အပိုင်း ၁၀
Viewers 15k

Chapter 10


ကောင်းကင်ဘုံရဲ့ဓား ၊ လေးလံတဲ့အစွန်အဖျား။


နောက်ကြောင်းပြန်ရမည်ဆိုလျှင် လင်းရုဖေးသည် ပွဲကြည့်စင်အထဲတွင်ထိုင်နေလျက်မှ စင်မြင့်ပေါ်တွင် ကုဖေးယွီနှင့်စကားပြောနေသည့် သူ့အစ်ကိုကိုကြည့်နေခြင်းဖြစ်သည်။


ကုဖေးယွီတစ်ယောက် သူ့နောက်ကျောတွင်လွယ်ထားသည့်ဓားကို ချွတ်ရန်ကြိုးစားနေသည်ကိုလည်း သတိပြုမိသည်။ 


လင်းရုဖေးတစ်ယောက် ပျင်းရိသည်ဟုခံစားမိသဖြင့် မတ်ပဲကိတ်‌လေးတစ်ခုကို ကောက်ယူပြီး နှုတ်လမ်းလွှာများကြားညှပ်ကာ တစ်ကိုက်ကိုက်လိုက်သည်။ 


အရသာခံကြည့်လိုက်သည့်အခါ ဖူဟွားလုပ်ထားမှန်း တန်းသိလိုက်သည်။ အရသာကအတော်လေးချိုပြီး ရနံ့ကလည်း သင်းပျံ့ပျံ့လေးမွှေး၏။ 


မတ်ပဲကိတ်ကို မျိုချဖို့ အခွင့်အရေးမရသေးခင်မှာပင် လင်းရုဖေးသည် ရှည်လျားပြီး ထက်မြသည့် လက်နက်တစ်ခု လေထဲကို ဖောက်ထွင်းဝင်ရောက်လာသည့် စူးစူးရှရှအသံကို ကြားလိုက်ရသည်။


ထိုအသံအနောက်တွင် ပါလာသောအရိပ်တစ်ခုက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဆူညံသောအသံဗလံများနှင့်အတူ လင်းရုဖေး၏ခြေရင်းအောက်ရှိ အစိမ်းရောင်ကျောက်တုံးကြမ်းခင်းကို ဖောက်ထွင်းသွားတော့သည်။


လေထုထဲတွင် ဖုန်မှုန့်များ ပျံဝဲနေပြီး ရွှေရောင်သမ်း‌သော နေရောင်ခြည်အောက်တွင် လင်းရုဖေးသည် သူ့ခြေဖဝါးမှ တစ်လက်မခန့်အကွာတွင် စိုက်နေသည့် မှင်ကဲ့သို့ နက်မှောင်သော ကိုယ်ထည်ဖြင့် အနက်ရောင်ဓားရှည်ကြီးတစ်ချောင်းကို သေသေချာချာစူးစိုက်စိုက်စိုက် ကြည့်မိလိုက်သည်။


ထို့နောက် မူလကစင်မြင့်ပေါ်တွင် ရပ်နေသော ကုဖေးယွီသည် သူ့ဆီဦးတည်‌ပျံသန်းပြေး၀င်လာသော်လည်း ဖူဟွားက ရပ်တန့်သွားစေလိုက်၏။


"မင်းရဲ့ဓားနဲ့ ငါ့သခင်လေးကိုတိုက်ခိုက်တာ ဘာသဘောလဲ" ဖူဟွားက ဒေါသတကြီးနှင့် အပြစ်တင်တော့သည်။ 


"ရိုင်းစိုင်းလိုက်တဲ့လူ"


ကုဖေးယွီကညည်းတွားသည်။


"ဒီမှာထိုင်နေတဲ့သူထဲမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ယောက်ရှိနေလိမ့်မယ်ဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ နောက်ပြီး မင်းရဲ့သခင်လေးက စွမ်းအားကြီးတယ်မလား ဓားလေးတစ်လက်ကြောင့်နဲ့ ဘယ်လိုလုပ်ဒဏ်ရာရမှာတဲ့လဲ"


သူဤသို့ပြောနေစဉ်တွင် ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသော လျစ်လျူရှုနေသည့်ဟန်ဖြင့်နေနေသည့် လင်းရုဖေးကိုကြည့်ကာ လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။


"ကျွန်တော့်နာမည်က ကုယွီဖေးပါ ဒီကလူကြီးမင်းနာမည်ကိုသိလို့ရမလား"


ကုဖေးယွီသည် ပုံမှန်အားဖြင့် ရိုးရိုးရှင်းရှင်း နေတတ်သူဖြစ်သော်လည်း သူသည် ပညာမတတ်သူမဟုတ်ပေ။


စင်မြင့်အထက်ရှိ ဤလင်းမိသားစု၏ ပွဲကြည့်စင်အခန်းသည် မည်သူမဆိုနေထိုင်နိုင်သော အထပ်မြင့်မဟုတ်ပေ။ လင်းရုဖေးသည် နုပျိုပြီး အသားအရေမှာသိပ်ကောင်းမွန်ခြင်းမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် တော်၀င်ဆန်သောရောင်ဝါဖြင့် ဝန်းရံထားဆဲဖြစ်သည်။ ဤသို့သောအနေအထားမျိုးက မိသားစုသေးသေးလေးတစ်ခုမှ ပိုင်ဆိုင်ထားနိုင်သည့်အရာမျိုးမဟုတ်ချေ။ 


ဖူဟွားသည် ဆဋ္ဌမအဆင့်ကျင့်ကြံသူဖြစ်ကြောင်း ကုဖေးယွီမြင်နိုင်သော်လည်း လင်းရုဖေး၏အဆင့်ကိုမူ မမြင်နိုင်ပေ။


သို့ပေမဲ့ ဆဋ္ဌမအဆင့်ရှိသူတစ်ယောက်ကို အစေခံအဖြစ် ထားနိုင်သူတစ်ယောက်အား ရန်စဖို့ကမသင့်ပေ။


"သူကငါ့ညီ လင်းရုဖေး"


လင်းပျန့်ယွီက လျစ်လျူရှုဟန်ဖြင့်၀င်ပြောသည်။ 


"သူက ငယ်ငယ်လေးကတည်းက ကျန်းမာရေးချို့တဲ့လို့ လူတွေနဲ့ တွေ့ခဲတယ် သခင်လေးကု...မင်းရဲ့ဓားကို မြန်မြန်ယူပြီး ဒီနေရာကနေ စောစောထွက်သွားရင် ပိုကောင်းမယ်"


ကုဖေးယွီက အပြစ်ကင်းစင်ပါသော်လည်း လင်းပျန့်ယွီ၏မျက်နှာထက်တွင် မကျေနပ်မှုအရိပ်အယောင်အချို့ကို ပြသနေဆဲဖြစ်သည်။


လင်းရုဖေး၏ကျန်းမာရေးအခြေအနေအကြောင်း သူဘယ်လိုလုပ် မမြင်တွေ့နိုင်ရတာလဲ။ ယခု ကုဖေးယွီ၏ဓားကြောင့် မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပြီး လင်းရုဖေးကလည်း ရာထူးကြီးသူတစ်ယောက်ကဲ့သို့ ၀တ်ဆင်ထားသဖြင့် လူများက သူ့ကို အလွန်ရိုင်းစိုင်းသည်ဟု ထင်သွားစေခဲ့သည်။


လင်းပျန့်ယွီ အနည်းငယ် စိတ်မချမ်းသာပုံပေါက်နေသည်ကို သူသတိပြုမိသောကြောင့် ဆက်မပြောတော့ချေ။ အလွန်လျင်မြန်စွာဖြင့် သူသည် သူ့ဓားဆီသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် အပြစ်တင်လိုက်သည်။


"ကျုံးဖုန့် သွားကြရအောင်"


( *ကျုံးဖုန့် - ကုဖေးယွီ၏ဓား )


သူသည် ဓားရိုးကို ကိုင်ကာ ဆွဲထုတ်လိုက်သည်။


သို့သော်လည်း ကုယွီဖေးသည် မည်မျှပင် အင်အားသုံးစေကာမူ အနက်ရောင်ဓားသည် တစ်လက်မမျှ မရွေ့လျားဘဲ ထို့အစား သူ့ကိုရန်စရန် ကြိုးစားနေပုံရ၏။


အတော်လေးကြာအောင် ဆွဲထုတ် နေပြီးဖြစ်သော်လည်း သူမည်မျှပင်ဆွဲထုတ်နေစေကာမူ ဓားက နည်းနည်းလေးပင် မလှုပ်လာဘဲ အဆုံးတွင် ကျိန်ဆဲမိရင်းက သူ့မျက်နှာမှာ တဖြည်းဖြည်း ကြည့်ရဆိုးလာတော့သည်။


သူ၏ဇာတိမှာ ကျေးလက်မှဖြစ်ပြီး မကြာသေးမီနှစ်များအတွင်းမှသာ ကုမိသားစုထံ ပြန်လည်ရောက်ရှိခဲ့ခြင်းကြောင့် လမ်းများပေါ်တွင် သူကြားခဲ့ရသော ဆဲရေးသည့်စကားများနှင့် အခြားဆက်စပ်စကားလုံးများကဲ့သို့သော ပါးနပ်သည့်ကျိန်ဆဲစကားများကို အလိုလိုတတ်မြောက်နေပြီးသားဖြစ်၏။


ထိုစကားလုံးများက ဖူဟွားရဲ့ မျက်လုံးတွေကို ဝိုင်းစက်သွားစေသည်။ သူမတစ်သက်လုံးနီးပါး ဤသို့သော ပြောင်ပြောင်တင်းတင်း ကျိန်ဆဲတာမျိုး တစ်ခါမှ မကြားခဲ့ဘူးချေ။


သို့သော် ဓားကမူ မတုန်မလှုပ်ဖြစ်နေဆဲသာ။ ဤသည်က ကုဖေးယွီကို ဒေသတကြီး ခြေဆောင့်နင်းမိသွားသည်အထိ ဖြစ်စေခဲ့သည်။ နောက်ဆုံးတော့ လင်းပျန့်ယွီခမျာ ရပ်ကြည့်မနေနိုင်တော့ပေ။ 


ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် သူသည် ဓားသွားကို ဆုပ်ကိုင်လိုက်ပြီး ဒီဟာသလုပ်‌နေသည့်ပြဇာတ်ကို တစ်ခါတည်းအဆုံးသတ်လိုက်ချင်သည်။


ကုဖေးယွီက သူ့ကို မတားသည့်အပြင် အော်ဟစ်ငိုကြွေးလိုဟန်ဖြင့် ဘေးနားတွင် ရပ်၍ ပွစိပွစိပြောတော့၏။


"ဒါက အဓိပ္ပာယ်မရှိဘူး... အား.... ငါ မင်းကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့တာကို မင်းက‌တော့ တစ်ချက်လေးကြည့်ရုံနဲ့ သူ့ကို သဘောကျသွားခဲ့တယ် မင်း... မင်း... မင်းက ဓားတစ်ထောင်ရဲ့သိက္ခာကိုချပစ်တဲ့ကောင်ပဲ..."


လင်းရုဖေးက ဘီးတပ်ကုလားထိုင်မှာ ထိုင်နေဆဲဖြစ်ပြီး သူ့လက်ထဲရှိ မတ်ပဲကိတ်အားလုံးနီးပါးမှာလည်း ကြေမွနေပြီဖြစ်သည်။ အောက်ပြန်ချဖို့ကလည်း မကောင်းသလို စားပစ်ရန်လည်း မသင့်‌ပေ။


  


လင်းပျန့်ယွီသည် ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီးနောက် အတွင်းအားကို ထုတ်ယူ၍ ဆွဲထုတ်လိုက်ပြီးနောက် သူ့မျက်နှာမှာ ပိုပို၍ မှုန်ကုပ်လာတော့သည်။


သူသည် ကျင့်ကြံရေးတွင် အဋ္ဌမအဆင့်တွင်ရှိပြီး တောင်များကို ရွေ့လျားနိုင်သည်အထိ စွမ်းအားရှိနေပြီဖြစ်သော်လည်း သူ၏လက်ထဲက သာမာန်ဓားဟုထင်ရသော ဤဓားသည် မတုန်မလှုပ်ဖြစ်နေပေသည်။ တောင်ပေါင်းတစ်ထောင်၏ ဟိုး အတွင်းပိုင်းထဲ၌ ပုန်းကွယ်နေသကဲ့သို့ပင်။


"ငါ မဆွဲနိုင်ဘူး ဆွဲထုတ်လို့မရဘူး"


ကုဖေးယွီသည် လင်းပျန့်ယွီ၏ရလဒ်အပေါ် သိပ်မအံ့သြချေ။ သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ရှည်လျားပြီး မည်းမှောင်နေသည့် ဆံပင်တွေကို ဆောင့်ဆွဲလိုက်မိ၏။


"လူတွေက အသစ်လောက်မကောင်းသလို အဝတ်အစားကလည်း အသစ်လောက်မကောင်းဘူးပဲ အာ..."


ထို့နောက် သူသည် ခေါင်းကိုမော့ကာ လင်းရုဖေးအား တောင်းပန်လိုက်သည်။


"တတိယသခင်လေးလင်း... အမျိုးကောင်းသားတွေက တခြားသူတွေရဲ့ ချစ်ခြင်းမေတ္တာကို မလုယက်ဘူးဆိုတဲ့စကားရှိတယ် ဒါကြောင့် ဒီအကြံကို စွန့်လွှတ်ပေးဖို့ ကျေးဇူးပြုပြီး ကူညီပြောပေးပါနော်"


လင်းရုဖေးတစ်ယောက် သက်ပြင်းအသာချလိုက်မိသည်။ အဆုံးတွင် သူသည် သူ့လက်ထဲမှ မတ်ပဲကိတ်ကို ချလိုက်ပြီး ညင်သာဖြင့်စွာပြောလိုက်သည်။


"သခင်‌လေးကု... ကျွန်တော် မကူညီချင်လို့ မဟုတ်ပါဘူး ကျွန်တော်က မွေးကတည်းက အားနည်းတဲ့အပြင် တစ်ခါမှလည်းဓား‌သိုင်းမကျင့်ဖူးပါဘူး ကျွန်တော့်ဒုတိယအစ်ကိုတောင် ဒီဓားကို ဆွဲမထုတ်နိုင်တာ ကျွန်တော်သာဆိုရင် ဘာအကူအညီအများကြီးကိုမှမပေးနိုင်မှာ စိုးရိမ်မိတယ်ရယ်" 


"တတိယသခင်လေးလင်း ကျွန်တော့်ကိုမနောက်ပါနဲ့"


ကုဖေးယွီက စိတ်ပျက်လက်ပျက် ရှင်းပြသည်။ 


"မင်း ဘယ်တုန်းကမှ ဓားသိုင်းမလေ့ကျင့်ဖူးဘူးဆိုရင် သူက မင်းကို ဘယ်လိုလုပ် သဘောကျသွားနိုင်မှာတဲ့လဲ"


လင်းရုဖေးသည် ထိုစကားကိုကြားသောအချိန်တွင် ဓားနှင့်နပန်းသတ်နေဆဲဖြစ်သော ဒုတိယအစ်ကိုဖြစ်သူကို ကြည့်မိလိုက်သည်။ သူသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် နောက်ဆုံးတွင် မတ်တပ်ထရပ်လိုက်သည်။


"ကောင်းပြီ ဒါဆို ကျွန်တော် ကြိုးစားပြီး စမ်းကြည့်ပေးပါ့မယ်"


လင်းပျန့်ယွီသည် လင်းရုဖေး၏အသံကိုကြားပြီးနောက် မျက်နှာပျက်သွားသည်။ သူစကားပြောခါနီးတွင် လင်းရုဖေးက ဦးစွာပြောလိုက်သည်။


"ဒုတိယအစ်ကို သခင်လေးကုက ဒါကို တောင်းဆိုတာဆိုတော့ ကျွန်တော် တစ်ခါလောက် ကြိုးစားကြည့်ပါ့မယ် သူ့အချစ်တွေကို စွန့်လွှတ်ခိုင်းလိုက်တာက ပိုကောင်းပါတယ်"


လင်းပျန့်ယွီသည် မျက်မှောင်ကြုတ်ကာ လင်းရုဖေး၏ ပြတ်သားသောအကြည့်နှင့် ၀မ်းနည်းပုံမပေါ်သည့်မျက်နှာတို့ကို သတိပြုမိပြီးနောက် နောက်ဆုံးတွင် လွှတ်ထားပေးလိုက်သည်။


"ဒါဆိုလည်း ကြိုးစားကြည့်"


**


ကန့်လန့်ကာ လှုပ်ခတ်သွားသည့်အခါ ပွဲကြည့်စင်သည် နွေဦးလေပြေကို အတွင်းသို့ သယ်ဆောင်လာသည်။ လင်းရုဖေးတစ်ယောက် ဖြည်းညှင်းစွာထရပ်လိုက်ချိန်တွင် ချက်ချင်းဆိုသလိုပင် သူ၏ နဂိုက သပ်ရပ်စွာစည်း‌နှောင်ထားသော အနက်ရောင်ဆံပင်များသည် လေထဲ၌လွင့်ပျံသွား၏။


ကျုံးဖုန့်က တုန်လှုပ်နေဆဲဖြစ်ပြီး လင်းရုဖေး နီးကပ်လာသည်နှင့်အမျှ သူဟာ ပို၍တုန်လှုပ်‌လာပြီး မြေပြင်မှ ပျံတက်ကာ လင်းရုဖေး၏အဝတ်ထောင့်စွန်းလေးကို ပွတ်သပ်ချင်နေသလိုမျိုး စိတ်လှုပ်ရှားနေပုံရသည်။


လင်းရုဖေးသည် အကြိမ်အနည်းငယ်ခန့် အားနည်းလှစွာ ချောင်းဆိုးလိုက်ပြီးနောက် မြေခွေးသားမွေးခြုံလွှာကို နေရာချထားရန် သူ့လက်ကို မြှောက်လိုက်သည်။


နောက်ဆုံးတွင် သူသည် ရှည်လျားကာ ဖြူဖျော့နေသည့်လက်ကို ဆန့်ထုတ်လိုက်ပြီး ကျုံးဖုန့်၏ဓားရိုးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။


ဘေးတွင်ရပ်နေသော ကုဖေးယွီသည် အေးစက်သောလေကို ရှုရှိုက်လိုက်မိသည်။ သူသည် တစ်ချိန်က မလှုပ်မယှက်ဖြင့်ဆွဲထုတ်ရခက်သော ကျုံးဖုန့်ကို ကြမ်းပြင်မှ အလွယ်တကူ ဆွဲထုတ်လိုက်ပုံကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေမိသည်။


တောင်ထက် ပိုလေးသည်ဟု ယူဆရသည့် ဓားသည် လင်းရုဖေး၏လက်ထဲတွင် ကျွတ်ကျလာသော ငှက်မွေးလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ လေထုအလယ်တွင် ဖြည်းညှင်းစွာ ကွေးညွတ်သွားခဲ့သည်။


အခန်းတွင်းရှိ လူအများအပြားသည် ဤမြင်ကွင်းကို မမျှော်လင့်ထားသည့်အပြင် လင်းရုဖေးကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားသည့် အမူအရာကို ပြသလာ၏။


ကုဖေးယွီသည် ချက်ချင်းပင် မျက်ရည်များကျစင်းလာကာ မြေပြင်ပေါ်တွင် လူးလိမ့်အော်ဟစ်ငိုကျွေးလုနီးပါး ဖြစ်နေပြီဖြစ်သည်။


"တတိယသခင်လေးလင်း... မင်းက ငါ့ကို တကယ်လှည့်စားခဲ့တာပဲ..."


လင်းပျန့်ယွီသည် ရှုပ်ထွေးသောအမူအရာဖြင့်ရှိနေသည်။ သူသည် လင်းရုဖေးအား တစ်ခုခုပြောချင်နေပုံရသော်လည်း သူ့စကားများကို ပြန်မျိုချလိုက်သည်။


အားနည်းကာထိခိုက်လွယ်သော လင်းရုဖေး၏ဘေးတွင် ကျုံးဖုန့်၏ လေးလံထက်ရှသော အနက်ရောင်ဓားကိုယ်ထည်ကြီးရှိ‌နေသည်မှာ အမှန်တကယ်ပင် မလိုက်ဖက်နေပေ။


လင်းရုဖေး၏ ဓားကိုင်ထားသော ကိုယ်ဟန်အနေအထားသည် မီးလောင်နေသောတုတ်ချောင်းရှည်ကို ကိုင်ဆောင်ထားသည့် အားနည်းသော ပညာရှင်တစ်ယောက်နှင့်တူလှသည်။


သူ၏ချောမောသောမျက်နှာပေါ်တွင်ဖြင့် အပြစ်ကင်းစင်သောအကြည့်မျိုးရှိနေသည်။


ထိုမြင်ကွင်းက ကုဖေးယွီကို ပိုပြီးအော်ငိုချင်မိသွားစေသည်။


"သခင်လေးကု..."


လင်းရုဖေးက အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဓားကို ကုဖေးယွီထံလွှဲပြောင်းပေးလိုက်သည်။


ကုဖေးယွီက ဤသည်ကိုမြင်လိုက်ချိန်တွင် ၎င်းကိုယူရန် လျင်မြန်စွာ လှမ်းဆွဲလိုက်သော်လည်း ဓားသည် သူ့လက်ထဲရောက်သည်နှင့် ပြန်လျှောကျသွားကာ မြေပြင်ပေါ်၌ နောက်ထပ်အပေါက်ကြီးတစ်ခု ဖြစ်လာစေလိမ့်မည်ဟု မည်သူကသိမည်တဲ့နည်း။


ကုဖေးယွီ အားမည်မျှပင်သုံးကာ ဆွဲထုတ်နေစေ ဓားကမူ တုတ်တုတ်ပင်မလှုပ် ငြိမ်သက်နေပေ၏။


"ငါသေပြီ ငါသေပြီ... ကျုံးဖုန့်... မင်း... အကြင်နာကင်းမဲ့တဲ့ ‌ငုံးမသားလေး" 


ကုဖေးယွီသည် ကြမ်းပြင်ပေါ် သို့တင်ပါးဖြင့်ထိုင်ချလိုက်ပြီး ကျုံးဖုန်းကို 'တိတ်တိတ်ပုန်းချစ်သူထံမှ ပြန်လာသော သူ့ဇနီးကို ပွေ့ဖက်ထားသကဲ့သို့' ပွေ့ဖက်ထားလေသည်။


လင်းရုဖေးသည် ကူကယ်ရာမဲ့နေပြီး တစ်စုံတစ်ဦးရဲ့ဇနီးဖြင့် တိတ်တိတ်ပုန်းပုန်းချိန်းတွေ့နေမိသလို ခံစားလိုက်ရ၏။


လေထုသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ကုဖေးယွီ၏ ငိုသံကိုသာ ကြားနေရပေသည်။ လင်းပျန့်ယွီက ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။


"တခြားနည်းလမ်း မရှိတော့ဘူးလား"


ကုဖေးယွီက သူ့မျက်ရည်တွေကို သုတ်ပစ်လိုက်သည်။


"အင်း...တစ်ခုတော့ ရှိတယ်"


"ဘာနည်းလမ်းလဲ"လင်းပျန့်ယွီ မေးသည်။


"ငါ တတိယသခင်လေးလင်းကို ဒုက္ခပေးမိပါပြီ"


ကုဖေးယွီ ဆက်ပြောသည်။


"မင်းက သူ့ကိုမချစ်သလို သူ့အချစ်တွေက မင်းအတွက်အကျိုးမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြ‌ပေးဖို့ပဲ တောင်းဆိုရတော့မယ်"


လင်းရုဖေး : "……"


လင်းပျန့်ယွီ : "……"


ကုဖေးယွီ၏ သမားရိုးကျမဟုတ်သော စကားများကြောင့် သူတို့အားလုံး ဆွံ့အသွားကြသည်။


နောက်ဆုံးတွင် အလွန်ထူးဆန်းသောအမူအရာဖြင့် ဦးစွာတုံ့ပြန်လာသူက ဖူဟွားဖြစ်သည်။


"ကျွန်မရဲ့သခင်လေးက ဒီစကားတွေ သူ့ကိုပြောရင်တောင် အသုံးဝင်မှာတဲ့လား"


"ငါလည်းသေချာမသိဘူး ငါ့ရဲ့ဘိုးဘေးတွေ ပြောခဲ့တာပဲ"


ကုဖေးယွီသည် မြေပေါ်တွင် ဆက်ထိုင်နေကာ သူ့ပုံကြည့်ရသည်မှာ ထဖို့ ရည်ရွယ်ချက်မရှိသည့်နှယ်။


"ငါ့ဘိုးဘေးက ဒီဓားကို ပေးတုန်းက သူငယ်ပြန်လုနီးနီးဖြစ်နေပြီ ဒီတော့ သူအဓိပ္ပာယ်မရှိတာ‌တွေ ပြောတာလား မပြောတာလားတော့ ငါလည်းသေချာမသိဘူး" 


သူကပြောရင်းဆိုရင်းဖြင့် ကြမ်းပြင်ပေါ်တွင် လုံးလုံးလျားလျား လှဲချကာ ရေရွတ်လိုက်သည်။


"ဒါပေမယ့် ဒါက တတိယသခင်လေးလင်းရဲ့ ကံကြမ္မာပဲ"


သူက သူ့မျက်နှာကို ဘေးတိုက်လှည့်လိုက်ပြီး လင်းရုဖေးကို စိုးရိမ်တကြီးကြည့်လာသည်။


"တတိယသခင်လေးလင်း...မင်းကျုံးဖုန့်ကိုသုံးပြီး တစ်ချက်လောက်လွှဲယမ်းပေးလို့ရမလား ဒါဆို ငါ လုံးဝလက်လျှော့လိုက်နိုင်မလားပဲ"


လင်းရုဖေးသည် လင်းပျန့်ယွီကိုကြည့်ကာ သူ့ထင်မြင်ချက်ကို တောင်းခံလိုက်သည်။ လင်းပျန့်ယွီက အနည်းငယ် ခေါင်းညိတ်ပြလာသည်။


"ကြိုးစားကြည့်ရုံနဲ့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"


လင်းရုဖေး၏ခန္ဓာကိုယ်တွင် မည်သည့်ကျင့်ကြံမှုမျှ မရှိပေ။ ဓားကိုဆွဲနှုတ်နိုင်ခြင်းသည် ကံကောင်းမှု‌ကြောင့်ဟု ယူဆနိုင်သော်လည်း ကျုံးဖုန်းကို အမှန်တကယ် လွှဲယမ်းနိုင်ခဲ့လျှင်မူ "ကံကောင်းတာ" ဟူသောစကားဖြင့် အလွယ်တကူ ရှင်းပြနိုင်တော့မည် မဟုတ်ချေ။


လင်းရုဖေး လက်လှမ်းကာ ကျုံးဖုန်း၏ဓားရိုးကို နောက်တစ်ကြိမ်ဆုပ်ကိုင်လိုက်ပြန်သည်။ အရင်ကလိုပင် သူများလက်ထဲတွင် လေးလံနေခဲ့သည့်ဓားက လင်းရုဖေးဆွဲထုတ်လိုက်ချိန်၌ အားသိပ်သုံးစရာမလိုလိုက်ဘဲ အစိမ်းရောင်ကျောက်တုံးကြမ်းပြင်ကနေ ပေါ့ပါးစွာဆွဲထုတ်လိုက်နိုင်သည်။ 


လူအုပ်ကြီး၏ မျက်လုံးများ အားလုံးသည် သူ့အပေါ်သို့ ရောက်သွားကြပြီး မကြာမီတွင် လင်းရုဖေးရဲ့ လည်ချောင်းထဲတွင် တဆတ်ဆတ်တုန်လာပြန်သည်။


ဤအချိန်၌ သူသည် မထိန်းထားနိုင်တော့သဖြင့် ဆက်တိုက်ချောင်းဆိုးလိုက်ရာ ပါးပြင်လေးက အနီဖျော့ဖျော့သမ်းလာတော့သည်။


လင်းပျန့်ယွီက ဤသည်ကိုမြင်ပြီး တစ်ခုခုပြောခါနီးတွင် လင်းရုဖေးရဲ့လက်ထဲရှိ ဓားလေးက အပြင်ဘက်ဆီသို့ လွှဲယမ်းခုတ်ပစ်လိုက်ချေပြီ။


ကုဖေးယွီအသက်ရှုကြပ်မတတ် စောင့်ဆိုင်းနေပေမယ့် ကျုံးဖုန်း ကတော့ တည်ငြိမ်စွာဖြင့်လဲလျောင်းနေဆဲပင်။


တိတ်ဆိတ်နေမှုကြီးက နားရွက်ကိုအုပ်ထားလျှင်ပင် အပြင်ဘက်မှ လေသံကိုပင် ကြားနိုင်နေပေသည်။ ဘာထူးခြားဖြစ်စဥ်မှ ဖြစ်မလာ‌ချေ။


ကုဖေးယွီသည် ကျေးဇူးတင်သွားမိပေမယ့် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသွား၏။


ရှေးဘိုးဘေးက ကျုံးဖုန့်ကို ကုဖေးယွီထံ လွှဲပြောင်းပေးတဲ့အချိန်တုန်းက ကျုံးဖုန့်၌ ဖန်ဆင်းခြင်းရဲ့ စွမ်းအားတွေ ရှိသည်ဟု သူ့ကို ပြောခဲ့သည်။ 


တောင်တွေကို ဖြတ်ပြီး ယင်နှင့်ယန်ကိုပိုင်းခြားနိုင်သည်။ သို့တိုင် ကျုံးဖုန့်ထံမှ အသိအမှတ်ပြုခံရသော ပထမဆုံးလူက ဓားကိုလွှဲလိုက်ချိန်တွင် ဘာမှဖြစ်မလာပေ။


ကုဖေးယွီဘာတွေတွေးနေလဲ လင်းရုဖေး မသိပေ၊ ထို့အစား သူက မျက်လုံးကို ငုံ့ပြီး လက်ထဲက ဓားရှည်ကြီးကို စိုက်ကြည့်လိုက်သည်။


သူ ဓားကိုင်ခဲ့သည့် နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ရဲ့ ဆယ်နှစ်ပြည့် မွေးနေ့ပွဲညမှာဖြစ်သည်။


ထိုအမှတ်တရကို သူအမြဲတမ်းသတိရနေပသည်။ သာယာသောညတစ်ညဖြစ်သဖြင့် သူနှင့်သူ၏ဒုတိယအစ်ကိုတို့ ခွန်းလွန်တောင်ပေါ်ရှိ အမြင့်ဆုံးထင်းရှူးပင်ပေါ်တွင် ထိုင်နေကြလေသည်။ သူက နှုတ်ခမ်းစူပြီး ထျန်းရှောင်ကို ထိခွင့်ပေးဖို့ သူ့ဒုတိယအစ်ကိုကို တောင်းဆိုခဲ့၏။


လင်းပျန့်ယွီက လင်းရုဖေးကို အလိုအလိုက်ဆုံးသူမို့ သူ့ညီလေးရဲ့တောင်းဆိုမှုကို ဘယ်တောင့်ခံနိုင်ပါမည်တဲ့လဲ။ ထို့ကြောင့် သူသည် လင်းရုဖေးကို သူ့ဓားအား ပေးလိုက်သည်။ လင်းရုဖေးကလည်း ဝမ်းမြောက်စွာဖြင့် လက်ခံလိုက်သည်။


သို့သော် ထျန်းရှောင်သည် သူ့လက်ထဲတွင် ရှိနေသည့်အခိုက် ပေါင်တစ်ထောင်ခန့် လေးလံသည်ဟု ခံစားလိုက်ရသည်။ သူသည် မြဲမြဲကိုင်ထားရန် မတတ်နိုင်သဖြင့် သစ်ပင်ပေါ်မှ ပြုတ်ကျသွားတော့သည်။


ကံကောင်းစွာဖြင့် လင်းပျန့်ယွီက သူ့ကို အချိန်မီ ကယ်တင်လိုက်နိုင်သည့်တိုင် သူ (လင်းပျန့်ယွီ)က သူ့ခေါင်းတစ်ခုလုံး အေးစက်နေသည့် ချွေးအလွှာတွေဖြင့် ဖုံးလွှမ်းသွားတဲ့အထိ ကြောက်လန့်နေခဲ့သည်။


"ဓားကပိုကောင်းလေ ပိုလေးလေပဲ"


နောက်တော့ လင်းရုဖေး၏အမေကပြောလာသည်။


"ရှောင်ကျို့... အခုကစပြီး ဓားတွေကို မထိရတော့ဘူး ကြားလား"


 


"ဟုတ်ကဲ့"


လင်းရုဖေးသည် သူ့အတိတ်ကို ပြန်ပြောင်းသတိရမိသည်။ သူသည် အပေါ့ပါးဆုံးဓားများကိုသာ ကိုင်ဆောင်ထားနိုင်ပြီး စစ်မှန်သောဓားသမားတစ်ဦး၏အမြင်တွင် ခွန်းလွန်တောင်ပေါ်ရှိ အပေါ့ပါးဆုံးဓားမှာ ကလေးကစားစရာအဖြစ် အသုံးပြုရန်ပင် မထိုက်ထိုက်တန်ချေ။


"ငါက ဓားသမားမဟုတ်ဘူး"


ဖြူဖျော့ပြီး ချောမောသော လူငယ်လေးက သူ့လက်ထဲမှ ဓားရှည်ကြီးကို စိုက်ကြည့်နေကာ ချစ်သူကိုတီးတိုးပြောနေသကဲ့သို့ သူ့အသံက နူးညံ့နေ၏။


"ငါက…မင်းအတွက် မသင့်တော်ဘူး"


ကျုံးဖုန့်က အလွန်အမင်းတုန်ခါလာသည်။


"ကြည့်လိုက်...သူ မင်းကို စောင့်နေတာအတော်ကြာပြီ"


Xxxx