Chapter 4
ခွန်းလွန်တောင်၏ တံခါးဂိတ်အပြင်ကနေ တောင်ခြေအထိ နေရာတိုင်းကို ခရီးသွားလည်ပတ်သူတွေနှင့် ဈေးသည်တွေဖြင့် ပြည့်ကျပ်သိပ်နေသည်။
သို့ပေမယ့် ယနေ့ ရာသီဥတုက သိပ်အဆင်မပြေသည့်အတွက် လူအရမ်းမများပါချေ။ မည်သို့ပင်ဆိုစေကာမူ၊ ဤအခြေအနေက လင်းရုဖေးအတွက် တက်ကြွဖို့လုံလောက်တာထက်ပိုနေပြီဖြစ်၏။
လင်းရုဖေးသည် တောင်ခြေသို့လျှောက်နေရင်း ပတ်၀န်းကျင်တစ်ခွင်ရှိ ရှုမျှော်ခင်းတွေကိုကြည့်နေမိသည်။
အုံ့မှိုင်းနေသည့်ရာသီဥတုက သူ့စိတ်ခံစားချက်ကို မထိခိုက်စေနိုင်ဘဲ၊ ဆန့်ကျင်ဘက်အားဖြင့် ပိုသာ၍ပင်ကောင်းနေပုံရသည်။ သူတို့မြို့ထဲသို့ရောက်သည့်အခါ ချယ်ရီပန်းပင်များရှိရာနေရာနှင့် သိပ်မဝေးတော့ပေ။
လင်းရုဖေးက ရပ်လိုက်ပြီး မြို့ရဲ့အစွန်းတစ်ဖက်နေရာသို့ညွှန်ပြ၍ဆိုလိုက်၏။
"ဖူဟွား ဆန်ကိတ်ဖြူမုန့်စားချင်တယ်"
ဖူဟွား : "ဒါဆို သခင်လေး ကျွန်မကို ဒီမှာခဏလောက်စောင့်ပေးနော် ကျွန်မအခုချက်ချင်းသွားဝယ်လိုက်မယ်"
လင်းရုဖေး : "မင်းအဲ့ဒါသွား၀ယ်လိုက် ငါသွားစရာရှိတဲ့နေရာအရင်သွားနှင့်မယ် မင်းဝယ်ပြီးရင် ငါ့နောက်ကလိုက်ခဲ့"
ဖူဟွားက ထီးကို လင်းရုဖေးထံ ကမ်းပေးပြီးနောက် မျက်မှောင်ကြုတ်၍ သတိပေးစကားကိုထပ်ဆိုလိုက်သည်။
"သခင်လေး ကျေးဇူးပြုပြီး ထီးကိုဆောင်းဖြစ်အောင်ဆောင်းနော် အအေးမမိအောင် သေချာလေးဂရုစိုက်မှရမယ်နော်"
လင်းရုဖေးက ဘာမှစကားမပြန်ဆိုတော့ဘဲ ထီးကို လှမ်းယူလိုက်သည်။ သူက ဖူဟွားကို အမြန်သွားစရာရှိတာသွားဟူသည့် သဏ္ဏာန်ဖြင့် မေးငေါ့ပြလိုက်သည်။ ဖူဟွားသည် ချက်ချင်းပင်လှည့်ထွက်ပြီးနောက် သူမ၏ ခြေချောင်းများကို လေထဲတွင်အသာတော့လိုက်ပြီးနောက် လျင်မြန်ဖျက်လတ်သည့် ပျံလွှားငှက်တစ်ကောင်ကဲ့သို့ထွက်သွားတော့သည်။ မျက်စိတစ်မှိတ်တွင်ပင် သူမက လမ်းအဆုံးမှ ပျောက်သွားတော့၏။
လင်းရုဖေးသည် ထီးကိုဖွင့်ဆောင်းတာမျိုးမရှိဘဲ မြင်းနောက်ကျောပေါ်တွင်တင်လိုက်ပြီးနောက် ချယ်ရီပန်းများပွင့်ဖူးရာသစ်တောကြီးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားတော့သည်။
မိုးရွာနေသည်ဆိုပေမယ့် မြို့လေးမှာမူ သပ်သပ်ရပ်ရပ်ရှိနေဆဲပင်။ လမ်းသွားလမ်းလာများမှန်သမျှ ထီးများကိုင်ဆောင်ထားကြပြီး အစိမ်းရောင် ကျောက်တုံးများဖြင့် ခင်းထားသော လမ်းများတွင် လျှောက်လှမ်းနေကြသည်။ ဤမြို့သည် ခွန်းလွန် ဓားဂိုဏ်းကို မှီခိုပြီးနောက် နှစ်တစ်ရာမျှဖြင့် ချမ်းသာကြွယ်၀လာခြင်းဖြစ်သည်။
မြို့သူမြို့သားများ၏ အကြီးမားဆုံးဆန္ဒမှာ ခွန်းလွန်ဓားဂိုဏ်းရဲ့ ၀င်ခွင့်ကိုအောင်မြင်စွာဖြေဆိုပြီးနောက် ဂိုဏ်းထဲ ၀င်ရောက်ခွင့်ရရန်ဖြစ်ပြီး အနိမ့်ဆုံး အပြင်စည်းတပည့်ဖြစ်ရလျှင်ပင် ငြူစူတာမျိုးရှိလိမ့်မည်မဟုတ်ပေ။
သူတို့ကိုယ်တိုင် ထိုရည်မှန်းချက်ကို မလုပ်နိုင်လျှင်ပင် သူတို့၏ သား၊ မြေး...မျိုးဆက်တိုင်းမျိုးဆက်တိုင်းအပေါ်တွင် မျှော်လင့်ချက်တွေ အမြဲရှိနေမည်ဖြစ်၏။
လင်းရုဖေးသည် ချယ်ရီပန်းပင်တွေကို အဝေးမှပင်လှမ်းမြင်နေရပြီဖြစ်သည်။
တောင်တန်းတစ်လျှောက်သည် ချယ်ရီပန်းတွင်ဖြင့် ဖုံးလွှမ်းခြင်းခံထားရသည်။ ထို့အပြင် လေပြေလေညှင်းတွေက ကြွေကျနေသည့် ပန်းပွင့်ဖတ်လေးတွေကို သယ်ဆောင်ပြီးမှ လူတွေ၏ဆံပင်နှင့် ပခုံးတွေအပေါ် သို့အသာတိုးဝှေ့သွားပေ၏။
လင်းရုဖေးသည် ဤမြင်ကွင်းကိုမြင်ပြီးနောက် နှုတ်ခမ်းများ ကွေးညွတ်၍ စိတ်လိုလက်ရ ပြုံးလိုက်မိသည်။ ခြေလှမ်းကိုခပ်မြန်မြန်လှမ်း၍ ချယ်ရီပန်းပင်များ ထူထူထပ်ထပ်ပေါက်နေသည့် တောအုပ်အတွင်းသို့ အမြန်ပြေး၀င်သွားလိုက်သည်။
မိုးကြောင့်ဖြစ်နိုင်သည်၊ ချယ်ရီပန်းတောကြီးက ပုံမှန်ထက်ယှဥ်လျှင် အနည်းငယ်အသက်မဲ့နေသည်။ ပန်းပွင့်ဖတ်များသည် မြေကြီးပေါ်သို့ကျဆင်းပြီးနောက် အနက်ရောင် မြေဆီလွှာနှင့် ရောနှောသွားပြီး မကြာမီ နွေဦးရွှံ့အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
မြေပြင်က ချောနေသည်။ လင်းရုဖေးသည် လမ်းသေးသေးလေးအတိုင်း တဖြည်းဖြည်းလျှောက်လှမ်းလာရင်း ချယ်ရီပန်းတောအုပ်နက်နက်ထဲသို့ ဝင်ရောက်လာမိသည်။
ပတ်ဝန်းကျင်တစ်ခွင်သည် တိတ်ဆိတ်နေပြီး မိုးဖွဲဖွဲလေးအသံသာ ကြားနေရ၏။
လင်းရုဖေးသည် အေးချမ်းသာယာလှပသောရှုခင်းအတွင်းနစ်မျောကြည်နူးနေစဥ်တွင် အဝေးဆီမှ အော်ဟစ်သံတစ်ခုကိုကြားလိုက်ရသည်။ အော်ဟစ်သံမှ အလွန်စူးရှလှပြီး မျောက်တစ်ကောင်၏ အော်ဟစ်သံဖြစ်သည်။ ဤအသံကို လင်းရုဖေးကြားလိုက်ရသည့်အခါ သူ့မျက်နှာမှာ ချက်ချင်းပင်ပြောင်းလဲသွားသည်။ သူချက်ချင်းလှည့်ပြီး ပြေးတော့သည်။
သို့ပေမယ့် သူက ဘယ်လိုလုပ် မျောက်တွေထက် မြန်မြန်ပြေးနိုင်မှာတဲ့လဲ။ ခဏလေးအတွင်း မျောက်တွေ၏ ဝိုင်းရံခြင်းကိုခံလိုက်ရသည်။ ဤမျောက်တွေက ဘယ်လိုမျိုးစိတ်တွေလဲဆိုတာ သူ မသိပေမယ့် သာမာန်မျောက်တွေနဲ့ယှဉ်ရင် အရမ်းကွာခြားလွန်းလှသည်။
သူတို့က အရပ်တွေရှည်လျားကြရုံသာမက အလွန်လှပသည့်ရွှေရောင်အမွှေးတွေပင်ရှိနေသေး၏၊ တစ်ချက်ကြည့်ရုံဖြင့် အလွန်ထူတပ်ပြီး နူးညံ့မည့်ပုံပေါ်နေသည်။ သူတို့က တောရိုင်းတိရိစ္ဆာန်တွေဆိုပေမယ့် သူတို့၏ကိုယ်ထက်တွင် မည်သည့် အညစ်အကြေးကိုမှ သင်မြင်ရလိမ့်မည်မဟုတ်ပေ။
မျောက်များသည် သူ့အနောက်နှင့်အရှေ့တွင်ပိတ်ရပ်၍ လင်းရုဖေးကို လျင်မြန်စွာဝန်းရံလိုက်ကြပြီး ထွက်ပေါက်မှန်သမျှကို ပိတ်ဆို့ထားကြ၏။ လင်းရုဖေးသည် သနားစရာကောင်းစွာပြုံးလိုက်ပြီး သူ့တွင် ဘာမှမပါရှိကြောင်း သက်သေပြရန်အတွက် သူ့လက်၀ါးကို အလျင်အမြန် ဖြန့်ပြလိုက်၏။
သူ ကူကယ်ရာမဲ့စွာသက်ပြင်းအသာချလိုက်ပြီး “မင်းတို့တတွေ ငါ့ကို မှတ်များမှတ်မိနေကြတာလား ငါဒီကိုလာတဲ့အချိန်တိုင်း အမြဲတမ်း တစ်ကြိမ်လောက်တော့ ပိတ်တားခံရတတ်တယ်..."
ခေါင်းဆောင်ဖြစ်ပုံရသော မျောက်သည် အလွန်လှပလွန်း၏။ အခြားမျောက်များနှင့်ယှဥ်လျှင် ပိုအကောင်ကြီးပြီး လှပလွန်းသည့် ရွှေရောင်မျက်လုံးများလည်းရှိသည်။ ယခု လင်းရုဖေးနှင့် အနီးဆုံး ချယ်ရီပန်းပင်ပေါ်တွင် ထိုမျောက်က ထိုင်နေပြီးမျက်တောင်လေးတဖျက်ဖျက်ခတ်၍ သူ့ရှေ့ရှိ နူးညံ့သိမ်မွေ့ပုံရသည့် လူငယ်လေးကို သေချာစိုက်ကြည့်နေသည်။
လင်းရုဖေးကလည်းပြန်ကြည့်နေလိုက်သည်။ ရလဒ်အနေဖြင့် လူတစ်ယောက်နှင့် မျောက်တစ်ကောင်တို့က စူးစိုက်ကြည့်သည့် အကြည့်ပြိုင်ပွဲတစ်ခုကို ကျင်းပမိသွား၏။
သူအထင်အမြင်လွဲနေတာလား ဘာလား သေချာမသိပေမယ့် လင်းရုဖေးသာ ဤစကားကိုပြောလိုက်မည်ဆိုလျှင် ထိုမျောက်မျက်လုံးတွေတွင် အပြုံးတစ်ခုပေါ်လာလိမ့်မည်ဟု အမြဲခံစားနေရသည်။
"ငါ့မှာ တကယ်ကို ဘာမှမရှိဘူး"
လင်းရုဖေးက မျောက်ဘုရင်နှင့် ကျိုးကြောင်းရှိရှိစကားပြောဖို့လုပ်လိုက်သည်။
"မင်း ကြိုက်တဲ့ မုန့်တွေ ဝယ်လာဖို့ ငါ့မှာအချိန်တကယ်မရှိလို့ ဒီတစ်ခါ ငါတစ်ယောက်တည်း လာတာမဟုတ်ဘူး ဖူဟွားက အခုဆန်ကိတ် သွားဝယ်နေတယ်"
မျောက်ဘုရင်သည် ဖူဟွားဟူသော အမည်ကို ကြားလိုက်ချိန်တွင်တုံ့ပြန်မှုတစ်ချို့ပြုလုပ်လာသည်။ လှပသောရွှေရောင် မျက်၀န်းတစ်စုံက အသိဉာဏ်ရှိရှိမျက်လုံးတစ်ချက်လှန်လိုက်ပြီးနောက် အကြည့်တွေကို အဆုံးတွင် လင်းရုဖေးအပေါ်တွင်သာ ရပ်တန့်လိုက်၏။
ထိုအချိန်တွင် ချယ်ရီပန်းတောအုပ်ရဲ့အပြင်ဘက်မှ ဖူဟွား၏ အော်ခေါ်သံကိုကြားလိုက်ရသည်။
“သခင်လေး—”
လင်းရုဖေးက ရယ်လိုက်ပြီး "ကြည့်...ငါမင်းကို မလိမ်ဘူး"
မျောက်ဘုရင်က သူ့လက်ကို ဝှေ့ယမ်းပြီး မျောက်တွေကို တောနက်ထဲသို့ ပြန်ဆုတ်ရန်အချက်ပြလိုက်ပေမယ့် သူကတော့ တုတ်တုတ်မျှမလှုပ်ချေ။ ပြန့်ကျဲနေသည့်မျောက်များမှာ တောအုပ်ထဲသို့ချက်ချင်းပြေး၀င်သွားကြပြီး ထိုမျောက်မင်းမှာမူ နောက်ဆုံးကျန်သည့်မျောက် တောနက်ထဲသို့၀င်ရောက်ပျောက်ကွယ်သွားသည့်အချိန်ထိ သစ်ကိုင်းပေါ်တွင် ငြိမ်ငြိမ်လေးထိုင်စောင့်နေခဲ့သည်။
သစ်ကိုင်းပေါ်တွင် ထိုင်နေသည့်မျောက်ဘုရင်က ရုတ်တရက်ဆိုသလို ထရပ်ပြီး လင်းရုဖေးထံသို့ ခုန်ဆင်းလိုက်သည်။
လင်းရုဖေးသည် မျောက်ဘုရင်၏ လှုပ်ရှားမှုကြောင့် လန့်ဖျပ်သွားပြီး ခြေလှမ်းအနည်းငယ်ခန့် နောက်သို့ပြန်ဆုတ်သွားမိသော်လည်း မျောက်ဘုရင်ကမူ သူ့ခေါင်းဘက်မှ ခုန်ကျော်ဖြတ်ကာ ချယ်ရီပန်းတောအုပ်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် ပြေး၀င်ပျောက်ကွယ်သွားတော့သည်။
လင်းရုဖေးတစ်ယောက် သူ့ပုခုံးတွေကို လက်ဖြင့် မိတ်ဖြစ်ဆွေဖြစ်အသာပုတ်လိုက်သလို ခံစားလိုက်ရ၏။ ဤမျောက်အုပ်စုက လူတွေကို အနိုင်ကျင့်ရတာ တကယ်ကြိုက်တယ်လို့ တွေးမိပြီးနောက် သူ့မှာ ရယ်ရခက်၊ ငိုရခက် ခံစားလိုက်ရသည်။
'သူတို့ အဆာပြေမုန့်မစားကြတော့ဘူးလား'
သို့ပေမယ့်လည်း သူတို့ရဲ့ဒေါသကိုဖြေရန်အတွက် လူကို နှစ်ကြိမ်လောက်တော့ရိုက်သွားသေးသည်။
"သခင်လေး"
တစ်ဆက်တည်းဆိုသလို ဖူဟွားက လင်းရုဖေး၏နောက်သို့ ရောက်လာသည်။ သူမက ပူပူနွေးနွေးနှင့် စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ကို ထုတ်လွှတ်နေဆဲဖြစ်သည့် စက္ကူဖြင့်ထုတ်ထားသောဆန်ကိတ်အနည်းငယ်ကို ကိုင်ထား၏။
"ဖူဟွား" လင်းရုဖေးက လှည့်၍ဆိုလိုက်သည်။ "သွားတာ မြန်လှချည်လား"
ဖူဟွားသည် လင်းရုဖေး၏ အနည်းငယ် အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရပြီးတစ်ဆက်တည်းဆိုသလို သူ့နှဖူးထက်က ချယ်ရီပန်းပွင့်တွေကို သတိပြုမိပြီးနောက် သူမတိတ်တဆိတ်လေး ရယ်မောမိသွားသည်။
မိုးရွာနေတာကြောင့် အခိုးအငွေ့လေးတွေတလွင့်လွင့်ဖြစ်နေသည့်အထဲတွင် ရပ်နေသည့် လင်းရုဖေး၏ပုံစံက ပန်းချီကားထဲက ထွက်လာသလိုပင်။
သူ့နှဖူးထက်က ပန်းပွင့်လေးတွေကလွဲလို့ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူအမည်းဖျော့ဖျော့တလွှာဖြင့် ဖုံးအုပ်ထားသလိုခံစားနေရ၏။ သူသည် အတော်လေးကို မျက်စိဖမ်းစားနိုင်စွမ်းရှိပြီး သေချာမသိပါလျှင် သူက ချယ်ရီပန်းမှ လူအဖြစ်ပြောင်းလာသကဲ့သို့ပင်။
"ဖူဟွား..."
ဖူဟွား၏ ပျက်ယွင်းနေသော အကြည့်ကို မြင်လိုက်ရသဖြင့် လင်းရုဖေးက ထပ်မံ၍ခေါ်လိုက်သည်။
ထိုမှသာ ဖူဟွားသည် သူမ၏အာရုံများမှာ လက်ရှိသို့ ပြန်လည်ရောက်ရှိလာပြီး သူမ၏အကြည့်တွေကို ရုတ်သိမ်းပစ်လိုက်သည်။
သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး သူမ၏လက်ထဲက ဆန်ကိတ်မုန့်ကို လင်းရုဖေးထံသို့ ဂရုတစိုက် ကမ်းပေးကာ တိုးညှင်းသောအသံဖြင့်ဆိုလိုက်၏။
"သခင်လေးက ထီးမဆောင်းတော့ အခု သခင်လေးရဲ့အဝတ်အစားတွေက စိုရွှဲလုနီးပါးဖြစ်နေပြီ......"
လင်းရုံက ပြုံးရုံသာတတ်နိုင်တော့၏။ ဆီစိမ်စက္ကူဖြင့်ထုတ်ထားသည့်အိတ်ကိုဖွင့်လိုက်ပြီး ပူပူနွေးနွေးနှင့်အလွန်မွှေးကြိုင်လှသည့် ဆန်ကိတ်မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။
သူ့မျက်လုံးတွေက သဘောကျကျေနပ်မှုကြောင့်လှပသေသပ်စွာ ကွေးညွှတ်သွားသည်-
"အရမ်းအရသာရှိတယ်"
ဖူဟွားသည် သူမ၏သခင်ငယ်လေးကို နူးညံ့စွာကြည့်ပြီးနောက် မြင်းပေါ်မှ ထီးကိုယူကာ လင်းရုဖေး၏ ဦးခေါင်းထက်တွင် ညင်သာစွာဆောင်းပေးလိုက်သည်။
ဆန်ကိတ်က အရမ်းမွှေး၏။ ကောက်ညှင်းရဲ့နူးညံ့မှုက ပါးစပ်ထဲမှာပျော်ကျသွားလုနီးပါးပင်။ သူငယ်ငယ်တုန်းက စားခဲ့သည့်အတိုင်း အရသာမှာတူညီနေတုန်းဖြစ်သည်။ လင်းရုဖေးက ချူချာလှသည့်ကျန်းမာရေးဖြင့်ကြီးပြင်းလာခဲ့သူပင်။
ဆယ်နှစ်မပြည့်မီလောက်ကဖြစ်မည်၊ ထိုနေ့ကသူ့အစ်မတော်၏မွေးနေ့ဖြစ်ပြီး ထိုမတိုင်ခင်အထိ သူသည် ခွန်လွန်တောင်ခြေကို တစ်ခါမှမရောက်ဖူးခဲ့ချေ။
သူမက မိဘတွေကို မပြောဘဲ လင်းရုဖေးသေးသေးလေးကို ဝါးခြင်းတောင်းထဲသို့ တိတ်တဆိတ်ထည့်ပြီး တောင်အောက်သို့သယ်သွားတော့သည်။
ထိုနေ့က လင်းရုဖေးသည် မြို့အတွင်းရှိ အဆာပြေမုန့်အားလုံးကို မြည်းစမ်းကြည့်ခဲ့သည်။ ကျန်းမိသားစု၏ နှင်းဆီသကြားလုံး၊ ချန်းမိသားစု၏ ဆန်ကိတ်မုန့်—သူတို့အားလုံးက ကလေးများ၏ အကြိုက်ဆုံးအစားအစာများဖြစ်ပြီး လင်းရုဖေးသည် ပျော်ရွှင်စွာစားနေခဲ့သော်လည်း ထိုပျော်ရွှင်စရာကောင်းလှသည့်နေ့၏ညတွင် သူအဖျားတက်ကာ ကြေကွဲဖွယ်အဖြစ်အပျက်ကို ဖြစ်စေခဲ့သည်။
ထို့အတွက်ကြောင့် သူ့အစ်မ လင်းဝေရွေ့သည် တောင်ထိပ်တွင်သုံးလကြာ တွေးတောဆင်ခြင်ခဲ့ရ၏။ လင်းရုဖေးက မည်သို့ပင်တောင်းပန်ပေးနေပါစေ မရခဲ့ပေ။
ထိုအချိန်မှစ၍ လင်းရုဖေးသည် သူနှင့်သူ့မွေးချင်းများမှာ မတူကွဲပြားကြောင်း သိလိုက်ရသည်။ သူတို့၏ဘဝသည် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်ကဲ့သို့ တောက်ပနေပြီး၊ သူကိုယ်တိုင်ကမူ လေတိုက်သည်နှင့်ငြိမ်းသွားနိုင်သော ဖယောင်းတိုင်မီငယ်လေးသာဖြစ်သည်ဆိုတာကိုပင်။ လေပြင်းထန်ထန်တိုက်လေ တောက်လောင်နေသည့် မီးတောက်က ပိုမိုတောက်ပလာလေဆိုပေမယ့်လည်း ဖယောင်တိုင်မီးမှာမူ ဟုတ်ခနဲ မီးငြိမ်းသွားမည်သာဖြစ်၏။
မိုးက ပိုသည်းထန်လာပြီး မြေပြင်တွင် ရွှံ့တွေက ပိုပိုများလာသည်။ ဖူဟွားက လင်ရုဖေးသည် 'စောနက ဒီနေရာတွင် တစ်ယောက်တည်းရှိနေတာလား' ဟု ယဥ်ကျေးစွာဖြင့်မေးလာသည်။
လင်းရုဖေးသည် သူမ၏မေးခွန်းကြောင့် အလွန်အံ့ဩသွားရပြီး ဖူဟွားကို 'ဘာကြောင့်များ ဒီမေးခွန်းကိုမေးတာလဲ' ဟုပြန်မေးလိုက်သည်။
ဖူဟွားက ပြုံးပြီး လင်းရုဖေး၏နှဖူးကို ညွှန်ပြလိုက်သည်။
လင်းရုဖေးသည် နှဖူးကိုထိရန် လက်ကို မြှောက်လိုက်သည့်အခါ စိုစွတ်နေသည့် ချယ်ရီပန်းပွင့်များကို ခံစားလိုက်ရသည်။ သူ တစ်ခုခုကို ချက်ချင်း သတိရသွားသည်။
ဒေါသမထွက်ပေမယ့် အနည်းငယ်တော့ ရယ်စရာကောင်းသည် ဟု ခံစားလိုက်ရသည်။
"အဲဒီမျောက်အုပ်စု...သူတို့က လူကို ဒီလိုမျိုးအမြဲအနိုင်ကျင့်တာပဲ"
"အဲဒီမျောက်အုပ်စုက ထပ်ပြန်လာသေးတာလား"
ဖူဟွားသည် သူ့စကားကြောင့် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး သူမ၏ ခန္ဓာကိုယ်တစ်၀ိုက်တွင် သတ်ဖြတ်ချင်သည့် အရိပ်အယောင်များဖြင့် ပြည့်နှပ်သွားတော့၏။
လင်းရုဖေးက ပန်းများကို နှစ်သက်သဘောကျသူမျိုးပင်။ သူက နွေဦးတိုင်းလိုလို ဤချယ်ရီပန်းပင်တောအုပ်သို့လာတတ်သည်။ ဘယ်အချိန်ကစခဲ့သည်မသိ၊ ချယ်ရီပန်းတောအုပ်ထဲရှိ မျောက်တွေက သူတို့ရဲ့မျက်လုံးတွေကို သူမတို့ကိုသာစိုက်ကြည့်နေတတ်ကြ၏။
တစ်ခါတုန်းက လင်းရုဖေးသည် သူမ မပါဘဲတောင်ပေါ်မှတစ်ယောက်ထဲဆင်းသွားခဲ့သည့်အခါ ထို မျောက်စုတ်မျောက်နာအုပ်စုသည် လင်းရုဖေး၏ပါလာသမျှအစားအစာတွေကို လုယူရုံသာမက သူ့အဝတ်အစားတွေကိုလည်း ညစ်ပတ်ပေကျံသွားအောင်လုပ်ပစ်ခဲ့ကြသည်။
သူပြန်လာသည့်အခါ လင်းမိသားစုရှိသူတွေက သူလုယက်ခံလိုက်ရသည်ဟုပင် ထင်ခဲ့ကြ၏။
ဖူဟွားသည် အံ့တင်းတင်းကြိတ်၍ ဤကိစ္စကို ဒုတိယသခင်လေး မသိလိုက်ခြင်းက ကံကောင်းသွားသည်ဟု တွေးလိုက်မိသည်။ မဟုတ်ပါက ဤမျောက်အုပ်စုတစ်ခုလုံးသည် အမြစ်ပြတ်သုတ်သင်ခံလိုက်ရမည်ဖြစ်သည်။
သူ့အစေခံလေးဘာတွေတွေးနေမှန်း မသိသည့် လင်းရုဖေးက ညှင်သာစွာပြုံးပြီး သက်ပြင်းအသာချလိုက်၏။
"အဲဒါက အဆော့မက်တဲ့မျောက်ကလေးတွေတစ်သိုက်ပါပဲ ဘာလို့ ဒီလောက်အလေးအနက်ထားနေရတာလဲ"
"ဒါပေမယ့် သူတို့က သခင်လေးကို အနိုင်ကျင့်ကြတယ်လေ"
ဖူဟွားသည် လုံး၀မပျော်ရွှင်တော့ပေ။
"သခင်လေးရဲ့လက်ထဲမှာ ဆန်ကိတ်မရှိတာကံကောင်းသွားတယ် မဟုတ်ရင် အဲဒီသားရဲစုတ်အုပ်စုက ထပ်ပြီး သခင်လေးအပေါ်အခွင့်ကောင်းယူပြန်ဦးမယ်"
လင်းရုဖေးသည် သူမ၏စကားများကြောင့် အသာရယ်မောလိုက်ပြီး သူ့လက်ထဲမှ ပန်းပွင့်များကို ဘေးသို့ ပစ်ချလိုက်လေသည်။
ဆီစိမ်စက္ကူထီးပေါ်မှ မိုးရေစက်များက တဖျောက်ဖျောက်မြည်နေပြီး လင်းရုဖေးက အရှေ့မှ လျှောက်နေကာ ဖူဟွားက သူ့နောက်မှလျှောက်သည်။ သူမက ထီးကို ကိုင်ထား၏။
သူတို့တတွေ မည်မျှကြာအောင် လမ်းလျှောက်ခဲ့ကြသည်ကို မသိတော့ပေ။ လင်းရုဖေးသည် မှောင်မဲနေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ယနေ့အတွက် ပြန်လည်၍ကြည်လင်လာတော့မည် မဟုတ်ကြောင်းကို သိလိုက်သည်။
ထို့ကြောင့် အနည်းငယ်သောနောင်တကိုထွေးပိုက်၍ 'အရင်ပြန်ကြတာပေါ့'ဟု သူပြောလိုက်သည်။
ဖူဟွားတစ်ယောက် ထိုစကားကိုကြားလိုက်ရသည်နှင့် ချက်ချင်းပင် ဝမ်းသာရွှင်မြူးသွား၏။ အဘယ်ကြောင့်ဆို လင်းရုဖေး၏ တစ်ကိုယ်လုံးသည် ရွှဲရွှဲစိုနေပြီဖြစ်သည်။ သူမ၏သခင်ငယ်လေးအအေးမိမည်ကို သူမကြောက်သော်လည်း တစ်ချိန်တည်းမှာပင် သူမသာ အလွန်အကျွံပြောမိပါက လင်ရုဖေးအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကိုလည်း သူမ စိုးရိမ်နေမိသည်။
ယခုတော့ လင်းရုဖေးကိုယ်တိုင်က ပြန်သွားရန်အဆိုပြုလာပြီဖြစ်သဖြင့် ဤသည်က အကောင်းဆုံးပင်။
"သခင်လေး မြင်းပေါ်တက်"
ဖူဟွားက နွေးထွေးသော အသံဖြင့် ပြောလာ၏။
လင်းရုဖေးက ခေါင်းမာတတ်သူ
မျိုးမဟုတ်ပေ။ သူသည် ယဉ်ပါးနေသော မြင်းဖြူပေါ်သို့တက်လိုက်သည်။ ထို့နောက် ဖူဟွားသည် လင်းရုဖေးအား ထီးကိုပေးကာ မြင်းကို ခွန်းလွန်တောင်ပေါ်သို့ပြန်ရန် ဦးဆောင်၍ဆွဲခေါ်တော့သည်။
Xxxxx