အပိုင်း ၈
Viewers 14k

Chapter 8

ဓားသိုင်းပြိုင်ပွဲကိုကြည့်ရှုခြင်း။




"ကုမိသားစုခေါင်းဆောင်ကြီးလည်း အရှုံးကို၀န်ခံရုံကလွဲ သူလည်း တခြား ဘယ်တတ်နိုင်တော့မလဲ အဲ့ဒီမိန်းမက ရိုးရိုးရှင်းရှင်းတော့မဟုတ်ဘူး ဒီနေ့ ဒုတိယသခင်ငယ်လေးနဲ့ သိုင်းပြိုင်မယ့်တစ်ယောက်က သူမ မိသားစုကို ပြန်လက်ခံဖို့ တောင်းဆိုခဲ့တဲ့ တရား၀င်သားပဲ”


ဖူဟွားရဲ့ ဇာတ်လမ်းကို နားထောင်လိုက်ရသည့် လင်းရုဖေးလည်း ပြုံးပြရုံသာတတ်နိုင်၏။ သို့ပေမယ့် အတင်းအဖျင်း လျှို့ဝှက်သတင်းတွေထက်စာလျှင် သူက ဓားပြိုင်ပွဲကိုသာ ပို၍စိတ်ဝင်စားမိသည်။


ယခုတွင် လင်းပျန့်ယွီ၏ ကျင့်ကြံမှုက အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်တာကြောင့် သူ၏ဓားရေးကျွမ်းကျင်မှုကို မြင်တွေ့ရန် အခွင့်အလမ်းများမှာ တဖြည်းဖြည်း နည်းပါးလာသည်။ လင်းရုဖေးသာ မြင်ချင်ပါလျှင် လင်းပျန့်ယွီက သူ့အရှေ့တွင် ချက်ချင်းပင် ဓားရေးကစားပြလိမ့်မည်ဖြစ်၏။ သို့သော် ပြိုင်ဘက်ကိုအတူယှဥ်တွဲချသည့် ဓားတစ်လက်နှင့် ပြိုင်ဘက်မရှိဘဲ တစ်ကိုယ်တည်း လှုပ်ရှားပြသည့် ဓားတစ်လက်သည် လုံးဝမတူကွဲပြားပေသည်။


"သွားကြည့်ရအောင်" လင်းရုဖေးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည့် မြေခွေးမွေးတွေကို ပို၍တင်းတင်းကျပ်ကျပ်ဆွဲယူလိုက်ပြီးနောက် ချောင်းအသာဆိုးလိုက်ကာ "ဒုတိယအစ်ကို ခရီးကပြန်လာပြီးကတည်းက သူ့ ဘယ်သူနဲ့မှ သိုင်းမပြိုင်တာအတော်ကြာနေပြီရယ်"


"ဟုတ်တယ်...ဟုတ်တယ်..." ဖူဟွားက ထိုသို့လုပ်ရမည်ကို အလွန်ပျော်ရွှင်မိသွားသော်လည်း ချက်ချင်းဆိုသလို စက္ကန့်ပိုင်းအတွင်း သူမ စိုးရိမ်တကြီးဖြစ်သွားမိသည်။


“ဒါပေမယ့် ပြိုင်ပွဲကွင်းက နည်းနည်းတော့ စည်ကားနေလိမ့်မယ်...သခင်လေးက ပြန်ကောင်းလာတာမှမကြာသေးဘူး တကယ်လို့များ...လူထူထပ်တဲ့ နေရာကို သွားမိလို့ ရောဂါတွေပြန် ပေါ်လာရင် ဘယ်လိုလုပ်မလဲ……” 


သူမသည် တခြားအကြောင်းအရာကို အရမ်းအာရုံစိုက်မိသွားသဖြင့် ဤအရေးကြီးသောအချက်ကို မေ့သွားမိသည်။


လင်းရုဖေးက အသာပြုံးလိုက်၏။ သူ၏ အရောင်ဖျော့ဖျော့မျက်၀န်းလေးများက အနည်းငယ်ငိုက်ဆင်းသွားကာ ညှိုးငယ်၀မ်းနည်းနေသည့် အကြည့်ကို ဖော်ထုတ်လာပြီး “မင်း ပြောတာမှန်ပါတယ်လေ…… ငါ နေမကောင်းဖြစ်ရင် မင်း နောက်တစ်ခါ အလုပ်ပိုရတော့မှာပေါ့ အဲ့လိုမဖြစ်ရအောင် ငါအိပ်ယာထဲပဲ သွားလှဲနေလိုက်တာ ကောင်းပါတယ်လေ…"


ဖူဟွားသည် လင်းရုဖေး၏ သနားစရာကောင်းသော အသွင်အပြင်လေးကို မြင်လိုက်ရသည်နှင့် သူမ၏နှလုံးသားလေးမှ အလွန်နာကျင်လာပြီး နည်းနည်းလေးမှသည်းမခံနိုင်တော့ပေ။


"ဒါက သိပ်ကိစ္စအကြီးကြီးလဲ မဟုတ်ပါဘူးလေ ကောင်းပြီလေ ကြိုပြီးသွားနူတ်ဆတ်ကြတာပေါ့ ပြီးရင် သိုင်းပြိုင်ကွင်းနဲ့ဝေးဝေးမှာရှိတဲ့ ပွဲကြည့်စင်အတွင်းပိုင်းကနေပဲ ကြည့်ရမယ်နော်”


"ငါတို့တကယ်သွားလို့ဖြစ်ရဲ့လား" သတိထားပြီး အတည်ပြုနေဟန်ဖြင့် လင်းရုဖေး၏ မျက်တောင်လေးများက တုန်လှုပ်စွာဖြင့်တဖျက်ဖျက်ခတ်သွားသည်။


"ဟုတ်တယ် ကျွန်မတို့သွားမယ် သွားလို့ဘာမှမဖြစ်ဘူးရယ်" ဖူဟွားက လင်ရုဖေးကိုတစ်ဆက်တည်းဆိုသလို နှစ်သိမ့်ပေးလိုက်သည် - "သခင်လေးသာ ကောင်းကင်ပေါ်က ကြယ်တွေကို လိုချင်တယ်ဆိုရင် ဖူဟွားက သခင်လေးအတွက် သွားယူပေးလိုက်မယ်..."


သူမစကားကြောင့် လင်းရုဖေး ပြုံးလိုက်မိသည်။ ဖူဟွားကို ရယ်ချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သော်လည်း သူမက သတိမထားမိလိုက်ပေ။ သူမ၏ သခင်လေးဖြစ်သူမှာ ခေါင်းငုံ့လိုက်သည့်အခိုက်တန့်တွင်၊ သူ့ မျက်လုံးထောင့်များက အနည်းငယ် ဉာဏ်များမှုကြောင့်ကွေးညွှတ်သွား၏။ သို့သော် ဤသည်က လျှပ်တစ်ပြက်မျှသာဖြစ်ပြီး မကြာမီတွင် သဲလွန်စမကျန် ပျောက်ကွယ်သွားတော့သည်။


 __ _ 


ခွန်းလွန်တောင်ပေါ်တွင် ဂိုဏ်းပေါင်းတစ်ရာမှ တပည့်များ လေးနှစ်တစ်ကြမ် ဓားသိုင်းပြိုင်ပွဲတွင် ၀င်ယှဉ်ပြိုင်နိုင်ရန်အတွက် ကြီးမားသော ပြိုင်ပွဲစင်မြင့်တစ်ခုပြုလုပ်ကျင်းပပေးပြီး အနိုင်ရရှိသူသည် ခွန်လွန်းတောင်မှ အကောင်းဆုံးပန်းပဲသမား ထုလုပ်ပေးမည့် ဓားတစ်ချောင်းကို ရရှိမည်ဖြစ်သည်။ မရေမတွက်နိုင်သော ဓားသိုင်းသမားများ၏ အိပ်မက်မှာ ခွန်းလွန် ဓားဂိုဏ်းမှ ဓားတစ်ချောင်းရရှိရန်ဖြစ်ပြီး သို့ပေမယ့်လည်း ကံမကောင်းစွာဖြင့်၊ ထိုဓားတွေကိုရရှိနိုင်ရန် ဂိုဏ်း၏ တိုက်ရိုက်တပည့်များကိုကျော်ဖြတ်အနိုင်ယူကြရမည်ဖြစ်၏။


လင်းရုဖေးသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ထိတ်တန်းနေရာတွေကို သိမ်းပိုက်အနိုင်ရယူခဲ့သူများမှာ သူ၏အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကိုနှင့် တတိယအစ်မတို့ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းတွင် သူ၏အစ်ကိုအကြီးဆုံးသည် ဂိုဏ်းကဏ္ဏကိစ္စရပ်များနှင့် အလုပ်ရှုပ်နေခဲ့ပြီး တတိယအစ်မသည် ခရီးသွားရန် တောင်ပေါ်မှထွက်ခွာသွားသောကြောင့် သူ၏ဒုတိယအစ်ကိုတစ်ဦးတည်းကသာ ဓားသိုင်းပြိုင်ပွဲတွင် ထပ်မံပါဝင်ခွင့်ရပေသည်။ ဤသည်မှာ ခွန်းလွန်ဓားဂိုဏ်းမှ ဓားတစ်ချောင်းကို ရယူရန် မလွယ်ကူကြောင်း ပြင်ပလူများအား ထင်ရှားစွာ သက်သေပြနေပေသည်။


လင်းရုဖေးသည် ငယ်စဉ်တည်းက ဓားသိုင်းပြိုင်ပွဲများကို အကြိုက်ဆုံးဖြစ်ပြီး ဓားသိုင်းပြိုင်ပွဲကျင်းပသည့်အချိန်ဆိုလျှင် ခွန်လွန်တောင်သည် သူ၏နဂိုပုံမှန်အေးဆေးတည်ငြိမ်သောလေထုနှင့် ကွဲပြားနေသောကြောင့်ဖြစ်၏။ ဆိုရလျှင် ပတ်၀န်းကျင်က ပို၍အသက်ဝင်နေသောကြောင့်ပင်။ ထိုနေရာတွင် သူ၏ပုံမှန်နေ့စဉ်ဘ၀တွင် တွေ့ရ ရှားပါးသောအရာများစွာကို သွားကြည့်နိုင်ပြီး စိတ်ဝင်စားစရာကောင်းသော သရေစာများစွာကိုလည်း မြည်းစမ်းကြည့်နိုင်ပေသည်။


သူကြီးပြင်းလာပြီးနောက်မှာ သူပိုနားလည်လာပြီး တချို့အရာတွေက ပိုအဓိပ္ပာယ်ရှိမှန်းသိလာသဖြင့် နောက်ဆုံးတွင် သူထိုသို့သွားလာခြင်းကို လုံးဝ ရပ်တန့်ပစ်လိုက်သည်။ အကယ်၍ သူ၏ဒုတိယအစ်ကိုဖြစ်သူရဲ့ ဓားသိုင်းပြိုင်တာကို မြင်နိုင်သည်ဟု ဖူဟွားထံမှ မကြားမိပါလျှင် သူကသေချာပေါက်စိတ်ဝင်စားလိမ့်မည်မဟုတ်ချေ။


ဖူဟွားသည် လူစုလူဝေးထဲတွင်ရှိနေပါက လင်းရုဖေး၏ဖျားနာမှုကိုပိုဆိုးသွားစေမည်အား စိုးရိမ်သောကြောင့် သူမသည် ပွဲကြည့်စင်ရှိတပည့်များအား စင်ပေါ်မှပြိုင်ပွဲအား အကောင်းဆုံးရှုမြင်နိုင်စေသည့် နေရာအား သန့်ရှင်းရေးကောင်းကောင်းလုပ်ထားရန် ကြိုတင်အကြောင်းကြားထားခဲ့သည်။ အထပ်များအားလုံးကို တာအိုအဆောင်တွေဖြင့် ကာကွယ်ခြားနားထားမည်ဖြစ်၍ အခြားသူများက သူမတို့အား အနှောက်အယှက်ဖြစ်စေမည်ကို စိုးရိမ်စရာမလိုတော့သည့်အပြင် သိုင်းပြိုင်ပွဲတစ်ခုလုံးကိုလည်း ကြည့်ရှုရန်အတွက် အကောင်းဆုံး ရှုထောင့်ကိုပါ ရရှိမည်ဖြစ်၏။


ယနေ့ကျင်းပသည့် သိုင်းပြိုင်ပွဲသည် ပုံမှန်ထက်သာ၍ ထူးထူးခြားခြား စည်ကားနေသည်။


လင်းပျန့်ယွီသည် ကု မိသားစုမှသူဖြင့် တိုက်ခိုက်ယှဥ်ပြိုင်မည် ဖြစ်ကြောင်း သူတို့ကြားထားမိသဖြင့် ပျင်းရိနေသော တပည့်များနှင့် ဓားသမားအားလုံးမှာ ပွဲကြည့်စင်သို့ တက်ကြွမှုအပြည့်ဖြင့်စောစောလာခဲ့ကြသည်။ သူတို့က လင်းပျန့်ယွီ၏ ဓားသိုင်း ထျန်းရှောင်ရဲ့ လှပမှုနှင့် ကျွမ်းကျင်မှုတို့ကို ရှင်းလင်းစွာ ကြည့်ရှုနိုင်ရန် အသင့်လျော်ဆုံးသော နေရာတစ်ခုကို သေချာရှာဖွေနေကြသည်။


"ညီလေးထျန်းရေ ကံကောင်းပြီး မင်းသတင်းရလို့ စောစောရောက်လာမိတာ မဟုတ်လို့ကတော့ ဒီလောက်များတဲ့လူနဲ့ ငါတို့ ဘယ်လို ၀င်တိုးလို့ရမှာတုန်း အာ~” 


ကျို့ယွမ်ပိုင်သည် သူ့နောက်ရှိလူပင်လယ်ကိုကြည့်ကာ သူ့အဖော်အား သက်ပြင်းအသာချ၍ပြောလိုက်သည်။


သူ့အဖော် ထျန်းယွင်က ဂုဏ်ယူစွာ ခေါင်းညိတ်ပြလာသည်- " ခွန်းလွန်ဓားဂိုဏ်းက တပည့်ကျေးဇူးနဲ့ ကျွန်တော်သိလိုက်ရတာ ကံကောင်းတယ်လို့ပြောရမယ် ဒီနေ့ လင်းပျန့်ယွီက ကု မိသားစုက တပည့်နဲ့ ဓားသိုင်းပြိုင်မယ်ဆိုတာကို သူတို့ကသိထားတာကြာပြီလေ အဲဒါနဲ့ သူတို့က ကျွန်တော့်ကို ကြိုပြောထားကြတယ်လေ”


ကျို့ယွမ်ပိုင်က ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ့အကြည့်တွေက ဓားသိုင်းစင်မြင့်ဘေးမှာ တည်ရှိနေသော အဝေးက လွင့်မျောနေသည့် အထပ်မြင့်အဆောက်ဦးပေါ်ကို ရွေ့လျားသွားပြီး သက်ပြင်း မချဘဲ မနေနိုင်ချေ။


“အင်း... ပြိုင်ပွဲ ကြည့်ဖို့ ပွဲကြည့်စင်အပေါ်ထပ်မှာသာ ထိုင်ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ"


"ယောင်လို့တောင် အဲဒီအကြောင်း မစဉ်းစားနဲ့" 


ထျန်းယွင်က ခေါင်းအသာယမ်းလိုက်ပြီး သူကြားခဲ့သည့်သတင်းကို ပြောပြလိုက်၏။


"ဒီအထပ်က အာ... ပိုက်ဆံရှိရင်တောင် တက်လို့ရတာမျိုးမဟုတ်ဘူး မင်းတက်နိုင်ဖို့အတွက် ခွန်းလွန်ဓားဂိုဏ်းရဲ့ ထင်ရှားတဲ့ဧည့်သည်ဖြစ်ရမယ် ခွန်းလွန်ဓားဂိုဏ်းက အမြဲတမ်း ဂုဏ်ယူနေရတဲ့သူတွေလေ အဲ့တာကြောင့် ပြိုင်ပွဲကို ကြည့်ဖို့ အဲ့ဒီနေရာမှာ ထိုင်နေနိုင်တဲ့လူက နည်းနည်းပဲ ရှိတယ်”


သူစကားပြောနေစဉ် လူအုပ်၏နောက်ကွယ်မှ အော်ဟစ်သံတစ်ခုကိုကြားလိုက်ရသည်။ မကြာမီ အဝါရောင်တောက်တောက် ရှည်လျားသော ၀တ်စုံကို၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လေထဲ၌ ပေါ်လာသည်။ သူမ၏ မျက်နှာက လှပသော်လည်း သူမ၏ အမူအရာမှာမူ ရေခဲကဲ့သို့ အေးစက်နေသည်။ သူမက ရှည်လျားပြီး ပါးလွှသော ဓားရှည်ပေါ်တွင် ရပ်နေကာ လူတိုင်း၏အာရုံကို ဆွဲဆောင်ထားနိုင်၏။


ထို့ထက်ပို၍ ထင်ရှားသည်မှာ သူမတွန်းသော ဘီးတပ်ကုလားထိုင်ပင်ဖြစ်သည်။ ဘီးတပ်ကုလားထိုင်ပေါ်တွင် နှင်းဖြူမြေခွေးမွေးများဖြင့် တင်းတင်းကြပ်ကြပ် ထုပ်ပိုးထားသော လူငယ်တစ်ဦးထိုင်နေကာ ချောမောသော မျက်နှာကိုသာ ပေါ်လွင်ထားစေပြီး ထိုသူ့တွင် ထူးထူးခြားခြား ဖြူဖျော့နေသည့် ပါးပြင်များရှိ၏။  


ထိုလူငယ်က ဆံပင်တွေကို ရိုးရှင်းသော သစ်သားဆံထိုးဖြင့် အသာထုံးဖွဲ့ထားသည်။


မြင့်မြတ်ထည်၀ါသည့်တော်၀င်ဆန်သော အရှိန်အ၀ါတစ်ခုက သူ့ခန္ဓာကိုယ်တစ်၀ိုက်တွင် ဝန်းရံထားပြီး မည်သူတစ်ဦးကမျှ တစ်ကြိမ်ထက်ပို၍ ကြည့်မိပါက ယဇ်ပူဇော်ခံရမည်ကို စိုးရိမ်နေသကဲ့သို့ နောက်တစ်ကြိမ် မကြည့်ဝံ့ကြပေ။


အမျိုးသမီးက လူငယ်ထိုင်နေသည့် ဘီးတပ်ကုလားထိုင်ကို တွန်းပြီး ပွဲကြည့်စင်ထက်သို့ တိုက်ရိုက်ပျံသန်းသွားလိုက်သည်။


ထို့နောက် သူမသည် ကန့်လန့်ကာများကို ဆွဲချကာ စူးစမ်းနေသော မျက်လုံးအကြည့်များကို ဖုံးအုပ်ပစ်လိုက်၏။


သို့သော် ကျို့ယွမ်ပိုင်မှာမူ သူ့အာရုံများ ပြန်မလာသေးပေ။ သူက ကြောင်တက်တက်ဖြင့် ပွဲကြည့်စင်အပေါ်ထပ်သို့ စိုက်ကြည့်လိုက်ပြီး “အဲဒီလူက ဘယ်သူလဲ ဟမ်~"


"ငါလည်း သူမကို အရင်က မတွေ့ဖူးဘူး" ထျန်းယွင်မှာလည်း ထပ်တူထပ်မျှ ထိတ်လန့်အံသြနေမိသည်။


"ဒီမိန်းကလေးက ဓားနဲ့ ပျံသန်းနိုင်နေပြီဆိုတော့ သူမကအနည်းဆုံး ဆဌမအဆင့်ကို ရောက်နေပြီလို့တော့ ငါထင်တယ်" ကျို့ယွမ်ပိုင်က အနည်းငယ်ဟန် မနာလိုဟန်ဖြင့်ဆိုလိုက်သည်။ 


“ဘယ်လောက်ကောင်းလိုက်လဲ……”


ပဉ္စမအဆင့်မှ ဆဋ္ဌမအဆင့်သည် ဓားသမားကျင့်ကြံသူများအတွက် ချိုးဖြတ်ရအခက်ခဲဆုံးအဆင့်ဖြစ်၏။ ဆဋ္ဌမအဆင့်သို့ရောက်ပြီဆိုသည်နှင့် ထိုသူတို့သည် ဓားဖြင့်ပျံသန်းနိုင်ပြီဖြစ်ပြီး လူ့သက်တမ်းကလည်း အနှစ်သုံးရာအထိ တိုးမြင့်သွားမည်ဖြစ်သည်။


ထျန်းယွင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး "အဲ့ဒီလူကြီးမင်းနဲ့ သူမဆက်ဆံရေးက ဘယ်လိုရှိလဲဆိုတာ သိချင်လိုက်တာ"


ကျို့ယွမ်ပိုင်က သက်ပြင်းချလိုက်ပြီး "ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် ငါတို့ လိုချင်တပ်မက်နိုင်တဲ့အရာမျိုးတော့ မဟုတ်မှာ သေချာပေါက်ပဲ"


ထျန်းယွင်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။


သူတို့နှစ်ယောက်လုံးက ဂိုဏ်းငယ်လေးတွေမှ မွေးဖွားလာခဲ့ကြသူတွေဖြစ်ပြီး ယခုအချိန်တွင် စတုတ္ထအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဓားသိုင်းပြိုင်ပွဲကို ကြည့်ရှုရန် ခွန်းလွန်တောင်သို့ လာနိုင်ခြင်းကပင် သူတို့အတွက် ကြီးကျယ်ခမ်းနားသော ကောင်းချီးတစ်ခု ဖြစ်နေပြီဖြစ်၏။ 


အချို့သော အရာများသည် သူတို့၏ ကံကြမ္မာနှင့် မထိတွေ့နိုင်သော အရာများဖြစ်ကြောင်းကို သူတို့ နှလုံးသားထဲမှနေ တုန်လှုပ်ချောက်ချားမှုအပြည့်ဖြင့် ကောင်းစွာ သိနားလည်နေခဲ့ကြသည်။


ဤနားလည်မှုမှတဆင့် ကျို့ယွမ်ပိုင် နှင့် ထျန်းယွင်တို့၏နှလုံးသားများကို နားမလည်နိုင်သော ရှုံးနိမ့်မှုတချို့ကို ခံစားမိသွားစေသည်။


ကံကောင်းထောက်မစွာဖြင့်၊ ဓားသိုင်းပြိုင်ပွဲ၏ ဇာတ်ဆောင်နှစ်ဦးကြောင့် မကြာမီသေးခင်ကဖြစ်ပေါ်ခဲ့သော ရှုံးနိမ့်မှုခံစားချက်ကို သူတို့၏နှလုံးသားများမှ နှင်ထုတ်နိုင်သွားကြသည်။ ပထမဆုံးရောက်လာသူမှာ လင်းပျန့်ယွီ ဖြစ်သည်။ သူက အစိမ်းရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး သိမ်မွှေ့ကာ လူကြီးလူကောင်းဆန်သည့်အမူအရာဖြင့် စင်မြင့်ထက်ဆီသို့ လျှောက်သွားနေ၏။


သူ့တွင် လှပသောမက်မွန်ပွင့်သဏ္ဍာန်မျက်လုံးတစ်စုံရှိသည်၊ ပြုံးလိုက်သည့်အချိန်တိုင်း သူ့မျက်၀န်းတွေက နွေဦးရဲ့လေပြေလေးယှက်သွေးသွားသလို လူကိုညှင်သာယစ်မူးစေ၏။  


လူအများ၏ မျက်လုံးတွေက သူ့ခါးထက်တွင် ချိတ်ဆွဲထားသည့် တိုင်းသိပြည်ကျော်ထျန်းရှောင်ဓားကိုကြည့်ရင်း လိုချင်လောဘတွေဖြင့် ပြင်းပြင်းပြပြတောက်လောင်ကုန်ကြသည်။ 


လင်းပျန့်ယွီတစ်ယောက် စင်မြင့်ပေါ်သို့ရောက်ပြီးနောက် သူလုပ်လိုက်သော ပထမဆုံးအပြုအမူမှာ အထပ်မြင့်အဆောက်အဦးဆီသို့ တစ်ချက်ကြည့်လိုက်ခြင်းဖြစ်သည်။ အပေါ်ထပ်က လူနှင့် စကားတွေ ဖလှယ်လိုက်သလို သူ့နှုတ်ခမ်းတွေက အနည်းငယ် လှုပ်ရှားသွားပြီး မကြာခင်မှာပဲ သူ့မျက်နှာထက်တွင် ချစ်ခင်အလိုလိုက်ပြီး ကူကယ်ရာမဲ့နေဟန်တို့ ပေါ်လာတော့၏။


"သူနဲ့ အထက်မြင့်ပွဲကြည့်စင်ကလူတွေက တစ်ယောက်နဲ့တစ်ယောက် သိကြတာလား" ကျို့ယွမ်ပိုင်ကမေးလိုက်သည်။


 "အဲ့ဒီအထပ်မြင့်မှာရှိကြတဲ့သူတွေထဲက တစ်ယောက်ယောက်ကများ ခွန်းလွန်ဓားဂိုဏ်းရဲ့ တပည့်ဖြစ်များဖြစ်နေမလား"


“အဲဒါ မဖြစ်နိုင်ဘူး” ထျန်းယွမ်က ဆက်၍ဆိုသည်။ " လင်းပျန့်ယွီက အခုအချိန်မှာ ကျိုးနွံပြီးညှင်သာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို ဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် သူ့ပုံစံအမှန်က ဂိုဏ်းထဲမှာ အတော်လေးကို လွှမ်းမိုးနိုင်ဆုံးသူလို့ ငါကြားမိတယ် လင်းမင်ကျစ်တောင် သူ့ကို သွားမရှုပ်ရဲဘူးတဲ့ ဂိုဏ်းထဲမှာ သူ့ အာရုံထားတဲ့လူက လက်ချိုးရေလို့တောင်ရတယ်တဲ့”


သိသာထင်ရှားသည်မှာ သူတို့နှစ်ဦးကသာ စပ်စုသူတွေမဟုတ်၊ အနီးနားရှိလူများကလည်း အထပ်မြင့်ပွဲကြည့်စင်ရှိလူများ၏ ဝိသေသလက္ခဏာကို အံ့သြတွေးတောစပြုလာကြသည်။ အချို့က သူသည် ပိုင်ယွီမြို့တော်မှ တော်၀င်အမတ်တစ်ဦးဟု မှန်းဆကြပြီး အချို့က သူသည် ဝမ်လီတောင်ကြားမှ မသေမျိုး တစ်ဦးဟု ခန့်မှန်းနေကြ၏။


ခြုံငုံပြောပြရလျှင် လင်းရုဖေးက လူအုပ်ကြီးရဲ့ ထင်မြင်ယူဆချက်တွေကို မကြားနိုင်ချေ။ ကန့်လန့်ကာကို ချလိုက်သည်နှင့် အခန်းကလုံး၀ တိတ်ဆိတ်သွားသည်။ ဖူဟွားက သူ့အတွက် လဘ္ကက်ရည်ပူပူတစ်ခွက် ပြင်ဆင်ထည့်ပေးပြီးနောက် လင်းရုဖေး၏ လက်ချောင်းများကို ဂရုတစိုက် သုတ်ရန်အတွက် မျက်နှာသုတ်ပဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။ 


ထို့နောက် သူမက နွေးထွေးသောလေသံဖြင့် ဆိုလာသည်။ 


“သခင်လေး ဗိုက်ဆာရင် တစ်ကိုက်လောက်ဖြစ်ဖြစ်ကိုက်ရအောင် တခြားသူတွေကို အချိုပွဲတွေ ပြင်ခိုင်းလိုက်မယ်” 


လင်းရုဖေးက ခေါင်းညိတ်ပြလိုက်သော်လည်း သူ့တွင် စားချင်စိတ်သိပ်မရှိပေ။ ပါးလွှာသော ကန့်လန့်ကာမှတဆင့် စင်မြင့်အလယ်တွင် ရပ်နေသော သူ၏ ဒုတိယအစ်ကိုကို လှမ်းငုံ့ကြည့်လိုက်သည်။


လင်းပျန့်ယွီသည် လင်းရုဖေး ရောက်လာတာကိုမြင်သည်နှင့် ဘာမှထွေထူးမဆိုဘဲ ထိုအစား လင်းရုဖေး အအေးမမိစေဖို့သာ ဖူဟွားကိုမှာ၏။ ဆိုရလျှင်၊ နွေဦးရာသီက အတော်လေးကို အေးပြီး လင်းရူဖေးကလည်း ပြင်းထန်သောဖျားနာခြင်းမှ ပြန်လည်သက်သာလာခါစဖြစ်သည်။ သူသာ နောက်တစ်ကြိမ် ဖျားနာခဲ့ပါလျှင် ယင်းက အသေးအဖွဲ ကိစ္စမဟုတ်တော့ချေ။ ဖူဟွားက လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ သူမက မည်သည့်နေရာမှမသိထုတ်လိုက်သည့် သိုးမွှေးစောင်ကို လင်းရုဖေး၏ ခန္ဓာကိုယ်အောက်ခြေတစ်ဝက်အား ဖုံးအုပ်ပေးလိုက်သည်။ လင်းရုဖေးတစ်ယောက် ကူကယ်ရာမဲ့နေသလိုခံစားလိုက်ရပြီး ဖူဟွား၏သိုလှောင်လက်စွပ်ထဲတွင် ယေဘုယျဆန်သည့် သာမန်အထွေထွေပစ္စည်းပစ္စယမျိုးစုံကိုသာ ထည့်ထားသလားဟု သူ တွေးတောနေမိသည်။


ဖူဟွားက ပြန်ခွန်းတုံ့ပြန်တော့သည်။


 "သခင်ငယ်လေးအတွက်သာ အသုံးဝင်တယ်ဆိုရင် ဒီပစ္စည်းတွေက ဘယ်

လိုလုပ် ယေဘုယျဆန်တဲ့ သာမန်ပစ္စည်းမျိုးစုံဖြစ်တော့မလဲ"


လင်းရုဖေးတွင် ပြောစရာစကားတို့ကင်းမဲ့သွားရ၏။



Xxxxxxx