အပိုင်း ၃
Viewers 14k

Chapter 3




လင်းမိသားစုက အရမ်းကာကွယ်ပေးတတ်သူမျိုးများဖြစ်သည်။


 လင်းမိသားစု၏သားအငယ်ဆုံးဖြစ်သည့် လင်းရုဖေးသည် လင်းမိသားစုရဲ့ ချစ်သည်းညှာလေးပင်။


သူက ဓားမကိုင်ဆောင်နိုင်သည့် မကျန်းမာသောသူဖြစ်နေလျှင်ပင်၊ အကောင်းဆုံးတွေကိုသာ သူအသုံးပြုနေရရုံသာမက အကောင်းဆုံးဆိုသည့်အရာတွေကိုသာ မြင်တွေ့စေပေသည်။ သူက မည်သည်ကိုမျှ ဂရုမစိုက် လျစ်လျူရှု၍ သဘာဝအတိုင်း မောက်မောက်မာမာဖြင့် ကြီးပြင်းလာသင့်ပါသော်လည်း သူက ထိုသို့သောပုံစံဖြင့် ရှိမနေပေ။


ယခုကဲ့သို့သော ပုံစံဖြစ်နေသည့် သူ့ကို (LRF)ကိုမြင်နေရရုံဖြင့် သူ (LBY)သည် အသည်းနှလုံးကွဲအက်မတတ် နာကျင်ရပြီး နားမလည်နိုင်သည့် ဒေါသအချို့ပါလောင်ကျွမ်းလာရ၏။


ထိုလူက သူ့မျက်ခုံးကိုပင့်လိုက်ပြီး “နဂါးက သားကိုးယောက် ဖွားမြင်တယ် * ဒါပေမယ့် တစ်ယောက်နှင့်တစ်ယောက် မတူညီကြဘူး မင်းမှာက လွှမ်းမိုးကြီးစိုးတတ်တဲ့ သဘောသဘာ၀ရှိတယ် ငါတို့ရော ရှောင်ကျို့ရော မင်းနဲ့တစ်ပုံစံတည်းတူအောင် လိုက်မလုပ်နိုင်ဘူး"



လင်းပျန့်ယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ စကားပြောတာကို ရပ်ပြီး ချက်ချင်းလှည့်ထွက်သွားလိုက်သည်။ထိုလူက သူ့ကို မတားတော့ဘဲ လင်းရုဖေး၏ ခြံဝင်းရှိရာသို့ တစ်ချက်လှမ်းကြည့်ပြီးနောက် သက်ပြင်းအသာချလိုက်မိသည်။


သူ့အတွက်ကြောင့်နှင့် ညီအစ်ကိုနှစ်ယောက် စကားများရန်ဖြစ်နေသည်ကို လင်းရုဖေးက မသိပေ။ သူက လင်းမိသားစုတွင် အငယ်ဆုံးကလေးဖြစ်သည်။ သူ့တွင် အကိုကြီး နှစ်ယောက်နှင့် အစ်မတစ်ယောက် ရှိပြီး၊ အားလုံးက သူ့ကိုယ်ရည်ကိုယ်သွေးနှင့်သူ ခပ်မိုက်မိုက်နေကြသည့်သူတွေပင်။ သူတို့အားလုံးကတစ်သန်းတွင် တစ်ယောက်—ကောင်းကင်ဘုံ၏ဂုဏ်ယူစရာကောင်းချီးပေးခံလူတန်းစားများဖြစ်ကြ၏။


ဓားကိုကျင့်ကြံရသောလမ်းသည် မသေမျိုးဖြစ်အောင်ကျင့်ကြံရသောလမ်းအားလုံးထဲတွင် အဆတစ်ရာထက်ပို၍အန္တရာယ်များဆုံးသောလမ်းလည်းဖြစ်သည်။ သူတို့တွေ့ကြုံရမည့် အရာတွေက သာမန်ကျင့်ကြံခြင်းလမ်းတွေထက် အဆတစ်သန်းခန့် ပိုခက်၏။


လင်ရုဖေးပြန်လာကြောင်းကို အပေါ်ထပ်ရှိ ယွီရွေ့က ကြားလိုက်ရသည့်အတွက် သူမ၏ဂါ၀န်အရှည်ကိုမ၍ အိမ်ရှေ့ခန်းဆီသို့ အလျင်စလိုပြေးထွက်လာတော့သည်။


"သခင်လေး သခင်လေး"


ဆယ့်သုံးနှစ် သို့မဟုတ် ဆယ့်လေးနှစ်အရွယ် မိန်းကလေးတွေက အများနှင့်ယှဥ်လျှင်အတက်ကြွဆုံးအရွယ်လေးတွေဖြစ်ကြသည်။ သူမ၏ အသံသည် အော်ရီယိုငှက်ကလေးကဲ့သို့ ကြည်လင်ညင်သာပြီး နားထောင်နေသူများ၏ ခံစားချက်တွေကိုပါ လိုက်ပါစီးမျောစေနိုင်၏။


သူမက အသံဆာဆာလေးဖြင့်အော်ဟစ်ရယ်မောကာ လင်ရုဖေးဆီသို့ခုန်၀င်လာတော့သည်။


"သခင်လေး နောက်ဆုံးတော့ သခင်လေးပြန်လာပြီပေါ့..."


"အင်း ငါပြန်လာပြီ" လင်းရုဖေးတစ်ယောက် သူ့ဆီသို့ပြေးခုန်၀င်လာသည့် အစေခံမလေးကို သေချာထိန်းဖမ်းလိုက်ပြီး “မင်းကအရမ်းကြီးနေပြီ တဖြည်းဖြည်းနဲ့ ငါ မင်းကို ဖမ်းလို့မနိုင်တော့ဘူး”


"သခင်လေး..." ယွီရွေ့က နှုတ်ခမ်းစူထော်ပစ်လိုက်၏။


လင်ရုဖေး : "မြန်မြန်သွားပြီး ငါ့အတွက် လ္ဘက်ရည်ပူပူ တစ်ခွက်လောက် သွားလုပ်ပေးဦး ဒီသခင်လေး ရေငတ်နေပြီ"


“ဟုတ်ကဲ့” ယွီရွေ့လေးက ကလေးတစ်ယောက်၏နှလုံးသားကဲ့သို့ လွန်စွာမှဖြူစင်လွန်းလှသူပင်။


လင်းရုဖေး၏ စကားကိုကြားပြီးနောက် သူမက ခြေလှမ်းကျယ်ကျယ်လှမ်း၍ လ္ဘက်ရည်လုပ်ရန်ထွက်သွားတော့သည်။ လင်းရုဖေးသည် သူ၏ကိုယ်ရေးကိုယ်တာအတွက်လုပ်ပေးရန်အစေခံများအဖြစ် ဖူဟွားနှင့် ယွီရွေ့တို့နှစ်ဦးကိုသာထားထားသည်။


ဖူဟွားက အရင်ရောက်လာသူဖြစ်သည့်အပြင် အသက်ပိုကြီးသောကြောင့် ပိုပြီးတည်ငြိမ်ရင့်ကျက်သည့် အမူအကျင့်တွေ ရှိ၏။ သူမနှင့်မတူစွာ၊ ယွီရွေ့က ယခုနှစ်အတွင်း ဆယ့်လေးနှစ်ပင်ပြည့်ဦးမည်မဟုတ်ချေ။ သူမ၏ ပင်ကိုယ်စရိုက်အရ၊ သူမက တစ်၀က်သာအရွယ်ရောက်သေးသော ကလေးတစ်ယောက်သာဖြစ်သည်။ လင်းရုဖေးကလည်း နူးညံ့သိမ်မွေ့သောသူမျိုးပင်။ 


သည့်အပြင် ထိုအစေခံနှစ်ယောက်အားတစ်ယောက်ချင်းစီအတွက် သီးသန်းခြံ၀င်းပါ အိမ်ဖြင့်နေစေသောကြောင့် သူတို့၏ ပင်ကိုယ်စရိုက်မှာ တခြားသောအစေခံများနှင့်ယှဥ်လျှင် ပို၍အသက်၀င်ကာတောက်ပကြ၏။


သိပ်မကြာခင်မှာပင် ယွီရွေ့က လတ်လတ်ဆတ်ဆတ်ဖျော်ထားသည့် လက်ဖက်ရည်ပူပူနွေးနွေးလေးတစ်အိုးဖြင့် အပြေးကလေး ရောက်ချလာသည်။


သူမသည် လင်းရုဖေးအတွက် လဘ္ကက်ရည်ကို ခွက်ထဲသို့ ဂရုတစိုက် လောင်းချလိုက်ပြီး သူမရှေ့တွင်ရှိနေသော သခင်လေးဖြစ်သူကို ကြည့်ရန်အတွက် မျက်လုံးတွေကို ပင့်ကြည့်လိုက်သည်။  


သူမကနှုတ်ခမ်းစူလိုက်ပြီး “သခင်လေး သခင်လေးထပ်ပြီး ကိုယ်အလေးချိန်ကျသွားပြန်ပြီ”


 "ငါ ... ကျသွားလို့လား" လင်းရုဖေးကတော့ ထိုသို့ လုံး၀ မခံစားရချေ။


"တကယ်ကြီး ပိန်ကျသွားတာရယ်..." 


ယွီရွေ့က မပျော်မရွှင်ဖြစ်နေဟန်ဖြင့် ဆက်ပြောလာ၏။


 "သခင်လေးကိုတော့ ဖြည်းဖြည်းချင်း ဆူမှဖြစ်တော့မယ် တောင်ပေါ်မှာ တစ်လလောက်သွားနေလိုက်တာ သခင်လေး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကိုယ်အလေးချိန်ကျသွားရတာလဲ"


လင်းရုဖေးက သူမ၏ မှတ်ချက်ကြောင့် ရယ်မောမိသွားသည်။ ယွီရွေ့၏ သူ့ဘေးနားတွင် တွတ်ထိုးသလိုပြောနေသည့် စကားတွေကြောင့် သူခြံဝင်းထဲမှာ နေရသည့်အချိန်တွေတွင် အထီးကျန်သလို မခံစားရခြင်းပင်။ လင်းရုဖေးသည် သူ့ခွက်ထဲမှ လဘ္ကက်ရည်ကို သောက်လိုက်ပြီး ခြံ၀င်းအတွင်းရှိ မြက်ခင်းများနှင့် သစ်ပင်များပေါ်သို့ သူ့မျက်လုံးများက ကျဆင်းသွားပါသော်လည်း သူ့အကြည့်များကမူ ယင်းတို့အားလုံးကို ဖြတ်သန်းသွားပုံရနေ၏ — သူ့ပုံစံက လုံးဝမတူခြားနားသည့် ရှုခင်းတွေကို ကြည့်နေသလိုမျိုးပင်။


"ယွီရွေ့" လင်းရုဖေးက ရုတ်တရက် ပြောလိုက်သည်။


"မင်း အနံ့တစ်ခုခုရသလား"


ယွီရွေ့သည် သူမ၏ နှာတံသေးသေးလေးကိုတရှုံ့ရှုံ့လုပ်လိုက်ပြီးနောက် အနည်းငယ်စိတ်ရှုပ်ထွေးသွားဟန်ဖြင့်မေးလာ၏။ 


"ဘာအနံ့လဲ"


“ချယ်ရီပန်းတွေရဲ့ ရနံ့ဖြစ်မယ်ထင်တယ်…” လင်းရုဖေးက အသေအချာ အကဲဖြတ်လိုက်သည်။


"ချယ်ရီပန်းလား" ယွီရွေ့ကဆက်ပြောသည်။


 "ချယ်ရီပန်းတွေရဲ့ ရနံ့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ ခြံဝင်းထဲမှာလည်း ချယ်ရီပန်းပင်ဆိုလို့ တစ်ပင်တည်းရှိပြီး အဲ့ဒီအပင်ကလည်း အဖူးဖူးဖို့တောင်အနိုင်နိုင်ရယ် တော်တော်စိတ်ပျက်စရာကောင်းတဲ့အပင် သခင်လေးဒီလောက်အပင်ပန်းခံပြီးရေလောင်းပေးတာတောင် အဖူးလေး တစ်ငုတ်ပဲထွက်လာတယ်"


သူမ၏ သခင်လေးဖြစ်သူက အလွန်အမင်းအနိုင်ကျင့်ခံနေရသကဲ့သို့ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်ပြီး“ကျွန်မခေါင်းပေါ်မှာ သခင်လေးရေလာလောင်းရင်တောင် အနည်းဆုံး အဖူးနှစ်ဖူးလောက်တော့ ထွက်လာနိုင်သေးတယ် ဟုတ်တယ်မလား”


လင်ရုဖေးသည် ရုတ်တရက်ကြောင်အသွားပြီးမှ အားရပါးရရယ်မောလိုက်ပြီး "မင်းက ဘယ်လိုလုပ် အဲ့ဒါထွက်အောင်လုပ်နိုင်မှာလဲ"


ယွီရွေ့က သူမခေါင်းလေးကို ပြင်းပြင်းထန်ထန်အလုပ်ပေးလိုက်ပြီးနောက် ခေါင်းတစ်ချက်ယမ်း၍ “တကယ်လို့ လုပ်နိုင်တဲ့နည်းမတွေးနိုင်ဘူးဆိုရင် ဒုတိယသခင်လေးကို သွားမေးကြတာပေါ့ သူ့ဆီမှာ နည်းလမ်းတစ်ခုခုတော့ရှိမှာသေချာပေါက်ပဲ"


ထိုစကားများအတွင်း အမှန်တရားတချို့ရှိနေသည်။ လင်းပျန့်ယွီ၏ စိတ်နေသဘောသဘာဝအရ လင်းရုဖေးသာ လူတိုင်း၏ဦးခေါင်းများတွင် ချယ်ရီပန်းပွင့်များပွင့်နေသည်ကို အမှန်တကယ်မြင်ချင်ကြည့်ချင်ပါသည်ဟု ဆိုလာပါက၊ သူက နည်းလမ်းတစ်နည်းမဟုတ်တစ်နည်းရအောင်ရှာ၍ လူတိုင်း၏ ခေါင်းထက်တွင် ချယ်ရီပန်းများပွင့်ခိုင်းမည်မှာ သေချာပေါက်ပင်။


"အခု မင်းလုပ်စရာရှိတာ သွားလုပ်လို့ရပြီ"


နွေဦး၏ နေရောင်ခြည်နွေးနွေးသည် လူသားတစ်ယောက်ရဲ့ ကိုယ်ခန္တာပေါ်သို့ ပြန့်ကျဲကျဆင်းလာသည်အခါ၊ လူတို့အား ယင်းအထိအတွေ့မှတဆင့် အမြဲတမ်း နွေးထွေးမှုဆိုသည့်အရာကို ခံစားရစေ၏။


နေရောင်ခြည်နွေးနွေး၏ ဖုံးလွှမ်းခြုံခြင်းကိုခံစားရသည့်အချိန်တိုင်း လင်းရုဖေးတစ်ယောက် အမြဲတမ်းအိပ်ငိုက်လာတတ်သည်၊ သူက မျက်လုံးတွေကို မှိတ်ပြီး ပျင်းရိငြီးငွေ့စွာဖြင့် ဆိုလိုက်သည်။


"ငါအိပ်တော့မယ်" 


“အာ~”


ယွီရွေ့သည် သူမ၏သခင်လေး မောပန်းနွမ်းနယ်လာသည်ကို မြင်လိုက်ရသောကြောင့် သူမပါးစပ်ကိုပိတ်ချလိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဖြည်းညှင်းစွာ အနောက်သို့ ပြန်ဆုတ်လိုက်သည်။


ဤသို့ဖြင့် အထပ်တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။


လင်းရုဖေးသည် မျက်လုံးမှိတ်လိုက်ပြီးနောက် အိပ်တစ်၀က်နိုးတစ်၀က်အခြေအနေသို့၀င်ရောက်သွားသည်။ ချယ်ရီပန်းတွေ၏မွှေးရနံ့က ပိုပိုပြင်းထန်လာပြီး မှုန်ဝါးနေသည့် အသိအာရုံထဲတွင် အဆုံးမဲ့ရှည်လျားသည့် ချယ်ရီပန်းပင်တောကြီးရဲ့ ပုံရိပ်ယောင်ကို သူ မြင်တွေ့လိုက်ရပုံပင်။


ထိုတောနက်ကြီးထဲတွင် အနီရောင်ဝတ်စုံကို၀တ်ဆင်ထားသည့် လူတစ်ယောက် ရပ်နေ၏။ ယင်းမြင်ကွင်းကြောင့် တုန်လှုပ်ကာ လန့်နိုးသွားသည့် လင်းရုဖေးတစ်ယောက် သူ့မျက်လုံးတွေကို အလျှင်အမြန် ပြန်ဖွင့်ကြည့်လိုက်ချိန်တွင် သူ့မြင်ကွင်းထဲသို့ရောက်လာသည်က ခြံထောင့်စွန်းတွင် အထီးကျန်ဆန်ဆန်ရှိနေသည့် ပိန်ခြောက်ခြောက် ချယ်ရီပန်းပင်ကြီးပင်။ 


ထိုအပင်ခမျာ နောက်နှစ်နွေဦးအထိ အသက်ရှင်နိုင်ဦးမည်လား ဆိုသည်ကို သူလည်းမသိချေ။


လင်းရုဖေးဆုံးဖြတ်လိုက်သည်။ မနက်ဖြန်မနက်တွင် သူ တောင်ပေါ်မှဆင်းပြီး ချယ်ရီပန်းပင်များပွင့်ဖူးရာတောအုပ်ဆီသို့ သွားမည်ဟူ၍ပင်။


နောက်နေ့မနက်ခင်းချိန်တွင် မြေခွေးဖြူအမွှေးတွေဖြင့်လုပ်ထားသော ၀တ်ရုံကိုခြုံလွှမ်းထားသည့် လင်ရုဖေးက မြင်းဖြူကြီးကိုဆွဲပြီး မိုးဖွဲဖွဲလေးကျနေတဲ့ ခြံဝင်းထဲမှ ထွက်ခွာတော့၏။


သူ့အစေခံမလေး ဖူဟွားက သူ့နောက်တွင် ရပ်နေပြီး သူမက ရှုခင်းပုံစံရေးဆွဲထားသည့် ဆီစိမ်စက္ကူထီးကို ကိုင်ဆောင်ထားသည်။


သူမ၏သခင်ငယ်လေးဖြစ်သူမှာ သူ့အဝတ်အစားတွေက တရုပ်ဇီးပန်းလောက်သာရှိသော မိုးစက်လောက်ဖြင့်မစိုနိုင်ဘူးဟု ဆိုလာပြီး ထီးအောက်တွင်ရပ်ရန်ငြင်းဆန်နေတော့သည်။


ထို့ကြောင့် သာယာလှပသော နွေဦးချိန်တွင်ဖြာဆင်းလာသောမိုးကြောင့် သူမသခင်လေး၏ အနက်ရောင်ဆံနွယ်ထက်တွင် ဖုန်မှုန့်အလွှာတစ်ခုကပ်ငြိနေပြီး အလင်းတန်းများဖြင့်တလတ်လတ်တောက်ပနေတော့၏။


ခွန်းလွန်ဂိုဏ်း၏ဓားသိုင်းပြိုင်ပွဲကျင်းပမည့်အချိန်က တဖြေးဖြေးနီးကပ်လာပြီဖြစ်သည်။ ထို့ကြောင့် ခွန်းလွန်တောင်သို့ လူစိမ်းအတော်များများ လာရောက်လည်ပတ်ကြသဖြင့် ပတ်ဝန်းကျင်တစ်ခွင်တွင် အလွန်အမင်းသက်ဝင်လှုပ်ရှားနေတော့သည်။


တောင်တက်လမ်းပေါ်တွင် ထူထဲသောမြေခွေးဖြူအမွှေးများဖြင့်လုပ်ထားသော၀တ်ရုံဖြင့် လုံခြုံအောင်ရစ်ပတ်ဖုံးလွှမ်းထားသည့် နှိမ့်ချဟန်ရှိသော အဆင့်တန်းမြင့်လူငယ်လေးတစ်ဦးက မြင်းတစ်ကောင်ကို ဦးဆောင်ဆွဲလာနေသည်။ သူသည် အနည်းငယ် ပိန်ပါးသောကိုယ်ဟန်ရှိပေမယ့် ချောမောခန့်ညားပြီး အသားအရေကဖြူဖျော့သည်။ သူသည် သာမာန်လူများနှင့်ယှဥ်လျှင်ပျော့ပျောင်းနူးညံ့နေပုံရသော်လည်း လူအများ၏အကြည့်ကို ဆွဲဆောင်ထားနိုင်သည့် အထူးခြားဆုံးအရာမှာ သူ၏ အရောင်ဖျော့ဖျော့မျက်၀န်းလေးများဖြစ်၏။


သေချာမကြည့်ပါလျှင် အနက်ရောင်ဖြင့်တူညီဟန်ရှိသောလည်း မျက်၀န်းလေးများက အရောင်ဖျော့ဖျော့ မှင်ရောင်နှင့် ပို၍တူညီနေသည်။ အရောင်က ပေါ့ပါးပြီးဖျော့တော့ဟန်ရှိနေပေမယ့် ပို၍ကြည်လင်ပြီး တောက်ပသည်။ ကျီးအမွေးများကဲ့သို့ ရှည်လျားပြီနက်မှောင်သည့် မျက်တောင်လေးများပေါ်သို့ မိုးဖွဲဖွဲလေးကကျဆင်းနေသည်။ ပထမအကြိမ်ဖျက်ခနဲကြည့်လိုက်လျှင် သူကပို၍ဖြူဖျော့သွားပုံပေါက်နေ၏။


ထိုလူငယ်၏နောက်တွင် အလွန်လှပသည့် မိန်းမပျိုလေးတစ်ဦးကဆီစိမ်စက္ကူထီးကိုကိုင်ထားပြီး ထိုလူငယ်လေးကိုလှမ်းမိုးပေးနေပြီး သူမ၏မျက်နှာအမူအရာကအနည်းငယ်စိတ်ဓာတ်ကျကာ ကူကယ်ရာမဲ့နေပုံပေါက်နေသည်။ သူမအရှေ့ရှိအဆင့်တန်းမြင့်လူငယ်ကို ထီးအောက်သို့၀င်စေချင်သော်လည်း ထိုလူငယ်ကာ ငြင်းဆန်နေသောကြောင့်ဖြစ်နိုင်သည်။ 


မိုးရွာနေသဖြင့် တောင်လမ်းတစ်လျှောက်အနည်းငယ်ဗွက်ထကာ စိုနေ၏။


သို့သော် ထိုတောင်လမ်းတစ်လျှောက်တွင် ခြေရာတစ်ခုသာရှိပြီး ထိုခြေရာကို အမျိုးကောင်းသားလေးကပိုင်ဆိုင်ခြင်းဖြစ်သည်။ သေသေချာချာကြည့်လိုက်သည့်အခါ အစေခံမလေး၏ခြေထောက်တွေက မြေပြင်ကနေ လက်မဝက်လောက်ကွာဝေးသည့် လေဟာနယ်ထဲတွင် လွင့်နေသည်ကို သူတို့ သတိထားမိသွားကြသည်။


တောင်ခြေနားသို့ရောက်လာလေလေ လူတွေပိုပိုများလာလေလေပင်၊ ခွန်းလွန်တောင်၏ဂိတ်တံခါးမှထွက်ခွာလိုက်ချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည်ရုတ်တရက်ဆိုသလိုသက်ဝင်လှုပ်ရှားသွားတော့သည်။ မိုးဖွဲဖွဲလေးရွာနေသော်လည်း ထိုမိုးက အနီးနားရှိဈေးသည်များအပေါ် အနည်းငယ်မျှ ထိခိုက်မှု မရှိပေ။


ဓားသိုင်းပြိုင်ပွဲအတွက် လာရောက်ကြသော ကျင့်ကြံသူများသည် ဂိုဏ်း၏အတွင်းပိုင်းထဲသို့ တန်း၍မဝင်ရောက်ကြသေးဘဲ ကြုံတောင့်ကြုံခဲလှသော ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ပစ္စည်းမျိုးစုံကို ရောင်းချနေကြသည်။ စိတ်ဝိညာဉ်ရတနာများ၊ လက်နက်များနှင့် တာအိုအဆောင် အမျိုးမျိုးတို့ပင်ရှိနေသေးသည်။


လင်းရုဖေးသည် အားနည်းသော ခန္ဓာကိုယ်ဖြင့် ကြီးပြင်းလာခဲ့ရသဖြင့် လူစုလူဝေးနေရာများသို့ သွားလေ့သွားထမရှိသောကြောင့် ယခုအချိန်တွင် သူသည် အလွန်စိတ်ဝင်တစားဖြင့် ပတ်၀န်းကျင်တစ်ခွင် လှည့်ပတ်ကြည့်ရှုနေတော့သည်။


“ယို...ဒီကသခင်လေးရေ ကျုပ်ရဲ့ အစွမ်းထက်အဆောင်ကိုတစ်ချက်ကြည့်ကြည့်ပါလား စျေးလည်းသက်သာတဲ့အပြင် သုံးရတာလည်းလွယ်ကူတယ် ဘာမှအရှုံးမရှိဘူးနော် အလိမ်ခံရမှာလည်း လုံး၀မပူနဲ့”


စျေးရောင်းသူသည် လင်းရုဖေးကို အပေါ်အောက် စုန်ဆန် အကဲဖြတ်ကြည့်ပြီးနောက် အားရပါးရ အော်ရောင်းတော့သည်။ လင်းရုဖေးသည် ချမ်းသာသော သခင်လေးငယ်တစ်ဦးအဖြစ် ၀တ်ဆင်ထားသော်လည်း ဓားမကိုင်ထားသောကြောင့် အပျော်လာရောက်ကြည့်ရှုသည့် သာမန်လူဟုသာထင်ရ၏။


"အဲ့ဒါက ဘယ်လောက်တောင်မှ အစွမ်းထက်တာလဲ" လင်းရုဖေးက အပြုံးလေးဖြင့် မေးလိုက်သည်။


“ဥပမာ ဒီဆောင်ကို သခင်လေးအသုံးပြုတဲ့အချိန် အခြားနေရာတွေကို ခိုးဝင်နိုင်တဲ့အပြင် ဘေးအန္တရာယ်တွေကနေ ထွက်ပြေးလွတ်မြောက်အောင် ကူညီပေးနိုင်တယ်”


စျေးသည်ကထပ်၍လေလုံးကြီးတော့သည်။ "ဒါက ဝိညာဉ်စွမ်းအင် မလိုအပ်ဘူးဆိုတော့ ဘယ်သူမဆို သုံးလို့လည်းရသေးတယ်လေ"


"ဒီလောက်တောင် အံ့သြဖို့ကာင်းတယ်ပေါ့"


 လင်းရုဖေးက မေးလိုက်၏


 "ဒါဆို... ခင်ဗျား ဒါကို ဘယ်လောက်နဲ့ရောင်းမလဲ"


စျေးသည် : "စျေးသိပ်မရှိပါဘူး အရမ်းသက်သာတယ်" တလက်လက်တောက်ပနေသည့်အကြည့်တွေဖြင့် သူကပျော်ရွှင်စွာရယ်မောလိုက်ပြီး “စိတ်၀ိညာဥ်ကျောက်တုံးငါးလုံးလောက်ဆို ရပြီ”


“စိတ်၀ိညာဥ်ကျောက်တုံးငါးတုံး ဟုတ်လား ရှင့်ဘာသာရှင်ဘာလို့သွားမတူးလဲ” ဖူဟွားက သူမမိသားစု၏ သခင်ငယ်လေးကဲ့သို့ မယဉ်ကျေးနိုင်ချေ။


စျေးရောင်းသူမှာ မိန်းမပျိုလေးက အဆောင်စက္ကူကို မျက်၀န်းများကျဥ်းမြောင်း၍ စိုက်ကြည့်ပြီးနောက် တစ်ဆက်တည်းသလို ဆူပူကျိန်းမောင်းခြင်းကိုခံလိုက်ရသည်။


“ဒီအဆောင်စက္ကူက ပြီးပြည့်စုံအောင်မဆွဲရသေးဘူး ဘယ်သူက သုံးရဲမှာတဲ့လဲ တကယ်လို့များ သုံးလိုက်ပြီပဲထား ခေါင်းပဲ နေရာရွေ့ပြောင်းသွားပြီး ခန္ဓာကိုယ်ကကျန်နေခဲ့ရင်ရော ရှင်တာဝန်ယူနိုင်မှာတဲ့လား"


စျေးသည်က ပြန်ရန်တွေ့ချင်ပေမယ့် သူ့မျက်လုံးထောင့်ကနေ တဆင့် ဖူဟွားခါးထက်တွင်ချိတ်ဆွဲထားသည့်ဓားကို သတိထားမိသွားပြီးနောက် သူ့စကားလုံးတွေကို ချက်ချင်းပင်ပြန်မျိုချပစ်လိုက်ရသည်။ သူပုံစံက ယခင်ထက် ပိုရိုးသားလာသည်။


သူက ပြုံးလိုက်ပြီး “ဟေး……လုပ်ငန်းတစ်ခုမှာ လုပ်ရိုးလုပ်စဥ်ဆိုတာမျိုး အမြဲရှိတယ် အဆင်မပြေဘူးလို့ ထင်ရင် ပေးနိုင်တဲ့စျေးကိုပြောကြည့် ကျုပ်တို့ ဆွေးနွေးလို့ရပါတယ် “


"တစ်၀က်ပဲ" ဖူဟွားက အေးတိအေးစက်ဖြင့်ဆက်ပြော၏။ “ဒီ့ထက် ပိုမရဘူး” 


စျေးသည်က "ဟေး ဟေး" ဟု နှစ်ကြိမ်လောက်အော်ဟစ်လိုက်ပြီးနောက် နာကျင်နေသည့်အမူအရာမျက်နှာထားဖြင့် စကားကိုဆက်လိုက်၏။ "ကောင်းပြီ ကောင်းပြီ ကျုပ် ဒီနေ့ဆိုင်တောင် သေချာ မဖွင့်ရသေးဘူး အရှုံးကြီးရှုံးနေပြီ စိတ်ဝိညာဉ်ကျောက်တုံးတစ်ဝက်စျေးဆိုတော့လည်း တစ်၀က်ပေါ့”


သူကပြောပြီးသွားသည်နှင့်ချက်ချင်းပင်ထပ်ပေါင်းထည့်၍ဆိုတော့သည်။ “နောက်ဆက်တွဲဆိုးကျိုးဘာညာတွေရှိလာရင် အဲ့ဒီကိစ္စကကျုပ်နဲ့မဆိုင်တဲ့အတွက် ကျုပ်တာဝန်မယူနိုင်ဘူးနော်” 


ဖူဟွားသည် ထိုလူကို အကြည့်စူးစူးတစ်ချက်ပစ်ပေးလိုက်ပြီးနောက် ကျသင့်သည့် စိတ်၀ိညာဥ်ကျောက်တုံးပေးရန်အတွက် အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးကို ထုတ်ယူလိုက်ပြီး စျေးရောင်းသူ၏လက်မှ အဆောင်စာရွက်ကို ယူပြီးနောက် သခင်လေးထံ မပေးအပ်မီ ပြဿနာရှိ၊မရှိသေချာစေရန် သေချာစစ်ဆေးလိုက်၏။


လင်းရုဖေးက

လည်း အပျော်သဘောဝယ်ခြင်းသာဖြစ်သည်။ သူသည် ယင်းအဆောင်ကိုယူ၍ သူ၏အင်္ကျီလက်၀ကျယ်ထဲသို့ ပေါ့ပေါ့ပါးပါးထည့်၍ အခြားနေရာများသို့ ခြေဦးလှည့်လိုက်တော့သည်။




Xxxxxxx