အပိုင်း ၁
Viewers 14k

တောင်ပေါ်၊တောင်အောက်...။
လပြက္ခဒိန်၏ ပထမဆုံးလရဲ့ ရှစ်ရက်မြောက်နေ့တွင် ဆီးနှင်းများထူထပ်စွာကျဆင်းနေခဲ့သည်။
အစေခံမလေး ဖူဟွားသည် သူမရဲ့လက်ထဲတွင် ဝါးခြင်းတောင်းကြီးကိုကိုင်ထား၏။ သူမသည် အရပ်သိပ်မရှည်သလို ရိုးရိုးရှင်းရှင်း ချည်သားဝတ်စုံကိုသာ ၀တ်ဆင်ထားပြီး မတ်စောက်သော တောင်တက်လမ်းပေါ်တွင် ပေါ့ပါးသည့် ခြေလှမ်းများဖြင့် တောင်ပေါ်သို့လျှောက်တက်လာနေသည်။
ထိုအချိန်တွင် ဆီးနှင်းများ ပိုမိုပြင်းပြင်းထန်ထန်ကျဆင်းလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဖြူရောင် နှင်းစောင်ဖြင့် ခြုံလွှမ်းသွားသကဲ့သို့ပင်ဖြစ်သွားစေ၏။
သစ်ပင်များ၏ထိပ်ဖျားပေါ်တွင် နှင်းထူထူ အလွှာတစ်ခုရှိနေသည်။ တောင်လမ်းက မတ်စောက်သဖြင့် ဖူဟွားရဲ့ အရှိန်က ပုံမှန်လောက် မမြန်ချေ။ သူမသည် နှင်းများထူထပ်စွာကျဆင်းနေမှုကြောင့် အဟန့်အတားဖြစ်နေပုံရသော်လည်း၊ သေချာကြည့်ပါလျှင် သူမ၏ခြေရာများကြားအကွာအဝေးသည် ညီမျှနေပြီး တစ်လက်မ သို့မဟုတ် မီလီမီတာအနည်းလောက်ပင်မကွဲပြားသည်ကိုတွေ့ရမည်ဖြစ်၏။
[ T/N - ဘာလို့အဲ့ဒီလိုခြေလှမ်းညီရသလဲဆိုရင် သိုင်းသမား (သို့) ကျင့်ကြံသူဖြစ်ကြလို့ပါ ]
တောင်ပေါ်တွင် ငှက် သို့မဟုတ် မည်သည့် တိရိစ္ဆာန်တွေမှ ရှိမနေချေ။ ထိုအစား နှင်းပွင့်တွေ တဖြောက်ဖြောက် ကြွေကျနေသည့်အသံတွေပဲ ရှိ၏။
သူမ လမ်းလျှောက်နေတာ မည်မျှကြာမှန်း မသိတော့သည့်အချိန်တွင် ဖူဟွားသည် အဖြူရောင် အခိုးအငွေ့တွေကို ပါးစပ်ထဲမှမှုတ်ထုတ်လိုက်ပြီးနောက် သူမရဲ့ နှုတ်ခမ်းထောင့်တွေကလှပစွာကွေးတက်သွားတော့သည်။ ခပ်မြင့်မြင့် ထင်းရှူးပင်တစ်ပင်ကို ကွေ့ပတ်လျှောက်ပြီးသည်နှင့် သူမရဲ့လမ်းလျှောက်နေသည့် အရှိန်ကို မထိန်းနိုင်ဘဲမြှင့်လိုက်မိသည်။ ခဏအကြာတွင် မြင့်မားလှပသည့် ပွဲကြည်စင်တစ်ခုက သူမမြင်ကွင်းထဲသို့ ၀င်လာလေ၏။
ပွဲကြည့်စင်ကို ကမ်းပါးတစ်ခု၏ထိပ်တွင် တည်ဆောက်ထားပြီး၊ ယင်း၏၀န်းကျင်တွင် ထင်းရှုးပင်များပတ်လည်၀ိုင်းနေ၏။ ပွဲကြည့်စင်က အထပ်နှစ်ထပ်ပါရှိပြီး ဘေးပတ်ချာလည်ကို ဝါးကန့်လန့်ကာဖြင့် တင်းကျပ်စွာ ဝန်းရံထားသည်။ ဝါးကန့်လန့်ကာသည် ပထမအကြည့်တစ်ချက်တွင် ရိုးရိုးသာမန်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် လေတိုက်နူန်း မည်မျှပင်ကြီးသည်ဖြစ်စေ၊ နှင်းမုန်တိုင်းများ မည်မျှပင်ပြင်းထန်နေပါစေမူ ပွဲကြည့်စင်အတွင်းတွင် အအေးဒဏ်မှ ကာကွယ်ပေးသည့် သေးငယ်သော ယန္တရားတစ်ခုကို ဖုံးကွယ်တပ်ဆင်ထားပေ၏။
ဖူဟွားသည် ပွဲကြည့်စင်ရှေ့သို့ လျှောက်သွားနေစဥ်အတွင်း သူမ၏ အပြုံးသည်လည်း တဖြည်းဖြည်းကြီးမားလာသည်။
သူမ ဝါးကန့်လန့်ကာကို မြှောက်ကာ ချိုသာသောအသံလေးဖြင့်ခေါ်လိုက်၏။
“သခင်လေး……”
သခင်လေးဆိုသူကိုခေါ်ပြီးနောက် ပွဲကြည့်စင်အတွင်းသို့ကြည့်လိုက်ရာအထဲတွင် ဗလာနတ္ထိ လွတ်လျက်ရှိနေသည်ကိုတွေ့လိုက်ရ၏။ သူမမျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး ဒေါသထွက်ရာမှနေ စိုးရိမ်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူမ လေးလံသော ဝါးခြင်းတောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီးနောက် အနောက်သို့လှည့်ကာ တောင်ပေါ်အနီးတစ်၀ိုက်တွင် စတင်ရှာဖွေတော့၏။
ဖူဟွားသည် သူမ၏ စိတ်အနှောင့်အယှက်ဖြစ်မှုကို ထိန်းချုပ်ကာ တောင်တက်လမ်းတစ်လျှောက်ဘက်သို့ပြန်၍သွားရှာမိသည်။ နောက်ဆုံး၌ တောင်ပေါ်သို့တက်ရာ လမ်းတစ်ဝက်ရှိ ကျောက်တုံးကြီးတစ်ခုတွင် သူမရှာနေသည့်သူကို တွေ့လိုက်ရပေသည်။
ထိုသူက နှင်းဖြူမြေခွေးမွှေးကို ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက်ပင်။
လူငယ်က ဖူဟွားဘက်သို့ ကျောခိုင်းထားသည်။ အဝေးရှိ တစ်စုံတစ်ခုကို စူးစူးစိုက်စိုက် ကြည့်နေပုံရပြီး သူ့နောက်မှာ ရှိနေသည့်လူကို လုံး၀သတိမထားမိချေ။ သူ၏ရှည်လျားနက်မှောင်သောဆံနွယ်တွေကို ငု၀ါသားဖြင့်ထွင်းထုထားသည့် ဆံထိုးဖြင့်ထုံးဖွဲ့ထားပြီး အချို့ချထားသောဆံနွယ်များမှာ လေအေးတွေတိုက်လိုက်သည့်အချိန်တိုင်း သူ့နားရွက်လေးတွေဖြင့် ပွတ်တိုက်မိသွား၏။
သူဤနေရာတွင်ဘယ်လောက်ကြာကြာနေနေလဲ မည်သူမျှမသိနိုင်ပေ။ နောက်အခိုက်အတန့်လေးတွင် သူ့ပတ်ဝန်းကျင်ရှိ အဖြူရောင်ရှုခင်းထဲသို့ လုံးလုံး အရည်ပျော်၀င်သွားတော့မည့်ဟန် သူ့ခေါင်းနှင့် ပခုံးများတွင် ထူထဲသည့် နှင်းအလွှာက စုပြုံနေပြီဖြစ်၏။
ဖူဟွားက မျက်မှောင်ကြုတ်၍ “သခင်လေး” ဟု ညှင်သာစွာခေါ်လိုက်သည်။
လူငယ်လေးက သူ့ခေါင်းကို လှည့်၍ကြည့်လိုက်သည့်အခါ ချောမောလှပသည့် မျက်နှာကို ပေါ်လွင်သွားစေ၏။ သူ့တွင် နူးညံ့တဲ့ အသွင်အပြင်၊ ပါးလွှာတဲ့ နှုတ်ခမ်း၊ ဖြောင့်တန်းသွယ်လျတဲ့ နှာတံ၊ တည်ကြည်ရှင်းသန့်တဲ့ မျက်ခုံးမွှေးနဲ့ မျက်၀န်းနက်နက်တွေ ရှိသည်။ သူ့မျက်၀န်းတွေက အနက်ရောင်ဖြစ်ပေမယ့် ပုံမှန်ထက်အရောင်ပိုဖျော့၏။
သေချာမကြည့်လျှင် သူ့မျက်၀န်းလေးတွေက လစ်ဟာနေသည်ဟု လူကိုထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။ အအေးထဲတွင် အချိန်အကြာကြီးရှိနေခြင်းကြောင့် သူ့နှုတ်ခမ်းတွေက ခရမ်းရောင်ဖျော့ဖျော့လေး ဖြစ်နေသော်လည်း သူ့အားအရုပ်ဆိုးအကျည်းတန်မှုမဖြစ်သွားစေဘဲ ထိုအစား သူ့ပုံစံလေးမှာ မှင်နဲ့တူသည့် ကျက်သရေရှိမှုမျိုး ပေါက်နေစေပြန်၏။ သို့သော် ဤကျက်သရေရှိမှုက ထိုသူ့ကို ဒီနေရာတွင်ပျောက်ကွယ်သွားတော့မည်ဟု ခံစားချက်ကိုခံစားရစေမိသည်။
"သခင်လေး..."
ထိုသူ၏အသွင်အပြင်ကိုမြင်လိုက်ရချိန်တွင် ဖူဟွားသည် စိတ်ဆိုးလွန်းတာကြောင့် ထွေထူးစဥ်းစားမနေတော့ဘဲ ထိုသူအနားသို့ မြန်မြန်ဆန်ဆန်လျှောက်သွားကာ အပြစ်တင်စကားဆိုတော့၏။
“သခင်လေးဒီကိုထွက်လာတာ ဘယ်လောက်တောင်ကြာနေပြီလဲ ဒီလိုအေးတဲ့ရာသီဥတုမျိုးနဲ့ အေးခဲပြီးသေသွားရင် ဘယ်လိုလုပ်မလဲ”
မူလက ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည့် အမျိုးသားငယ်လေးသည် သူ့အစေခံဖြစ်သူ၏ အပြစ်တင်သံကို ကြားပြီးသည့်နောက်မှာ အနည်းငယ် အပြစ်ရှိသော အမူအရာကို ပြသလာ၏။
သူ အလျင်စလို ထရပ်လိုက်ပြီး နှင်းပွင့်တွေကို သူ့ကိုယ်မှ ပွတ်သပ်ဖယ်ရှားရင်း “ပွဲကြည့်စင်ထဲမှာ အကြာကြီးနေနေရတော့ ပျင်းလာလို့ လမ်းထွက်လျှောက်မိတာ” ဟု နွေးထွေးသောလေသံဖြင့် ပြောလာသည်။
"သခင်လေး..."
အစေခံသည် အပြစ်တင်သည့်စကားများစွာကို ထပ်ပြောချင်သေးသော်လည်း စကားလုံးများမှာ လျှာဖျားသို့ ရောက်ချိန်တွင် ယင်းတို့အား အတင်းပြန်မျိုချလိုက်ရ၏။ ထိုအမျိုးသားငယ်၏အသွင်အပြင်ကိုကြည့်ပြီး သူမ၏သခင်လေးဖြစ်သူကို ပွဲကြည့်စင်သို့ အမြန်ပြန်လာရန် မတိုက်တွန်းမီ အနည်းငယ်လောက်ခပ်တိုးတိုးလေးသာ ညည်းညူနေမိသည်။
သခင်လေးက သူမအပြောကို တုံ့ပြန်သော်လည်း ခြေကတုတ်တုတ်ပင်မလှုပ်။
သူက သူ့မျက်၀န်းဖျော့ဖျော့လေးတွေကိုတစ်ချက်မှိတ်ပြီးနောက် အပြစ်ကင်းစင်စွာဖြင့်ဆိုလာ၏။
"ဖူဟွား ငါစိတ်ဝင်စားစရာကောင်းတဲ့တစ်ခုတွေ့ထားတယ်"
ဖူဟွား : "အဲ့ဒါကဘာလဲ"
သခင်လေး: “လာ...ကြည့်ကြည့်”
ဖူဟွားသည် သူမ နှုတ်ခမ်းကို တင်းတင်းဖိ၍ သခင်လေး၏နံဘေးနား လျှောက်သွားကာ သူညွှန်ပြသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။
သူမ မြင်လိုက်ရသည်က နှင်းတွေဖုံးနေတဲ့ ကျောက်တုံးကြီးတစ်တုံးပင်။ ထိုအပေါ်တွင် အဝါနုရောင် ပန်းပွင့်လေးတွေဖုံးလွှမ်းနေသေး၏။ ထိုပန်းလေးတွေမှာ ခါးသီးအေးစက်သည့်လေတွေတိုက်ခတ်လိုက်သည့်အချိန်တိုင်းတွင် တုန်တုန်ယင်ယင်ဖြစ်သွားပြီး နောက်အခိုက်အတန့်လေးတွင် အမြစ်ကပြတ်ထွက်သွားတော့မည့်သကဲ့သို့ အတော်လေးကိုနုနယ်နေပုံရသည်။
"ပန်းတစ်ပွင့်က ဘယ်လိုလုပ်ပြီး ဒီလိုပုံစံဖြစ်နေရတာလဲ"
ဖူဟွားလည်းသိပ်မသိချေ။
“ဆောင်းတွင်းဆိုတော့…”
“ကျွန်တော်လည်း အဲဒါကို သိချင်မိတယ်”
သူမ သခင်လေးက ပြုံးလိုက်ပြီး “ဘာဖြစ်မလဲဆိုတာသိချင်လို့ ဒါကို ခဏလောက် ရပ်ကြည့်ချင်သေးတယ် ထားပါ လာ...ပြန်ကြရအောင်"
သူက နူးညံ့သော လက်ချောင်းလေးများဖြင့် ပန်းပွင့်ငယ်များ၏ နူးညံ့သော ပွင့်ဖတ်များကို ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။ သူ့လုပ်ရပ်က အတော်လေးကိုနူးညံ့ညင်သာနေ၏။
ဖူဟွားသည် သူမ သခင်လေး၏ လုပ်ရပ်ကိုမြင်ပြီးနောက် မျက်ခုံးပင့်မိသွားသော်လည်း သူမ ဘာမှပြန်မပြောပေ။ ယင်းအစား၊ သူမသည် သူမ၏သခင်လေးနောက်သို့သာ တိတ်တဆိတ် တိုးသွားပြီး မြန်မြန်ပြန်သွားရန် တိုးတိုးလေးတိုက်တွန်းလိုက်သည်။
အဝါနုရောင်ရှိသော ပန်းကလေးသည် ချမ်းအေးသောလေထဲတွင် ရွေ့လျားယိမ်းထိုးနေဆဲပင်၊ ထိုအချိန်တွင် မည်သည့်နေရာမှ ထွက်လာမှန်းမသိသည့် ချီ ဓားတစ်စင်းသည် ရုတ်တရက် လေထဲမှ ဖြတ်သန်းတိုး၀င်လာသည်။ ပန်းပွင့်ငယ်လေးသည် အမြစ်မှဖြတ်ပိုင်းခံလိုက်ရပြီး လေတိုက်ခံလိုက်ရသည့်အခါ ပန်းပွင့်ချပ်တို့သည် အစိတ်စိတ်အမွှာမွှာကွဲထွက်၍ လေနှင့်အတူလွင့်ပါသွားတော့၏။
သူမ၏သခင်လေးသည် ပွဲကြည့်စင်ဘက်သို့ ဖြည်းညှင်းစွာပြန်လျှောက်သွားပြီး ၀ါးကုလားကာများကို ဖြည်းညှင်းစွာမတင်လိုက်သည်။ ထိုအခါ သူ့မျက်နှာဆီသို့ အပူလှိုင်းတစ်ခု တိုးဝင်လာသည်ကို သူ ခံစားလိုက်ရ၏။ ပွဲကြည့်စင်၏အလယ်တွင် တောက်လောင်နေသည့် မီးသွေး အိုးပေါင်းများစွာရှိနေသည်။
ထို့ကြောင့် ပွဲကြည့်စင်အတွင်းပိုင်းတစ်ခုလုံးမှာ ခြောက်သွေ့၊ ပူနွေးနေ၏။ သို့သော် မီးသွေးမှ မီးခိုးများက လူငယ်လေးအား အကြိမ်ပေါင်းများစွာ အပြင်းအထန် ချောင်းဆိုးစေသည်။
မူလက စက္ကူကဲ့သို့ ဖျော့တော့နေသော သူ့မျက်နှာလေးသည် ယခုအခါ ရုတ်တရက်ဆိုသလို အနည်းငယ်နီမြန်းသွားသည်။ ဖူဟွားက သူ့ကို မျက်ခုံးတို့တွန်ကြုတ်၍ စိုးရိမ်တကြီး ကြည့်နေမိသည်။
"သခင်လေး"
ဖူဟွားက ကမန်းကတန်း ​ဆိုလိုက်၏။
“သခင်လေးအတွက် ချောင်းဆိုးသက်သာအောင် သစ်တော်သီးစွတ်ပြုတ်လေး ကျွန်မပြင်ဆင်ထားတယ် ဒီသစ်တော်သီးတွေက မနေ့ကမှ ယွီရွေ့ကို ကျွန်မ၀ယ်ခိုင်းလိုက်တာမို့လို့ အသီးတွေကအရမ်းလတ်ဆတ်တယ် လာ...ပူနေတုန်းလေး သောက်လိုက်”
သခင်လေးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး “နောက်မှ သောက်မယ်”
သူက လျောင်းခုံပေါ်တွင် ထိုင်လိုက်ပြီးနောက် နှင်းဖြူမြေခွေး၀တ်ရုံကို နံဘေးသို့ ပေါ့ပေါ့ပါးပါး ထားကာ မေးစေ့ကို လက်ဖြင့်ထောက်ထားလိုက်သည်။ ဝါးကန့်လန့်ကာကြားမှနေ အပြင်ဘက်ရှိ နှင်းထူထပ်သော မြင်ကွင်းကို သူ ဂရုမစိုက်မှုအပြည့်ဖြင့် ကြည့်နေမိ၏။
ဤဝါးကန့်လန့်ကာသည် နေရာလပ်အချို့ရှိနေသော်လည်း အေးစိမ့်သောလေတွေမှာ အတွင်းပိုင်းထဲသို့ ဝင်မလာနိုင်ချေ။ မမြင်နိုင်သည့် စွမ်းအားတစ်ခုက အပြင်နှင့်အတွင်းကို ခွဲထုတ်ထားသလိုဖြစ်နေ၏။
"သခင်လေး~" ဖူဟွားက နူးညံ့ညှင်သာစွာဖြင့်ဆိုလိုက်သည်။
“သခင်လေး အခု ထမင်းစားဖို့အချိန်ရောက်ပြီ”
သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်၊ သူမ၏ သိမ်မွေ့နူးညံ့သော အသွင်အပြင်မှာ စိုးရိမ်ထိတ်လန့်စိတ်တို့ဖြင့် ပြည့်နှပ်နေ၏။
"သခင်လေး ဒီနေ့ တစ်နေ့လုံး ဘာမှ မစားရသေးဘူး"
သခင်လေးက သူမးစကားတွေကို လျစ်လျူရှုထားပြီး သူသိချင်တာကိုသာအလေးထား၍မေးလိုက်သည်။
"ဓားပြိုင်ပွဲစနေပြီလား"
“စနေပါပြီ” ဖူဟွားက တိုးတိုးလေး ပြန်ဖြေသည်။
"တကယ်လို့များ သခင်လေး သွားကြည့်ချင်တယ်ဆိုရင် ဒုတိယသခင်လေးက ပြောတယ်......"
“မသွားဘူး” သူမ၏သခင်လေးကပြတ်သားစွာဖြင့်ဆိုလာ၏။
“ထမင်းစားရအောင်”
ဖူဟွားသည် ထိုစကားကို ဝမ်းသာအားရဖြင့် သဘောတူလိုက်ပြီး သူမသယ်လာသည့် ဝါးခြင်းတောင်းထဲမှ ပန်းကန်ပြားတွေတစ်ချပ်ပြီးတစ်ချပ်ကို ထုတ်ယူ၍ သူမသခင်လေး၏ အရှေ့တွင် ချထားလိုက်သည်။
စိတ်လှုပ်ရှားနေသည့်လေသံဖြင့် သူမကစကားတွေတရစပ်ဆိုတော့၏။
“အခု တောင်ခြေမှာ ချယ်ရီပန်းတွေ ပွင့်နေပြီလေ ဒါပေမယ့် ဇီးသကြားတုတ်ထိုးရောင်းတဲ့ [ ထန်းဟူလု ] လူအိုကြီးကျန်းကိုသခင်လေးသိတယ်မလား သခင်လေးက သူ့ဆီက ဇီးသကြားတုတ်ထိုးကိုကြိုက်လို့ဆိုပြီး ယွီရွေ့က နှစ်ချောင်းလောက်၀ယ်မလို့ဟာကို ဖြစ်ချင်တော့ သူကအခုတလော ဆိုင်ပိတ်ထားတယ်တဲ့လေ ပြီးတော့ ဒါက ချန်းရဲ့ ဆိုင်က အဖြူရောင်ဆန်ကိတ်…… သခင်လေး …… သခင်လေး……” ဟု သူမ ထပ်ခါတလဲလဲ ​ခေါ်နေပေမယ့်လည်း သူမအရှေ့ရှိ လူငယ်လေးက သူ့လက်တွေကို လှုပ်ရှားခြင်းအလျဥ်းမရှိသည်ကို တွေ့လိုက်ရ၏။
သူ့ခေါင်းက အနည်းငယ် စောင်းနေပြီး ဖြေးညှင်းသော အသက်ရှုသံက တိုးလျစွာ ထွက်လာသည်။ သူ့မျက်လုံးတွေကလည်း မှိတ်နေပြီဖြစ်။
ဖူဟွားသည် ပါးစပ်ကို ဖွင့်လိုက်မိသော်လည်း ချက်ချင်းပင် ပြန်ပိတ်လိုက်သည်။ သူမသည် ထိုလူအိပ်စက်နေခြင်းကို မနှောင့်ယှက်ရဲတာကြောင့် သူ့ဘေးတွင်သာ တိတ်တိတ်လေးထိုင်နေလိုက်သည်။ သူမတို့အရှေ့ရှိ အစားအသောက်တွေထံမှ မွှေးပျံ့သည့် ရနံ့တွေက ပြန့်ကျဲထွက်ပေါ်နေပြီး အခန်းထဲရှိ မီးသွေးအိုးတွေထံမှ ရံဖန်ရံခါ စူးစူးရှရှ အသံတွေ ထွက်လာသည်။
သူမအရှေ့မှ လူငယ်လေးကိုကြည့်ပြီး ရင်ဘက်ထဲမှလွတ်မြောက်လိုသော သက်ပြင်းပူတွေကို မှုတ်ထုတ်လိုက်ချင်ပါသော်လည်း အဆုံးတွင် ပြန်မျိုချ၍ အရှေ့မှလူကို စိုက်သာကြည့်နေမိတော့သည်။ အကျိုးဆက်အနေဖြင့် သူမအတွင်းပိုင်း ရင်ဘက်တစ်ခုလုံး အောင့်တက်လာရ၏။
ခွန်းလွန်တောင်တွင် ကျောက်စိမ်းများရှိသည်ဟု ကမ္ဘာတစ်၀ှမ်းတွင် နာမည်ကျော်ကြားလှ၏။ သို့သော် ခွန်းလွန်တောင်တွင် တွေ့ရသော ကျောက်စိမ်းတွေထက်ပင် ပို၍နာမည်ကြီးသည်မှာ ထိုတောင်ပေါ်တွင်နေထိုင်သော မျိုးရိုးနာမည်လင်းဟုခေါ်သည့် ဓားသိုင်းဆရာသခင်ပင်ဖြစ်၏။
မသေမျိုးလမ်းစဥ်ကိုရှာဖွေနေကြသည့် ကျင့်ကြံသူများအကြားတွင် ထူးချွန်ပြောင်မြောက်လှသည့်လက်ရွေးစင်တွေမှာ အနည်းငယ်သာရှိသည်။ သို့သော် ခွန်းလွန်တောင်ပေါ်ရှိ လင်းမျိုးရိုးအမည်ရသော မိသားစုတွင်မူ လူတစ်ဦးတစ်ယောက်၏ နားလည်နိုင်မှုထက် ကျော်လွန်သော အောင်မြင်ကျော်ကြားသည့်ပါရမီရှင်အမြောက်အများကို မွေးထုတ်ပေးနိုင်ခဲ့ရုံသာမက နှစ်ထောင်ပေါင်းများစွာကြာညောင်းပြီး မျိုးဆက်တွေတစ်ခုပြီးတစ်ခု ပြောင်းလဲသွားခဲ့သော်လည်း အကြီးကျယ်အခမ်းနားဆုံးသော မျိုးနွယ်စုကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်နေခဲ့သည်။
ဖူဟွား၏သခင်ငယ်လေးသည် လင်းမိသားစု၏အငယ်ဆုံးသားလေးဖြစ်ပြီး လင်းရုဖေးဟုခေါ်သည်။ လင်းရုဖေးမွေးဖွားလာချိန်တွင်၊ မိုးကောင်းကင်မှ နိမိတ်လက္ခဏာတစ်ခု ပေါ်လာခဲ့သည် — ညနေခင်းအချိန်အခါတွင် ငှက်ထောင်ပေါင်းများစွာသည် ခွန်းလွန် တောင်ကို ဝန်းရံလာကြကာ ဖီးနစ်ပုံစံဖော်ကျူးခဲ့ကြပြီး ညအချိန်ကျမှသာ ထွက်ခွာ သွားခဲ့ကြ၏။
ရလဒ်အနေဖြင့် လင်းမိသားစုသည် ၎င်းတို့၏သားထွေးလေးအတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားရှိခဲ့ကြပြီး သူ့ကို ရုဖေး ဟူသောအမည်ကိုပင် မှည့်ပေးခဲ့ကြသည်။
[1]*ဖေးဟူသည် ကျောက်စိမ်းအားလုံး၏ဘုရင်ဖြစ်သည်။ ခွန်းလွန်တောင်ပေါ်ရှိ အလှပဆုံး ကျောက်စိမ်းတုံးကြီးကဲ့သို့ ဤကလေးသည်လည်း အတောက်ပဆုံးဖြစ်လိမ့်မည်ဟု သူတို့ မျှော်လင့်ထားခဲ့ကြသည်။
သို့သော် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပေ။
သုံးနှစ်သားအရွယ်တွင် လင်းရုဖေးသည် ဓားရေးမလေ့ကျင့်နိုင်ကြောင်း လင်းမိသားစု၏ဘိုးဘေးအကြီးအကဲများက အတည်ပြုခဲ့ကြသည်။ သူ၏ ခန္ဓာကိုယ်သည် သာမန်လူများထက်ပင် ပျော့ညံ့ချူချာနေခဲ့သည်။ နှစ်နှစ်သားအရွယ်တွင်မှ လမ်းစလျှောက်နိုင်ခဲ့ပြီး သုံးနှစ်အရွယ်ရောက်မှသာ အဖေ၊အမေဟူသောစကားကို စပြောနိုင်ခဲ့သည်။ ထိုကဲ့သို့ အရည်အချင်းမျိုးသာရှိသောသူ့ကို လူ့အမှိုက်ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်၏။
လင်းရုဖေးက အိပ်ရေးဆတ်သည့်သူမျိုးပင်။ သူ့ခေါင်းကို စောင်းလိုက်သည့်အခါ အလေးချိန်ကြောင့် ခေါင်းကပုံမှန်ထက်ပိုနိမ့်ကျသွားသဖြင့် သူသည် အိပ်မက်တစ်ခုထဲတွင် နစ်မြုပ်နေရာမှ သူ့ကိုယ်သူ လှုပ်နှိုးလိုက်သလိုဖြစ်သွားသည်။ အနည်းငယ် အိပ်မှုန်စုံ၀ါးဖြစ်နေသည့် မျက်လုံးတွေကိုဖွင့်လိုက်သည့်အခါ သူ့အစေခံဖြစ်သူ ဖူဟွားသည် စားပွဲရှေ့ရှိ အခင်းတစ်ခုပေါ်တွင် ဒူးတစ်ဖက်ထောက်၍ထိုင်နေသည်ကို တွေ့လိုက်ရ၏။
သူမက အငွေ့တထောင်းထောင်းထနေသည့် အစားအသောက်တွေကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ လင်းရုဖေးသည် အိပ်ချင်စိတ်ပျောက်သွားစေရန်အတွက် ခေါင်းကိုအသာခါယမ်းလိုက်ပြီး စားသောက်ရန်အတွက် ပျင်းရိငြီးငွေ့စွာဖြင့် တူကိုကောက်ကိုင်လိုက်၏။
ဖူဟွားတစ်ယောက် သူမ၏ အာရုံများမှာ လက်တွေ့ဆီသို့ ပြန်လည်ရောက်ရှိလာပြီး သူမ၏မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းပင် ရွှင်လန်းတက်ကြွသွားတော့သည်။
အစားအသောက်မှန်သမျှကို အနုစိတ်ပြင်ဆင်ပေးထားပြီး ဟင်းပွဲတိုင်းကလည်း လင်းရုဖေး အကြိုက်ဆုံးတွေဖြစ်နေပေမယ့်လည်း သူကတာ၀န်အရသာစားနေပုံရပြီး အတွေးတွေကတောင်စဥ်ရေမရ ဟိုဒီရွေ့လျားနေမိသည်။
ဖူဟွားက သတိထား၍မေးလိုက်သည်။
“သခင်လေး အခု ဘာတွေ တွေးနေတာလဲ”
လင်းရုဖေး : "အခု တောင်ခြေရင်းမှာ ချယ်ရီပန်းတွေ ပွင့်နေပြီဆိုတော့ မျောက်တွေလည်း ရှိနေရောပေါ့နော်"
ဖူဟွားက နွေးထွေးနူးညံ့သည့်အသံဖြင့်ပြန်ဖြေလာ၏။
“ထုံးစံအတိုင်း မျောက်တွေက အဲဒီနေရာမှာ ရှိနေတုန်းပါပဲ သခင်လေးက ချယ်ရီပန်းတွေကို မြင်ချင်လို့လား”
လင်းရုဖေးက သက်ပြင်းအသာချလိုက်ပြီး “ဒါဆို ငါ သွားတွေ့မကြည့်တော့ဘူး”
ဖူဟွား : "သခင်လေးက သူတို့ကြောင့်စိတ်မချမ်းမသာဖြစ်နေရင် ကျွန်မတောင်အောက်ဆင်းပြီး မျောက်တွေကို သွားမောင်းထုတ်ပေးမယ်လေ"
လင်ရုဖေးက ခေါင်းအသာယမ်းလိုက်ပြီး ဘာမှပြန်မပြောတော့ပေ။
[ Notes ]
[1] Rufei [ ရုဖေး ] - "ကျောက်စိမ်းကဲ့သို့"