အပိုင်း ၅
Viewers 14k

Chapter 5




မြို့ကိုဖြတ်သန်းသွားသည့်အချိန်တွင် လင်းရုဖေးသည် အလွန်တရာမှသာယာလှပသော ပုလွေသံကို ကြားလိုက်ရသည်။ အသံထွက်ပေါ်လာသည့်နေရာကို သူမြင်နိုင်ရန် ကြိုးစားကြည့်သော်လည်း တံတားငယ်တစ်ခုနှင့် ဝါးဦးထုပ်ကို ဆောင်းထားသည့် ဓားသမားတစ်ဦးကိုသာ တွေ့လိုက်ရသည်။ ဓားသမားသည် ကျောက်တုံးများကို မှီ၍ အလွန်သာယာလှပသည့် ပုလွေသံလေးကို တီးမှုတ်နေပေ၏။


သို့သော် ထူးဆန်းသည်မှာ ပုလွေသံကိုသာကြားနေရပါသော်လည်း မည်ည့်တူရိယာမှရှိမနေပေ။ လင်းရုဖေးက သူ့အနားမှ ဖြတ်သွားလိုက်သည်။ ဓားသမားသည် သူ၏ဝါးဦးထုပ်ကို ပို၍နိမ့်ချဆောင်းလိုက်သည့်အခါ ကျိုးတိုးကျဲတဲအပေါက်ကြားမှနေ၍ ကျဉ်းမြောင်းသွယ်လျသည့် စိမ်းပြာရောင်မျက်၀န်းတစ်စုံကို ပေါ်လွင်သွားစေ၏။


ဖူဟွားသည် သူမ၏မျက်လုံးများဖြင့် သတိကပ်၍ ထိုဓားသမားကို သေချာကြည့်လိုက်သော်လည်း လင်းရုဖေးကမူ ထိုသူ့အား နှုတ်ဆက်နေသည့် မျက်၀န်းများဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။


ဓားသမားသည် နှုတ်ခွန်းဆက်စကား ပြန်မဆိုဘဲ ထိုအစား ဦးထုပ်ကို ကိုင်ထားသည့် လက်ကိုသာ လွှတ်ချလိုက်သည်။ ဤလူက လင်းရုဖေးကို မမြင်သကဲ့သို့ ပြုမူနေ၏။ 


ဤမြင်ကွင်းကို မြင်လိုက်ရသော ဖူဟွားသည် တိုက်ခိုက်သမှုကိုပြုတော့မည်အလုပ် လင်းရုဖေးသည် သူမ၏အမည်ကို တိုးတိုးလေးခေါ်၍ ခေါင်းခါပြလိုက်သည်။


ဖူဟွားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ဤလူ၏အသွင်အပြင်ကို မှတ်မိနေစေရန် တိတ်တဆိတ် မှတ်သားနေလိုက်သည်။


ဤလူ၏မျက်လုံးအရောင်ကိုကြည့်၍ဆိုရလျှင် သူတို့၏တိုက်ကြီးရှိ မျိုးနွယ်က မဟုတ်နိုင်ပေ။ ဓားသိုင်းပြိုင်ပွဲတွင် အပျော်သဘောပါဝင်ဆင်နွှဲရန်အတွက် အခြားတိုက်ကြီးတစ်ခုခုမှ လာရောက်လည်ပတ်သူလည်း ဖြစ်နိုင်၏။


သို့ပေမယ့် သူတို့ ဘယ်အရပ်၊ဘယ်ဌာနေကပဲ လာနေပါစေ ခွန်းလွန်တောင်ခြေကို ရောက်နေသရွေ့ သူတို့ရဲ့လင်းမိသားစုကို မည်သူကများ မျက်နှာမပေးဘဲနေ၀ံ့ကြမည်တဲ့လဲ။


လင်းရုဖေးသည် ပုလွေသံကို နားထောင်လိုက်ရုံဖြင့် သူ့စိတ်ခံစားချက်က အလွန်ကောင်းမွန်လာပြီး ရှေးယခင်က ကဗျာတစ်ပုဒ်ကို ပင်စိတ်ပျော်ပျော်ဖြင့်ရွတ်ဆိုလိုက်သေးသည်– 


“ နွေဦးရာသီက တိတ်ဆိတ်ပြီး ညတာက ရှည်သည်

  ကောင်းကင်ယံရှိ အပြာရောင်တိမ်တိုက်များက

  ချူနန်းတော်နှင့် ဝေးကွာလွန်းနေတာကြောင့်

  စိတ်ကူးယဉ်ဝိညာဉ်ကို အစွမ်းကုန် အသုံးပြုပြီး

  ရှဲ့တံတားပေါ်က ဖော့ပလာပန်းပွင့်များပေါ် သို့

  လှမ်းတက်လိုက်၏ …… “

[“春悄悄,夜迢迢。碧云天共楚宫遥,梦魂惯得无拘检,又踏杨花过谢桥……” ယင်းက မူရင်း ကဗျာဖြစ်၏။]


ဖူဟွားက “သခင်လေး ဒီကဗျာက ဘာကိုဆိုလိုတာလဲ” ဟု မေးလာသည်။


လင်းရုဖေးက အပြုံးလေးဖြင့်ပြန်ဖြေပေးလိုက်သည်။ 


"နွေဦးအိပ်မက်ကို မက်နေတဲ့ လူမိုက်တစ်ယောက်ရဲ့အကြောင်းဆိုပါတော့"


ဖူဟွားက နားလည်ပုံပေါက်သော်လည်း သေချာတွေးတောကြည့်ပြန်သည့်အခါ နားမလည်ပြန်ပေ။


ကြားနေရသည့် ပုလွေသံလေးက တဖြည်းဖြည်းမှိန်ဖျော့သွားသလို လင်းရုဖေးသည်လည်း ခွန်းလွန်တောင်ပေါ်သို့ ပြန်ရောက်သွားချေပြီ။


ခြံ၀င်းထဲသို့ ပြန်ရောက်ချိန်တွင် ပတ်၀န်းကျင်တစ်ခွင် မှောင်မဲနေပြီး လင်းရုဖေးသည်လည်း အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ ဖူဟွားသည် လင်းရုဖေးအအေးမိမည်ကို စိုးရမ်သောကြောင့် သူမသည် ရေနွေး အမြန်ပြေးတည်ကာ အအေးမမိစေရန် လင်းရုဖေးကို ရေအမြန်ချိုးခိုင်းလိုက်သည်။ လင်းရုဖေးသည် ရေချိုးကန်ထဲသို့ မဝင်မီ အချိန်အတော်ကြာအောင် အနည်းငယ် မူးဝေနေခဲ့သည်။


ရေကန်က ကြီးသည်။ ဖူဟွားကအပြင်သို့ထွက်သွားရင်း ရေချိုးခန်းတံတခါးတွေကိုပိတ်ပေးသွားသည်။


လင်းရုဖေးသည်မျက်၀န်းများမှေးပြီးခဏမျှငြိမ်၍စိမ်နေသော်လည်း အသက်ရှုကျပ်ကာ အနည်းငယ်မူးဝေလာသဖြင့် ချက်ချင်းပင်ပြန်မတ်လိုက်သည်။ ထို့နောက် သူ့ကိုယ်သူ အားယူထောက်ရပ်၍ ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်ရသည်။


ပြတင်းပေါက် အပြင်ဘက်ရှိ သူ့ခြံ၀င်းအတွင်းတွင် ပန်းပေါင်းစုံမှာလှပစွာလှိုင်လှိုင်ပွင့်ဖူးနေကြပြီး ရနံ့များကလည်းမွှေးပျံထုံကျူးနေကြသည်။ ပိန်ပါးနေသည့် ချယ်ရီပန်းပင်တစ်ပင်တည်းကသာ လွန်စွာမှ အထီးကျန်ဆန်နေ၏။ လင်းရုဖေးသည် ရေနွေးစိမ်နေ၍ ထိုချယ်ရီပန်းပင်ကိုစိုက်ကြည့်နေရင်းမှ တစ်ခုခုကိုသတိထားမိသွားသည်။ ထိုချယ်ရီပန်းပင်ရှိ ရှားပါးလှသောအဖူးလေးတွင် အလွန်တရာမှနူးညံ့လှသည့် ပန်းပွင့်လေးတစ်ပွင့်ပွင့်နေသည်ကို အမှန်တကယ်တွေ့လိုက်ရသည်။


အပွင့်လေးက အရမ်းကိုသေးငယ်ပြီး ပွင့်ချပ်ငါးချပ်သာရှိ၏။


အရောင်က ပန်းရောင်ဖျော့ဖျော့ဖြစ်ပြီး တောင်အောက်က ချယ်ရီပွင့်တွေနဲ့ လုံးဝမတူညီနေပေ။ ထိုပန်းပွင့်လေး၏ပုံစံက မိုးရွာသွန်းခံလိုက်ရတော့ ပိုလို့ပင် သနားစဖွယ်ကောင်းနေသေးသည်။ လင်းရုဖေးသည် ထိုတစ်ပွင့်တည်းသောပန်းပွင့်လေးကိုကြည့်ပြီး သူ့နှလုံးသားတစ်ခုလုံးသည် စိုးရိမ်ပူပန်များဖြင့်ပြည့်နှပ်နေတော့သည်။


' မိုးက ပိုပိုပြီး သည်းလာပါရောလား သူ့မိသားစုရဲ့ချယ်ရီပန်းပင်လေးက အခုမှ ပွင့်ရုံလေးပဲ ရှိသေးတယ်လေ'


မိုးစက်တွေပိုပြင်းပြင်းထန်ထိခိုက်မိပြီး နောက်များကျ ရုတ်တရက်ဆိုသလို အပွင့်ကကြွေကျသွားရင်ရော ဘယ်လိုလုပ်မလဲ။


'တစ်ခါတစ်လေကျရင် မင်းကြောက်ရွံ့နေတတ်တဲ့အရာက အမှန်တကယ်ဖြစ်လာတတ်တယ်' ဆိုတဲ့စကားက သာမန်အယူအဆမျိုးမဟုတ်ပေ။ လင်းရုဖေးတစ်ယောက် ထိုအကြောင်းကိုတွေးရုံပဲရှိသေး လေပြင်းတွေတိုက်လာတော့သည်။ အဆုံးတွင် ထိုအပွင့်သေးသေးလေးမှ ပွင့်ချပ်များမှာ ကြွေကျသွားတော့သည်။ နောက်ထပ်များလေထပ်တိုက်လိုက်မည်ဆိုလျှင် မကြာခင် ရွှံ့မြေပေါ်သို့ ခ ရတော့မည်ဖြစ်၏။


လင်းရုဖေး၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်တစ်ကြိမ်လေပြင်းထပ်တိုက်ခတ်သည့်အခါ သူ့အစေခံ၏အမည်ကို အမြန်လှမ်းအော်ခေါ်လိုက်သည့်အချိန်တွင် ပွင့်ချပ်လေးများသည် လေနှင့်အတူ လင်းရုဖေး ရှိရာဘက်သို့ ဝေ့ဝဲလွင့်လာပေသည်။ ဤသည်ကိုမြင်တော့ လင်းရုဖေးသည် သူ့အင်္ကျီ၀တ်ထားတာ၊ မဝတ်ထားတာတွေကို ဂရုမစိုက်အားတော့ချေ။ သူ အမြန်ထရပ်လိုက်ပြီး ကြွေကျ၍လွင့်ပျံလာသည့် ပွင့်ချပ်လေးကို ဖမ်းရန်အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။


ပွင့်ချပ်လေးက တလှုပ်လှုပ်တလှုပ်လှုပ်ဖြင့် တဖြေးဖြေးလင်းရုဖေး၏လက်ပေါ်သို့ ကျဆင်းလာတော့မည်ဖြစ်၏။ သို့ပေမယ့် နောက်ထပ်လေညင်းတစ်ခုက တိုးဝှေ့သွားပြီး ပွင့်ချပ်လေးက လင်းရုဖေးရဲ့ မျက်နှာထက်သို့တိုက်ရိုက် လွင့်ပျံလာတော့သည်။ ရုတ်တရက်ဆန်လွန်းတာကြောင့် လင်းရုဖေးသည် သူ့မျက်လုံးထဲသို့ တိုးဝင်လာနေသည့် ပန်းရောင်အရိပ်တစ်ခုကို အချိန်မီ တုံ့ပြန်ဖယ်ရှာန်ိုင်ခြင်းမရှိခဲ့ပေ။


လင်းရုဖေးက သူ့မျက်လုံးတွေကို လက်နဲ့အုပ်ကိုင်လိုက်သည်။ ထိုအခါ သူ့ ညာဘက်မျက်လုံးထက်တွင် တစ်စုံတစ်ခု တွယ်ကပ်နေသလို ခံစားလိုက်ရ၏။ ပထမတုန်းကတော့ အေးနေပြီး နောက်မှတဖြည်းဖြည်း ပူလာသည်။


“အား……” သူအော်ဟစ်လိုက်ပေမယ့် သူအသံကလည်ချောင်းထဲတွင်ပင် တစ်ဆို့ နစ်မွန်းသွားသည်။


လင်းရုဖေးသည် ရုတ်တရက်ကြုံတွေ့လိုက်ရသည့် ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်သွားတော့သည်။ သူသည် ရေနွေးအပြည့်ဖြင့် ရေချိုးကန်ထဲသို့ ဖြည်းညှင်းစွာ လဲကျသွားပြီး ထူးဆန်းသော အိမ်မက်ကမ္ဘာထဲသို့ ချက်ချင်း ဆွဲသွင်းခံလိုက်ရသည်။


အိပ်မက်ကမ္ဘာထဲတွင်မူ...။


လင်းရုဖေးသည် မီးတောက်နေသော အနီရောင် ချယ်ရီပန်းပင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ သာမန်ပန်းရောင်တွေနှင့်မတူပေ။ သူ့ရှေ့ရှိ ချယ်ရီပန်းတောကြီး၏ အရောင်သည် အရည်ပျော်နေသော မီးတောက်များကဲ့သို့ တဟုန်းဟုန်း တောက်ပနေ၏။


တောအုပ်အတွင်းတွင်၊ အလွန်လျို့၀ှက်ပြီး ထူးခြားနက်ရှိုင်းသည့်ဟန် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ လင်းရုဖေးသည် သူ့နောက်ကျောဘက်ကိုသာ လှမ်းမြင်နေရသည်။ ထိုလူသည် အနီရောင်၀တ်စုံ၊ အနက်ရောင်ဆံပင်ရှည် နှင့် ခါးတွင်လည်း ဓားရှည်တစ်ချောင်းကိုချိတ်ဆွဲထားသေးသည်။


ကောင်းကင်နှင့်မြေပြင်ကြီးသည် စတင်လှုပ်ခါလာပြီး ချယ်ရီပန်းများမှာ ကောင်းကင်ယံတစ်ခွင်တွင် ပြည့်နေသည်။ လင်းရုဖေးသည် စကားပြောသံကို မကြားခင်အထိ သွေးရောင်လွှမ်းနေသော ကောင်းကင်ကြီးကိုသာ တမေ့တမောကြည့်နေမိသည်။ ထိုအသံသည် သူ့ရှေ့က ရှုခင်းများကဲ့သို့ ရှုပ်ထွေးပွေလီနေခြင်း အလျဥ်းမရှိပေ။


ထိုအစား ယင်းအသံရှင်က ဒေါသအလွန်ထွက်နေပုံရ၏။ 


“တောင်ခြေက ယုတ်မာတဲ့လူတွေနဲ့ ယှဉ်ရင် ငါက ဘယ်လိုမှ ပိုသာမနေပါဘူး—မင်း အမှန်တကယ် အချိန်ယူပြီး သူတို့ကို သွားကြည့်သင့်တယ်—”


နောက်အခိုက်အတန့်တွင် လင်းရုဖေးသည် အိပ်မက်မှ အလန့်တကြားဖြင့်နိုးလာပြီး အပြင်ဘက်မှသူ့အစေခံမလေး၏ တံခါးခေါက်သံကိုကြားလိုက်ရသည်။ အနေအထားက သူမသည် အရာအားလုံးကိုရိုက်ချိုး၍ ဖောက်ဝင်လာတော့မည့်ပုံပင်။


"သခင်လေး-သခင်လေး--သခင်းလေး ပြန်မဖြေရင် ကျွန်မတကယ်ဝင်လာတော့မယ်"


ဖူဟွားသည် သူမ သခင်လေး၏ မည်သည့်လှုပ်ရှားမှုကိုမှ မကြားရပေ။ သူမရဲ့ ပထမဆုံး အတွေးဟာဆိုရင်ဖြင့် သူမရဲ့ သခင်လေးဖြစ်သူ နောက်တစ်ကြိမ်မူးမေ့လဲသွားတာဟုပင်။ထို့ကြောင့် သူမက အထဲမှာဘာတွေဖြစ်နေလဲဆိုတာကို ၀င်ကြည့်ဖို့ အရမ်းကို စိတ်လောနေမိသည်။


လင်းရုဖေးကမြန်မြန်လေးပြန်ဖြေပေးလိုက်သည်။ "ငါ အဆင်ပြေတယ် မဝင်လာနဲ့"


"သခင်လေး...သခင်လေး ဘာလို့များတန်းမဖြေရတာလဲ ကျွန်မဖြင့် နှလုံးဖောက်ပြီးသေလုနီးပါးပဲ"


ဖူဟွားသည် လင်းရုဖေး၏အသံကိုကြားလိုက်ရသည့်အခါ စိတ်သက်သာရာရသွားပြီဖြစ်ပြီး ဂရုတစိုက်ဖြင့်မေးလိုက်၏။


 "သခင်လေး ရေခဏထပ်စိမ်ချင်သေးလား"


"တော်ပြီ" လင်းရုဖေးတစ်ယောက် အနည်းငယ်မူးဝေနေသလို ခံစားနေရသည်။ 


"ငါထတော့မယ်"


ဖူဟွားက သဘောတူကြောင်း ပြောလိုက်သည်။ သူမအနည်းငယ် စိတ်မသက်မသာဖြစ်နေ၍ တံခါးဝတွင် သတိအနေအထားဖြင့်ရပ်နေလိုက်သည်။ ရံဖန်ရံခါ သူမသည် လင်းရုဖေး နှင့် စကားအနည်းငယ်လှမ်းပြောပေးသည်။


လင်းရုဖေးက သူ့အစေခံမလေး၏ စိတ်ထဲမှာ ဘာတွေရှိနေမှန်း သိနေသဖြင့် သူစိတ်မဆိုးချေ။ မျက်နှာသုတ်ပုဝါတစ်ထည်ကို ကောက်ကိုင်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်က ရေတွေကို အကုန်ပြောင်စင်အောင်သုတ်လိုက်ပေမယ့် ညာဘက်မျက်လုံးမှာမူ မသက်မသာ ခံစားနေရသေးသည်။


သူ့လက်ကို မြှောက်၍ ညာဘက်မျက်လုံးကို ထိလိုက်ရင်း တစ်ခုခုကို တွေးတောသွားမိသည်။ သူထရပ်၍ သူ့ဘေးအနားက မှန်ချပ်ကြီးရှိရာသို့ လျှောက်သွားလိုက်သည်။


ဤမှန်ချပ်က သူ့အစ်မတော် သူ့အတွက်ပေးထားသည့် လက်ဆောင်ဖြစ်ပြီး သာမန်ကြေးနီမှန်တွေနဲ့ မတူချေ။ ယင်းက လူတစ်ဦး၏ ပုံရိပ်ကို အလွန်ရှင်းလင်းစွာ ထင်ဟပ်ပုံဖော်ပေးနိုင်သည်။ လင်းရုဖေးသည် ဖယောင်းတိုင်မှ အလင်းရောင်ကို အားကိုးပြီး မှန်အနီးသို့ အသာချဉ်းကပ်သွားလိုက်သည်။


မှန်ထဲရှိ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် လုံး၀အေးခဲသွားတော့သည်။ သာမန်လူများထက် အရောင်ပိုဖျော့သော သူ၏ညာဘက်မျက်လုံးထဲတွင် ချယ်ရီပွင့်တစ်ပွင့်လွင့်မျောနေသည်ကို တကယ်ကြီး မြင်တွေ့လိုက်ရ၏။


ယင်းကသူ့မျက်လုံးထဲသို့ မရည်ရွယ်ဘဲ မှုတ်ထုတ်ခြင်းခံလိုက်ရသည့် အရောင်ဖျော့ဖျော့ပန်းပွင့်ကြွေလေးလို့ သူခံစားနေရသည်။ လင်းရုဖေးက သူ့ညာဖက်မျက်လုံးကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ပစ်လိုက်ပြီး သူ သေချာပေါက် ကယောင်ချောက်ခြားဖြစ်နေတာဟုတွေးလိုက်မိ၏။


သူက အမြန်ပြန်လှည့်လိုက်ပြီး အ၀တ်အစားအမြန်လဲကာ တံခါးအပြင်ဘက်တွင် စောင့်နေသည့် ဖူဟွားကို လှမ်းမေးလိုက်သည်။ 


“ဖူဟွား ငါ့ဒုတိယအစ်ကို ဘယ်မှာလဲ” 


ဖူဟွားကနည်းနည်းစိတ်ရှုပ်ထွးသွားပေမယ့် ယဥ်ယဥ်ကျေးကျေးလေး ပြန်ဖြေပေးလိုက်၏။


“ယွင်နန် ကုမိသားစုကလူတွေ ခွန်းလွန်မြို့ကို ဒီနေ့မှရောက်လာတယ် ဒုတိယသခင်လေးက သူတို့ကို အခု သွားပြီးကြိုဆိုနှုတ်ဆက်နေပုံရတယ် သခင်လေး ဘာဖြစ်လို့လဲဟင်"


လင်းရုဖေးက အသက်ပြင်းပြင်းတစ်ချင်ရှူလိုက်ပြီး "ဘာမှမဖြစ်ဘူး မင်းအရင်သွားနှင့်တော့"


သူ ခဏလောက် ရပ်နေပြီးမှထပ်ပေါင်း၍ပြောလိုက်သည်။


“ဒုတိယအစ်ကိုကို သွားအကြောင်းကြားပေး သူအားတာနဲ့ ငါ့ဆီအမြန်လေးလာခဲ့ပေးဖို့ ကြားလား” 


ဖူဟွားသည် ဘာတွေဖြစ်ပျက်နေမှန်းကို မသိသော်လည်း သူမသည် လင်းရုဖေး၏ အမိန့်ကို နာခံပြီး လင်းပျန့်ယွီကို ရှာရန်အတွက် ခြံဝင်းထဲမှ ထွက်လာလိုက်သည်။ လင်းရုဖေးက သူ့ညာဘက်မျက်လုံးကို ဖုံးအုပ်ထားရင်း ခါးခါးသီးသီးပြုံး၍ တွေးလိုက်မိ၏။


'ထင်ထားသလောက် အရမ်းကြီးမဆိုးရွားဖို့တော့ မျှော်လင့်တယ်'


 

............


လင်းရုဖေးသည် ဓားသိုင်းမလေ့ကျင့်နိုင်သော်လည်း စာအုပ်ပေါင်းများစွာကို ဖတ်ဖူးသည်။


လက်ရှိအချိန်တွင် မသေမျိုးကုန်းမြေပေါ်တွင်တိုက်ကြီးလေးခုရှိပြီး အမည်နာမအားဖြင့် မြောက်ပိုင်းရွှမ်တု၊ တောင်ပိုင်းပုအယ်၊ အနောက်ပိုင်းချုန်းလုံနှင့် အရှေ့ပိုင်းယောင်ကွမ်း ဟူ၍ ခေါ်ဆိုသည့် နယ်မြေကြီးလေးခုပိုင်းခြားထားကြောင်း သူ သိပေ၏။ 


၎င်းတို့သည် နယ်မြေတစ်ခုနှင့်တစ်ခု ကျယ်ပြောလှသည့်ပင်လယ်ခြားပြီး မိုင်ပေါင်းသောင်းချီကွာဝေးကြသည်။ တိုက်ကြီးသုံးခုကို လူသားများက သိမ်းပိုက်ထားသော်လည်း တောင်ဘက်အကျဆုံး တိုက်ကြီးဖြစ်သည့် ပုအယ် ကိုမူ အလွန်တရာအားကောင်းသည့် နတ်ဆိုးမျိုးနွယ်က သိမ်းပိုက်စိုးမိုးထားပေသည်။


ဤနတ်ဆိုးမျိုးနွယ်အုပ်စုသည် အားကြီးပြီး ရက်စက်ကြမ်းကြုတ်ကြသည်။ ယင်းတို့တွင် အရေအတွက်အနည်းငယ်သာရှိခြင်းကြောင့်သာ မဟုတ်ပါက၊ ၎င်းတို့က လူသားများအတွက် ကြီးမားသောပြဿနာဖြစ်လာမည်မှာသေချာပေါက်ပင်။


နတ်ဆိုးများနှင့်ပတ်သက်၍ ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်းတို့ပိုင်ဆိုင်သည့် အလွန်အစွမ်းထက်လွန်းသော မူလရှေးဦးဝိဉာဉ်ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ၀ိညာဥ် ခွဲခြားခြင်းခံလိုက်ရလျှင်ပင် သူတို့ရဲ့ နဂိုရှိရင်းစွဲ ခွန်အား အများစုကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိကြ၏။ ထို့အတွက်ကြောင့်လည်း နတ်ဆိုးများတွင် လူသားတို့သင်ယူရန်ခက်ခဲသော မိစ္ဆာဆန်သည့် နည်းစနစ်တစ်ခုကို—ပိုင်ဆိုင်ကြပေသည်။


ယင်းက ခန္ဓာကိုယ်ပျက်စီးသွားလျှင် အသစ်တစ်ခုဖြင့် ပြန်လည် အစားထိုးပစ်ခြင်းပင်။ မိုင်သန်းပေါင်းများစွာဝေးကွာသည့် ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်း၍ မူလရှေးဦးဝိဉာဉ်က သာမန်လူ့ခန္ဓာကိုယ်တွင် အလွယ်တကူ ၀င်ရောက်တွယ်ကပ်နေနိုင်သည်။ သူတို့က လူသားရဲ့မူလရှေးဦးဝိဉာဉ်ကို စုပ်ထုတ်ဖယ်ရှားပစ်ပြီးနောက် ခန္တာကိုယ်ကို သူ့တို့က အရှင်သခင်တစ်ဦးသဖွယ်အုပ်စိုးပိုင်ဆိုင်လိုက်ကြမည်ဖြစ်၏။


[ T/N - ခန္တာလုယူပိုင်ဆိုင်ခြင်းကိုဆိုလို ]


လင်းရုဖေးသည် နတ်ဆိုးမျိုးနွယ်နှင့်ပတ်သက်သော မှတ်တမ်းများစွာကို ဖတ်ဖူးခဲ့ပြီး မှတ်တမ်းအများစုက ယင်းနတ်ဆိုးမျိုးနွယ်အားလုံးသည် အလွန်ရက်စက်ကာ ကောက်ကျစ်ကြကြောင်းကို အလေးပေးဖော်ပြထားသည်။ ၎င်းတို့သည် လူသားတို့၏အသွင်အပြင်ကိုယူကာ လူတို့နှင့်ရောထွေးနေထိုင်ကြပြီး တချို့မှတ်တမ်းတွေဆိုလျှင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်တွေနှင့် နည်းလမ်းတွေကိုပင်ရေးသားထားသေးသည်။ လူသားတို့သည် ဤမတူကွဲပြားသော မျိုးနွယ်စုကို စူးစမ်းလိုစိတ်လည်းရှိသလို တစ်ဆက်တည်းဆိုသလို ကြောက်ရွံ့ထိတ်လန့်နေကြသည်အား ထိုမှတ်တမ်းတွေကိုဖတ်ကြည့်ရုံဖြင့် သူခန့်မှန်းနိုင်၏။


အခန်းထဲတွင် ယခုလေးတင် ဖြစ်ပျက်သွားသည်များက အလွန်တရာမှ ထူးဆန်းလွန်းလှပြီး လင်းရုဖေး၏ ပထမဆုံးအတွေးက နတ်ဆိုးမျိုးနွယ်တွေက သူ့ခန္တာကိုယ်ကို လုယူပိုင်ဆိုင်ဖို့လုပ်နေခြင်းဟုထင်သောကြောင့် လင်းပျန့်ယွီကို သွားခေါ်ရန် ဖူဟွားကို အလျင်စလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။


ယခုတဖန် လင်းရုဖေးသည် မှန်ရှေ့တွင် ထပ်ရပ်လိုက်သည့်အခါ သူ့ညာမျက်လုံးအတွင်းရှိ ချယ်ရီပွင့်လေးက တဖြည်းဖြည်း မှိန်ဖျော့သွားပြီ

း သူ၏အရောင်ဖျော့ဖျော့မျက်လုံးအတွင်းသို့ တိုး၀င်ပျောက်ကွယ်သွားသည်ကိုမြင်လိုက်ရ၏။


'ဒါ...ဘာဖြစ်တာလဲ'


လင်းရုဖေး စိတ်ရှုပ်ထွေးသွားမိသည်။




Xxxxx