အပိုင်း ၂
Viewers 15k

နွေဦးတွင်လမ်းလျှောက်ခြင်း။
တောင်ပေါ် နှင့် တောင်အောက် ရာသီဥတုက အရမ်းကွာခြား၏။ ဤအချိန်တွင် တောင်အောက်တွင်မူ နွေဦးရာသီဖြစ်၍ အပင်များ၌ပန်းတွေလှိုင်လှိုင် ပွင့်နေကြပြီဖြစ်သည်။
ခွန်းလွန်တောင်အနီးတွင် အခမ်းနားဆုံး နှင့် အလှပဆုံးသော ချယ်ရီပန်းပင်တောကြီးရှိသည်။ ချယ်ရီပန်းများ၏ လှပမှုကြောင့် ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်သော်လည်း ထိုတောအတွင်းတွင် လူတွေအား အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည့် မျောက်အုပ်စုကြီးလည်း ရှိနေ၏။
အရေအတွက်က တော်တော်များပြီး လမ်းသွားလမ်းလာများကို မကြာခဏ အနှောင့်အယှက်ပေးတတ်သည်။ သို့သော်လည်း ဤမျောက်အုပ်စုသည် အလွန်ကိုဉာဏ်ကောင်းပြီး ပိုင်းခြားသိမြင်နိုင်ကြသည်။ သူတို့မကိုင်တွယ်နိုင်ဘူးလို့ ထင်သည့်သူများကိုဘယ်တော့မှ အနှောက်အယှက်မပေးချေ။ ထို့အစား အားနည်းသူတွေ၊ ဥပမာ စာပေ ပညာသင်ကျောင်းတော်သားတွေ နှင့် ငယ်ရွယ်သူမမလေးတွေကိုသာ အမြဲတမ်း ပစ်မှတ်ထားတတ်ကြ၏။
"မင်းသွားလို့ရပြီ"
ဖူဟွားက တစ်ခုခုထပ်ပြောချင်နေသေးပေမယ့်လည်း လင်ရုဖေးက သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားရန်အချက်ပြလိုက်သည်။
"ငါအခု နည်းနည်းပင်ပန်းနေတယ်"
"သခင်လေး ကျွန်မတို့ တောင်ပေါ်ကဆင်းရအောင်"
ဖူဟွားကအနူးအညွတ်တောင်းဆိုလိုက်၏။
“ဒီတောင်ပေါ်မှာက အရမ်းအေးတယ် သခင်လေးရဲ့ ခန္ဓာကိုယ်ကလည်း နဂိုတည်းက အရမ်းအားနည်းနေတာ တကယ်လို့များ သခင်လေးရဲ့ကျန်းမာရေးကသာ ဒီ့ထက်ပိုဆိုးသွားခဲ့ရင် ဒုတိယသခင်လေးက ကျွန်မခေါင်းကို ဖြတ်ပစ်လိမ့်မယ်”
လင်ရုဖေးက အသာရယ်မောလိုက်ပြီး "​ကိစ္စမရှိဘူး ငါသူ့ကိုတားပေးမယ်"
ဖူဟွားကဆက်လက်၍အထွန့်တက်သည်။
"သခင်လေးတောင်ပေါ်မှာ မနေချင်ဘူးဆိုရင် ကျွန်မတို့တခြားနေရာတွေကိုလျှောက်ပတ်ကြည့်လို့ရသေးတယ်လေ"
လင်ရုဖေးသည် လှုပ်ရှားခြင်းအလျဥ်းမရှိတော့ဘဲ မျက်လုံးမှိတ်လိုက်ပြီး သူအိပ်တော့မည်ဖြစ်ကြောင်း သင်္ကေတပြလိုက်၏။
ဖူဟွားသည် ဤပုံစံကို မြင်လိုက်ရသည်နှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုကြောင့် မျက်ရည်များပင်ဝဲတက်လာသည်။
အချိန်အတော်ကြာပြီးနောက် “ဒါဆို ဖူဟွား တကယ်သွားတော့မယ်နော်” ဟုသာပြောနိုင်တော့သည်။
"သွား သွား သတိထားသွားဖို့လည်း မမေ့နဲ့ဦး"
လင်ရုဖေးက ဆက်ပြော၏။ "နောက်တစ်ခါ ငါ့ဆီလာရင် စာအုပ်တွေ ထပ်ယူလာပေးဦး ဟိုတစ်ခါ ယူလာပေးတဲ့ စာအုပ်တွေက ပြီးခါနီးနေပြီ"
ဖူဟွားသည် သဘောတူညီသည့်အနေဖြင့် ခေါင်းအသာငြိမ့်ပြလိုက်ပြီး စိတ်အလိုမကျမှုအပြည့်ဖြင့် ပွဲကြည့်စင်ကနေ ထွက်သွားတော့၏။
လင်းရုဖေးသည် အမှန်တကယ် အိပ်ပျော်နေသကဲ့သို့ မျက်လုံးများကိုမှိတ်ထားသည်။ ဖူဟွား၏သွင်ပြင်သည် လေ နှင့် နှင်းများကြားထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည့်အခါမှ သူ့မျက်လုံးများကို တစ်ဖန်ပြန်ဖွင့်ကြည့်လိုက်သည်။
ထိုမျက်လုံးများထဲတွင် အိပ်မှုန်စုံ၀ါးမှုအလျဥ်းမရှိဘဲ၊ ထိုအစား မရိုးသားသည့်စိတ်လှုပ်ရှားမှုတစ်စွန်းတစ်စသာ ရှိနေ၏။
လင်းရုဖေးသည် သူ့ဘေးနားရှိ မြေခွေးသားမွှေး၀တ်ရုံကို ကောက်ယူပြီး သူ့ကိုယ်ပေါ်တွင် ဖြစ်သလိုပတ်ထားလိုက်သည်။ ဖိနပ်ကို သပ်သပ်ရပ်ရပ်ပင်၀တ်မနေတော့ဘဲ တောင်ပေါ်ရှိ ပွဲကြည့်စင်၏ အနောက်ဘက်အခြမ်းသို့ တက်နိုင်သမျှ မြန်မြန်ပြေးသွားတော့သည်။ သို့သော် သူထိုနေရာသို့ ရောက်ချိန်တွင် သူမြင်ချင်သည့်အရာကို မတွေ့ရတော့ပေ။
"ဟမ် ပန်းပွင့်ကလေး ဘယ်ရောက်သွားတာလဲ"
လင်ရုဖေးသည် သူ့ပါးစပ်ကို အုပ်၍ အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်ပြီး "ငါထွက်သွားတာ ခဏလေးပဲရှိပါသေးတယ်……"
သူ့မျက်လုံးတွေက ကျောက်တုံးကြီး၀န်းကျင်ကို အချိန်အတော်ကြာ လှည့်ပတ်ကြည့်နေခဲ့ပေမယ့် တစ်ချိန်က ရှိခဲ့ဖူးသည့် အဝါနုရောင် ပန်းပွင့်လေးကိုမူ မတွေ့တော့ချေ။
အနည်းငယ် ထူးဆန်းနေသောကြောင့် သူအကြောင်းအရာအများကြီးကိုမစဉ်းစားရသေးခင်မှာပင် သူ့ပခုံးကို ညင်သာစွာ ပုတ်ခံလိုက်ရ၏။
သူလှည့်ကြည့်လိုက်ချိန်တွင် အစိမ်းရောင်အဝတ်အစားကိုဝတ်ဆင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ခါးထက်တွင် ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားပြီး သူ့ကို နူးညံ့ညှင်သာသော အကြည့်တွေဖြင့်ကြည့်နေသည်။
လင်းရုဖေး၏အမူအရာမှာ အေးခဲသွားပြီး အချိန်အတော်အတန်ကြာသွားပြီးမှ တိုးတိုးလေးခေါ်လိုက်သည်။
“…… အစ်ကို”
ဤလူသည် သူ၏ဒုတိယအစ်ကို လင်းပျန့်ယွီ ဖြစ်၏။
လင်းပျန့်ယွီကမေးလာသည်။
"ညီလေး မင်းဘာတွေကြည့်နေတာလဲ"
လင်းရုဖေး : “…….ဒီအတိုင်း ဟိုဒီလျှောက်ကြည့်နေတာ”
“တောင်ပေါ်မှာ ဘယ်လောက်ကြာကြာနေဦးမှာလဲ” ထိုလူက ထပ်မေး၏။
လင်ရုဖေးသည် သူ့လည်ချောင်းအတွင်းမှ ယားယံမှုကို ခံစားလာရသည်။ သူ့လက်ရှိအခြေအနေက မကောင်းမှန်းသူသိနေသောကြောင့် သူ့ပါးစပ်ကို လက်ဖြင့်အတင်းဖိအုပ်ထားဖို့ ကြိုးစားပေမယ့်လည်း သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ခါနေဆဲပင်။
လင်းပျန့်ယွီက ဤသည်ကိုမြင်သဖြင့် သက်ပြင်းအသာချလိုက်ပြီး"ချောင်းဆိုးချင်ရင် ဆိုးပါ မင်းကို အစ်ကို အပြစ်​မတင်ပါဘူး"
လင်းရုဖေးသည် သနားစဖွယ်ကောင်းစွာရယ်မောလိုက်ပြီးနောက် သူ့လက်ကိုဖယ်ရှားလိုက်ချိန်တွင် သူသည် အသက်ရှူမ၀၍သေဆုံးလုနီးပါးအထိ အပြင်းအထန်ချောင်းဆိုးတော့သည်။
“တောင်ခြေက ရှုခင်းတွေက အတော်လေး ကောင်းတယ် ချယ်ရီပန်းတွေလည်း ပွင့်နေပြီ”
လင်းရုဖေး ချောင်ဆိုးလို့ပြီး၍ ငြိမ်သက်သွားသည့်အခါမှသာ လင်းပျန့်ယွီက စကားကိုဆက်ပြော၏။
"ဆင်းပြီးတော့ တစ်ချက်လောက်သွားကြည့်ကြည့် တောင်ပေါ်မှာက အရမ်းအေးနေတော့ အကြာကြီးနေဖို့အတွက် မသင့်တော်ဘူး"
လင်းရုဖေးသည် သူ့ကောင်းကျိုးအတွက်သာ ဤသို့ပြောခြင်းဖြစ်ကြောင်း သူ့စိတ်ထဲတွင် သိနေသဖြင့် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ယောက်ျားဆိုသည့်အမျိုးက လိမ်ဖို့မလွယ်သည့် သူတွေပင်။ သူ့အစ်ကိုက မေးစေ့ကို အနည်းငယ်ပင့်၍ သူ့ကိုကြည့်လိုက်ချိန်တွင် လင်ရုဖေးသည် သူ့အစ်ကိုဖြစ်သူက သူ့ပစ္စည်းတွေ သိမ်းဆည်းထုပ်ပိုးပြီး တောင်အာက်သို့ဆင်းရန်အတွက် အချက်ပြမှန်းတန်းသိလိုက်၏။
လင်းရုဖေးသည် ပွဲကြည့်စင်ရှိရာသို့ ဖြည်းညှင်းစွာ လမ်းလျှောက်ပြန်ရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
သူ့အစ်ကိုဖြစ်သူက သူ့ကို အလျင်စလိုတိုက်တွန်းခြင်းမျိုးမရှိဘဲ သူ့နောက်ကနေသာ ဖြည်းဖြည်းချင်း လိုက်လာသည်။
ပွဲကြည့်စင်တွင် သူ့အတွက် ထွေထူးသိမ်းဆည်းစရာ ဘာမှမရှိချေ။
လင်းရုဖေးသည် ဘယ်ညာကြည့်ရှာပြီး နောက်ဆုံးတွင် မနေ့ညက တစ်ဝက်တစ်ပျက်သာဖတ်၍ပြီးသေးသော 'တောင်နှင့်မြစ်' ဆိုသည့်၀တ္ထုကို ယူလိုက်သည်။
လင်းပျန့်ယွီက သူ့လက်ထဲရှိ စာအုပ်ကိုကြည့်ပြီး ဘယ်လောက်ဖတ်ပြီးပြီလဲ ဟုမေးလာ၏။
"ကျွန်တော် တစ်ဝက်ကျော်တော့ဖတ်ပြီးသွားပြီ"
လင်းရုဖေးကအပြုံးလေးဖြင့်မေးလိုက်သည်။
"ဒုတိယအစ်ကို တောင်အောက်ကို ခရီးထွက်တုန်းက စာအုပ်ထဲမှာ ရေးထားတဲ့ နေရာမှန်သမျှ အားလုံးကို သွားခဲ့တာလား"
"သူတို့ထဲက အများစုက....သိပ်ကြည့်ချင် ရှုချင်စရာမရှိပါဘူး"
လင်းပျန့်ယွီကရှင်းရှင်းနှင့်ဘွင်းဘွင်းသာပြောချလာသည်။
လင်းရုဖေးက ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးလိုက်တော့၏။
နောက်ဆုံးတွင်၊ လင်းရုဖေး ထုပ်ပိုးပြီးသည်ကို မြင်သည်နှင့် လင်းပျန့်ယွီက သူ့လက်ကို ဆန့်ထုတ်ပြီး လင်းရုဖေးအား သယ်ဆောင်ရန်အတွက် သူ့လက်မောင်းတွေအတွင်းသို့ ဆွဲခေါ်လိုက်သည်။
လင်းရုဖေး၏ဆန့်ကျင်လိုသည့် အပြုအမူကို လင်းပျန့်ယွီကအကြည့်တစ်ချက်ပေးလိုက်ပြီး "ဘာလဲ မင်းက ဖူဟွားကို သယ်စေချင်လို့လား"
လင်းရုဖေးသည် ချက်ချင်းပင် စကားမပြောနိုင်ဖြစ်သွားရသည်။
'တောင်ပေါ်ကနေ အပျိုမလေး သယ်တာကိုခံရတာက ပိုဆိုးသွားမှာပေါ့အစ်ကိုရ'
"ငါက မင်းအစ်ကို" လင်းပျန့်ယွီ၏ အသံက ရေခဲကဲ့သို့ အေးစက်နေပြီး " အတင်းအဖျင်းပြောဝံ့သူတိုင်းရဲ့ လျှာကို ငါဖြတ်ပစ်မယ်"
လင်းရုဖေးက နှုတ်ဆိတ်နေရုံသာတတ်နိုင်ပြီး လင်းပျန့်ယွီကို သူနှစ်သက်သလိုသာ လုပ်ခွင့်ပေးလိုက်၏ - အဘယ်ကြောင့်ဆို လင်းပျန့်ယွီတစ်ယောက် နောက်ပြောင်ပြီးပြောနေခြင်းမဟုတ်ဘူးဆိုသည်ကို သူကောင်းကောင်းသိနေလို့ပင်။
ထိုအချိန်က သူ၏ပါရမီမဲ့မှုကြောင့် ခွန်းလွန်တောင်ပေါ်တွင် အတင်းအဖျင်းများစွာ ထွက်ပေါ်လာခဲ့သည်။ ခရီးမှပြန်လာကာစဖြစ်သော လင်းပျန့်ယွီသည် အတင်းပြောသူအားလုံးကိုရှာ၊ တစ်ယောက်ပြီးတစ်ယောက်ကိုစိန်ခေါ်အနိုင်ယူ၊ ပြီးလျှင် *[2]ထျန်းရှောင်ဓားဖြင့် ထိုအတင်းအဖျင်းပြောသူအားလုံးရဲ့ လျှာကိုဖြတ်ပစ်လိုက်တော့၏။
ထိုအချိန်မှစ၍ ခွန်းလွန်တောင်ပေါ်တွင် ဓားပင်မကိုင်နိုင်သည့် အရှုံးသမား လင်းရုဖေးအား မကောင်းသည့်စကားတစ်ခွန်းပင် မဆိုရဲကြတော့ပေ။
လင်းပျန့်ယွီက လင်းရုဖေးကို ပွဲကြည့်စင်ထဲမှနေ ချီပိုးသွားသည်။ သူ့ခြေလှမ်းတွေကအတော်လေးကို ပေါ့ပါးသွပ်လပ်နေပြီး တောင်ပေါ်ဆင်ခြေလျှော်တစ်လျှောက် ခပ်မြန်မြန်လေးလျှောက်နေသည်။
ထက်ရှသောဓားချီက လေနှင့် ဆီးနှင်းများကို အဖက်ဖက်သို့ ခွဲဖြာထွက်သွားစေသည်။ လင်းရုဖေး၏မျက်လုံးတွေက တဖြည်းဖြည်း မှေးမှိတ်လာသည်။ သူ၏ ရှည်လျားသော မျက်တောင်လေးများက ဖြူဖျော့နေသော အသားအရေထက်တွင် အရိပ်လေးများဖြာကျနေသည်။
သူ့နှာခေါင်းထက်တွင် စွဲတင်ကျန်နေသည့် နှင်းမှုန်လေးတွေက တဖြည်းဖြည်း အရည်ပျော်ကျလာသည်။ ထို့နောက် သူ့ မျက်လုံးတွေကို တစ်ဖန်ပြန်ဖွင့်လိုက်သည့်အချိန်တွင် လှပသည့် ရောင်စုံခြယ် နွေဦးရာသီ၏ မြင်ကွင်းတစ်ခုဖြင့် ဝန်းရံခံလိုက်ရတော့၏။
လင်ရုဖေး၏ ခြံဝင်းက အလွန်ကျယ်ဝန်းပြီး သစ်သားခြံစည်းရိုးများဖြင့် ဝန်းရံထားသည်။ ခြံဝင်းတစ်ခုလုံး တွေ့ရခဲသောအပင်များနှင့် သစ်ပင်များဖြင့် ဝေဝေဆာဆာနေ၏။ နွေဦးရာသီဖြစ်တာကြောင့်၊ အနက်ရောင် မြေဆီလွှာမှာ စိမ်းလန်းသော မြက်ခင်းများဖြင့် ဖုံးလွှမ်းခံထားရပြီး နင်းလိုက်သည့်အချိန်တိုင်း ကော်ဇောကဲ့သို့ နူးညံ့မှုကိုခံစားရစေသည်။
ခြံဝင်းအလယ်တွင်၊ သစ်တော်သီးနှင့် ပန်းများ ပွင့်လန်းနေသော သစ်ပင်မျိုးစုံရှိနေပြီး အားလုံးမှာ ပင်လုံးအပြည့်သီးပွင့်နေကြသည်။ ဤသည်က အလွန်တရာမှ အသက်ဝင်လှသည့် မြင်ကွင်းတစ်ခုပင်။ ခြံ၀င်း၏ ထောင့်တစ်ခုတွင် ဘေးပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ပါက အနည်းငယ် ထင်ရှားပေါ်လွင်နေသော ချယ်ရီပန်းပင်တစ်ပင်ကို တွေ့ရမည်ဖြစ်သည်။ ထိုအပင်က မည်သည့်လူယောက်ထက်မဆို အနည်းငယ်ပို၍ရှည်နေ၏။
အကိုင်းအခက်များက ပါးလွှာပြီး သွေ့ခြောက်နေကာ ပန်းဆို၍ အပွင့်မပွင့်သေးသော ချယ်ရီအဖူးတစ်ဖူးသာရှိသည်။
ကြည့်ရတာ သူက အနည်းငယ် နှေးကွေးနေပုံရသည်။
လင်းပျန့်ယွီသည် လင်းရုဖေးကို မြေကြီးပေါ်သို့ ချပေးပြီးလိုက်သည်နှင့် လင်းရုဖေးက ချယ်ရီပန်းပင်ဆီသို့ ချက်ခြင်းဆိုသလို ခြေလှမ်း လှမ်းလိုက်သည်။
သူက အပင်ရှေ့မှာ ရပ်လိုက်ပြီး ထိုထူးခြားလှသည့် အပင်မှချယ်ရီအဖူးကို သေချာကြည့်လိုက်၏။
သူက သက်ပြင်းအသာချရင်း “ဒီကောင်ကြီးက ဘာလို့ နည်းနည်းတောင် မကြီးလာရတာလဲ……”
သူက သူ့လက်ကို ဆန့်ထုတ်ပြီး မျက်နှာပြင်တစ်လျှောက် ကြမ်းတမ်းနေသည့် သစ်ပင်၏ ပင်စည်ကို အကြိမ်အနည်းငယ်ခန့် ရိုက်ပစ်လိုက်သည်။
ထို့နောက် က​လေး​ကို ချော့မော့နေသည့် လေ​သံဖြင့် သက်​ပြင်း​အသာချလိုက်ပြီး“ကောင်းပြီ ကောင်းပြီ မင်းဒီ့ထက်ပိုပြီး မကြီးနိုင်တော့ဘူးဆိုရင်လည်း မကြီးတော့ဘူးပေါ့ အနည်းဆုံးတော့ မင်းက အဖူးတော့ဖူးနေပြီလေ မနှစ်ကနဲ့ ယှဉ်ရင် အများကြီး ပိုတိုးတက်လာပါတယ်”
ဤချယ်ရီပန်းမျိုးစေ့ကို လင်းရုဖေး ဆယ်ကျော်သက်အရွယ်တုန်းက တောင်ခြေကနေ ကောက်ယူခဲ့ခြင်းဖြစ်၏။
အချိန်တွေကုန်လွန်သွားပြီး သူက လူငယ်တစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း ချယ်ရီပန်းပင်သည် အလွန်ပိန်ပါးပြီး သေးငယ်နေသေးရုံသာမက လေပြင်းတိုက်လိုက်သည်နှင့် ထိုချိ့နှဲ့နေသည့် အပင်ကို အမြစ်မှကျွတ်ထွက်မတတ် လှုပ်ယိမ်းသွားစေနိုင်သည်။
ဤသို့ပြောပြီးနောက် လင်းရုဖေးက တစ်ခုခုကို သတိရသွားပြီး လင်းပျန့်ယွီရပ်နေသည့် ဘက်သို့ အမြန်လှည့်ကြည့်လိုက်သည်။
"ဒုတိယအစ်ကို ကျွန်တော့ ချယ်ရီပန်းပင်ကိုတော့ မပြောင်းလိုက်ဘူးမလား"
လင်းရုဖေးသည် သူ့ဒုတိယအစ်ကို၏ ရည်ရွယ်ချက်ကို ချက်ချင်းမြင်လိုက်ရသည်။
လင်းပျန့်ယွီက ထူးမခြားနားဖြစ််စွာဖြင့်ဆိုလိုက်၏။
"ဒီချယ်ရီပန်းပင်က ဒီ့ထက်လည်းကြီးလာတော့မှာမဟုတ်ဘူး ငါတို့ ပြောင်းလိုက်တာက ပိုမကောင်းဘူးလား"
လင်းရုဖေး : "အရာရာတိုင်းက ပြောင်းလဲလို့ရတာမျိုးမဟုတ်ဘူး"
လင်းပျန့်ယွီကအသာရယ်မောလိုက်ပြီး - "တခြားတော့ငါမသိဘူး မင်းကိုမပျော်ရွှင်စေတဲ့အရာမှန်သမျှက ကောင်းတဲ့အရာမဟုတ်ဘူးဆိုတာပဲ ငါသိတယ်"
လင်းရုဖေးတစ်ယောက်ကူကယ်ရာမဲ့နေသလိုခံစားလိုက်ရပြီး သူ၏ကျိုးကြောင်းဆင်ခြင်သည့်စကားတွေက သူ၏ဒုတိယအစ်ကိုအတွက် အလုပ်မဖြစ်မှန်း သူသေချာသိပေသည်။
လင်းပျန့်ယွီက နူးညံ့သိမ်မွေ့သည့် ကိုယ်ရည်ကိုယ်သွေးရှိပုံရပါသော်လည်း အမှန်တကယ်တွင် သူတို့ညီအစ်ကို၊မောင်နှမလေးယောက်ထဲ၌ ကိုင်တွယ်ရအခက်ဆုံးသူဖြစ်၏။
လင်းရုဖေးသည် ချယ်ရီပန်းပင်လေး အသက်ချမ်းသာယာရစေရန်အတွက် 'သူ ဒီချယ်ရီပန်းပင်ကို အရမ်းကိုကြိုက်နှစ်သက်ပါကြောင်း နှင့် ထိုအပင်လေးကိုဘာမှမလုပ်ရန်' သူ၏ချစ်လှစွာသောဒုတိယအစ်ကိုအား ထပ်ခါတလဲလဲ၊ ထပ်ခါတလဲလဲ အာပေါက်မတတ်ပြောလိုက်ရသည်။​
လင်းရုဖေးတစ်ယောက် လင်းပျန့်ယွီထံမှ နားလည်ပြီဆိုသည့်သဘောဖြင့် ခေါင်းညိတ်ပြတာမြင်မှ စိတ်သက်သာရာရသွားတော့သည်။
ခြံဝင်းနှင့် အိမ်တော်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရန်အတွက် တာဝန်ယူရသည့်လူတစ်ယောက် အမြဲရှိပြီး လင်းရုဖေးအနေဖြင့် ဤခြံ၀င်းအတွင်း အမြဲတမ်းမနေထိုင်ဖြစ်လျှင်ပင် သူထွက်သွားသည့်အချိန်ကကဲ့သို့ အရာအားလုံး သပ်ရပ်သန့်ရှင်းနေပေသည်။
လင်းရုဖေးသည် အမိုးအောက်သို့သွားရင်းဖြင့် သူ၏ဒုတိယအစ်ကိုဖြစ်သူအား သူတွင်လုပ်စရာကိစ္စတချို့ရှိသေးကြောင်းပြောလိုက်သည်။ လင်းပျန့်ယွီသည် မထွက်သွားခင်အထိ အပြင်မှာ လူတချို့ရှိနေပြီး လင်းရုဖေးက သူတို့ကို မကြိုက်ပါလျှင် ထိုသူတို့ကို တောင်အောက်သို့ပို့ပေးဖို့ တယောက်ယောက်ကို ခေါ်ခိုင်းလိုက်မည်ဖြစ်ကြောင်းဆိုလာ၏။
လင်ရုဖေးသည် အလုပ်များနေသောကြောင့် မလိုဘူးဟုသာပြောလိုက်သည်။
လင်းပျန့်ယွီသည် သူ့အမူအရာမှတဆင့် သူလိမ်ညာနေခြင်းမဟုတ်ကြောင်းသေချာအကဲခတ်ပြီးနောက် ဘာမှဆက်မပြောတော့ပေ။
သူချက်ချင်းလှည့်ပြီးထွက်သွားတော့သည်။ သူ့မျက်နှာအမူအမူအရာမှာ အနည်းငယ် အမှောင်ဖုံးနေပုံရပြီး တစ်ချက်ကြည့်ရုံဖြင့် သူ အတော်လေး မပျော်မရွှင်ဖြစ်နေမှန်းသိသာနေသည်။
သူခြံဝင်းထဲက ထွက်လာပြီးနောက် သူ့ကိုယ်သူပြောနေသကဲ့သို့ ခပ်တိုးတိုးလေးရေရွတ်လိုက်၏။
“ဒါက မင်း သူ့ကိုအလိုလိုက်လို့ အခုလိုပျက်ဆီးနေတာ”
သူ့နူတ်ခမ်း၀မှ ထိုစကားလုံးတွေထွက်သွားသည်နှင့် နူးညံ့သိမ်မွေ့သောလေညင်းလေးတစ်ခုက သူ့ပါးပြင်ကိုပွတ်တိုက်သွားသည်။
ပတ်ဝန်းကျင်တစ်ခွင်ရှိရှုခင်းအကုန်လုံးသည် မီးတဟုန်းဟုန်းတောက်လောင်နေသောကြောင့် တံလျှပ်ထနေသကဲ့သို့ တခဏတာမျှ မှုန်ဝါးသွားရသည်။ မီးတောင်ချော်ရည်အရောင်ကို ၀တ်ဆင်ထားသည့် လူတစ်ယောက်က ရုတ်တရက် သူ့ဘေးနားတွင် ပေါ်လာ၏။
ယေဘူယျ အကြမ်းဖျင်းကြည့်မည်ဆိုလျှင် သူ၏မျက်နှာသွင်ပြင်မှာ လင်းပျန့်ယွီနှင့် တူညီမှုတချို့ရှိနေသည်။ တစ်ခုသာလျှင်၊ ထိုလူတွင် ပိုအေးစက်ခက်ထန်သည့်အရောင်အ၀ါများရှိပြီး သူ၏ နက်မှောင်နေသည့် မျက်၀န်းများက နှင်းခဲကဲ့သို့ အေးစက်နေလေသည်။
"ရှောင်ကျို့ရဲ့ပုံစံကဒီလိုပဲလေ" ထိုလူကဆက်ပြော၏။ “ငါတို့မိသားစုထဲမှာဘယ်သူကများ သူ့ကို ခေါင်းမာပြီးမောက်မာတဲ့ ဘိုဘေးငယ်လေးမဖြစ်စေချင်တဲ့သူရှိလို့လဲ”
လင်းရုဖေး၏ နာမည်ပြောင်မှာ ရှောင်ကျို့ ဖြစ်ပြီး အသက်ရှည်သည့်ကြက်သွန်မြိတ်ဟု အဓိပ္ပာယ်ရသည်။
လင်းပျန့်ယွီက အေးတိအေးစက်နိုင်စွာပြန်ပြောသည်။
"ဒါဆို သူကဘာလို့အဲ့ဒီလိုပုံစံမဖြစ်လာရတာလဲ"
Xxxxx