Chapter 7
လင်းမင်ကျစ်သည် ကုတင်အစွန်းတွင်ထိုင်ကာ လင်းရုဖေး၏လက်ကိုဂရုတစိုက်ကိုင်၍ သွေးခုန်နှုန်းကိုစစ်ဆေးလိုက်သည်။ လင်းပျန့်ယွီသည် လင်းမင်ကျစ်၏ လှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးရပ်တန့်သွားသည်အထိ သူ့ဘေးနားတွင် တည်ကြည်လေးနက်နေသောမျက်နှာဖြင့် တိတ်ဆိတ်စွာရပ်ကြည့်နေသည်။
သူကအနည်းငယ်သြရှနေသောအသံဖြင့်မေးလိုက်၏။ “ဘယ်လိုနေလဲ”
"ရှောင်ကျို့က တကယ်ပဲ အဲ့ဒီလို ပြောခဲ့တာလား" လင်းမင်ကျစ်က ပြန်မေးလိုက်သည်။
"သူတကယ်ပဲ အဲ့ဒီလိုပြောခဲ့တာ" လင်းပျန့်ယွီက ပြန်ဖြေသည်။
လင်းမင်ကျစ်က သူ့ခေါင်းကို ခါလိုက်ပြီး - “ဒါက ခန္တာပိုင်စိုးတဲ့ နတ်ဆိုးကြီး ဖြစ်နေရင်တောင်မှ ခြေစလက်စချို့ယွင်းချက်တချို့တော့ချန်ထားခဲ့မှာ သေချာတယ် အဲ့ဒီနေ့မနက်ခင်းတုန်းက ချယ်ရီပန်းတောအုပ်ကို သူသွားခဲ့သေးတယ်မလား သူ့စိတ်ထဲထိကြောက်စရာကောင်းတဲ့ အရာတစ်ခုခုကိုများ သူကြုံခဲ့လို့များလား“
လင်းပျန့်ယွီက ထိုကိစ္စကို တွေးတောနေပေမယ့်လည်း မည်သည်ကိုမျှမဆိုချေ။
လင်းရုဖေးသည် နောက်ထပ် ချောင်းခပ်ပြင်းပြင်းကို ဆက်တိုက်ဆိုးနေမိသည်။ သူ့အသိစိတ်က အနည်းငယ် မှုန်ဝါးနေသဖြင့် သူ့အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့က သူ့အနားမှာ ရှိနေကြောင်း သိဖို့ရန် အချိန်အတော်ကြာယူလိုက်ရသည်။
သူက ခက်ခက်ခဲခဲ ပါးစပ်ကိုဟ၍ခေါ်လိုက်၏။ “အစ်ကိုကြီး”
ဤသို့သောပုံကို လင်းမင်ကျစ်မြင်လိုက်ရသည်နှင့် သူ သက်ပြင်းတစ်ချက်သာ ချလိုက်မိသည်။
"ရှောင်ကျို့ကို အရင်ကောင်းကောင်း အနားယူပါစေ သိပ်မကြာခင် ၀မ်ယောင်က တံခါးပိတ်ကျင်ကြံနေတာကနေထွက်လာတောမှာ အဲ့ဒီအချိန်ကြမှ သူ့ကို ရှောင်ကျို့ရဲ့အခြေအနေတစ်ချက်ကြည့်ခိုင်းရမယ် ဒီရက်ပိုင်းအတွင်း ဖူဟွားကိုပဲသေချာ အနီးကပ်စောင့်ကြည့်ခိုင်းထား အခြေအနေတစ်ခုခုထူးခြားတာနဲ့ချက်ချင်းအကြောင်းကြားခိုင်းလိုက်”
၀မ်ယောင်သည် ခွန်းလွန်ဂိုဏ်း၏ အထူးချွန်ဆုံးနှင့်အကြီးမြတ်ဆုံးသော ဆေးပညာဆရာသခင်ဖြစ်သည်။ လင်းရုဖေး ယခင်ကဖြစ်ခဲ့သော ရောဂါမှန်သမျှကို သူမြင်နိုင်၏။
ယခုအချိန်တွင်၊ သူကနောက်တစ်ဆင့်ကိုချိုးဖြတ်၀င်ရောက်ရန်အတွက် နှစ်ဝက်ခန့် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူ့ကျင့်ကြံနေသည့် နေ့ရက်တွေကို ရေတွက်ကြည့်ပါလျှင် သိပ်မကြာခင် သူတံခါးပိတ်ကျင့်ကြံသည့်နေရာမှထွက်လာတော့မည်ဖြစ်သည်။
လင်းပျန့်ယွီသည်လည်း ယခုအချိန်တွင် ယင်းက တစ်ခုတည်းသော နည်းလမ်းဖြစ်တာကို သိတာကြောင့် သူ သက်ပြင်းသာချလိုက်မိသည်။ လင်းရုဖေး၏ လက်ရှိခန္တာကိုယ်အခြေအနေသည် မည်သည့်ဝေဒနာကိုမှ ခံနိုင်ရည်ထပ်ရှိတော့မည်မဟုတ်ချေ။
လင်းရုဖေးသည် မွေးရာပါမကျန်းမာသော ခန္တာကိုယ်ဖြစ်တာကြောင့် တိုက်ကျွေးနေသည့် ဆေး၀ါးတွေကလည်းလုံလောက်မှု မရှိချေ။ သာမာန်လူတစ်ယောက်၏ ခန္ဓာကိုယ်က ရေပုံးတစ်ပုံးဖြစ်နေတယ်ဆိုပါဆို့ ထိုရေပုံးထဲသို့ ရေပုံမှန်သာလောင်းထည့်ပေးနေလျှင် တဖြည်းဖြည်း ပိုကောင်းမွန်လာမည်သာဖြစ်၏၊ လင်းရုဖေး၏ခန္ဓာကိုယ်ကမူ အပေါက်တွေဗလပွရှိနေတာကြောင့် ရေမည်မျှပဲ လောင်းထည့်နေပါစေ၊ ယိုစိမ့်ထွက်နေစမြဲပင်။
သို့သော်လည်း လင်းမင်ကျစ်သည် လင်းရုဖေး၏ကိုယ်ခန္ဓာမကျန်းမာမူသည် နတ်ဆိုးမျိုးနွယ်နှင့် မသက်ဆိုင်ကြောင်း အတည်ပြုပေးပြီးနောက် လင်းပျန့်ယွီတစ်ယောက် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ဆိုရလျှင်၊ ခွန်းလွန်တောင်ပေါ်တွင် ယင်းတို့၏ လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်သော နတ်ဆိုးများသည် သာမန်နတ်ဆိုးများမဟုတ်ချေ။
လူနှစ်ယောက်က လင်းရုဖေး၏ အနားယူနေခြင်းကို ထိခိုက်စေမှာကို စိုးရွံ့တာကြောင့် သူ့တွင် တခြားထွေထူးပြဿနာများမရှိဘူးဆိုတာကို သေချာစစ်ဆေးပေးပြီးနောက် အသာတိတ်တဆိတ်ထွက်သွားကြတော့သည်။
မသွားခင် လင်းရုဖေး၏အဝတ်အစား၊ အစားအစာနှင့် ခြုံစောင်များကို နောက်ရက်များအတွင်းတွင် အထူးဂရုပြုရန် ဖူဟွား နှင့်ယွီရွေ့ တို့အား သတိပေးခဲ့ကြသည်။ ပြီးတော့ သူ့ကို မိနစ်ဝက်လေးပင် လစ်လျူရှု၍မရကြောင်းသေချာမှာခဲ့ကြ၏။
ဖူဟွားနှင့်နဲ့ ယွီရွေ့တို့သည် ' ဟုတ်ကဲ့ ' ချင်းထပ်အောင်ခေါင်းညိတ်လိုက်ကြရသည်။
လင်းရုဖေးသည် သုံးရက်ကြာ နေမကောင်းဖြစ်နေခဲ့ပြီး သုံးရက်မြောက်နေ့၏ မွန်းလွဲပိုင်း၌ ဖျားနာမှုမှတဖြည်းဖြည်း သက်သာသွားသော်လည်း အိပ်ရာအစွန်းတွင်ပင် မထိုင်နိုင်သေးချေ။
ဤရက်ပိုင်းအတွင်း သူအစားမစားနိုင်သေးသဖြင့် အားဖြစ်စေရန် သူအမုန်းဆုံး ဆေးခါးတွေကိုသာမြိုချနေရ၏။ ဖူဟွား၏ နွေးထွေးတဲ့အသံလေးဖြင့် 'တစ်ခုခုစားချင်လား' ဟုမေးလာသည့်အချိန်တိုင်း သူခေါင်းသာယမ်းမိသည်။ ယခုအချိန်တွင် သူ ဘာကိုမှ စားချင်စိတ်မရှိပေ။
လင်းရုဖေးသည် အလွန်နေလို့မကောင်းမှန်း ဖူဟွား သိတာကြောင့်သူမက မေးခွန်းများထပ်မမေးတော့ဘဲ အခန်းထဲမှ တိတ်တဆိတ်လေး ထွက်သွားလိုက်သည်။ လင်းရုဖေးသည် ကုတင်စွန်းတွင်ထိုင်၍ အပြင်ဘက်ရှိ နှင်းဆီရောင်ခြယ်နေသည့်နွေဦးမြင်ကွင်းကို ပြတင်းပေါက်မှတဆင့်ကြည့်နေမိ၏။
ရာသီဥတုက ကြည်လင်ရှင်းသန့်နေသည်။ နွေဦးမိုးရွာသွန်းပြီးနောက် သစ်ပင်များပေါ်မှ ပန်းပွင့်အများအပြားကြွေကျ၍ မိုးရေဖြင့် မျောပါသွားပြီးနောက် အားလုံးသည် နွေဦးရွှံ့အဖြစ်သို့ ပြောင်းလဲသွားကြသည်။ လင်းရုဖေး၏အဖျားကသက်သာသွားပြီဖြစ်သော်လည်း ချောင်းကဆက်၍ဆိုးနေဆဲဖြစ်ပြီး ပြင်းထန်စွာ ချောင်းဆိုးခြင်းကြောင့် သူ၏ရင်ဘတ်မှာ တဖြည်းဖြည်းနာကျင်လာတော့သည်။
ဖူဟွား ပြန်ရောက်လာချိန်တွင် သူမရဲ့လက်ထဲတွင် စွပ်ပြုတ်ပန်းကန်တစ်လုံး ပါလာသည်။ စွပ်ပြုတ်က အမြုပ်လေးတွေထနေရုံသာမက လတ်ဆတ်ပြီး အရသာရှိသည့် မွှေးရနံ့ကိုပါ ပေးစွမ်းတဲ့ ကြက်သွန်မြိတ်အစိမ်းအလွှာပါးပါးကိုပါ ဖြူးထားပေး၏။
လင်းရုဖေးသည် ဆေးခါးတွေကိုသာ အလွန်အကျွံသောက်နေရသဖြင့် သူ့ပါးစပ်မှာ ဗလာဖြစ်နေပြီး အရသာခံဖုတွေပင်အလုပ်မလုပ်တော့ချေ။ မွှေးပျံ့ပြီး အရသာရှိမည့်ပုံပေါ်သည့် စွပ်ပြုတ်ကိုမြင်နေရပေမယ့် သူ့တွင်မြည်းစမ်းလိုစိတ် တစက်လေးပင် ရှိမနေချေ။
ဖူဟွားကလည်း သူ့ကို အတင်းဖိအားပေးဆွဲဆောင်ဖို့ မကြိုးစားဘဲ စွပ်ပြုတ်ပန်းကန်ကို အသာချလိုက်ပြီးနောက် သူ့ဘေးတွင် ၀င်ထိုင်ကာ တောင်ပေါ်ရေကန်ထဲမှရသည့် လတ်လတ်ဆတ်ဆတ် ကြာစေ့တွေကို အခွံနွှာလိုက်သည်။
လင်းရုဖေးတစ်ယောက် အခန်းက အနည်းငယ် တိတ်ဆိတ်လွန်းနေသည်ဟု ခံစားလိုက်ရ၏။ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားပြီး "ယွီရွေ့ ဘယ်မှာလဲ" ဟု မေးလိုက်သည်။
ဖူဟွားက ဖြည်းညှင်းစွာပြန်ဖြေသည်-" ယွီရွေ့လား အာ...သူမက အရမ်းနမောနမဲ့နိုင်တယ်ရယ် စွပ်ပြုတ် ပြုတ်ခိုင်းတာ သူ့လက်ကိုသူ မီးရှို့မိသွားတယ်လေ အခု ငိုယိုပြီး မီးလောင်ဒဏ်ရာမှာ ဆေးထည့်ခိုင်းဖို့အတွက် သမားတော်လုကို သွားရှာတယ်လေ”
ဖူဟွားနှင့် ယွီရွေ့ နှစ်ယောက်စလုံးက သေချာလေ့ကျင့်ပေးခြင်း ခံထားရသူတွေပင်။ ထို့ကြောင့် သာမာန်မီးလောက်က သူမတို့ကို မထိခိုက်စေနိုင်ပေ။ သူတို့သည် ဤအထူးဟင်းရည်စွပ်ပြုတ်ကို လင်းရုဖေးအတွက် ပြုလုပ်လိုသောကြောင့် ရိုးရိုးမီးအစား ဝိညာဉ်မီးကို အသုံးပြုခဲ့ကြပေလိမ့်မည်။ ဖြစ်နိုင်ချေ အများဆုံးမှာ သူတို့သည် ၀ိညာဥ်မီးကို ထိန်းချုပ်နိုင်မှု နည်းတာကြောင့် သူမကိုယ်သူမ မီးလောင်မိစေခြင်းဖြစ်နိုင်၏။
လင်းရုဖေးက စွပ်ပြုတ်ကို အနံ့ခံပြီးနောက် သက်ပြင်းအသာချလိုက်ပြီး - "ယူလာခဲ့"
ဖူဟွား၏ ပါးစပ်ထောင့်တွင် ဉာဏ်များသော အပြုံးလေးတစ်ခုဖျက်ခနဲပေါ်သွားတော့သည်။ မကြိုက်မနှစ်သက်သည့် မျက်နှာဖြစ်နေသော်လည်း စွပ်ပြုတ်ကို ပါးစပ်ထဲ အတင်းထည့်၍ မျိုချနေသည့် လင်းရုဖေးကို ကြည့်ပြီး သူမ၏ အမူအရာမှာ ပို၍ နူးညံ့သိမ်မွေ့လာတော့သည်။ ဖူဟွားသည် သူမ၏သခင်လေးက အခြားသူများနှင့် မတူကွဲပြားသည်ကို ကောင်းကောင်းသိသည်။ သူသည် မာနကြီး၍ မောက်မာကြမ်းတမ်းနိုင်ရုံသာမက သူ့ဒေါသကို ဖြေဖျောက်ရန် အတွက် ဆူပူသောင်းကြမ်းနိုင်သော်လည်း သူဘယ်တုန်းကမှ မလုပ်ခဲ့ချေ။
စွပ်ပြုတ်ရဲ့အရသာက သူမျှော်လင့်ထားသလောက် သိပ်မဆိုး၀ါးချေ။ လင်းရုဖေးတစ်ယောက် သောက်လို့ပြီးသွားသည်နှင့် သူ့ခန္ဓာကိုယ်ထဲမှာ နွေးထွေးမှုတစ်ခုကိုခံစားလိုက်ရသည်။
လည်ချောင်းထဲက မသက်မသာဖြစ်မှုတွေကို ယူပစ်သလိုဆေးကြောသန့်စင်ခြင်းခံလိုက်ရသကဲ့သို့ ချောင်းဆိုးချင်စိတ်တွေလည်း လုံးလုံးပျောက်ကွယ်သွားသည်။
"အပြင်မှာ ရာသီဥတု အရမ်းသာယာတယ် သခင်လေး လမ်းလျှောက်ထွက်ချင်လား"
ဖူဟွားသည် အပြင်ဘက်က ရာသီဥတုသာယာမှန်း သတိပြုမိသဖြင့် သူမဘက်က အစပြု၍ အစမ်းသဘောမေးကြည့်လိုက်၏။
လင်းရူဖေးသည် အချိန်အကြာကြီး လှဲလျောင်းနေရသည့်အတွက် စိတ်ပျက်မိသော်လည်း သူ့ခန္ဓာကိုယ်မှာမူ ခွန်အားမရှိဖြစ်နေသည်။ ခြေလှမ်းအနည်းငယ်ပင် မလှမ်းနိုင်မှာကို စိုးရွံ့မိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းသာယမ်းပြလိုက်ရသည်။
ထိုအချိန်တွင် လင်းရုဖေး တွေးနေသည့်အရာကို ဖူဟွားက မည်သို့မမြင်နိုင်ဘဲရှိအံ့နည်း။ သူမကထရပ်၍ အခန်းထဲကထွက်သွားပြီး ခဏအကြာတွင် ရှုပ်ထွေးပွေလီသော ဘီးတပ်ကုလားထိုင်တစ်လုံးဖြင့် ပြန်ဝင်လာတော့သည်။
"သခင်လေး ဖူဟွားက သခင်လေးကို တွန်းပေးမယ်လေ" ဖူဟွားက နွေးထွေးညှင်သာသည့်အသံလေးဖြင့် ဆိုလိုက်၏။
"အိမ်ထဲမှာအမြဲနေနေရတာ မွန်းကြပ်တာပေါ့ ခဏလောက်အပြင်ဘက်လျှောက်သွားကြည့်ရအောင်လေ"
ဤဘီးတပ်ကုလားထိုင်ကို လင်းပျန့်ယွီမှ ကိုယ်တိုင်ပြုလုပ်ပေးထားတာဖြစ်ပြီး ပါ၀င်ပစ္စည်းများကလည်း အလွန်ထူးခြားသည်။ ဘီးများကို တစ်စုံတစ်ယောက်မှ တွန်းစရာမလိုဘဲ အနည်းငယ်အားစိုက်ရုံဖြင့် တောင်တက်လမ်းကိုပါအလွယ်တက်နိုင်အောင်အထူးတာအိုအဆောင်ရေးဆွဲပေးထား၏။
“ကောင်းပြီလေ”
လင်းရုဖေးသည် အိပ်ရာထဲတွင် သုံးရက်ကြာအောင် လဲလျောင်းနေရသောကြောင့် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရန် တကယ်စိတ်ကူးရှိသည်။
လင်းရုဖေး သဘောတူတာကိုမြင်သည်နှင့် ဖူဟွားက ဝမ်းသာအားရ ပြုံးပြီး လင်းရုဖေးကို ဘီးတပ်ကုလားထိုင်ပေါ်သို့ တက်ခိုင်းလိုက်သည်။ သူမသည် မြေခွေးဖြူအမွေး၀တ်ရုံကိုယူကာ လင်းရုဖေးတစ်ကိုယ်လုံးတွင် ပိုးတုံးလုံးကဲ့သို့ဖြစ်အောင် တင်းတင်းကြပ်ကြပ် ပတ်ပေးပြီးမှ သူတို့နှစ်ဦးစလုံးအခန်းထဲမှ ဖြည်းညှင်းစွာ ထွက်ခွာတော့သည်။
လင်းရုဖေး၏ မျက်နှာသည် ယခင်တည်းက အတော်လေး ဆိုးရွားနေပြီးဖြစ်ပြီး၊ ယခုအခါ မျက်နှာလေးသည် စက္ကူကဲ့သို့ ဖြူဖျော့နေရုံသာမက သူ့နှုတ်ခမ်းများကပင် ဖြူဖျော့နေပြီး မသိလျှင် ထွင်းဖောက်မြင်ရလုမတတ်ဖြစ်နေ၏။
သာမန်လူတွေသာ ဤကဲ့သို့ပုံမျိုးဖြစ်သည်အထိ ဖျားနာပါလျှင်လုံး၀ကြည့်ကောင်းလိမ့်မည် မဟုတ်ချေ။ လင်းရုဖေးသည် ဖျားနေသော်လည်း ပိန်ပိန်ပါးပါးဖြင့် လှပချောမောနေသေးသည်။ ထိုသို့သော ပုံကို မြင်လိုက်ရသည့်သူတိုင်းက ကူကယ်ရာမဲ့စွာဖြင့် ပိုကြင်နာသနားမိကြသည်။
လင်းရုဖေးသည် ခွန်းလွန်ဓားဂိုဏ်း၏ တပည့်များကို ယေဘုယျအားဖြင့် သွားလာခွင့်မပြုသောနေရာတွင် နေထိုင်ခဲ့ရသဖြင့် အလွန်အထီးကျန်ဆန်သည်။ ငှက်များနှင့် ပန်းများကိုသာ မြင်တွေ့နိုင်ပြီး အခြားသက်ရှိဝိညာဉ်များ၏ခြေရာတစ်ခုမျှပင် ရှိမနေပေ။
လင်းရုဖေးသည် ဆေးဖက်ဝင်အပင်များနှင့်ပြုတ်ထားသည့် စွပ်ပြုတ်ဟင်းရည်ကို သောက်ပြီးနောက် ယခင်ကထက် ပိုနေလို့ကောင်းလာသည်။ ဖူဟွား တွန်းပေးနေသော ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူ့စိတ်အစဥ်ကလည်း တဖြည်းဖြည်း ပြေလျော့လာ၏။
"အဖျားတက်တဲ့နေ့က အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုက မင်းကို တစ်ခုခုများပြောခဲ့သေးလား"
လင်းရုဖေးသည် လွန်ခဲ့သော သုံးရက်က သူ့မက်ခဲ့သောအိပ်မက်နှင့် ချယ်ရီပန်းပွင့်အကြောင်းကို ရုတ်တရက်ကြီး သတိရသွားသည်။ ဤရက်ပိုင်းအတွင်း သူနေမကောင်းဖြစ်နေခဲ့သဖြင့် သူ့အသိစိတ်တွေက မှုန်ဝါးဝါးဖြစ်နေကာ ထိုအကြောင်းကို မေ့လုနီးပါးပင်ဖြစ်နေချေပြီ။ ခြံဝင်းအတွင်းက သစ်ပင်တွေနှင့်ပန်းပင်တွေကို မြင်မှသာ ပြန်မှတ်မိတော့သည်။
"သူတို့က သခင်လေးကို ကောင်းကောင်းဂရုစိုက်ဖို့ကလွဲပြီး ဖူဟွားကို တခြားဘာမှ မပြောခဲ့ကြဘူး" ဖူဟွားသည် လင်းရုဖေးမေးလိုသည့်အကြောင်းကိစ္စကို သိပ်နားမလည်ပေ။
လင်းရုဖေးသည် သူမက ပြသနာနှင့်အခြေအနေများကို မသိကြောင်း မြင်သည့်အခါ သူ့မျက်လုံးတွေက ဥယျာဉ်ထဲတွင် ဟိုဒီဝေ့၀ိုက်ကြည့်ရှုနေပြီးမှ အဆုံးတွင် ခြံ၀င်းထောင့်စွန်းရှိ ချယ်ရီပန်းပင်ပေါ်သို့ ကျရောက်သွားတော့သည်။ တခြားသစ်ပင်၊ ပန်းပင်တွေက ပိတ်ဆို့ထားသည့်အပြင် ထောင့်ကျဉ်းကျဉ်းလေးထဲရောက်နေတာကြောင့် သိပ်ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဖူဟွားသည် အခြေအနေကိုမြင်သည်နှင့် လင်းရုဖေးကို ထိုနေရာဆီသို့ တွန်းသွားလိုက်ပြီး နောက်ဆုံးတွင် ညှိုးရော်ခြောက်သွေ့လုမတတ်ဖြစ်နေသော ချယ်ရီပန်းပင်ငယ်လေး၏အရှေ့တွင် ရပ်တန့်ပေးလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရွာသွန်းခဲ့သည့် နွေဦးမိုးကြောင့် ချယ်ရီပန်းပင်ပေါ်တွင် ရှိနေခဲ့တဲ့ တစ်ခုတည်းသော အဖူးပင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အပင်သည် အရွက်လေးတစ်ရွက်တွင်ရှိမနေဘဲ ယင်း၏အဝတ်ဗလာအသွင်အပြင်သည် ပိန်လှီချိ့တဲ့နေသောကလေးငယ်တစ်ဦးနှင့်လွန်စွာမှတူလှပြီး အလွန်သနားစဖွယ်ကောင်းနေ၏။
လင်းရုဖေးသည် ထိုအပင်၏ အသွင်အပြင်လက္ခဏာကို တစ်ချက်ရှုစားပြီးနောက် ခဏတာ စိတ်ရှုပ်သွားမိသည်။
'လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြွေကျခဲ့တဲ့ ပန်းပွင့်လေးက...အဲဒါ အိပ်မက်တစ်ခုပဲလား ဒါမှမဟုတ် တကယ်ပဲလား...။'
ဖူဟွားသည် လင်းရုဖေး၏အံ့အားသင့်နေသောမျက်နှာကိုမြင်ပြီးနောက် ထိုအဖူးလေးအတွက် ဝမ်းနည်းနေသည်ဟုထင်ကာ သူမက ပြောဆိုနေသည့်အကြောင်းအရာခေါင်းစဥ်ကို ချက်ချင်းပင်အမြန်ပြောင်းလဲပစ်လိုက်တော့သည် -
"သခင်လေး ဒီနေ့ ဒုတိယသခင်လေးက ဓားသိုင်းပြိုင်မယ်လို့ ကျွန်မကြားမိတယ် သခင်လေး သွားကြည့်ချင်လား"
လင်းရုဖေးသည် ဤသတင်းကိုကြားလိုက်ချိန်တွင် ချက်ချင်းပင်စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏။
"ဘယ်မိသားစုကသူနဲ့လဲ"
"လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ရောက်လာတဲ့ ယွင်နန် ကု မိသားစုနဲ့ပြိုင်မှာ" ဖူဟွားက ဖြေသည်။
"ကု မိသားစုလား" လင်းရုဖေးက တစ်ချက်တွေးတောလိုက်ပြီး - "အခုမျိုးဆက်မှာ ဒီမိသားစုအကြောင်း သိပ်မကြားမိပါလား သူတို့မှာ ဘယ်လို တန်ခိုးကြီးတဲ့ ပုဂ္ဂိုလ်တွေများ ရှိနေလို့လဲ ဟမ်~"
ဖူဟွားက အသာရယ်မောလိုက်ပြီး - “ဟုတ်တယ် လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဖြစ်မယ် သိပ်တော့မသေချာဘူး...သိပ်မကြာသေးတဲ့နှစ်တွေတုန်းကပေါ့ ကု မိသားစုက သူတို့တစ်နေရာရာကတွေ့လာတဲ့ ပါရမီရှင်တရားမဝင်သားလေးတစ်ဦးကို အသိအမှတ်ပြုလိုက်တယ် ဘာညာ ကျွန်မကြားမိတယ်ရယ် အဲ့ဒီကလေးက နှစ်အနည်းငယ်အတွင်းမှာပဲ သူ့အစ်မတွေ အစ်ကိုတွေထက် အများကြီး ပိုသန်မာလာခဲ့တယ်လေ”
အဆုံးတွင်၊ ဖူဟွားသည် စိတ်ဝင်စားစရာကောင်းသော အတင်းအဖျင်းစကားများကို ပြောဆိုလေကန်လိုသည့် မိန်းမငယ်လေးတစ်ဦးဖြစ်နေဆဲပင်။ ထို့ကြောင့် ဤကဲ့သို့သောကိစ္စတွေနှင့်ပတ်သက်ပြီး အာပေါင်ရင်းသန်သန်ဖြင့် အခြေအနေတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောပြနိုင်ပေ၏။
ထို့နောက် စိတ်ဝင်စားစရာကောင်းလှသော ကု မိသားစု၏ကိစ္စရပ်များကို ဖူဟွားသည် လင်းရုဖေးအား မျှဝေရေးလုပ်တော့သည်။ ကုမိသားစု၏ ခေါင်းဆောင်အကြီးအကဲက သူနှင့် တကယ့်ကို ဆက်ဆံရေး ကောင်းမွန်သည့် အမျိုးသမီးနှစ်ဦးကို လက်ထပ်ခဲ့သည်။ သူ့ဘဝကြီးက လူတွေရဲ့ ကောင်းချီးတွေကို ခံစားရင်း သာယာလှပနေခဲ့၏။ သို့သော် ရလဒ်မှာ တစ်နေ့ သူအိမ်ပြန်ရောက်သွားချိန်တွင် သူ့ဇနီးဖြစ်သူနှင့် ကိုယ်လုပ်တော်တို့နှစ်ဦးသား ကုတင်ပေါ်တွင် လူးလိမ့်နေကြသည်ကို တွေ့လိုက်ရတော့သည်။
ဤသည်က စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း မဟုတ်သေးပေ။ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းမှာ ဇနီးနှင့်ကိုယ်လုပ်တော်နှစ်ယောက်စလုံးသည် ပင်မမိသားစုကြီးမှဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် ကု မိသားစုခေါင်းဆောင်ခမျာ သူ့ အမျိုးသမီးတွေကို အပြစ်ပေးဖို့ရန်အတွက် သူတို့၏မိသားစုဥပဒေကြီးကို အသုံးပြုရန် အခွင့်အရေးပင်မရှိခဲ့ပေ။ သူတို့က ကုမိသားစုခေါင်းဆောင်ကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီး အာဏာအားလုံးကိုလည်း သူ့လက်ထဲမှ ဖြုတ်ချပစ်လိုက်တော့၏။
“သူ့မိန်းမက ဘာပြောတယ်မှတ်လဲ ရှင်သာ ကောင်းကောင်းမွန်မွန် ပြုမူရင် ကျွန်မ ရှင့်ကို အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ စောင့်ရှောက်ကျွေးမွေးထားမယ် ရှင့်အပြုအမူတွေက အချိုးမပြေရင်တော့ ရှင့်ကို ရူးသွပ်သွားတဲ့အထိ အဆိပ်ခတ်ပစ်ပြီး ကျွန်မတို့သားလေး ကြီးပြင်းလာတဲ့အချိန်ထိ ရှင့်ကို ရုပ်သေးရုပ်လုပ်ထားပစ်မယ်တဲ့လေ—"
ဖူဟွားသည် သူများမိသားစု၏လျှို့ဝှက်ချက်များကို အလွန်စိတ်လှုပ်ရှားစွာဖြင့် ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောပြနေတော့သည်။
Xxxxx
စာရေးသူမှာ ပြောစရာရှိပါတယ် :
Gong (seme) : ပန်းလေးတစ်ပွင့်ကို အစွမ်းကုန် ညှစ်ထုတ်ပစ်လိုက်တယ်
လင်းရုဖေး : ပန်းပွင့်လေးတွေကို ခံစားဖို့အတွက် တောင်ပေါ်ကဆင်းရမယ့်အချိန်ပဲ...
Gong (seme): ? ? ? ? ? ? ?
────────────────────────
────
[ T/N - အမယ်လေး အဘွားကြီးက အစုံစားပဲ! 🥶
-ဘာသာပြန်နေရင်း ကိုကိုလေးလင်းပျန့်ယွီကိုလိုချင်တာကလည်းတစ်ပိုင်းသေမတတ်ပဲ🙃 ]
Xxxxx