အပိုင်း ၆
Viewers 14k

Chapter 6

အဖျားကြီးပြီး ချမ်းတုန်ခြင်း။




ဖူဟွားက လင်းပျန့်ယွီကို သွားခေါ်နေသည့်အချိန်လေးတွင် လင်းရုဖေးက သူ့အိပ်ခန်းထဲသို့ အရင်ပြန်သွားလိုက်သည်။ သူက စားပွဲခုံရှေ့တွင်၀င်ထိုင်ပြီး စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ ပေါ့ပေါ့ပါးပါးဖြစ်စွာဖြင့် စာအုပ်ကိုဖွင့်ပြီး မေးစေ့ကိုလက်ဖ၀ါးဖြင့်ထောက်၍ လေညှင်းလေးတဖြူးဖြူးနှင့် စာဖတ်နေလိုက်သည်။


ခဏအကြာတွင် ဖူဟွားပြန်ရောက်လာသည်။ လင်းရုဖေးသည် လင်းပျန့်ယွီကို ရှာမတွေ့နိုင်ဘူးဟု မူလက ထင်ခဲ့သော်လည်း၊ သူမက လင်းပျန့်ယွီနှင့် အမှန်တကယ် ပြန်ရောက်လာခဲ့သည်ကို သူတွေ့လိုက်ရ၏။


"သခင်လေး သခင်လေး" 


ဖူဟွားသည် အနည်းငယ်အသက်ရှူမြန်နေသောအသံဖြင့် တံခါးကို ညင်သာစွာခေါက်လိုက်သည်။ အသံအနေအထားအရ သူမ ဟိုနှင့်ဒီကို တလမ်းလုံး အပြေးအလွှား ပြေးသွားပုံရသည်။ 


"ဒုတိယ သခင်လေး ဒီကို ရောက်နေပြီ"


"ရုဖေး" လင်းပျန့်ယွီ၏ အသံသည်လည်း အပြင်ဘက်မှ ထွက်ပေါ်လာ၏။


“အစ်ကို ဝင်ခဲ့ပါ” လင်းရုဖေး ပြောလိုက်သည်။


လင်းပျန့်ယွီ တံခါးကို အသာတွန်းဖွင့်ပြီး ဝင်လိုက်သည်။ လင်းရုဖေး၏အသွင်အပြင်ကိုမြင်ပြီးနောက်တွင် သူ၏မျက်ခုံးတွေက တွန့်ကြုတ်သွားကာ ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။ နောက်တဖန်ပြန်ဝင်လာချိန်တွင်မူ သူ့လက်ထဲ၌ မျက်နှာသုတ်ပုဝါ ထူထူတစ်ထည် ပါလာသည်။ သူ[LBY]က သက်ပြင်းအသာချလိုက်ပြီး လင်းရုဖေးအနောက်သို့ လျှောက်သွားကာ သူ့[LRF]ပခုံးပေါ်တွင် ကပ်ညှိနေသည့် စိုစွတ်နေသော အနက်ရောင်ဆံပင်ကို အသာအယာဆုပ်ကိုင်လိုက်သည်။ 


ထို့နောက် သူက ဆံပင်ကို ညင်သာစွာဖြင့် ရေခြောက်အောင် သုတ်ပေးနေရင်းမှ ဆက်ပြော၏– “မင်းခန္တာကိုယ်က နဂိုကမှအရမ်းအားနည်းပါတယ်ဆို နွေဦးရာသီမှာ အေးတဲ့အအေးကို မင်းကအထင်သေးလွန်းနေတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်ရမှန်းလည်းမသိဘူး”


လင်းရုဖေးက သူ့ပြောသည့်စကားကို ပြုံးရုံသာပြန်ပြုံးပြလိုက်ပြီး

"ကျွန်တော်က အဲ့ဒီလောက်အထိမပျော့ညံ့ပါဘူး"


လင်းပျန့်ယွီ မျက်ခုံးပင့်လိုက်မိသည်။ သူ၏ နူးညံ့အားနည်းလှသည့် ညီငယ်လေးအား မျက်နှာတချို့ပေးရန်တွေးလိုက်ပြီးနောက် ထိုအကြောင်းကိုဆက်မပြောတော့ဘဲ ချက်ချင်းပင်ခေါင်းစဥ်ပြောင်းပစ်လိုက်သည်။ 


“မင်း ငါ့ကို အလျင်စလိုလာခိုင်းတာ ဘာဖြစ်လို့လဲ”


လင်းရုဖေးသည် ထိုအကြောင်းကိုမပြောခင် အနည်းငယ်တုံ့ဆိုင်းသွားမိ၏။ 


"ကျွန်တော် ရေချိုးနေတုန်းက အိပ်မက်တစ်ခုမက်တယ်"


လင်းပျန့်ယွီ : "အိပ်မက်မက်တာလား"


“ဟုတ်တယ်” လင်းရုဖေးက စကားလုံးတွေကို သေသေချာချာလေး ပြန်စီစစ်ပြီးနောက်ဆက်ပြောလိုက်သည်။


 “ချယ်ရီပန်းတောအုပ်ကြီးကို အိပ်မက်မက်တယ် ပြီးတော့ အဲ့ဒီအထဲမှာ အနီရောင်ပုံရိပ်လေးတစ်ခုလည်းရှိသေးတယ် ပုံပန်းသဏ္ဍာန်ကိုတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေမယ့်……..အရမ်းလှမယ်လို့တော့ ကျွန်တော်ထင်တယ်”


မူလက လင်းရုဖေးသည် သူ၏ဒုတိယအစ်ကိုဖြစ်သူမှာ သူထံမှထိုစကားတွေကိုကြားလျှင် တုန်လှုပ်အံ့သြသွားလိမ့်မည်ဟု ထင်ထားမိခဲ့သည်။ သို့သော် လင်းပျန့်ယွီ၏အမူအရာမှာ အနည်းငယ်ထူးဆန်းသွားသည်။ သူ့မျက်လုံးတွေက အပြုံးတစ်ခုကို ဖုံးကွယ်ထားပေမယ့်လည်း မကြာမီ ထိုအပြုံးတွေက အရည်ပျော်ကျသွားပြီး သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုအဖြစ်ပုံဖော်သွားတော့သည် - “အင်း…… ငါ့ ညီလေးတောင် ကြီးလာပြီပဲ”


လင်းရုဖေး : "ဟမ်..."


လင်းပျန့်ယွီ : "မင်းနှလုံးသားထဲမှာ မိန်းမပျိုလေးတစ်ယောက်ရှိနေပြီမလား"


လင်းရုဖေး၏အမူအရာ ရုတ်ချည်းဆိုသလိုအေးခဲသွားပြီးမှ လင်းပျန့်ယွီရဲ့မျက်နှာ ဘာကြောင့်များ ထူးထူးဆန်းဆန်းဖြစ်နေရသလဲဆိုတာ ချက်ချင်းပင်နားလည်းသွားတော့၏။


သူ့အစ်ကိုက သူ နွေဦးအိပ်မက် မက်နေတယ်လို့တကယ်ကြီးကို ထင်နေတာပဲ။  


လင်းရုဖေးတစ်ယောက် ငိုရခက်၊ရယ်ရခက် ဖြစ်သွားမိသည်။


"ဒုတိယအစ်ကို ကျွန်တော်ပြောတာ အဲ့ဒီအဓိပ္ပါယ်မဟုတ်ဘူး-" ထို့နောက် သူက သူ့ညာဘက်မျက်လုံးကို ညွှန်ပြလိုက်ပြီး "ပြီးတော့ ကျွန်တော် ညာဘက်မျက်လုံးထဲမှာ ချယ်ရီပန်းပွင့်လေးရှိနေတာကို မြင်လိုက်ရတယ်"


လင်းပျန့်ယွီ၏အမူအရာမှာတောင့်ခဲသွားသည်- "ဘာဖြစ်တယ်"


လင်းပျန့်ယွီသည် သူ့စကားကြားပြီးသည်နှင့် လင်းရုဖေးထံသို့ ချက်ချင်းပင်တိုးကပ်ပြီး မျက်လုံးများကို သေသေချာချာကြည့်ရှုလိုက်သည်။ သူပိုကြည့်လေလေ သူ့မျက်ခုံးတွေက ပိုကြုတ်လာလေလေပင်။ ထိုပုံစံကို လင်းရုဖေးမြင်ပြီးနောက် အသက်ရှုမ၀သလိုဖြစ်လာပြီး ပို၍စိုးရိမ်ထိတ်လန့်သွားမိသည်။


"အသေးစိတ်ပြောပြပေး" လင်းပျန့်ယွီက ဆို၏။


ထို့နောက် လင်းရုဖေးသည် ခြံဝင်းအတွင်းရှိ ချယ်ရီပန်းပင်မှ ပွင့်ချပ်များ ကြွေကျလာသည်ကို မြင်လိုက်ရသည်မှစ၍ ဖြစ်ပျက်ခဲ့သမျှကို လင်းပျန့်ယွီအား ပြောပြလိုက်သည်။ သူ ရေချိုးနေတုန်း သူ့ရှေ့မှာ ဖြစ်ပျက်နေခဲ့သည့် မြင်ကွင်းကို မြင်ပြီးနောက်ကြွေကျနေသော ပွင့်ချပ်တွေကို ဖမ်းဖို့ လက်လှမ်းလိုက်မိသည်။ သို့သော် ယင်းတို့ကို ဖမ်းမိမည့်အစား သူ့မျက်လုံးထဲသို့သာ တိုက်ရိုက်တိုး၀င်သွားတော့သည်။ ထိုစကားတွေကို နားထောင်ပြီးနောက် လင်းပျန့်ယွီသည် ဤကိစ္စကို အချိန်အတော်ကြာ တွေးတောဆင်ခြင်နေမိသည်။


လင်းရုဖေးက တီးတိုးလေးမေးလိုက်သည်။ "ဒုတိယအစ်ကို ဒါက...နတ်ဆိုးမျိုးနွယ်နဲ့များ သက်ဆိုင်နေသလား"


လင်းပျန့်ယွီက သူ့ကို မော့ကြည့်လာပြီး တည်ကြည်လေးနက်နေသည့်အမူအရာဖြင့်ဆိုလာ၏။


 “မင်း ငါ့ကို ဒီစကားတွေ ပြောနိုင်ပေမယ့် အပြင်လူတွေရှေ့မှာတော့ နတ်ဆိုးမျိုးနွယ်အကြောင်းကို ဘယ်တော့မှ မပြောမိစေနဲ့ ချယ်ရီပန်းပင်အောက်မှာ ငါ့ရဲ့လက်ပတ်အဆောင်ကို ထားထားတယ် အဲဒီအပင်မှာ ဘယ်နတ်ဆိုးတွေရဲ့အယောင်အ၀ါကိုမှ မတွေ့ရဘူး ဒါကြောင့် ဒီကိစ္စက နတ်ဆိုးမျိုးနွယ်နဲ့ လုံး၀မသက်ဆိုင်ဘူး..."


လင်းရုဖေး : "ဒါဆို အဲ့ဒါက ဘာလဲ"


လင်းပျန့်ယွီ : "မနက်ဖြန်ကျရင် မင်းကို အနီးကပ်စစ်ဆေးကြည့်ဖို့အတွက် အစ်ကိုကြီးကို ငါမေးလိုက်မယ်"


လင်းရုဖေးက လင်းပျန့်ယွီ၏အမူအရာ သိပ်မမှန်ကန်တာကိုသတိထားမိသည် - "ဒုတိယအစ်ကို မင်း ဘာမြင်လို့လဲ ဒီကိစ္စက အရမ်းဆိုးရွားနေလို့လား"


"ဘာမှ မတွေ့ဘူး" လင်းပျန့်ယွီက သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့မျက်လုံးတွေကဝမ်းနည်းမှုတစ်ချို့နဲ့ သူ့ညီငယ်လေးဖြစ်သူကိုကြည့်လိုက်ပြီး "အစ်ကို့လိုလူကတောင် ဘာတွေဖြစ်နေမှန်း မမြင်နိုင်ဘူးဆိုရင် ဒီကိစ္စက သာမန်မဟုတ်တာတော့ သေချာတယ် ဒီည ကောင်းကောင်း အနားယူလိုက်ပါ သိပ်ပြီးလည်း အတွေးမများနေနဲ့ ဟား...ဘာမှမဖြစ်တော့ဘူး မစိုးရိမ်နဲ့တော့ ဖူဟွားကို အခန်းပြင်ခိုင်းလိုက်ဦးမယ် ငါဒီနေ့ည ဒီမှာ တစ်ညအိပ်မယ်"


လင်းရုဖေးက ပါးစပ်ဖွင့်ပြီးတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း တကယ်တန်းကျ ဘာပြောရမှန်း မသိပေ။ သူက ကျင့်ကြံခြင်းနှင့်ပတ်သတ်သည့်ကိစ္စတွေဆိုလျှင် ဘာမှမသိချေ။ ထို့ကြောင့် ဤကဲ့သို့ ထူးဆန်းသောအရာများဖြင့် ကြုံလာရသောအချိန်တွင် ပိုလို့ပင်စိတ်ဓာတ်ကျမိ၏။


လင်းပျန့်ယွီက မည်သည့်စကားမှ ဆက်မပြောတော့ဘဲ လင်းရုဖေး၏ဆံပင်တွေကို ဓားချီဖြင့် မြန်မြန်ခြောက်သွေ့အောင်လုပ်ပေးပြီးနောက် သွားအနားယူဖို့ တိုက်တွန်းလိုက်သည်။ ကုတင်ပေါ်တွင် လဲလျောင်းရင်း လင်းရုဖေးတစ်ယောက် လုံး၀အိပ်မပျော်နိုင်။ မှန်ထဲတွင် သူ့ကိုယ်သူ ထပ်မံ၍ ကြည့်ရှုလိုက်သည့်အခါ သူ့မျက်လုံးထဲတွင် မည်သည့် ချယ်ရီပွင့်အရိပ်အယောင်ကိုမှ မတွေ့ရတော့ချေ။ 


'ကြုံလိုက်ရသမျှ အဖြစ်အပျက်တွေက သူ ဒီအတိုင်းအိပ်မက်မက်တာများလား။ ဒါပေမယ့် အိပ်မက်တစ်ခုက ဘာလို့ဒီလောက်အထိ လက်တွေ့ဆန်နေရတာလဲ...။'


လင်ရုဖေးသည် တညလုံး ဟိုလှည့်၊ ဒီလှည့်ဖြင့် လှုပ်လှုပ်ရွရွ လုပ်ပြီး တစ်ရေးမှမအိပ်နိုင်ခဲ့ပေ။


နောက်တစ်နေ့တွင်၊ အိပ်ယာမှ စောစောနိုးနေသော ယွီရွေ့သည် ထုံးစံအတိုင်း မနက်စာပြင်ဆင်ရန် စီစဉ်နေသည်။ သို့သော် သခင်လေး၏ အခန်းရှေ့မှဖြတ်သွားချိန်တွင် အခန်းအတွင်းမှ ချောင်းဆက်တိုက်ဆိုးနေသည့်အသံကို ကြားလိုက်ရသည်။


ချောင်းဆိုးသံပိုင်ရှင်သည် သူ၏လည်ချောင်းအတွင်းမှ ယားယံမှုကြောင့် ဆိုးသောချောင်းကို အတင်းလုပ်ယူဖိနှိပ်ရန် ကြိုးစားနေသော်လည်း မအောင်မြင်ပါချေ။


ထိုချောင်းဆိုးသံကို ယွီရွေ့ကြားလိုက်သည်နှင့် ဆိုးဆိုးရွားရွားတွေဖြစ်တော့မည်ဆိုတာကို ချက်ချင်းသိလိုက်သည်။ 


သူမသည် မီးဖိုချောင်သို့ အမြန်ပြေးသွားကာ ဖူဟွားကို ခေါ်လိုက်၏- "မမဖူဟွား မမဖူဟွား သခင်လေးက သူ့အခန်းထဲမှာ ချောင်းဆိုးနေတယ်"


ဖူဟွားသည် ထိုစကားကိုကြားလိုက်သည်နှင့် သူမ၏မျက်နှာအမူအရာမှာ ချက်ချင်းပြောင်းလဲသွားပြီးမေးလိုက်သည်။


"ချောင်းဆိုးနေတယ် ဟုတ်လား"


ယွီရွေ့ : "ဟုတ်တယ် ညီမအပြင်ကနေကြားလိုက်ရတာ ချောင်းဆိုးသံက အရမ်းပြင်းနေသလိုပဲ"


ဖူဟွားက သူမလုပ်လက်စတွေအကုန်လုံးကို ရပ်တန့်ပစ်လိုက်ပြီး ယွီရွေ့ နှင့် နှစ်ယောက်အတူတူ လင်းရုဖေး၏အခန်းသို့ အမြန်သွားလိုက်ကြသည်။  


သူမတို့မူးမေ့လဲမတတ်အတော်ကြာအောင် တံခါးခေါက်နေပြီးမှ နောက်ဆုံးတွင်အခန်းအတွင်းမှတုန့်ပြန်သံကိုကြားလိုက်ရ၏။


“ဝင်လာခဲ့” 


“သခင်လေး-” 


အစေခံမလေးတွေ၏ စိုးရိမ်ပူပန်နေသောအသံသည် မြူအထပ်ထပ် ဖုံးလွှမ်းခြင်းခံထားရသကဲ့သို့ သူ ရှင်းရှင်းလင်းလင်း မကြားရပေ။ လင်းရုဖေး၏ မျက်လုံးများမှာ တစ်ဝက်သာဖွင့်နိုင်ပြီး သူ့ရဲ့ဖြူဖျော့နေသောမျက်နှာလေးသည် အဖျားကြီးနေတာကြောင့် အနီရောင်ဖျော့ဖျော့သန်းနေ၏။  


သူက နှုတ်ခမ်းကို ခက်ခက်ခဲခဲ လှုပ်၍ “ရေ” ဟူသော စကားလုံးကို တိုးတိုးလေးဆိုလိုက်သည်။


ဖူဟွားက သူ့ကို အမြန်တွဲထူပေးပြီး ရေနွေးနွေးလေးတစ်ချို့ကို သူ့နှုတ်ခမ်း၀သို့ တိုးပေးလာသည်။


"ငါ ဘာလို့ပြန်ဖျားနေရတာလဲ" လင်းရုဖေးက ကလေးဆန်ဆန်အမူအရာလေးဖြင့် ဒေါသတကြီး ရေရွတ်တော့၏။


 "ဒီအတိုင်း မိုးရွာရုံတင်ပဲမလား အဟွတ်...အဟွတ်...အဟွတ်...ငါ့ရဲ့ ဒုတိယအစ်ကိုကို သွားမပြောနဲ့ အဟွတ်...အဟွတ် ....."


ဖူဟွားက သူမမျက်နှာကို တည်တည်ကြည်ကြည်လေးလေးနက်နက်ထား၍ဆိုလာသည်။


"ဒုတိယသခင်လေးက မနက်အစောကြီးထဲကထွက်သွားတော့ သူသိမှာမဟုတ်ဘူး"  


သူသိခဲ့လျှင်ပင် လင်းရုဖေးကို အပြစ်တင်မည်မဟုတ်ချေ။ ထိုအစား၊ မိမိတို့၏ သခင်လေးဖြစ်သူအား ကောင်းမွန်စွာဂရုမစိုက်သော သူမတို့အစေခံများကိုသာ အပြစ်တင်လိမ့်မည်ဖြစ်သည်။


မနေ့က ပန်းတွေကြည့်ဖို့အတွက်ဖြင့် လင်းရုဖေးက တစ်ကိုယ်လုံးမိုးရေတွေ စိုစိုရွှဲနေခဲ့ပြီး အိမ်ပြန်ရောက်သည်နှင့် အအေးဒဏ် ပြေပျောက်စေဖို့အတွက် ရေနွေးနွေးထွေးထွေးလေးချိုးဖို့ ချက်ချင်းစီစဉ်ပေးခဲ့ကြ၏။ သို့သော် ရေချိုးပြီး တစ်ဝက်လောက်အရောက်တွင် ရုတ်တရက်ဆိုသလို မတော်တဆမှုတစ်ခုနှင့် တွေ့ကြုံလိုက်ရပြီး ကြောက်လန့်မှုတွေကိုသာခံစားနေလိုက်ရသည်။ ထိုတစ်ညလုံး လင်းရုဖေးသည် ပက်လက်လှန်လိုက် မှောက်လိုက်ဖြင့် အိပ်မပျော်နိုင်ခဲ့ပေ။ နောက်ဆုံး မိုးစင်စင်လင်းလာချိန်တွင် သူ ရုတ်တရက် နေမကောင်းထဖြစ်တော့သည်။ နှဖူးတွေပူကျစ်နေရုံတင်သာမက၊ လည်ချောင်းထဲက ယားယံမှုကိုပါ မထိန်းချုပ်နိုင်တော့သဖြင့် အဆုံးတွင် အခန်းရှေ့မှ ဖြတ်သွားသည့် ယွီရွေ့ကို ကြားမိသွားစေ၏။


နာမကျန်းဖြစ်သောသူများသည် ဆေးခါးခါးကိုသာ သောက်သုံးသင့်သည်ဟု အဆိုရှိသော်လည်း လင်းရုဖေးသည် ထိုဆေးခါးတွေရဲ့ အနံ့ကို အကြိမ်ရေ မည်မျှပင် ရဖူးနေစေကာမူ သူ့မျက်နှာကို ရှုံ့မတွသွားစေရန်မထိန်းချုပ်နိုင်ပေ။ နောက်ဆုံးတွင် သူ သက်ပြင်းအသာချလိုက်ပြီး သူ့အစေခံများ၏ မျက်လုံးများအောက်တွင် အနက်ရောင်ဆေးခါးများကို မျိုချလိုက်ရသည်။


လင်းရုဖေးသောက်သုံးသောဆေးအားလုံးသည် အမြဲတမ်းအကောင်းဆုံးများသာဖြစ်သည်။ သို့သော် သူ၏အခြေခံအုတ်မြစ်မှာတော့ ညံ့ဖျင်းလွန်းလှသည်။ သာမာန်လူများအတွက်မူ အဆိုပါဆေးက ၉၆ပါးသောရောဂါတွေကိုပျောက်ကင်းနိုင်သည်အထိ အံ့သြဖွယ်ကောင်းသော်လည်း လင်းရုဖေးသောက်သုံးပါက အကျိုးသက်ရောက်မှုမရှိချေ။


ယနေ့လည်း ခြွင်းချက်မဟုတ်ပေ။ လင်းရုဖေးသည် ယွီရွေ့ပေးထားသည့် ဇီးချိုချဉ်တစ်ပိုင်း၏ အရသာလုံးလုံးမပျောက်ကွယ်သွားသေးခင် ထိုဆေးခါးကိုမြန်မြန်လက်စသတ်လိုက်ရ၏။


"ဒီဆေးက အရမ်းခါးတယ်" လင်းရုဖေးက စကားကိုဆက်သည်။ သူသည် မကျေနပ်ချက်များကိုပြောလျှင် ချောင်းမဆိုးဘူးဟုခံစားနေရသောကြောင့်ဆက်တိုက်ပင် ပြောတော့သည်။


 “ဘာပဲဖြစ်ဖြစ် ငါဆေးသောက်သောက် မသောက်သောက် ရလဒ်က အတူတူပဲဖြစ်နေမှတော့ ဘာမှ မသောက်လဲ ငါ နေပြန်ကောင်းလာနိုင်ပါတယ်...."


ဖူဟွားက သူမ၏သခင်လေးကို ဆူပူတော့မည့်ဟန်ဖြင့်စိုက်ကြည့်ပေးလိုက်သည့်အခါ လင်းရုဖေးအနည်းငယ်ရှက်မိသွားသည်။ 


ထို့ကြောင့် သူ သက်ပြင်းအသာချ၍ ချက်ချင်းပင်နာခံပေးလိုက်ရ၏။ 


“ဟုတ်ပြီ ဟုတ်ပြီ ငါအခုလည်းဆေးကို လိမ်လိမ်မာမာနဲ့ မပြီးအောင်သောက်လို့လားပြော... “


ယွီရွေ့ကနှာခေါင်းရှုံ့လိုက်ပြီး-"ဒါက သခင်လေးကို ကျွန်မတို့ကအရှေ့မှာ မျက်စိဒေါက်ထောက်ကြည့်နေလို့ မဟုတ်ဘူးလား... သခင်လေးသာ ခြံထဲက ပန်းပင်တွေကို ဒီဆေးရည်တွေနဲ့ ဆက်လောင်းပေးနေရင် သိပ်မကြာခင် အဲ့ဒီအပင်တွေ စိတ်၀ိညာဥ်အပင်တွေဖြစ်သွားမှာတောင် ကျွန်မစိုးမိတယ်ရယ်...”


ဖူဟွားက ယွီရွေ့ရဲ့ ခေါင်းလေးကို ခေါက်လိုက်ပြီး-"တော်တော့ သခင်လေးက နေသိပ်ကောင်းတာမဟုတ်ဘူး ရွဲ့စောင်းပြောဖို့ အချိန်ရှိနေသေးရင် ဘာလို့သစ်တော်သီးစွတ်ပြုတ်သွားမလုပ်တာလဲ"


ယွီရွေ့က နှုတ်ခမ်းစူပြီး ချက်ချင်းပင်ထွက်ပြေးသွားတော့သည်။ဖူဟွားသည် လင်းရုဖေး၏ ပါးပြင်ပေါ်ရှိ ချွေးများကို သုတ်ပေးရန်အတွက် ရွေနွေးစိမ်ထားသည့်ပု၀ါဖြင့်အသာသုတ်ပေးလိုက်ပြီးနောက် သန့်ရှင်းသောပု၀ါအသစ်တစ်ထည်ကိုနှဖူးပေါ်သို့ ပြန်တင်ပေးလိုက်သည်။


လင်းရုဖေးသည် ကုတင်ပေါ်တွင် နုံးချည့်စွာ လဲလျောင်းနေ၏။ ထိုအချိန်တွင် သူသည် ချယ်ရီပန်းများအကြောင်း၊ ဘာအကြောင်း၊ ညာအကြောင်းကိုမျှ မတွေးတောတော့ပေ။ ထိုအစား သူ့ရောဂါ မြန်မြန်သက်သာပါစေလို့သာ ဆုတောင်းနေမိသည်။


'တစ်ဆက်တည်း တောင်ခြေက ချယ်ရီပန်းတွေကိုလည်း တကယ်ကျေးဇူးတင်မိတယ်ရယ်၊ သူသာသေသွားခဲ့ရင် နောက်တစ်ကြိမ်ပန်းပွင့်တာကို ထပ်မတွေ့နိုင်တော့မှာစိုးရိမ်မိတယ်...။'


ဖူဟွားသည် သူမသခင်လေး၏ ညှိုးငယ်နေသောမျက်နှာကို ကြည့်ပြီး အသာပြုံး၍ တိုးတိုးလေးဆိုလိုက်သည်– “သခင်လေး နေပြန်ကောင်းလာဖို့ပဲ အာရုံစိုက်ပါနော် ချယ်ရီပန်းတွေလဲ နှစ်တိုင်းပွင့်ဦးမှာ”


လင်းရုဖေးသည် သူ့အစေခံမလေး၏ လိမ်ညာမှုကို မညှာမတာ ထောက်ပြတော့သည်- "မင်း မနှစ်ကလည်း ဒီလိုပဲ ပြောခဲ့တာ"


ဖူဟွားသည် ပြောစရာစကားတို့မဲ့သွားရ၏။


လင်းရုဖေး : "အဲဒီမတိုင်ခင် တစ်နှစ်ကလည်းပြောသေးတယ်..."


ဖူဟွာသည် ချောင်းခြောက် အနည်းငယ်ဆိုးပြီး ကူကယ်ရာမဲ့စွာဖြင့်ပြောလိုက်သည်- "ဒါဖြင့်နွေဦးရောက်တိုင်း ဖျားဖို့ သခင်လေးကို ဘယ်သူက ပြောသတုန်း"


လင်းရုဖေးသည် ချက်ချင်းပင် အေးခဲနေသော ခရမ်းသီးကဲ့သို့ ညှိုးနွမ်းရှုံ့တွသွားပြီး ချေပရန် မည်သည့်စကားမျှ မဆိုနိုင်တော့ချေ။


လင်းရုဖေး၏ မကျန်းမာသော ကိုယ်ခန္တာကြောင့် ခွန်းလွန်ဓားဂိုဏ်း၏ဂိုဏ်းချုပ်တွင် သားသမီးလေးယောက်ရှိကြောင်း ပြင်ပကမ္ဘာမှလူများ သိကြသော်လည်း လင်းရုဖေး၏အမည်ကိုမူ လူအများစုက မသိကြပေ။ သူသည် ကျောက်စိမ်းအစုအဝေးအထဲမှာရှိနေသည့် အနက်ရောင်ကျောက်တုံးနှင့်တူပြီး မည်သူမျှသူ့ထံ အကြည့်တစ်ချက်ပင်မစွန့်ကြဲကြချေ။


လင်းရုဖေးသည် သူ၏ ချောင်းဆိုးနေသည့်အသွင်အပြင်ကို သူ၏အစ်ကိုဖြစ်သူများ မြင်ပါက အစေခံများ ထပ်မံအပြစ်တင်ခံရမည်ကို အစောပိုင်းတွင် စိုးရိမ်နေခဲ့မိသော်လည်း မကြာမီတွင် ထိုအရာများကို စိတ်ပူရန်ပင် ခွန်အားမရှိတော့ကြောင်း သူသိလိုက်ရသည်။ အဖျားနှင့် ချောင်းက သူ့မှာရှိသမျှ ခွန်အားတွေကို အလျင်အမြန်အဝေးသို့ယူဆောင်သွားသဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းကာ အသက်ကိုခက်ခက်ခဲခဲရှူနေရပြီး အသိစိတ်တွေမှာလည်း တဖြည်းဖြည်း မှုန်ဝါးလာတော့၏။


ဖူဟွားက သူ့ဘေးတွင် တစ်ချိန်လုံးစောင့်ကြည့်နေသည်။ လင်းရုဖေး၏ပုံစံက သူမအား အလွန်စိုးရိမ်ပူပန်နေစေပေမယ့် သူမလုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်ခဲ့ပြီးဖြစ်၍ နှလုံးသားထဲကနေ ဆုတောင်းနေရုံသာတတ်နိုင်တော့သည်။


လင်းပျန့်ယွီသည် သိပ်မကြာခင်မှာပင် လင်းမင်ကျစ်နှင့်အတူတွဲလျက် ပြန်လာသည်။ လင်းရုဖေး၏ အသွင်အပြင်ကို မြင်လိုက်ရပြီးနောက် နှ

စ်ယောက်စလုံး၏ မျက်နှာအမူအရာမှာ သိသိသာသာပျက်ယွင်းသွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဖူဟွားကို အပြစ်တင်စကားမဆိုဘဲ သူမကို အပြင်သို့သာထွက်သွားခိုင်းသည်။



Xxxxx