အပိုင်း ၁၁
Viewers 15k

Chapter 11


ပထမဆုံးမြင်ကွင်း။


လူငယ်လေးသည် ဓားသွားကို ပွတ်သပ်ကာ ကျုံးဖုန့်ကို ငြိမ်သက်စေလိုက်သည်။ ဖြူဖွေးသွယ်လျသော လက်ချောင်းများက အနက်ရောင်ဓါးတစ်လက်ကို တစ်လက်မချင်း ထိတွေ့နေသောအချိန်တွင် ထူးထူးခြားခြား အလှတရားတစ်ခု ဖြစ်ပေါ်လာစေ၏။


ဤမြင်ကွင်းကိုကြည့်နေသော ကုဖေးယွီသည် ရုတ်တရက်ဆိုသလို သူ့ပါးပြင်လေးက နီရဲလာပြီး ထိတ်လန့်တကြားဖြင့် အကြည့်ကို အမြန်လွှဲလိုက်ရသည်။


"မင်းငါနဲ့လိုက်လာရင် သူအရမ်းဝမ်းနည်းနေလိမ့်မယ်"


လင်းရုဖေးက နွေးထွေးသော အသံဖြင့် ဆိုသည်။ ကုဖေးယွီမှ သူ့အား ယခင်ကပြောခဲ့ဖူးသောစကားများက နားမလည်နိုင်လောက်အောင် ရှုပ်ထွေးသည်ဟု သူခံစားခဲ့ရသော်လည်း ယခုအချိန်တွင် ကျုံးဖုန့်သည် သူ့စကားများကို နားလည်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။


"ငါ့ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ မင်းကို အသုံးချဖို့ နည်းလမ်းမရှိဘူး မင်းငါနဲ့ လိုက်ခဲ့မယ်ဆိုရင် မင်းအတွက် အရမ်းနစ်နာလိမ့်မယ်"


သူ အသာရယ်မောလိုက်ပြီး သာမန်လူထက် ဖျော့တော့သော သူ့မျက်၀န်းများက အနည်းငယ် ကွေးညွှတ်သွားသည်။ 


"ငါ့ကို သဘောကျတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းကငါ့ကို သဘောကျပေးတဲ့ ပထမဆုံးဓားပဲ......"


လင်းရုဖေးသည် ထိုစကားကိုပြောရင်း သူ့လက်‌မောင်းများကိုဖွင့်ကာ ကျုံးဖုန့်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။


"ငါအရမ်းပျော်တယ်"


ကျုံးဖုန့်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ လင်းရုဖေး၏ စကားများကို နားလည်သွားပုံရပြီး သူ၏ အော်သံများမှာလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားသည်။


ကုဖေးယွီသည် အနားမှာ ရပ်‌နေပြီး သစ်သီးယိုတုတ်ထိုးကို စောင့်နေသည့် ကလေးလေးတစ်ယောက်လို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်။ လင်းရုဖေးက သူ့ကိုကြည့်ဖို့ ခေါင်းကိုလှည့်ပြီး မျက်တောင်ခတ်လိုက်၏။


"အခုအဆင်ပြေသွားပြီလား"


"ကျွန်တော်မသိဘူး"


ကုဖေးယွီက တံတွေးမျိုချကာ အသက်ပြင်းပြင်းရှိုက်လိုက်သည်။


"ကလေး ငါနဲ့ ပြန်လိုက်ခဲ့ပါ နောက်ကျရင် ငါမင်းကို အပြစ်မတင် မဆဲဆူတော့ဘူးလို့ ကတိပေးတယ် ငါ့ဇနီးကို ငါဆက်ဆံတာထက် မင်းကို ပိုကောင်းအောင် ဆက်ဆံပေးပါ့မယ်"


ဤသို့ပြောပြီးနောက် ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်မဲ့သည့် စကားတွေကို ပါးစပ်မှနေ ဗလွတ်ရွတ်တွတ်နိုင်စွာ ဆက်တိုက်ရေရွတ်တော့၏။


လင်းပျန့်ယွီ၏ နဖူးကြောတွေတွန့်ရှုံ့လာတာကိုမြင်မှသာ ကုဖေးယွီခမျာ စိုးရိမ်တကြီးဖြင့် သူ့လက်ကို အမြန်ဆန့်ထုတ်လိုက်တော့သည်။ လင်းရုဖေးက ဓားရိုးကို သူ့ဆီကမ်းပေးလိုက်သည့်အခါ တုန်တုန်ယင်ယင်နှင့် လေးစားမှုအပြည့်ဖြင်လှမ်းယူလိုက်သည်။


လင်းရုဖေးက သူ့လက်ကို လွှတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ကျုံးဖုန့်က မြေပြင်ပေါ်သို့ထပ်မံထိုးမကျသွားတော့ချေ။


ကုဖေးယွီသည် ကျုံးဖုန့်ကို ပွေ့ဖက်ပြီး ဝမ်းသာအားရ ငိုတော့သည်။ ပွဲကြည့်နေသူ သုံးဦးမှာလည်း သက်သာရာရသွားကြသည်။


လင်းရုဖေးသည် ထပ်ပြီးချောင်းဆိုးတာကို မထိန်းထားနိုင်တော့ပေ။ ဖူဟွားကို သူလှည့်ကြည့်လိုက်ရာ သူမက ဘီးတပ်ကုလားထိုင်ကို အမြန်တွန်းလာလိုက်ပြီး လင်းရုဖေးကို ထိုင်ခိုင်းလိုက်သည်။


"ဒီနေ့တော့ မင်းနဲ့မတိုက်နိုင်တော့ဘူးထင်တယ် နောက်တစ်ခါမှပေါ့"


လင်းပျန့်ယွီက အေးဆေးတည်ငြိမ်စွာပြောသည်။


"ငါ့ညီလေးက နေသိပ်မကောင်းတော့ သူ့ကို အရင်ပြန်ပို့ပေးလိုက်ဦးမယ်"


လင်းပျန့်ယွီက လင်းရုဖေးကို တွန်းထုတ်လာပြီး အတွေးပျံ့နေဆဲဖြစ်သော ကုဖေးယွီက ကျုံးဖုန့်ကို ပွေ့ဖက်ထားပေ၏။


ဓားသိုင်းပြိုင်ပွဲကို ကြည့်ရှုရန်ရောက်နေသည့် ပရိသတ်များသည်လည်း တဖြည်းဖြည်း လူစုကွဲပြန့်ကျဲသွားကာ အရာအားလုံးက တဖန် တည်ငြိမ်အေးချမ်းသော ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည်။


သို့သော် ထိုအချိန်တွင် ကောင်းကင်ကြီး၌ ရုတ်တရက် ကျယ်လောင်သော အသံတစ်ခုနှင့် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများ ကြားနေရပြီး မသိပါလျှင် မီလီယံနှင့်ချီသော ဒီရေလှိုင်းများက အဆက်မပြတ် အဝေးမှ ထိုနေရာသို့ ချီတက်လာသကဲ့သို့ပင်။


ကုဖေးယွီသည် နေ့အလင်းရောင်ထိန်ထိန်လင်းလင်းတွင် ထွက်ပေါ်လာသော လျှပ်စီးနှင့် မိုးခြိမ်းသံကိုကြားလိုက်ချိန်သည့်အခါ အသံလာရာဆီသို့ လှမ်းကြည့်လိုက်ချိန်တွင် ရုတ်တရက် သူ့မျက်လုံးများက ခွန်းလွန်တောင်၏ မြောက်ဘက်ရှိ တောင်ထွတ်ကြီးမှာ တစ်ဝက်တစ်ပျက် ပြိုကျသွားသည်ကို မြင်တွေ့လိုက်ရ၏။


သူစစချင်း ထိတ်လန့်တုန်လှုပ်သွားပေမယ့် ရုတ်တရက် အသိတရားဝင်လာချိန်တွင် သူ့ နှလုံးသားလေးတစ်ခုလုံးက ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ထိုမြောက်ဘက်အခြမ်းရှိတောင်ထွတ်သည် လင်းရူဖေး ဓားနှင့်လွှဲချလိုက်သော လမ်းကြောင်းနှင့်ထပ်တူကျနေပေ၏။


.........


လင်းရုဖေးက စတင်၍ ချောင်း ဆက်တိုက်ဆိုးနေတော့သည်။ 


ဤတစ်ကြိမ်တွင် ဆေးသောက်တာတောင် မသက်သာတော့ပေ။ လည်ချောင်းထဲမှ တရွရွယားယံမှုများက လျှံထွက်ချင်နေပြီဖြစ်ပြီး ထိုအရာကပဲ ပိန်ပါးသည့် သူ့ပုခုံးသားများကို တားမရဆီးမရ တုန်ယင်နေစေ၏။


လင်းပျန့်ယွီက ကုတင်အစွန်းမှာထိုင်၍ သူ့ရဲ့ အားနည်းပြီး နာမကျန်းဖြစ်နေသောညီလေးအား ကြည့်နေသည်။ သူက အစေခံယွီရွေ့အား ဆေးခန်းမကိုသွား၍ ပန်းပွင့်မှရတဲ့နှင်းစက်ရည်အချို့ယူခဲ့ဖို့ မှာကြားလိုက်သည်။


ပန်းနှင်းစက်ရည်တွေက သူ့ရဲ့ ချောင်းဆိုးဝေဒနာအတွက် ဆေးကောင်းတစ်လက်ဖြစ်ပေမယ့် အစာအိမ်ကို အလွယ်တကူထိခိုက်စေနိုင်သောကြောင့် အရမ်းအရေးမကြီးဘူးဆိုလျှင် လင်းရုဖေးအတွက် အသုံးပြုလေ့မရှိပေ။


သို့သော်လည်း ယနေ့တွင် ထိုဆေးကို မသုံးလို့မဖြစ်တော့ပေ။ လင်းရုဖေး၏ လည်ချောင်းသည် ငါးညှီနံ့နှင့် ခပ်ချိုချိုအရသာကို ရနေသည်။ အပေါ်သို့ ဆန်တက်လာသည့် သံချေးတက် အရသာအား ပြင်းပြင်းထန်ထန် ဖိနှိပ်ချလိုက်ချင်ပေမယ့် မအောင်မြင်ခဲ့ချေ။ ပိုးသားနှင့်လုပ်ထားသည့် လက်ကိုင်ပဝါဖြင့်သာ ပြင်းထန်စွာတုန်ယင်နေသောပုခုံးများဖြင့် သူ့ပါးစပ်ကိုကာလိုက်ရ၏။


လင်းရုဖေးသည် နောက်ဆုံးတွင် အသက်ရှူအနည်းငယ်ချောင်သွားပြီဖြစ်တာကြောင့် ပိုးသားလက်ကိုင်ပဝါအား ပြန်လိပ်လိုက်ကာ ဖွက်ထားဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း လင်းပျန့်ယွီက လွယ်လွယ်နဲ့အရူးလုပ်မခံပေ။ လက်ကိုဆန့်ထုတ်၍ ပိုးသားလက်ကိုင်ပဝါအား ဆွဲလု၍ကြည့်လိုက်သည့်အခါ ထိုအပေါ်တွင် စွန်းထင်းနေသည့် နီညိုရောင်အကွက်များအားတွေ့လိုက်ရသည်။


ထိုအချင်းအရာတွေကိုတွေ့လိုက်ရသည်နှင့်တပြိုင်နက် လင်းပျန့်ယွီက သူ့နှုတ်ခမ်းအား စုဝိုင်းမိလိုက်ပြီး မျက်လုံးများက ချက်ချင်းပင်နက်မှောင်သွားတော့သည်။


လင်းရုဖေးက တစ်ခုခုကိုစကားဆိုချင်ပေမယ့် လင်းပျန့်ယွီက တိတ်တဆိတ်နေဖို့ လက်ဟန်ခြေဟန်ဖြင့်လုပ်ပြလိုက်ပြီး သူစကားပြောစရာမလိုကြောင်း ညွှန်းဆိုကာပြောလိုက်သည်။ လင်းရုဖေးက သူ့အစ်ကိုဖြစ်သူ မပျော်ရွှင်နေမှန်းသေချာပေါက်သိသည်။ သူစိတ်မကြည်လျှင် အမြဲဒီလိုပုံစံဖြစ်နေတတ်၏။ 


သူ့ကို ချော့ချင်ပေမယ့် တကယ်တမ်းထွက်လာသည်က အမျှင်တန်းမပြတ်သည့်ချောင်းဆိုးသံများသာ။ အဆုံးတွင် ခါးသက်မှုအပြည့်ဖြင့် ပြုံးလိုက်နိုင်ရုံကလွဲပြီး သူဘာများလုပ်နိုင်ဦးမှာတဲ့လဲ။


ဖူဟွားက ဘာစကားမှမဆိုဘဲ ကုတင်ဘေးမှာ ရပ်ကြည့်နေသော်လည်း သူမမျက်နှာကတော့ ရွှင်ရွှင်ပျပျမရှိပေ။ 


ယွီရွေ့က ဆေးခန်းမကနေ ယူလာတဲ့ပန်းနှင်းစက်ရည်အားကိုင်လျက် လျင်မြန်စွာပြေး၀င်လာသည်။ 


လင်းရုဖေးက ပန်းနှင်းစက်ရည်ကိုသောက်လိုက်သည်။ ပန်းနှင်းစက်ရည်ကိုမြန်မြန်လေးသောက်ပြီးသည်နှင့် ရင်ဘတ်ထဲတွင် ညှင်သာတဲ့စီးဆင်းမှုတစ်ခုကိုခံစားလိုက်ရပြီး နောက်ဆုံးတွင် လည်ချောင်းထဲက ယားယံမှုများမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။


“ထွက်သွားလို့ရပြီ...သူအနားယူပါစေ” လင်းပျန့်ယွီက ထရပ်လိုက်သည်။


ဖူဟွားနဲ့ ယွီရွေ့က ခေါင်းညိတ်ပြလိုက်ပြီးနောက် အခန်းထဲမှထွက်သွားကြသည်။


လင်းပျန့်ယွီက သူမထွက်သွားခင် လင်းရုဖေးကို စောင်သေချာခြုံပေးခဲ့လိုက်သည်။


လင်းရုဖေးက အိပ်ရာပေါ်တွင်လဲလျောင်းနေသည်။ သူ့ပုံစံက အလွန်နာမကျန်းဖြစ်နေပုံရပြီး အနည်းငယ်မိန်းမောတွေဝေနေသည်။ သူက ဆူညံသံတစ်ခုကိုကြားနေရသော်လည်း စိတ်ကူးယဥ်အထင်သက်သက်လို့ခံစားနေရပြီး အစစ်မှန်မဟုတ်သလို ခံစားနေရသည်။


လင်းရုဖေးက ပြတင်းပေါက်ရှိရာသို့ အကြည့်ပို့လိုက်သည်။ ဖူဟွားက အထဲကို လေအေးတွေဝင်မှာစိုးသည့်အတွက် ပြတင်းပေါက်ကိုပိတ်ထားသဖြင့် အပြင် ခြံဝင်းကို မမြင်ရဘဲ နွေဦးရဲ့ရှုခင်းအရိပ်အယောင်၀ါး၀ါးကိုသာ မြင်နေရပေ၏။


သူ့ပုံစံက လှည်းသွားရာလမ်းကြောင်းမှာ ပိတ်မိနေတဲ့ အတောင်ကျိုးသည့် စာသူငယ်လေးကဲ့သို့ပင်။


လင်းရုဖေး သူ အချိန်မည်မျှကြာအောင် အိပ်မိသွားသည်မသိ၊ သူ့အခန်းထဲတွင် တစ်စုံတစ်ယောက်ရဲ့ ရွေ့လျားလှုပ်ရှားနေသံကိုကြားလိုက်ရသည့်အခါမှသာ နိုးတစ်၀က်အိပ်တစ်၀က်မျက်လုံးတွေကိုဖွင့်ကြည့်မိလိုက်သည်။ ထိုအခါ ဖူဟွားက ရေဇလုံသယ်ပြီး အခန်းထဲ ၀င်လာတာကို တွေ့လိုက်ရသည်။ သူမက သူ့နဖူးပေါ်က ချွေးများကို စိုးရိမ်ပူပန်မှအပြည့်ဖြင့် မျက်မှောင်ကြုတ်ပြီး ဂရုတစိုက်ဖယ်ရှားပေးနေသည်။ 


သူနိုးနေကြောင်းကို သူမ သတိထားမိသွားသဖြင့် သူမအားတင်းပြုံး၍ “သခင်လေး” ဟု ခေါ်လာသည်။


လင်းရုဖေးက မေးသည်။ “အခု ဘယ်အချိန်ရှိပြီလဲ” 


သူပါးစပ်ဟလိုက်ချိန်တွင် လင်းရုဖေး သူ့အသံက ကွဲအက်နေသည်ကိုသိရှိသွားသည်။ ဘာကြောင့်ဆို အပြင်းအထန်ချောင်းဆိုးခဲ့တာကြောင့် သူ့လည်ချောင်းတွင် ဒဏ်ကျန်နေခဲ့ခြင်းပင်။


“အခုက ၁၇နရီပါ [1]* ပါ သခင်လေး တစ်ခုခုစားချင်တာရှိလား” ဖူဟွားက ညင်သာစွာမေးလာသည်။


လင်းရုဖေးက ခေါင်းခါပြီးနောက် စကားဆိုလိုက်၏။ “ပြတင်းပေါက်ဖွင့်လိုက် အခန်းထဲမှာ နည်းနည်းမွန်းကျပ်နေတယ်”


“ဒါပေမယ့် ခဏနေရင် ညရောက်တော့မှာ.. ပြီးရင် လေပြင်တွေတိုက်လာတော့မှာလေ” ဟု ဖူဟွားက ဆက်၍ပြောသည်။


“သခင်လေးက အခုလောလောဆယ်ချောင်းမဆိုးတော့ဘူးဆိုပေမယ့် လေတိုက်ခံလိုက်ရင် ထပ်ဆိုးလာမှာစိုးရိမ်လို့ပါ” 


လင်းရုဖေးတစ်ယောက် အနည်းငယ်ငြီးငွေ့နေဟန်ဖြင့်ဆိုလိုက်သည်။


“ငါဘာမှမစားချင်ဘူး”


ပန်းနှင်းစက်ရည်အားသောက်ပြီးနောက် သူချောင်းဆိုးရပ်သွားပြီဖြစ်သော်လည်း အခုချိန်တွင် စားချင်စိတ် လုံးဝ ရှိမနေပေ။ အစားအသောက်အကြောင်းတွေးမိရုံဖြင့် သူ့အစာအိမ်ကပါအဆင်မပြေဖြစ်လာမိသည်။


ဖူဟွားက သူမရဲ့ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး အဆုံးတွင်မည်သည့်တိုက်တွန်းဆွဲဆောင်လိုသောစကားတစ်ခွန်းကိုမျှ မဆိုလာတော့ချေ။


လင်းရုဖေးက အချိန်အကြာကြီးအိပ်ပြီးသွားပြီဆိုပေမယ့် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသေးသည့်အတွက် သူတစ်ယောက်တည်းအနားယူချင်တဲ့အကြောင်းပြော၍ ဖူဟွားကို ထွက်သွားခိုင်းလိုက်သည်။


ဖူဟွားက ခေါင်းညိတ်ပြလာပြီး သူမ အခန်းထဲမှ ထွက်သွားသည်နှင့် အခန်းမှာ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြန်လေ၏။


လင်းရုဖေးက မျက်လွှာတစ်ဝက်ဖွင့်လျက် ခေါင်းအုံးပေါ်သို့ လှဲလျောင်းလိုက်သည်။ အိပ်ချင်စိတ်အလျဥ်းမရှိပေမယ့် သူ့ခန္ဓာကိုယ်တွင်မူ မည်သည့်အားအင်မှ ရှိမနေပေ။ လက်မြောက်ရန်ပင် အတော်လေးအားထုတ်နေရသည်။


နေဝင်တော့မည်ဖြစ်တာကြောင့် ပိတ်ထားသော ပြတင်းပေါက်ကနေတဆင့် တောက်ပသောအလင်းရောင်တွေနှင့်ရောယှက်နေသည့် နီညိုရောင်အမှုန်မွှားလေးတွေ မြေပြင်ထက်သို့ ဖြာကျနေခြင်းကို၀ိုးတိုး၀ါးတားမြင်နေရသည်။


[ T/N - တရုတ်ပြတင်းပေါက်တွေကိုမြင်ယောင်လိုက်ပါ စက္ကူလိုမျိုးနဲ့လုပ်ထားတာမို့လို့ အလင်းရောင်များရင်အနည်းအကျဥ်းတော့ဖောက်မြင်နေရတတ်ပါတယ် ]


လင်းရုဖေးရဲ့မျက်လုံးက ဖြည်းဖြည်းချင်းမှိတ်ကျသွားသည်။ သူ့အသက်ရှုနှုန်းက အနည်းငယ်နှေးကွေးနေပြီး သူ့မျက်လုံးကို အားပြန်ဖြည့်ရန်အတွက် မှိတ်ချလိုက်သည်။ သူသည် အိပ်မွေ့ချခံလိုက်ရသကဲ့သို့ ထူးဆန်းသောမြင်ကွင်းတချို့ကို မြင်တွေ့လိုက်ရ၏။ 


အခန်းထဲတွင်……တစ်စုံတစ်ယောက် ရောက်နေသလိုပင်။


လင်းရုဖေး မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည်က တိမ်ဝင်ပျောက်ကွယ်လုဆဲဆဲနေလုံးကြီးထဲတွင် ကြက်သွေးရောင်နီမြန်းမှုတစ်ခု ပျော်ဝင်နေတာကိုတွေ့လိုက်ရသည်။ ပြတင်းပေါက်က ဘာကြောင့်မှန်းမသိ ပွင့်နေပြီး အပြင်ဘက်မှ နွေးထွေးတဲ့အလင်းရောင်က အခန်းတစ်ဝက်လောက်နီးပါးကို လွှမ်းခြုံထားသည်။ အလင်းထဲတွင် ပြတင်းပေါက်နားက စားပွဲအရှေ့တွင် တစ်စုံတစ်ယောက်က ဘေးတိုက်ထိုင်နေတာကို မြင်တွေ့လိုက်ရသည်။ ထိုလူက အနီရောင်၀တ်စုံကို၀တ်ဆင်ထားပြီး အနက်ရောင်ဆံနွယ်ရှည်တွေက ကျောပြင်ထက်တွင်လှပကျော့ရှင်းစွာကျဆင်းနေသည်။ ထို့အပြင် ရှည်လျားပါးလွှသည့် အနက်ရောင်ဓားရှည်တစ်ချောင်းကိုလည်း သူ့ခါးထက်တွင် ချိတ်တွဲထားသေး၏။


လင်းရုဖေးမှာ ရုတ်တရက် အေးခဲသွားပြီးနောက် ခဏနေမှ နှုတ်အသာဟ၍မေးလိုက်သည်။ “မင်းက...”


သူမေးချင်နေခဲ့သည်က “မင်းက ဘယ်သူလဲ” ဆိုတဲ့ မေးခွန်းပင်။


သို့သော်လည်း အနီရောင်နှင့်လူမှာ သူ့ဘက်ကအရင်စကားအားဖြတ်၍ စမေးလာသည်။ လင်းရုဖေးကို မေးလိုက်သည့် သူ့အသံက ပျင်းရိငြီးငွေ့ပြီး အနည်းငယ်တိုးညင်းနေသည်။ 


“သေရည် ရှိလား”


လင်းရုဖေး၏သိချင်စိတ်ကလေးမှာ ထိုလူရဲ့စကားတွေကြောင့် အာရုံပြောင်းသွားပြီး ထိုလူရဲ့အမေးကိုပြန်တုံ့ပြန်လိုက်သည်။


“ဘယ်လို သေရည်မျိုးလဲ”


“ဘယ်လိုသေရည်မျိုးပဲဖြစ်ဖြစ် ရတယ်” ထိုလူက သူ့မေးစေ့ကိုလက်ဖ၀ါးဖြင့်အသာမီထောက်ထားလိုက်ပြီး “အမှန်တိုင်းဆိုရင် ချယ်ရီသေရည်က အကောင်းဆုံးပဲ”


လင်းရုဖေး၏ရှုထောင့်ကနေဆိုရင် ထိုလူရဲ့မျက်နှာတစ်ဝက်လောက်ကိုသာမြင်ရသည်ဆိုပေမယ့် ဤမျှလောက်ဆိုရင်ပင်လုံလောက်နေပြီဖြစ်၏။ 


ထိုလူက အလွန်အမင်းချောမောလှပမှုနှင့် ယှဥ်တွဲမွေးဖွားလာတဲ့သူမျိုးပင်။ သူ့မျက်လုံးတွေက ကျဥ်းမြောင်း ရှည်သွယ်ပြီး အလွန့်အလွန်လှပတဲ့ ဖီးနစ်ငှက်၏မျက်ဝန်းတစ်စုံသကဲ့သို့ပင်။ သူ့မျက်ခုံးမွှေးက လျှောစောက်သဖွယ်ဖြစ်ပြီး နှာတံကမူ ဖြောင့်စင်းသွယ်လျသည်။ မျက်နှာလေးကိုပဲ ရွေးကြည့်မည်ဆိုလျင် သူက ယောက်ျားလေးလား မိန်းကလေးလားဆိုတာကိုပင် ပြောဖို့ခက်နိုင်သည်။ သို့သော်လည်း အနီရောင်ဝတ်ထားတဲ့ ထိုလူသည် နည်းနည်းလေးမှ မိန်းမဆန်နေခြင်းရှိမနေချေ။ သူ့တွင် ကြော့ရှင်းပြီး သန်မာသည့် အချိုးအဆစ်များရှိတာကြောင့် လူတွေကို လွဲမှားတဲ့ အယူအဆများ ခန့်မှန်းဖို့ပင်မဝံ့မရဲဖြစ်စေနိုင်သည်။


လင်းရုဖေးက ထပ်မံ၍ ချောင်းဆိုးချင်သောကြောင့် ပါးစပ်ကိုအုပ်လိုက်ပြီး အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။ 


“ခင်ဗျားက ဘယ်ကရောက်လာတာလဲ…. ဘယ်လို….ဘယ်လိုလုပ်ပြီး ကျွန်တော့်အခန်းထဲကို ဝင်လာတာလဲ”


ထိုလူကပြန်ဖြေသည်။ 


“သေရည်မရှိဘူးလား မရှိဘူးဆိုရင် ငါသွားတော့မယ်”


လင်းရုဖေးမှာ ဆွံ့အသွားရပြီး ထိုလူ၏ တည့်တိုးပြောထည့်လိုက်သည့် စကားတွေကြောင့် ရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။ အံ့အားသင့်စရာကောင်းစွာ ထိုလူ၏အပေါက်အလမ်းမတည့်သည့်စကားအပေါ် သူ့မှာ စိတ်အနှောင့်အယှက်မဖြစ်သွားမိချေ။ ပြောင်းပြန်အနေဖြင့် သူ့မှာ စိတ်မလုံမလဲသာဖြစ်သွားရသည်။ ထို့အပြင် ထိုလူ၏ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်လိုက်သည့်အတွက် ရိုင်းပျမိသွားသည်ဟုပင် ခံစားလိုက်ရသည်။ 


“ဖူဟွား” လင်းရုဖေးက အားစိုက်၍အော်ခေါ်လိုက်၏။


“သခင်လေး” ဖူဟွားက အခန်းအပြင်ကနေ ပြန်ဖြေသည်။


“သေရည်ရှိလား” လင်းရုဖေးက ထပ်မေးသည်။


“သေရည်လား” ဖူဟွားခမျာ ထိုစကားကိုနားလည်ရန်အချိန်ခဏယူလိုက်ရသည်။ “သခင်လေး သောက်ချင်လို့လား”


လင်းရုဖေးက ပြောသည်။ “ကရားယူလာခဲ့ ချယ်ရီသေရည်ဆိုရင် ပိုကောင်းတယ်”


_ __ __


စာရေးသူမှာ ပြောစရာရှိတယ်...။


ကျုံးဖုန့် : *တုန်ခါ *တုန်ခါ *တုန်ခါ *တုန်ခါ (အလှလေးရေဒီမှာရှိလား...အလှလေးရေ ချိန်းတွေ့ချင်လား... အလှလေးရေတစ်ခုခုစားချင်လား...အလှလေးရေ ဓားနဲ့ ကခုန်ချင်လား...အလှလေးရေ ဒီကိုကြည့်ပါဦးနော်...)


ကုဖေးယွီ : ငါက ဘယ်နေရာမှာ လင်းရုဖေးလောက် မချောလို့လဲ ငါ့ရင်အုပ်တွေက ပိုကြီးပြီးကျယ်တာသေချာပေါက်ပဲကို...


လင်းရုဖေး : ? ? ? ? ?


   


────────────────────────


[1]* ညနေ၅ နာရီ