အပိုင်း ၉
Viewers 14k

Chapter 9


"ဟာ...ကု မိသားစုထဲက ကလေး ရောက်လာပြီ" ဖူဟွားသည် ဓားသိုင်းယှဥ်ပြိုင်မည့်စင်မြင့်ထက်သို့ ပျံတက်လာသော လူငယ်တစ်ယောက်ကို သတိပြုမိသွားပြီး “သခင်လေး ကြည့်...”


လင်းရုဖေးသည် မျက်၀န်းများကို ပင့်ကြည့်လိုက်သော်လည်း စင်မြင့်ပေါ်သို့ သွက်သွက်လက်လက် ခုန်ဆင်းသွားသည့် အသွင်ကိုသာ မြင်လိုက်ရသည်။ အကွာအဝေးကြောင့် လင်းရုဖေးသည် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း ကု မိသားစု၏ စတုတ္ထမြောက်သားရဲ့ခေါင်းအထက်တွင်ရှိနေသော ရှုပ်ယှက်ခတ်နေသည့်အနက်ရောင် ဆံပင်ရှည်တို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ့အနောက်တွင်မူ အနက်ရောင် အ၀တ်စဖြင့် ပတ်ထားသည့် ဓားရှည်ကြီးတစ်ချောင်းရှိနေ၏။ သူ့အရပ်ကသိပ်မရှည်ပေ၊ သူသယ်ဆောင်လာသော ဓားရှည်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသဖြင့် ပွဲကြည့်နေသူများမှာ အလွန်စိုးရိမ်သွားကြသည်။


"ငါ့နာမည် ကုဖေးယွီ" ကု မိသားစု၏ စတုတ္ထမြောက်သားရဲ့ အသံသည် လင်းပျန့်ယွီဘက်သို့ လှည့်၍ဆိုလိုက်စဉ်တွင် ဆယ်ကျော်သက်အရွယ်၏ ပြတ်သားမှုနှင့်ကြည်လင်မှုတချို့ရှိနေဆဲဖြစ်၏။ 


"မင်းရဲ့ဓားစွမ်းရည်က အရမ်းအားကောင်းတယ်လို့ ငါကြားမိတယ်"


လင်းပျန့်ယွီက ပြုံးပြီး နှိမ့်ချမှုအပြည့်ဖြင့်ပြန်ဖြေသည်။ 


"ဒါက အဆင်ပြေတယ်ဆိုရုံလောက်ပါ"


ကုဖေးယွီက သူ့မျက်လုံးများကိုလှန်လိုက်ပြီး "မင်းကိုငါအနိုင်ရရင် ခွန်းလွန်တောင်ကနေ ငါကြိုက်တဲ့ဓားတစ်ချောင်းကို ငါယူလို့ရတယ်မလား"


"ဆိုပါတော့" လင်းပျန့်ယွီ က ပြန်ဖြေသည်။


"ဒါဆို မင်းရဲ့ထျန်းရှောင်ကို ယူမယ်"  


ကုဖေးယွီသည် ဂရုမထားသည့်ဟန်ဖြင့် ထိုကဲ့သို့သော အံ့အားသင့်ဖွယ် စကားလုံးများကို ထုတ်ပြောလာသည်။


ထိုစကားတွေထွက်လာပြီးသည်နှင့် မူလက ဆူညံသံတွေမှာ ချက်ချင်းငြိမ်ကျသွားပြီး မျက်လုံးတွေအားလုံးက စင်ပေါ်မှာ တည်ငြိမ်စွာရပ်နေသည့် လင်းပျန့်ယွီ ကို လှည့်ကြည့်မိလိုက်ကြသည်။ ဤလူသစ်လေး၏ ဒေါသကို သူမည်သို့ တုံ့ပြန်မည်ကို သူတို့ အလွန်တရာမှမြင်ချင်မိကြ၏။


သို့သော် လူတိုင်း စိတ်ပျက်သွားရသည်။ လင်းပျန့်ယွီသည် စိတ်ဆိုးခြင်း ၊ ငြင်းဆန်ခြင်း အလျဥ်းမရှိဘဲ နူးညံ့သိမ်မွေ့သော အပြုံးသည်သာ သူ့မျက်နှာထက်တွင် စွဲထင်ကျန်ရှိနေခဲ့သည်။ သူ့လက်ချောင်းတွေက ထျန်းရှောင်၏ဓားအိမ်လေးကို ပွတ်သပ်နေသည်မှာ သူ့ချစ်ရသူကို ပွတ်သပ်နေသကဲ့သို့ပင်။


"သူ့ကို ယူသွားချင်တယ်ပေါ့ အဲဒါက မင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိမရှိ အပေါ် မူတည်တယ်”


ကုဖေးယွီက ရယ်ရယ်မောမောဖြင့် ဓားကို ဆွဲထုတ်လိုက်ပေမယ့် သူဆွဲထုတ်လိုက်သည့် ဓားက သူ့နောက်ဘက်မှာပိုးထားသည့်ဓားကြီးမဟုတ်ပေ၊ ထိုအစား သူ့ခါးတွင်ရစ်ပတ်နေသည့် ရိုးရှင်းပြီးပါးလျသော ဓားတစ်ချောင်းသာဖြစ်နေသည်။ 


ထိုဓားထွက်ပေါ်လာသည်နှင့် ဓားတစ်ချောင်းလုံးက လှိုင်းထနေသကဲ့သို့ ဓားဆန္ဒတွေတရိပ်ရိပ်တက်လာပြီး နှစ်ယောက်စလုံး၏မျက်နှာပေါ်က အပြုံးတုတွေကလည်း တဖြည်းဖြည်း ပြိုပျက်ကာတည်တံ့သွားတော့၏။


မြေပြင်ကိုတစ်ချက်ထောက်၍ လေပေါ်သို့ ပေါ့ပေါ့ပါးပါးခုန်တက်၍ ကုဖေးယွီက ပထမဆုံး လှုပ်ရှားလိုက်သည်။


ကုဖေးယွီဓားသိုင်းခင်းလိုက်သည်ကို လင်းရုဖေးသေချာမမြင်လိုက်ရဘဲ ထို့အစား စင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်သွားသည့် မီးတောက်ကဲ့သို့သော အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ 


ချက်ခြင်းပင်၊ လင်းပျန့်ယွီ အရှေ့သို့ ရောက်သွားတော့သည်။ သို့သော်လည်း လင်းပျန့်ယွီ က မရှောင်တိမ်းပေ။ သူ၏ ညာလက်က ဓားအိမ်ထဲမှဓားကို ဆွဲထုတ်လိုက်ချိန်တွင် ထျန်းရှောင်သည် အခွံမချွတ်ချင်သည့် လိပ်ကလေးကဲ့သို့ အသံတိုးတိုးလေး ညည်းလာသည်။ သူ့ရဲ့ ညာလက်ကဓားကိုကိုင်ဆွဲ၍ တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ လှိုင်းတွန့်သဏ္ဍာန် အလင်းတန်းတွေကလွင့်ထွက်သွား၏။ ဓားနှင့်လူတွဲဆက်ထားသည်မှာ ရွှေနှင့် ကျောက်စိမ်းကဲ့ကို လွန်စွာမှအမြင်တင့်လှသည်။


ကုဖေးယွီ၏ပုံရိပ်သည် ထိုအချိန်မှပင် ထင်ရှားပေါ်လွင်လာတော့သည်။ သူ့မျက်နှာထက်တွင် ရူးကြောင်ကြောင်အပြုံးတစ်ခုရှိနေပြီး သူ့အနောက်ဘက်တွင် ရှုပ်ပွနေသည့် အနက်ရောင် ဆံပင်တွေက ပြန့်ကျဲနေသည်။ သူ့ခြေလှမ်းတွေကအရိပ်သဖွယ်မြန်ဆန်လှပြီး တစ်ချက်တစ်ချက် လေထဲသို့ ခုန်တက်၍ လင်းဖေးယွီကိုတိုက်ခိုက်လိုက်သည်။ သူ့ပတ်၀န်းကျင်တစ်၀ိုက်တွင် နားမခံသာလောက်သည့် ပေါက်ကွဲသံတွေနှင့် တဟုန်းဟုန်းတောက်လောင်နေသည့်မီးတောက်တွေဖြင့်ပြည့်နှပ်နေ၏။ လင်းပျန့်ယွီ၏ မြင်ကွင်းထဲတွင် သူ့ပုံရိပ်ကတဖြည်းဖြည်းမှုန်၀ါးလာသည်။


လင်းပျန့်ယွီ၏ ဓားသည် အနည်းငယ်စောင်း၍ အလျားလိုက်ဖြတ်ခုတ်လိုက်သည်၊ သူက ကုဖေးယွီ၏ ခေါင်းကို အားအပြည့်သုံး၍ ခုတ်ဖြတ်ရန် ရည်ရွယ်လိုက်ပုံပင်။


ကုဖေးယွီသည် အမြန်ရှောင်တိမ်းလိုက်ရပြီး သူ့လက်ထဲမှဓားကလည်း အဖြူရောင်သက်တံ့သဖွယ်အလင်းတန်းများတောက်ပလာ၏။


ဓားသွားကအရမ်းထက်မြိသည့်ပုံမပေါ်သော်လည်း သွက်လပ်ပေါ့ပါးကာ တောင်တန်းနှင့် မြစ်များကို လှုပ်ခါနိုင်သော စွမ်းအားရှိသည်။ တက်ကြွခြင်းနှင့် ကြီးစိုးလိုမှုတို့ပါ၀င်သော ဓားချီသည် စင်မြင့်တစ်ခုလုံးကို ဖြတ်ကျော်သွားတော့သည်။


ကျယ်လောင်စူးရှသော အသံတစ်ခုက တိမ်တိုက်များကိုပါ ဖြတ်ကျော်၍ထွက်ပေါ်လာသည်။


အစိမ်းရောင် ကျောက်တုံးစင်မြင့်ထက်တွင် သုံးပေကျယ်သော အက်ကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ရာကတောင်များနှင့် မြစ်များကို ခုတ်ပိုင်းနိုင်သကဲ့သို့ပင်။ ပြိုကျပျက်စီးမှုကြောင့်ဖြစ်ပေါ်လာသောအုတ်ကျိုးစနှင့် ဖုန်မှုန့်တွေက ကောင်းကင်ယံမှကျလာပြီး စင်မြင့်ပေါ်၌ လုံး၀ပရမ်းပတာဖြစ်နေတော့သည်။


လင်းရုဖေးက စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည်များကို မြင်နိုင်စွမ်းမရှိသဖြင့် ဖူဟွားက သေချာကြည့်၍ သဘောတကျဆိုလာ၏။


“ဒီ ကုမိသားစုရဲ့ စတုတ္ထမြောက်သားက တော်တော်တော့ အစွမ်းထက်တယ်”


ဓားပြိုင်ပွဲကျင်းပရာစင်မြင့်ကို အစိမ်းရောင်ကျောက်တုံးတစ်တုံးစီဖြင့် အထူးပြုလုပ်ထားပြီး အကောင်းဆုံးတာအိုအဆောင်စာသားတွေကိုလည်းထွင်းထုထားသေးသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း ကျောက်စိမ်းစင်မြင့်ပေါ်တွင် ထိုသို့သော အမှတ်အသားကို ချန်ထားနိုင်သည့် ဓားကျင့်ကြံသူတွေမှာ လက်ချိုးရေတွက်နိုင်သည်အထိ အလွန်နည်းပါးလှသည်။


အနီးနားရှိ ပရိသတ်များသည် ကြမ်းတမ်းလှသောဓားချီကြောင့် လွင့်ထွက်သွားကြသည်မှာ အတော်ကြာလှပြီဖြစ်၏။ ဖူဟွားက ဤသို့ဖြစ်မည်မှန်း ကြိုတွက်ပြီးသားမို့ သူမက လင်းရုဖေးအရှေ့မှနေပိတ်ဆို့၍ သူမရဲ့အတွင်းအားတွေကိုထုတ်လွှတ်ပေါက်ကွဲစေလိုက်သည့်အခါ အဝါရောင်တောက်တောက် ၀တ်စုံမှာ လေတလွင့်လွင့်ဖြင့်အလွန်တရာမှမျက်စိပသာဒရှုဖွယ်ဖြစ်နေ၏။


ဖုန်မှုန့်ထဲတွင်မူ တောက်ပလင်းလတ်နေသော အလင်းရောင်တစ်ခုရှိနေပြီး ထိုအလင်းရောင်မှာ အမှောင်ညထဲတွင် ထွန်းလင်းနေသော လရောင်သည် မြစ်ကြီးဆီသို့လရောင်ခြည်ပုံရိပ်ထင်နေသကဲ့သို့ဖြစ်နေသည်။


“ဓားကောင်းပဲ” ထိုသည်က လင်းပျန့်ယွီ၏အသံဖြစ်သည်။


ကုဖေးယွီက အံ့အားသင့်သွားသောအကြည့်ကို ထုတ်ပြလာသည်။ သူ့လက်ကိုရုတ်သိမ်း၍ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည့်အခါ ဖုန်မှုန့်များကြားတွင် လင်းပျန့်ယွီက တည်ငြိမ်အေးဆေးစွာဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။


အစိမ်းရောင်၀တ်စုံနှင့် ဓားဖြူတစ်လက်က ယခင်အတိုင်းတောက်ပသေသပ်သောဟန်ဖြင့်ရှိနေသေးသည်။ သူက မသေမျိုးတန်ခိုးရှင်တစ်ဦးကဲ့သို့ တောက်ပထည်၀ါနေကာ သူ၏အဝတ်အစားပေါ်တွင် ဖုန်မှုန့်အမှုန်အမွှားများ တစ်စက်လေးပင်ရှိမနေချေ။


ကုဖေးယွီတစ်ယောက် ကွဲသွားအောင်လုပ်လိုက်သည့် ကြီးမားသောအက်ကွဲကြောင်းကြီးက လင်းပျန့်ယွီ၏ခန္ဓာကိုယ်အောက် အရှေ့တည့်တည့်တွင် ရပ်တန့်နေ၏။ သူ့ခြေဖဝါးအောက်က ကျောက်စိမ်းစင်မြင့်ကြီးကတော့ မပျက်မစီးသည့်အပြင် ကွဲအက်ရာလေးတစ်ခုပင်ရှိမနေပေ။


ကုဖေးယွီသည် ကြိမ်ဖန်များစွာ ချောင်းဆိုးပြီးနောက် သူ့ပါးစပ်ထောင့်မှ သွေးများ ယိုဖိတ်စီးကျလာသည်။ သို့သော်၊ သူက ရိုးရိုးရှင်းရှင်းပင် လက်ကို မြှောက်၍ ကြမ်းကြမ်းတမ်းတမ်း သုတ်ပစ်လိုက်သည် - "မင်း နိုင်တယ်"


ထုံးစံမပြတ် လင်းပျန့်ယွီပဲ အနိုင်ရသွားပြန်၏။


ကုဖေးယွီ၏လက်ထဲမှ ဓားက အပိုင်းပိုင်းအစစ ကျိုးသွားခဲ့ပြီး သူ့ဆုပ်ကိုင်ထားသည့် ဓားလက်ကိုင် [ ဓားအရိုး ] တစ်ခုသာ ကျန်ရှိနေတော့သည်။


လင်းပျန့်ယွီက ထျန်းရှောင်ဓားကို တင်းတင်းဆုပ်ကိုင်၍ တည်ငြိမ်အေးဆေးစွာဖြင့်ဆိုလာ၏။


 "ဒီဓားက မင်းနဲ့မထိုက်တန်ဘူး"


ကုဖေးယွီက မထူးခြားနားဟန်ဖြင့်ဖြေလိုက်သည်။ "ဟုတ်ပါတယ်လေ"


ဤသို့ပြောပြီးနောက် ကျိုးနေသောဓားကို သူ့ဘေးတစ်ဖက်သို့ ပစ်ချလိုက်သည်။


လင်းပျန့်ယွီ : "မင်းကျောနောက်ကဓားကို ဘာလို့မသုံးတာလဲ"


ကုဖေးယွီက ခေတ္တမျှနူတ်ဆိတ်နေပြီးနောက် ကူကယ်ရာမဲ့နေဟန်ဖြင့်ဆိုလိုက်သည်။


"မင်း သူ့ကို လုယူသွားမှာကို ငါကြောက်လို့"


လင်းပျန့်ယွီက ကုဖေးယွီရဲ့စကားကြောင့် မျက်ခုံးအသာပင့်လိုက်ပြီးနောက် အနည်းငယ်ရယ်သွမ်းသွေးလိုက်၏။


“လုယူမယ် ဟုတ်လား...ဓားကောင်း အနည်းဆုံး ၈၀၀၀ ကနေ ၁၀၀၀၀ လောက် အထိ မရေမတွက်နိုင်အောင် မြင်ဖူးတယ် မင်းလို ကလေးတစ်ယောက်ရဲ့ ဓားကို ဘာလို့ လုယူရမှာလဲ"


ကုဖေးယွီက တည်ကြည်လေးနက်နေဟန်ဖြင့်ပြောလာသည်။


"ဒါက...ငါသူ့ကို လုံးလုံးမသိမ်းသွင်းရသေးဘူး ဒီဓားက နည်းနည်းထူးခြားတယ် သူက အရမ်းဉာဏ်ကောင်းတယ် သူသဘောကျတဲ့ ဓားသမားကိုတွေ့တာနဲ့ သူ့ခြေထောက်တွေကို ငါဆွဲထားနိုင်တော့မှာမဟုတ်ဘူး—အဲ့ဒါကြောင့် သူ့ကို လုံးလုံးမသိမ်းသွင်းနိုင်သေးခင်မှာ ငါ့ထက် ပိုသင့်တော်ပြီးမိမိုက်တဲ့သူကို သေချာပေါက် လုံး၀ မြင်ခွင့်မပေးနိုင်ဘူး”


ကုဖေးယွီရဲ့ ထို့သို့သော အပြောကိုကြားပြီးနောက် သူမထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ 


ထိုသို့သောစကားကိုပြောနေချိန်တွင် သူ့မျက်နှာလေးက ရန်လိုမှုတွေမရှိတော့ဘဲ၊ ထို့အစား ဆယ်ကျော်သက်အရွယ် အပြစ်ကင်းစင်ပြီး နူးညံ့သိမ်မွေ့မှုတို့ကိုသာ သယ်ဆောင်ထား၏- "ဒါပေမယ့် မင်းနဲ့ တစ်ကြိမ်လောက် တိုက်ပြီးသွားရင် သူ မင်းကို မကြိုက်တော့မှာ သေချာတယ်"


"ဘာလို့လဲ" လင်းပျန့်ယွီတစ်ယောက် သိချင်မိသွားသည်။


ကုဖေးယွီက ပုန်ကန်ချင်သည့်ကလေးသဖွယ်ပြုံးလိုက်ပြီး "အဲ့ဒါက လျှို့ဝှက်ချက်...ငါမင်းကို မပြောပြဘူး"  


သူကစကားပြောနေရင်း သူ့နောက်ကျောမှ ဓားရှည်ကြီးကို အောက်သို့ချလိုက်ပြီး ပတ်ထားသောအနက်ရောင်အဝတ်ပေါ်မှတဆင့် ညင်သာစွာထိတွေ့လိုက်ပြီး ထပ်၍ဆိုလာသည် - "ငါတို့ နောက်ထပ်တစ်ပွဲလောက် ထပ်တိုက်ကြမလား ငါမလုံလောက်သေးဘူး" 


လင်းပျန့်ယွီက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်၏။


“ကောင်းပြီ”


ကုဖေးယွီသည် ကောလဟာလများကို ပြန်ကြားယောင်မိသည်။ သူ့လက်ကို မြှောက်ကာ ဓားရှည်ကြီးပေါ်မှ အနက်ရောင်အဝတ်စကို ဖြည်ချနေရင်းမှမေးလိုက်သည် - “လင်းပျန့်ယွီ မင်းက ခွန်းလွန်ဓားဂိုဏ်းမှာ အထူးချွန်ဆုံး ဓားသမားလို့ ငါကြားမိတယ် ဟုတ်တယ် မဟုတ်လား”


လင်းပျန့်ယွီက သိပ်အလေးမထားဟန်ဖြင့်ဆိုလိုက်သည်။


"အနည်းဆုံးတော့ အခုလောလောဆယ်ပေါ့"


ကုဖေးယွီက သူ့ကိုယ်သူ တီးတိုးစကားဆိုလိုက်၏ - "ဒါဆို ငါစိတ်သက်သာရာရပါပြီ ပတ်ဝန်းကျင်ကလူတွေက အကုန်အသုံးမကျတော့ ဒီလူယုတ်မာဓားက သူတို့ကိုကြည့်နေမှာကို ငါစိုးရိမ်နေစရာ မလိုဘူးဆိုပေမယ့် ... သူနဲ့သာဆို ငါ့ရဲ့ ခွန်အားက နောက်ထပ် ၃၀% လောက်ထပ်တိုးလာနိုင်တယ် မင်းနဲ့နောက်တစ်ကြိမ်ထပ်တိုက်ရတာ တန်ပါတယ်လေ..."


လင်းပျန့်ယွီက ပြုံးရုံသာပြုံးလိုက်ပြီး သူ့အဝတ်အစားအစွန်းတွေကမူ လေမတိုက်ဘဲ တလွင့်လွင့်ဖြစ်နေသည်။ စင်မြင့်ပေါ်၌ ဓားဆန္ဒသည် တစ်ဖန် မီးလောင်သကဲ့သို့ တဟုန်းဟုန်းတောက်လောက်သွားပြန်၏။


သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက အနက်ရောင်ဓားရှည်ကိုသာ မလွှဲမရှောင်တန်း စိုက်ကြည့်နေကြပြီး နောက်လာမယ့်တိုက်ပွဲကို စောင့်မျှော်နေကြသည်။ သို့သော် ကုဖေးယွီသည် သာမန်ရိုးရိုးအနက်ရောင်အထည်အား ဓားကိုယ်ထည်မှ ဖြည်ချလိုက်သည့်အခိုက်တွင်၊ ဓားကြီးသည် ကျယ်လောင်စွာ အသံမြည်ဟီးလိုက်တော့သည်။ 


ကုဖေးယွီခမျာ ဤအသံကိုကြားလိုက်ရသည့်အခိုက်အတန့်တွင် အလွန်ထိတ်လန့်သွားပြီး "မကောင်းတော့ဘူး..." 


သို့ပေမယ့် အရာအားလုံး နောက်ကျသွားချေပြီ။ လေးလံသောဓားရှည်ကြီးသည် ယင်းကိုထိန်းချုပ်ရန်လူမလိုအပ်ဘဲ တားမြစ်ထားသည့် အထပ်မြင့်ပွဲကြည့်စင်ပေါ်သို့ တိုက်ရိုက်ထိုးဆင်းသွားတော့သည်။


လင်းပျန့်ယွီတစ်ယောက် ဓားရှည်ကြီး ပျံသွားသည့် လမ်းကြောင်းကို မြင်လိုက်ချိန်တွင် သူ့မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်းသွားတော့သည်။ 


'အဲ့ဒီအထပ်က လင်းရုဖေး ထိုင်နေတဲ့နေရာပဲ'


တစ်ချိန်တည်းဆိုသလို သူတို့နှစ်ဦးစလုံးသည် လေးလံသောဓားရှည်ကြီး၏ဦးတည်ရာသို့ ပြေးသွားပြီး လမ်းလယ်တစ်၀က်တွင် ရပ်တန့်နိုင်ရန် ကြိုးစားကြသည်။ သို့ပေမယ့် နေရာနှစ်ခုကြားရှိ အကွာအဝေးက အရမ်းတိုတောင်းသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေးလံသည့်ဓားရှည်ကြီးက ကန့်လန့်ကာအတားအဆီးကိုဖြတ်ကျော်ပြီး အထပ်မြင့်ပွဲကြည့်စင်ရဲ့ကြမ်းပြင်ပေါ်သို့ ထိုးစိုက်သွားတော့၏။


ဓားကျဆင်းသွားပြီးနောက်၊ ကုဖေးယွီသည် မျက်နှာချောချောလှလှလေးဖြင့် လူငယ်လေးတစ်ယောက်က မတ်ပဲကိတ်တစ်ဖဲ့ကို လက်ထဲတွင် ကိုင်ထားလျက်ပုံစံဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ 


သူ၏(LRF) မျက်နှာသည် အံ့ဩမှုတွေဖြင့်ဖုံးလွှမ်းနေပြီး သူ့မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ လက်ရှိဖြစ်ပျက်သွားသော အခြေအနေကို သူ ကောင်းကောင်း နားမလည်နိုင်သေးသည့်ပုံပင်။


'ဒီဓားက တိုက်ပွဲစင်မြင့်ပေါ်မှာ ရှိနေသင့်တာလေ ဘာကိစ္စ သူ့အရှေ့မှာ ရုတ်တရက်ဆိုသလိုပေါ်လာရတာလဲ'


ထို့အပြင်၊ ယင်းဓားက သခင်စိတ်ကျေနပ်စေရန် ကြိုးစားနေသည့် ခွေးပေါက်ကလေးတစ်ကောင်ကဲ့သို့ တအီအီအသံလေးကိုလည်း ထုတ်လွှင့်နေသေး၏။


လင်းရုဖေးအားကာကွယ်ရန်အရှေ့တွင် ရပ်နေသည့် ဖူဟွားက ဒေါသထွက်လွန်းသဖြင့် အသားတွေတဆတ်ဆတ်ပင်တုန်ယင်လာတော့သည်။  


သူမက ကုဖေးယွီကို ပြင်းပြင်းထန်ထန် ပြစ်တင် ကြိမ်းမောင်းတော့သည်- "နင်ဘာလုပ်တာလဲ နင့်ဓားက ငါတို့ သခင်လေးကို ထိခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ..."


ကုဖေးယွီသည် သူမှားယွင်းစွပ်စွဲခံလိုက်ရသကဲ့သို့ လင်းရုဖေးကိုလက်ညှိုးထိုးပြလိုက်ပြီး ငိုချလုမတတ်ဖြစ်နေသော မျက်ရည်လေးစမ်းတမ်းစမ်းတမ်းကိုမှ နာကျင်မှုကိုရင်၀ယ်ပိုက်၍ဆိုလာ၏ - “အဲ့ဒါကသေချာပေါက် သူငါ့ဓားကို လိမ်လည် လှည့်ဖျားလိုက်တာ အသိသာကြီးကို…”


လင်းရုဖေးက ပတ်၀န်းကျင်ကို နားမလည်သည့်ဟန်ဖြင့် လှည့်ပတ်ကြည့်လိုက်ပြီး - "ဟင်...?"


_ _ ____


စာရေးသူမှာ ပြောစရာရှိတယ်...။


လင်းရုဖေးက ဓားကို ဂရုတစိုက်နှင့် သတိထားပြီး ကြည့်လိုက်သည် - မင်း...မင်း မတ်ပဲကိတ် စားချင်လို့လား...?


ကုဖေးယွီ : ဓားက မင်းကို စိတ်ဝင်စားနေတယ် ဟေး ဟေး ခဏစောင့်ပါဦး...ကျုံးဖုန့် မင်းဘာဖြစ်နေတာလဲ...


ဓား - ပိကျိ ပိကျိ ပိကျိ ( အနံ့လေးကသိပ်ကောင်းတယ် )


 ────────────────────────────