Chapter 12
နှလုံးသားတစ်နေရာရဲ့ ဆန္ဒ။
ဖူဟွားက နားမလည်နိုင်ဖြစ်သွားရသော်လည်း လင်းရုဖေးရဲ့အမိန့်ကို နာခံပြီး မဖောက်ရသေးသည့် ချယ်ရီသေရည်ကရားကို ယူဆောင်လာပေးလိုက်သည်။ လင်းရုဖေး၏ခန္ဓာကိုယ်က အားနည်းနေသည့်အတွက် သေရည်ကို တချို့ကောင်းမွန်သည့်ဆေးဖက်၀င်အရာများနှင့် ရောနှောဖော်စပ်ထားခြင်းဖြစ်တာကြောင့် လင်းရုဖေး အနည်းငယ်ထူထူထောင်ထောင်ဖြစ်သည့်အချိန်မျိုးတွေဆိုလျှင် သောက်သုံးလို့အဆင်ပြေပေ၏။
သို့သော် ဤတစ်ကြိမ်တွင်မူ လင်းရုဖေးမှာ နာမကျန်းဖြစ်နေဆဲဖြစ်သည်။
'ဘာလို့များ ရုတ်တရက်ကြီး သေရည်သောက်ချင်လာရတာလဲ'
ဖူဟွားက ထူးဆန်းသည်ဟု ခံစားရပေမယ့် သေရည်ကိုယူပြီး မီးနွေးနွေးလေးဖြင့် နွှေးလိုက်သည်။ ထို့နောက် အသာလေးတံခါးခေါက်ပြီး အခန်းထဲသို့ သေရည်ယူ၍ ဝင်သွားလိုက်သည်။ လင်းရုဖေးမှာ သိပ်မကြာခင်လေးကအထိ နာမကျန်းဖြစ်နေဆဲဆိုတာကို သိထားသည့် သူမမှာ ယခုအချိန်တွင် အခြေနေအတော်လေးကောင်းမွန်နေသည်ကို တွေ့လိုက်ရသည်။ သူက ကုတင်ခေါင်းရင်းတွင်မှီထိုင်နေပြီး ပွင့်နေသည့် ပြတင်းပေါက်ကိုကြည့်နေပေ၏။
“သခင်လေး” ဖူဟွားက ခေါ်လိုက်သည်။
လင်းရုဖေးက သူမဘက်သို့လှည့်လာပြီး ယူလာသည့်သေရည်ကို စားပွဲပေါ်တင်ရန် ဖူဟွားအား ပြောလိုက်သည်။ သို့သော် လင်းရုဖေးက တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိထားမိလိုက်သည်။ အနီရောင်၀တ်စုံနဲ့လူက ပြတင်းပေါက်နားက စားပွဲပေါ်မှာထိုင်နေတုန်းဆိုပေမယ့် ဖူဟွားကမူ ထိုလူကို မမြင်တွေ့ရသကဲ့သို့ ဖြတ်သွားပြီး သူမလက်ထဲက သေရည်ကရားကိုချလိုက်သည်။
သူမက အသံတိုးတိုးလေးဖြင့်ဆိုလာသည်။
“သခင်လေးက နေမကောင်းဖြစ်နေတာလေ အခုလောလောဆယ် သေရည်မသုံးဆောင်သင့်သေးပါဘူး”
“ငါသိတယ်” လင်းရုဖေးက မျက်တောင်တဖြတ်ဖြတ်ခတ်ပြလိုက်ပြီး “ငါသောက်မှာမဟုတ်ဘူး သေရည်ကိုချပြီး သွားလို့ရပြီ”
ဖူဟွားက သူမရဲ့ သခင်လေးဖြစ်သူ အရမ်းထူးဆန်းနေသည်ဟု ခံစားနေရပေမယ့် သူမ တစ်ခုခုမမေးရသေးခင်မှာပင် လင်းရုဖေးက ရုတ်ချည်းဆိုသလိုဆိုလာ၏။
“နှံစားပြောင်းယာဂုလေးနဲ့ အရံဟင်းပွဲနည်းနည်းလောက်ပြင်ဆင်လာခဲ့ပေး ... ငါနည်းနည်း ဗိုက်ဆာလာလို့”
လင်းရုဖေးက ဗိုက်ဆာကြောင်းပြောလိုက်သည်နှင့် ဖူဟွားသည် သူမစိတ်ထဲက သံသယများကို ချက်ချင်းပင်အဝေးသို့မောင်းထုတ်ပစ်လိုက်တော့သည်။ သူမက နာခံမှုအပြည့်ဖြင့် ပျော်ရွှင်စွာနှင့် ဂါ၀န်အနားစကိုမ၍လျင်မြန်စွာပြေးသွားတော့သည်။ ပုံမှန်အားဖြင့်ဆိုရင် လင်းရုဖေးတစ်ယောက် အစားစားချင်စိတ်ရှိသည်ဆိုလျှင်ပင် ထိုသည်ကနောက်နေ့မနက် အစောပိုင်းလောက်မှသာဖြစ်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ယခုတွင်မူ သူက စိတ်ကောင်း၀င်နေပုံရ၏။
အနီရောင်၀တ်စုံဖြင့်လူက ဖူဟွားကို တစ်ချက်ပင်စွေမကြည့်ပေ။ သူက သေရည်ကိုယူလိုက်ပြီး သောက်ဖို့အတွက် ခွက်ထဲလောင်းထည့်လိုက်သည်။ ထို့နောက် ခွက်ကိုမြောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်တော့သည်။
ဤချယ်ရီသေရည်က ယခုလေးတင်မှ ဖူဟွား ကျိုချက်ထားခြင်းဖြစ်ပြီး တောင်ခြေမှာရှိသည့် ချယ်ရီပင်မှ ချယ်ရီပွင့်ဖတ်များဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ သေရည်၏အရသာကချိုမြနေပြီး ရနံ့ကမူ အနည်းငယ် ခါးသက်၏။ သို့သော်လည်း ချယ်ရီပန်း၏ ထူးခြားချက်ကြောင့် သောက်သုံးလိုက်သည်နှင့် လူကိုလုံး၀လတ်ဆတ်လန်းဆန်းသွားစေသည်။ နွေဦးရဲ့နေ့ရက်တွေတွင် တစ်ယောက်တည်းသောက်ဖို့ရာ အလွန်တရာမှသင့်တော်လှသည်။
“ခင်ဗျားက ဘယ်သူလဲ”
ထို့နောက် လင်းရုဖေးက တစ်စုံတစ်ခုကို သတိရသွားပြီးနောက် သူ့ညာဘက်မျက်လုံးကို ကာ၍ မေးလိုက်သည်။
“ခင်ဗျားက ကျွန်တော့်ခြံဝင်းထဲက ချယ်ရီပင်လား”
ထိူလူက မည်သည့်စကားကိုမျှ မဆိုဘဲ သေရည်ကိုသာ အမျှင်တန်းမပြတ်နိုင်အောင်ဆက်သောက်နေသည်။
လင်းရုဖေးက ထိုအရာကို သတိထားမိသွားသည်နှင့်မေးခွန်းများမေးနေခြင်းကို ရပ်တန့်လိုက်သည်။ တစ်ခွက်ပြီးတစ်ခွက်သောက်နေသည့် ထိုလူကို တိတ်ဆိတ်စွာဖြင့်ကြည့်နေလိုက်ပြီး ထိုလူက သေရည်ကရားရဲ့အောက်ခြေကိုရောက်သွားမှသာ လက်ထဲမှ ခွက်ကိုချလိုက်တာကိုတွေ့လိုက်ရ၏။
“နောက်ထပ် တစ်ကရားလောက်လိုချင်သေးလား”
အနည်းငယ်အင်တင်တင်ဖြစ်နေသည့် ထိုလူ၏မျက်ဝန်းကိုမြင်ပြီးနောက် လင်းရုဖေးက အလေးအနက်ထား၍မေးလိုက်သည်။
“မလိုပါဘူး” ထိုလူက အသာပြုံးလိုက်ပြီး “နည်းနည်းလောက်မူးသွားပြီဆိုရင်ပဲ ရပါပြီ”
သူက အနည်းငယ် ခေါင်းကိုစောင်းလိုက်ပြီး ရှည်သွယ်ကျဥ်းမြောင်းကာလှပသည့်ဖီးနစ်မျက်ဝန်းတစ်စုံ၏ အောက်ခြေတစ်လျှောက်တွင် အပြုံးလေးတစ်ခုဖန်ဆင်းပြီးနောက် မေးလာသည်။
“အရင်က ချယ်ရီပန်းတွေကို ရေတွက်ဖူးလား”
ယင်းက ရုတ်တရက်ဆန်လွန်းသည့် မေးခွန်းမျိုးပင်။
သို့သော်လည်း လင်းရုဖေးက ထိုလူပြောချင်တာကို ကောင်းစွာနားလည်နေပြီး အမေးစကားကိုပြန်ဖြေပေးလိုက်သည်။
“မရေဖူးဘူး” ထို့နောက် သူကသက်ပြင်းဖျော့ဖျော့ချ၍စကားကိုဆက်လိုက်သည်။ “ခြံထဲက ချယ်ရီပန်းပင်က မပွင့်ဘူး သစ်တော်ပန်းပွင့်တွေပဲပွင့်တာမို့လို့ သူတို့ကို ရေတွက်ခဲ့သေးတယ်”
နွေဦးညတွေ၏ အစောပိုင်းကာလက အေးမြပြီး ရှည်လျားလွန်းတာကြောင့် သူအိပ်မပျော်နိုင်သဖြင့် ပြတင်းပေါက်အရှေ့မှာရပ်ပြီး ခြံထဲကို ငေးကြည့်ဖူးခဲ့သည်။ တိမ်တွေက ထူထပ်ပြီး ကြယ်ရောလရော မမြင်တွေ့ရချေ။ ခြံထဲမှာ ချိတ်တွဲထားသည့် မီးအိမ်တွေရဲ့အလင်းရောင်အချို့သာရှိတာကြောင့် လုံလုံလောက်လောက် အလင်းမရပေ။ သို့သော်လည်း လင်းရုဖေးအတွက်မူ ခြံထဲရှိ အပင်တွေအားလုံးကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရန်လုံလောက်သည်ထက်ပိုပေ၏။
နွေဦးကာလအတွင်း သစ်တော်ပင်အတော်များများရဲ့ထိပ်ပိုင်းမှာ လန်းဆန်းပြီးလှပတဲ့ပန်းပွင့်များနဲ့ ပြည့်နှပ်နေပေသည်။ လင်းရုဖေးက လည်ဆန့်၍ တစ်ပွင့်ချင်းစီကို ရေတွက်ခဲ့ပေ၏။
ထိုသစ်တော်ပင်တွင် အပွင့် ၈၀၀နှင့် အဖူး ၇၉ ခုရှိသည်။ လင်းရုဖေးအတွက် ထိုအရာက သူတစ်ယောက်တည်းသာသိသည့် လျှို့ဝှက်ချက်ဖြစ်ပြီး သူ့နှလုံးသားထဲတွင်ချရေးထားသဖြင့် ကောင်းစွာ မှတ်မိနေပေသည်။
သူက ချယ်ရီပန်းပင်တွေကို ပိုကြိုက်နှစ်သက်ပေမယ့် သူ့အိမ်မှာရှိတဲ့တစ်ပင်တည်းသော ချယ်ရီပန်းပင်ကမူ အပွင့်ပွင့်ရန် ငြင်းဆန်နေခဲ့သည်။ သစ်တော်ပန်းပင်များကသာ သူ့ရဲ့ ရှည်လျားပြီးအထီးကျန်ဆန်လှသည့် တစ်ညတာအား နှစ်သိမ့်ဖျော်ဖြေပေးရန်အတွက် ပန်းပွင့်လေးတွေပွင့်ပေးကြသည်။
ထိုလူက နွေဦး၌ပွင့်လန်းသည့်ပန်းပွင့်လေးများ၏ အရောင်အသွေးလေးကဲ့သို့သော အပြုံးလေးကို ပြုံးလိုက်သည်။
သူက အနည်းငယ် ကရုဏာသက်နေဟန်ဖြင့်ဆိုလာသည်။
“ချယ်ရီပန်းပွင့်တွေကိုရော ရေတွက်ချင်လား”
လင်းရုဖေးက ဖြေသည်။ “အင်း”
ထိုလူက ပြောသည်။ “ဒါဆို အတူတူသွားရအောင်”
သူက ရုတ်တရက် ထရပ်လိုက်သည့်အခါ သူ့ရဲ့ကျယ်ပြန့်သည့်အနီရောင်၀တ်ရုံလက်က တောက်ပတဲ့ပန်းပွင့်လေးသကဲ့သို့ စက်ဝန်းပြတ်ပုံစံ တွဲလောင်းကျလာသည်။ သူက လှည့်ကြည့်လာပြီး အိပ်ရာမှာ လဲနေသည့် လင်းရုဖေးထံသို့ လက်ကမ်းပေးကာ ဆိုလာ၏။
“ငါနဲ့ လိုက်ခဲ့”
လင်းရုဖေးက တစ်ခုခုကိုပြောဖို့လုပ်လိုက်ပေမယ့် ထိုလူက သူ့ကို ငြင်းဆန်ခွင့်မပေးချေ။ ရှေ့ကိုတိုးပြီး လင်းရုဖေး၏လက်ကို ဆုပ်ကိုင်လာသည်။ သူ့လက်က အေးစက်နေပြီး နာမကျန်းဖြစ်နေသည့် လင်းရုဖေးထက်ပင် ပမာဏအနည်းငယ်လောက် ပို၍အေးစက်နေသည်။ ထိုသည်က လင်းရုဖေးကို အနည်းငယ် တုန်ခိုက်သွားစေ၏။
“လာလေ” သူက ပြောသည်။
လင်းရုဖေးရဲ့ ခန္ဓာကိုယ်က လေထဲသို့ တဖြည်းဖြည့်မြောက်တက်လာကာ ပြတင်းပေါက်မှတစ်ဆင့် ပျံသန်းထွက်ခွာသွားတော့သည်။
“ခဏ – ခဏလေး”
ထိုလူက သူ့စကားတွေကို လုံး၀လျစ်လျူရှုထားသည်။
လင်းရုဖေး၏ဖျော့တော့နေသည့် မျက်၀န်းတွေက ပြူးကျယ်ငေမောနေပြီး ဆံနွယ်ရှည်များကတော့ ညလေထဲတွင် ဖရိုဖရဲဖြင့် ကခုန်နေပေသည်။ သူ့ရဲ့ နောက်လက်တစ်ဖက်ကမူ ထိုလူ၏အင်္ကျီပေါ်မှာရှိနေပြီး လေထဲကနေ ပြုတ်ကျသွားမှာကို ကြောက်နေမိသည်။
ထိုလူက ကျယ်လောင်စွာရယ်မော၍ပြောလာသည်။
“မကြောက်ပါနဲ့ ငါရှိတယ်”
ထိုသို့ပြောရင်း လက်ကိုလွှတ်ချလိုက်တော့သည်။
လင်းရုဖေးမှာ အသက်ရှုရပ်သွားရသည်။ ပြုတ်ကျသွားပြီဟု ထင်လိုက်ပေမယ့် သေချာခံစားကြည့်လိုက်သည့်အခါ ခြေထောက်အောက်က တစ်ခုခုပေါ်မှာ ရပ်နေကြောင်း သိလိုက်ရသည်။ ငုံ့ကြည့်လိုက်သည့်အခါ ထိုလူ၏ ခါးပေါ်တွင် ချိတ်ဆွဲထားသည့် ဓားရှည်တစ်ချောင်းဖြစ်နေကြောင်းသိလိုက်ရသည်။
လင်းရုဖေးသည် အိပ်မွေ့ချခံလိုက်ရသကဲ့သို့ မိန်းမောသွားမိသည်။
ဓားသိုင်းကျင့်ကြံခြင်းဆိုတာကဘာလဲ။
ဤသည်က လင်းမင်ကျစ်ရဲ့ ရှည်လျားတဲ့ဓားရှည်လိုမျိုး ကောင်းကင်ဘုံ၉ခုအထိ အောင်မြင်မှုသရဖူကိုဆောင်း၍ဖြတ်ကျော်၀င်ရောက်နိုင်တာမျိုးလား။
ဒါမှမဟုတ် လင်းပျန့်ယွီကဲ့သို့ဓားသိုင်းပညာရဲ့ပြောင်မြောက်လှတဲ့ဂုဏ်အသရည်နှင့်ပါရမီထူးကဲမှုလိုမျိုးလား။
လင်းရုဖေးက ဓားတွေအကြောင်းကောင်းကောင်းမသိချေ။ ဓားကို ပင့်၍လည်းမရသလို ဓားသိုင်းပညာကိုလည်းသင်ယူ၍မရချေ။ သူသည် ဓားသိုင်းပညာကိုအထူးပြုကျင့်ကြံသည့်ဂိုဏ်းမှာ မွေးဖွားလာခဲ့ပေမယ့် ဓားနှင့်ပက်သက်ပြီး မည်သည့်ကျင့်ကြံမှုကိုများမလုပ်ဘူးခဲ့ချေ။ သို့သော် ယခုချိန်တွင်မူ သူတစ်ခါလေးပင် ထိတွေ့နိုင်စွမ်းရှိမည်မဟုတ်ဟုတွေးထင်ထားခဲ့သည့် ဓားပျံပေါ်တွင်ခြေချလျက်ရှိနေပေသည်။
လေက အလွန်ပြင်းထန်နေသဖြင့် လင်းရုဖေး၏ဝတ်စုံအား ဆူညံပြီးတရွှမ်းရွှမ်းမြည်နေစေသည်။ ထိုလူ၏ ရယ်မောသံတွေက ညနက်အချိန်မှာ ပွင့်ဖူးနေတဲ့ ပန်းပေါင်းထောင်သောင်းကျော်ကို မြင်တွေ့လိုက်ရသလိုပင်ခံစားနေရစေသည်။ အထီးကျန်သည့် ခြံဝင်းထဲမှာလိုမဟုတ်ဘဲ ယခုခံစားလိုက်ရသည့်ပန်းတွေက မတူညီကွဲပြားစွာဖြင့် ပွင့်ဖူးနေကြရုံသာမက လူတွေအား တမ်းတငေးမောမှုဆိုသည့် ခံစားမှုကိုပါ ပေးစွမ်းနေပေ၏။
လေထဲတွင် ဓားရှည်က ရှည်လျားသည့် မိုင်ပေါင်းထောင်ကျော်ခရီးစဥ်ကို သေသပ်လှပစွာပျံသန်းနေသည်။ ၁၉နရီ [1]*ကိုကုန်လွန်ပြီးနောက် ၂၁နရီ [2]*ကို ရောက်သွားပြီဖြစ်သည်။
1]* ည ၇ နာရီ...2]* ည၉ နာရီ
လင်းရုဖေးက သူ့နှလုံးသားတစ်ခုလုံးဖြင့်ပျော်ရွှင်မှုကိုခံစားလိုက်ရပြီး မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
ရုတ်တရက်ဆိုသလိုပင် သူသည်လည်း ပူပူနွေးနွေးချယ်ရီသေရည်လေးအား သောက်ချင်စိတ်ဖြစ်ပေါ်လာမိ၏။
ထိုလူက ခွန်းလွန်တောင်တစ်လျှောက်က နဂါးငွေ့တန်းတိမ်တိုက်များကိုဖြတ်ကျော်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်လိုက်ပေသည်။
ခွန်းလွန်တောင်ခြေမှာရှိတဲ့ ချယ်ရီပန်းပင်တောအုပ်ကြီးက လင်းရုဖေး မကြာခဏသွားရောက်လည်ပတ်လေ့ရှိသည့် နေရာဖြစ်ပေမယ့် ညအချိန်တွင်တော့ အနည်းငယ် မရင်းနှီးသလိုခံစားနေရသည်။ နွေဦးကာလ မိုးများရွာသွန်းပြီးနောက် ချယ်ရီပန်းပွင့်များ မြောက်များစွာ ကြွေကျပြီးနောက် အကိုင်းအခက်များက အရင်ကလောက် စိမ်းလန်းစိုပြေခြင်းမရှိတော့ပေ။ တစ်ခါတစ်ခါ တချို့သော အကိုင်းအခက်များက အသားမရှိသော အရိုးလက်ကဲ့သို့ငေါထွက်နေတာကိုပင်တွေ့ရသည်။
ထိုလူက လင်းရုဖေးကို ခေါ်ဆောင်၍ ချယ်ရီပင်အကိုင်းအခက်များရောထွေးစုပြုံနေသောနေရာတစ်ခုတွင် ရပ်လိုက်လေသည်။ ထိုသူရဲ့ အနီရောင်ဝတ်စုံက အေးမြသည့် ညလေညင်းကြောင့် တဖျပ်ဖျပ်လှုပ်ခတ်နေပြီး သူ့ရဲ့ အေးစက်နေသောလက်များက လင်းရုဖေး၏ပုခုံးကို ကာကွယ်ပေးထားသည်။
လင်းရုဖေးတစ်ယောက် သူ့နားရွက်ဖျားနားကို တိုးကပ်လာသော အေးမြတဲ့ထွက်သက်တစ်ခုကို အနည်းငယ်ခံစားလိုက်ရပြီး တစ်ဆက်တည်းဆိုသလို တိုးလျသည့် အသံတစ်ခုကိုပါကြားလိုက်ရသည်။
"လာလေ"
ထိုသူကစကားပြောပြီးသည်နှင့် ချက်ချင်းဆိုသလို သူ့ကို တွန်းထုတ်လိုက်သဖြင့် လင်းရုဖေးရဲ့ မျက်လုံးက ပြူးကျယ်သွားရသည်။ မြေပြင်ပေါ်ကို အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျလိမ့်မည်ဟု သူထင်ထားပေမယ့်လည်း သူ့ရဲ့ ရှိသင့်သလောက်ရှိသည့် ကိုယ်အလေးချိန်မှာ နွေဦးလေအဝှေ့တွင် အမျှင်စုလေးသဖွယ် ပေါ့ပါးပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ ခိုင်ခိုင်မာမာခြေချသွားပေသည်။ လင်းရုဖေးခမျာ သူ့ခြေထောက်ကိုငုံကြည့်ရင်း အတော်လေးအံ့အားသင့်နေမိ၏။
"သွားလေ..." ထိုလူက အနည်းငယ်ရယ်သံစွက်၍ပြောလာသည်။
သူ့ရဲ့ ဖီးနစ်ငှက်လိုမျက်ဝန်းများတွင် အနည်းငယ်သော ရစ်မူးရီဝေမှုများ ပါ၀င်နေပြီး ရုတ်တရက်ဆိုသလိုပင် ထိုသူက ဖြည်းဖြည်းချင်း လဲကျသွားတာကြောင့် လင်းရုဖေးမှာထိတ်လန့်မှုကြောင့် ငိုကြွေးလုနီးပါးပင်။
သို့သော်လည်း သူ့ခြေထောက်နားရှိ သစ်ပင်ရှိ အကိုင်းအခတ်များက ဆယ့်ခြောက်နှစ်အရွယ်မိန်းကလေးငယ်လေး၏သွယ်လျလှပသည့်လက်ချောင်းလေးမျာလို ဆန့်ထွက်လာပြီး ထိုလူရဲ့ လက်မောင်းကို ညင်သာစွာ ရစ်ပတ်လိုက်လေသည်။
ထို့နောက် သူက ချယ်ရီပန်းပွင့်အကိုင်းအခက်များကြားထဲတွင် အသာအယာလဲလျောင်းလိုက်တော့သည်။ ထိုသူ့ရဲ့ အနီရောင်၀တ်စုံ၊ အနက်ရောင်ဆံနွယ်ရှည်များနှင့် ခါးမှာချိတ်ဆွဲထားသော ဓားရှည် တို့က တွဲလျောင်းကျနေကြသည်။ တောက်ပတဲ့အရောင်ရှိသည့်ဝတ်စုံက လင်းရုဖေး၏အရှေ့တွင် လေတိုက်လိုက်သည့်အချိန်တွင်း ဟိုဘက်သည်ဘက် လှုပ်ယမ်းနေသည့်ပုံမှာ အောက်ခြေကိုမမြင်နိုင်သည့် ရေကန်လေးသကဲ့သို့ဖြစ်နေ၏။
ငွေရောင်ဓားရှည်က လင်းရုဖေး၏အနားတွင် စက်ဝိုင်းသဖွယ်၀ိုင်းပတ်နေပြီး စပ်စုလွန်းသော ကလေးငယ်က ဟိုဒီလျှောက်ကစားချင်သည်ဟု ပြောနေသကဲ့သို့ပင်။ ထို့နောက် ဓားလက်ကိုင်ရိုးက လင်းရုဖေး၏ လက်ခုံဖြင့်ညင်သာစွာပွတ်တိုက်မိသွားပြီး သူ့ကို ဆွဲကိုင်ရန်အချက်ပြနေသလိုခံစားလိုက်ရသည်။
လင်းရုဖေးက သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ယခုအဖြစ်အပျက်တွေအားလုံးက ထူးဆန်းတဲ့အိပ်မက်တစ်ခုလို ခံစားနေရပြီး သူက အခု အိပ်မက်ထဲမှာလား တံခါးအပြင်ဘက်ကလောကကြီးမှာလားဆိုတာကိုပင် ခွဲခွဲခြားခြားမပြောနိုင်တော့ပေ။ သူ၏ ဖျော့တော့တဲ့လက်က ဓားလက်ကိုင်အရိုးကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် လင်းရုဖေးသည် သူ့လက်ဖဝါးရဲ့ အပူချိန်ကတဖြည်းဖြည်းမြင့်တက်လာတာကို စတင်ခံစားလိုက်ရပြီး တစ်ခဏလေးအတွင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်ပါ အပူချိန် ပြင်းပြင်းထန်ထန် မြင့်တက်လာတော့သည်။
ထို့နောက်မှာတော့ လင်းရုဖေးသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။
ထိုလူကတော့ အကိုင်းအခက်တွေအပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး သူ့လက်ဖ၀ါးကမူ မေးစေ့ကို ထောက်ကန်ထားသည်။ အကြာကြီးအိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ ပျင်းရိငြီးငွေ့နေပုံဖြင့် လေးတွဲ့စွာ သမ်းဝေလိုက်သည်။
သူက သူ့ကိုယ်သူ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"သူဘယ်ကိုသွားတာလဲ"
ခဏတာ ရပ်တန့်ပြီးနောက် တစ်ဝက်လောက်မှေးကျနေသည့် သူ့မျက်ဝန်းတွေက အနည်းငယ်ကျယ်လာခဲ့ပြီး သဘောတကျဖြင့် ရယ်မောလေတော့သည်။
"လုံး၀ကိုစိတ်၀င်စားစရာပဲ"
လင်းရုဖေးမှာ ရုတ်တရက်ကြီး ဓားနှင့်ပျံတက်သွားခဲ့ပြီး သူအသိအာရုံအလုံးစုံမှာ ဓားပျံရပ်တန့်သွားသည့်အချိန်အထိပြန်မရသေးချေ။ သူ့မျက်လုံးအရှေ့က မြင်ကွင်းမှာ အစောနကချယ်ရီပန်းပင်တောအုပ်ကြီးဖြစ်နေသေးပေမယ့် အပိုထပ်ဆောင်းအနေဖြင့် ဉာဏ်ကောင်းလွန်းသည့် မျောက်အုပ်စုတစ်ခုလည်းရှိနေသေး၏။
လင်းရုဖေးက ပြူးကျယ်၀ိုင်းစက်နေသောမျက်ဝန်းများဖြင့် ငေးကြောင် ရပ်နေမိသည်။
"မင်း ငါ့ကို ဘာလို့ ဒီကိုခေါ်လာတာလဲ"
အခြေနေက အလွန်ကို ကသိကအောက်နိုင်လွန်းနေသဖြင့် လင်းရုဖေးတစ်ယောက် သူ့ကိုခေါ်ဆောင်လာသည့် တရားခံဖြစ်သူဓားရှည်ကိုသာ ပြန်ကြည့်ပြီးမေးရုံသာတတ်နိုင်တော့သည်။
ဓားအိမ်ထဲမှမထုတ်ရသေးသည့် ထိုငွေရောင်ဓားရှည်၏ အနည်းငယ်ဟိုဒီလှုပ်ယမ်းပြလိုက်ပုံကြောင့် လင်းရုဖေးမှာ ပို၍ပင်သံသယဝင်လာရသည်။
Xxxx