာသည်။


"အခု အန်ချင်နေသလိုဖြစ်နေလား... နှလုံးခုန်တွေမြန်နေပြီးအမြင်တွေဝါးနေလား” 


မင်လျိုရီ ခေါင်းခါရမ်းပြရင်း မခံစားရကြောင်း ပြသလိုက်သည်။



🥰