အပိုင်း ၁၃
Viewers 15k

Chapter 13
ဓားအိမ်ထဲမှမထုတ်ရသေးသည့် ထိုငွေရောင်ဓားရှည်၏ အနည်းငယ်ဟိုဒီလှုပ်ယမ်းပြလိုက်ပုံကြောင့် လင်းရုဖေးမှာ ပို၍ပင်သံသယဝင်လာရသည်။
မျောက်များကတဖြည်းဖြည်းချင်း ဘေးသို့ဖယ်၍နေရာတစ်ခုလုပ်ပေးပြီးသည့်နောက် လင်းရုဖေးကို အတိတ်တုန်းက နှောင့်ယှက်ကျီစယ်အနိုင်ကျင့်ခဲ့ဖူးသည့် ရွှေရောင်အမွှေးအမျှင်များဖြင့် အလွန်လှပကြသောမျောက်များထွက်ပေါ်လာကြတော့သည်။ သူတို့က လင်းရုဖေးကိုတွေ့လိုက်ချိန်တွင် ပျော်ရွှင်မှုအပြည့်ဖြင့် အသံလေးများပင်ပြုလိုက်သေး၏။
လင်းရုဖေးက ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်၍ထွက်ပြေးချင်သွားသည်။ ဤမျောက်အုပ်စုလိုက်ကြီးဆီက အနိုင်ကျင့်ခံရပေါင်းများလွန်းတာကြောင့် မြင်ရုံတင်နှင့်ပင်ကြောက်ရွံ့ထိတ်လန့်နေမိသည်။ ထိုမျောက်အုပ်စုက သူ့အသက် ၁၂ နှစ်နဲ့ ၁၃နှစ်အရွယ်လောက်ကစတင်၍ ဤတောထဲသို့ ရွေ့ပြောင်းလာကြခြင်းပင်။
ထိုအချိန်တုန်းက အရပ်ပုပြီး သေးငယ်လွန်းသော ဆယ်ကျော်သက်အရွယ်လေး လင်းရုဖေးခမျာ သူ့မုန့်တွေ ဘယ်နှကြိမ်လောက် အလုစားခံခဲ့ရသလဲဆိုတာကိုပင် မမှတ်မိတော့ချေ။
ဤပြသနာမှာ မျောက်ဘုရင်ရောက်လာပြီးနောက်ပိုင်း အခြေနေက နည်းနည်းအဆင်ပြေသွားသည်။ မုန့်တွေထပ်ပြီးမလုစားခံရတော့ပေမယ့် မျောက်အုပ်စုဆီကနေတော့ အမြဲတန်းဝန်းရံခံခဲ့ရသည်။
မျောက်များနှင့်ပက်သက်ပြီး လင်းရုဖေးတွင် ပြောမဆုံးနိုင်အောင်ရှည်လျားသည့် သွေးနှင့်ချွေးဖြင့် ရင်းခဲ့ရသည့် ဒဏ္ဍာရီတွေရှိခဲ့ဖူးပေ၏။
မျောက်ဘုရင်က မျက်တောင်တဖျတ်ဖျတ်ခတ်၍ သူ့ကိုကြည့်လာသည်။ သူ့ရဲ့ လှပတဲ့ ရွှေရောင်မျက်လုံးတွေက စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေပြီး လင်းရုဖေးတစ်ယောက် ညလယ်ခေါင်ကြီးတွင် ဒီတောထဲ ဘယ်လိုရောက်လာရလဲဆိုတာကို တွေးတောနေသကဲ့သို့ပင်။ သို့သော်လည်း ဘယ်ညာသေချာကြည့်ရှုစစ်ဆေးပြီးနောက် လင်းရုဖေးအနောက်ကို အမြဲတမ်းလိုက်နေကျဖြစ်သည့် အစေခံမလေးကိုမူ မတွေ့ရချေ။ မျောက်ဘုရင်က သူ့ခေါင်းသူကုတ်လိုက်ပြီးနောက် ခြေထောက်ကို ရွေ့လျားကာ လင်းရုဖေး၏ နံဘေးရှိ ချယ်ရီပင်ပေါ်သို့ ခုန်တက်လိုက်ပြီး လင်းရုဖေးကို အမြင့်အနေအထားကနေ သေချာငုံ့ကြည့်လိုက်သည်။
လင်းရုဖေးတစ်ယောက် မျောက်တွေထံမှ အနိုင်ကျင့်ခံခဲ့ရသည့်နေ့ရပ်များကို ချက်ချင်းဆိုသလိုသတိရသွားပြီး ကြောက်စရာကောင်းတဲ့အတွေးများက သူ့စိတ်ထဲရောက်လာသဖြင့် မျက်လုံးများပြူးကျယ်လျက် မေးလိုက်သည်။
"မင်း...မင်း...ဘာလုပ်မလို့လဲ...."
မျောက်ဘုရင်က နှစ်ကြိမ်တိုင်တိုင် စူးစူးဝါးဝါးအော်လိုက်ပြီးနောက် လင်းရုဖေးထံသို့ တိုက်ရိုက် ခုန်ချလိုက်သည်။ လင်းရုဖေးရဲ့ အမူအရာမှာ ရုတ်ချည်းဆိုသလို ကြောက်ရွံ့ထိန်လန့်ခြင်း အဖြစ်သို့ ပြောင်းလဲသွားသည်။
ဖူဟွားက 'ဒီမျောက်မှာ ကံကြမ္မာကောင်းရှိတယ် ဓားသိုင်းကျင့်ကြံမှုမှာ ပဉ္စမဆင့်အထိရောက်ပြီး နှစ်အနည်းငယ်အတွင်းပိုပြီးကြိုးစားအားထည့်ရင် စကားတောင်ပြောနိုင်ဦးမှာ' ဟု တစ်ခါတုန်းက ပြောခဲ့ဖူး၏။
ပဉ္စမအဆင့်ကျင့်ကြံဆင့်ရှိသည့်မျောက်ဖြင့်သာ မျက်နှာချင်းဆိုင်လိုက်ရပါလျှင် လင်းရုဖေးသည် ကြောက်ရွံ့မှုကြာင့် ဤနေရာတွင် ရုတ်ချည်းဆိုသလိုပင် အသက်အတောင့်လိုက်ထွက်သွားနိုင်ပေသည်။
သူထိုအကြောင်းကိုတွေးတောနေတုန်းမှာပင် မျောက်က လင်းရုဖေးကို ခုန်အုပ်လိုက်ပြီးဖြစ်သည်။ လင်းရုဖေးက ခွန်အားချင်းမမျှမှန်းသိသော်လည်း လက်ကိုဆန့်ထုတ်ကာ ကြုံတဲ့နေရာကို ကုတ်ခြစ်ပစ်လိုက်သည်။ မကြာမီပင် သူ့လက်ထဲ၌ နူးညံ့လွန်းသည့်အမွှေးများအစုလိုက် ဆုပ်ကိုင်ထားမိတာကို ခံစားလိုက်ရသည်။
"ဝူး..." မျောက်က စိတ်မချမ်းမြေ့စွာဖြင့်အော်ဟစ်တော့သည်။
လင်းရုဖေးရဲ့မျက်လုံးတွင် ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်သွားတော့သည်။ သူ့လက်ထဲကအရာကို အဝေးကိုပစ်ထုတ်လိုက်ချင်ပေမယ့် ရုတ်တရက်ကြီး တစ်ခုခုက မှားနေပြီဆိုတာကို သတိထားမိလိုက်သည်။ ထက်မြက်လျင်မြန်လွန်းသည့် ရွှေရောင်မျောက်ဘုရင်သည် သူ့လည်ပင်းအနောက်ကို ဆုပ်ကိုင်၍ နာကျင်မှုကြောင့်အသည်းအသန်ရုန်းကန်နေသကဲ့သို့ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အမှန်ဟုတ်မဟုတ် ထပ်မံ၍ကြည့်ရှုလိုက်ရသေးသည်။ လင်းရုဖေးက အားဘယ်လောက်မှမသုံးလိုက်ပေမယ့် မျောက်ကတော့ သူ့အသက်ကို ဆုပ်ကိုင်ခံထားရသည့်အလားဖြစ်ပျက်နေသည်။ ထို့အပြင် လင်းရုဖေးရဲ့လက်ကနေ မလွတ်မြောက်နိုင်သဖြင့် စူးစူးဝါးဝါးအော်ဟစ်နေသေးသည်။ သိပ်မကြာမီပင် အလွန်ရက်စက်ကြမ်းကြုတ်သည့် အမွှေးထူထူမျက်နှာသည် ရှင်းပြရခက်သော မကျေနပ်ချက်များဖြင့်ပြည့်နှက်သွားတော့သည်။
"ဟေး" လင်းရုဖေးက အနားသို့ တိုးကပ်၍ ကြည့်လိုက်သည်။
လူနှင့်မျောက်က ရိုးသားတဲ့ဖိုးသခွားအမူအရာဖြင့် အချင်းချင်းစိုက်ကြည့်နေကြ၏။
"မင်း ထွက်မပြေးဘူးလား"
လင်းရုဖေးက မျောက်ကိုအသာထိလိုက်သည့်အခါ မျောက်ရဲ့အမွှေးတွေက တကယ်ကို သက်သောင့်သက်သာဖြစ်၍နူးညံ့နေကြောင်း ခံစားလိုက်ရသည်။ ထူထဲပြီး နူးညံ့သည့်အပြင် အလွန်တရာမှလည်းသန့်ရှင်းနေသည်။ ထိကြည့်ရုံဖြင့် အလွန်နူးညံ့ချောမွေ့နေမှန်း အတတ်သိလိုက်ရသည်။
"ဝူး" မျောက်က တစ်ချက်လေးပင် မလှုပ်ချေ။
လင်းရုဖေးက သိချင်စိတ်ဖြင့်မေးလိုက်သည်။
"မင်းက ထွက်ပြေးချင်ပေမယ့် မပြေးနိုင်လို့...ဟုတ်တယ်မလား"
မျောက်က အမှန်တကယ်ပင် ခေါင်းညိတ်ပြလာပြီး သူ့မျက်လုံးတွေက တဖြည်းဖြည်းဖြင့် ပိုပိုပြီး သနားစဖွယ်ကောင်းလာတော့သည်။
လင်းရုဖေးက နားလည်ရခက်သွားပြီး "ဘာလို့ မပြေးတာလဲ...ငါ အားဘယ်လောက်မှမသုံးထားတာကို..."
သူက ထိုသို့ဆိုရင်း တစ်ဆက်တည်းဆိုသလို မျောက်ကို ညင်သာစွာ လှုပ်ခါလိုက်သည်။ သို့သော်လည်း မျောက်ကအော်ဟစ်ပြီး သူ့လည်ပင်းကို ကာကွယ်ဖို့လုပ်လိုက်သည်။ လင်းရုဖေးက တစ်ကိုယ်လုံးတုန်ယင်မှုအပြည့်ဖြင့်ကြောက်ရွံ့နေသည့် မျေက်ကိုတွေ့လိုက်သည့်အခါ လုပ်နေသည်အား လျင်မြန်စွာ ရပ်တန့်ပစ်လိုက်သည်။
အနီးကပ်သေချာကြည့်ကြည့်သည့်အခါမျောက်ရဲ့လည်ပင်းအနောက်ရှိ အမွှေးတွေက အတုံးလိုက်အတစ်လိုက်ပျောက်ဆုံးနေပြီး အောက်ခြေက ပန်းရောင်အသားအရေကိုပင် မြင်နေရ၏။
လင်းရုဖေးက ချက်ချင်းဆိုသလိုပင် အပြစ်ရှိစိတ်များဖြစ်ပေါ်လာရသည်။
"ငါတကယ်ကို ဘာအားမှအများကြီးမသုံးထားဘူးရယ်"
လင်းရုဖေးက အနေရခက်စွာဖြင့် ရှင်းပြလိုက်သည်။
မျောက်ဘုရင်ကမူ လုံး၀မယုံရေးချမယုံပေ။ သူ့မျက်ဝန်းတွေက လင်ယောင်္ကျားဖြစ်သူထံမှ အိမ်တွင်းအကြမ်းဖက်ခံထားရလို့ မကျေမချမ်းဖြစ်နေသည့် မိန်းမဖြစ်သူကဲ့သို့ဖြစ်နေပြီး မျက်ဝန်းထောင့်လေးများတွင် မျက်ရည်လေးများကဝေ့သီနေတော့သည်။
ထိုမြင်ကွင်းကို ကြည့်နေတဲ့ လင်းရုဖေးတစ်ယောက် သွားကိုက်ချင်သလိုလိုပင်ဖြစ်လာရ၏။
သူ တကယ်အားအများကြီးမသုံးခဲ့ပေမယ့် သူ့လက်ကို လျှော့ပေးလိုက်သည့်အချိန်တွင် ရွှေရောင်အမွှေးများက လင်းရုဖေး၏လက်ထဲမှ ထွက်ကျလာပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့သည်။
မျောက်ဘုရင်သည်လည်း မြေပြင်ထက်သို့ လဲကျသွားပြီး ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် သူ့လည်ကုပ်ပိုးပေါ်ကအသားများကို ကာကွယ်ဖုံးအုပ်၍ အော်ငိုတော့သည်။ သူ့လည်ပင်းမှာရှိတဲ့အမွှေးတွေက အခုဆိုလျှင် လုံးဝ ပြောင်ရှင်းသွားချေပြီ။
လင်းရုဖေးက ချောင်းခြောက်တစ်ချက်ဆိုးလိုက်ပြီးနောက် အလျင်အမြန် ရှင်းပြလိုက်သည်။
"ငါဒီလိုလုပ်ဖို့ တကယ် မရည်ရွယ်ခဲ့ပါဘူး ငါက သိုင်းပညာကိုလည်း မလေ့ကျင့်ခဲ့ဘူးတဲ့သူဆိုတော့ ဘယ်လောက်များသန်မာနေမှာမလို့လဲ"
သူကပြောပြီးသည်နှင့် သက်သေပြချင်သည့်အတွက် ဘေးနားက ချယ်ရီပန်းပင်ကို ညင်သာစွာ တွန်းပြလိုက်သည်။
"ခလွပ်" တစ်ခုခုအက်ကွဲသွားပုံပင်။
ထိုချယ်ရီပင်စည်ကြီးက ခလွတ်ခနဲ အက်ကွဲသွားလေသည်။ လူတွေကို ကြက်သီးထစေနိုင်တဲ့ ပွတ်တိုက်သံနှင့်အတူ ကျယ်လောင်စွာဖြင့် မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားတော့၏။
မျောက်ဘုရင်က ချယ်ရီပန်းပင်ကြီးကို လုံးဝန်းသောမျက်လုံးအနက်များဖြင့် ငေးကြည့်နေပြီးနောက် လင်းရုဖေးကို ကြောက်ရွံ့ထိတ်လန့်စရာ တစ္ဆေသရဲကောင်အားကြည့်သကဲ့သို့ ထိတ်လန့်မှုအပြည့်ဖြင့်ကြည့်လာသည်။
လင်းရုဖေးကိုယ်တိုင်လည်း အေးခဲသွားရသည်။ သူက အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေခဲ့ပြီး ပါးစပ်ကနေ စကားတစ်ခွန်းထွက်လာဖို့အရေးကို မနည်းညစ်ထုတ်လိုက်ရသည်။
"ငါတကယ် အားအများကြီးမသုံးခဲ့တာ"
မျောက်ရဲ့အမွှေးတွေကို မသိမသာလေးသာပွတ်သပ်ပေးခဲ့ခြင်းမရှိလျှင် စကားလုံးတွေက လက်ခံယုံကြည်လာအောင် တမင်လုပ်ယူပြောဆိုနေသကဲ့သို့ပင် တူညီနေပေသည်။
မျောက်ဘုရင်က လင်းရုဖေးကို ဝမ်းနည်းပူဆွေးနေသည့်အမူအရာဖြင့်ကြည့်လိုက်ပြီး ခဏလောက် နှုတ်ဆိတ်နေလိုက်သည်။
လင်းရုဖေးခမျာ ထိုအကြည့်ကြောင့် အနည်းငယ် ရှက်ရွံမိသွားပြီး "ငါတကယ် အဲဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး မင်းငါ့ကို အမြဲတမ်းအနိုင်ကျင့်နေခဲ့တာတောင်မှပေါ့"
သူက တစ်ခဏလောက်စဥ်းစားလိုက်ပြီးနောက် တစ်ဖက်သို့ လှည့်၍ သူ့ဘေးက ချယ်ရီပန်းပွင့်ကို လှမ်းယူလိုက်သည်။ ခန္ဓာကိုယ်ကို တစ်ဝက်လောက်ငုံ့ကိုင်းကာ မျောက်ရဲ့နားရွက်ကြားတွင် ပန်းပွင့်လေးကို ထိုးညှပ်လိုက်သည်။
သူက မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်ပြီး "အင်း...ငါမင်းကို ပန်းပွင့်လေးပေးမယ် စိတ်မဆိုးနဲ့တော့နော်"
မျောက်ဘုရင်ရဲ့မျက်ရည်များက မျက်၀န်းအိမ်ထက်မှ လျှံကျလုနီးပါးဖြစ်နေပြီး သူက အကြိမ်ပေါင်းများစွာ အော်ဟစ်လိုက်သည်။
မျောက်က ဘာပြောလိုက်သလဲဆိုတာကိုတော့ သူနားမလည်ပေ။
လင်းရုဖေးက သူ့စကားများကို နားမလည်သော်လည်း သူ့အသံနေအသံထားဆီမှတဆင့် စိတ်တိုဒေါသထွက်နေမှန်းကိုဖြင့်သိနိုင်သေး၏။
ထို့ကြောင့် အသံကိုအတတ်နိုင်ဆုံးတိုးလျညှင်သာ၍ နှစ်သိမ့်စကားကိုဆိုလိုက်ရသည်။
"မငိုနဲ့တော့နော် မငိုနဲ့တော့ အမွှေးတွေကျွတ်သွားလည်း ဘာမှမဖြစ်ဘူး ဖြည်းဖြည်းချင်း ပြန်ပေါက်လာမှာပဲကိုးနော်...မငိုနဲ့တော့"
မျောက်ဘုရင်က သူ့စကားတွေကို လင်းရုဖေးတစ်ယောက် နားမလည်ကြောင်းသတိထားမိသဖြင့် ထပ်မံ၍ အော်ဟစ်ပြန်သည်။ ဝမ်းနည်းအားငယ်သည့်ပုံစံဖြင့် တစ်ဖက်သို့လှည့်လိုက်ပြီး လင်းရုဖေးလုပ်ထားလို့ ပြောင်ရှင်းနေသည့် သူ့လည်ကုပ်ကို ပြလိုက်သည်။ တစ်ကိုယ်လုံးက ရွှေရောင်အမွှေးများဖြင့် ဖုံးလွှမ်းထားသော်လည်း ကုပ်ပိုးတစ်ခုတည်းကသာ အမွှေးငုတ်တိုလေးတွေနှင့်ဖြစ်နေပြီး ပန်းရောင်အသားရေကိုပင် ဝိုးတိုးဝါးတားမြင်နေရသေးသည်။
ထိုပုံစံလေးက အနည်းငယ် သနားစရာကောင်းနေ၏။
လင်းရုဖေးက သူ့နှုတ်ခမ်းကို အတင်းဖိကိုက်လိုက်ရသည်။ သူ့ရဲ့ ပိန်သွယ်ပါးလျသည့်ပုခုံးက အနည်းငယ်တုန်ယင်နေပြီး တစ်ချက်ကြည့်ရုံဖြင့် အော်ဟစ်ရယ်မောလိုခြင်းကို အတင်းအဓ္ဓမမျိုသိပ်ဖို့ ကြိုးစားနေမှန်းသိသာလွန်းလှသည်။
မျောက်က လင်းရုဖေးပေးထားသည့် သေးငယ်တဲ့ပန်းပွင့်လေးကို ပန်ဆင်ထားဆဲဖြစ်ပြး ခြေတစ်လှမ်းလှမ်းလိုက် သုံးလှမ်းလောက်နောက်ပြန်ဆုတ်လိုက်ဖြင့် ဖြည်းဖြည်းချင်း လျှောက်နေပေသည်။
လင်းရုဖေးက ရုတ်တရက် သူ့နှလုံးသားထဲတွင် တစ်ခုခုကို ခံစားမိလိုက်ပြီး မျောက်ဘုရင်ကို နွေးထွေးညင်သာသောအသံဖြင့်ပြောလိုက်သည်။
"သွားတော့လေ...ငါတစ်ချိန်ချိန်ကျရင်တော့ ပြန်လာလည်ပါဦးမယ်"
မျောက်ဘုရင်က သက်ပြင်းအသာချ၍ လင်းရုဖေးကို နောက်ဆုံးတစ်ကြိမ်အနေဖြင့် လှည့်ကြည့်လိုက်သည်။ ညတာရဲ့အမှောင်ထုကကြီးမားပြီး မျောက်ရဲ့မျက်လုံးထဲက တွယ်တာခြင်းများကို ကူညီဖုံးကွယ်ထားပေးလျက်ရှိနေသည်။ အကြိမ်ပေါင်းများစွာ ဟိုဒီခုန်ကူးပြီးနောက် ချယ်ရီပန်းပင်တောအုပ်ထူထူကြီးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
လင်းရုဖေးရဲ့ အပြုံးကလည်း မှေးမှိန်သွားပြီး ထူးဆန်းစွာဖြင့် အထီးကျန်ဆန်မှုကိုခံစားလိုက်ရသည်။ ထိုဆိုးသွမ်းသည့်မျောက်ဖြင့်တွေ့ဆုံရတာ နောက်ဆုံးအကြိမ်ဆိုသည့် ထူးဆန်းသော ခံစားချက်ကိုရနေသည်။
လင်းရုဖေးသည် အနည်းဆုံးတော့ ယခင်က သူ့ကိုအနိုင်ကျင့်ခဲ့ခြင်းများကို ကလဲ့စားပြန်ချေလိုက်နိုင်ပြီဟုသာ ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လိုက်သည်။
ကျီစယ်တတ်သည့်မျောက်ကို ပထုတ်ပြီးနောက် လင်းရုဖေးသည် သူတွန်းချခဲ့တဲ့ နံဘေးက ချယ်ရီပင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်းနည်းအားနာသည့်မျက်နှာဖြင့် တောင်းပန်စကား ကိုဆိုလိုက်၏။
ထိုချယ်ရီပန်းပင်တောအုပ်သည် နှစ်ပေါင်းရာချီသက်တမ်းရှိနေပြီဖြစ်ပြီး ထိုအထဲက တစ်ပင်ကတော့ လင်းရုဖေးတွန်းလိုက်သဖြင့် ကျိုးကျေသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် မျောက်ဘုရင်ရဲ့ခေါင်းကို သူ ထိုအားဖြင့်မရိုက်မိခဲ့ပေ။
တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် ငွေရောင်ဓားရှည်က တဝီဝီပြန်မြည်လာသဖြင့် လင်းရုဖေးက ပြုံးနေတဲ့မျက်ဝန်းများဖြင့် ဓားလက်ကိုင်အရိုးကို ဆုပ်ကိုင်လိုက်သည်။
ဓားရှည်က ထပ်မံပျံသန်း၍ လင်းရုဖေးကို ချယ်ရီပန်းပင်တောကြီးထဲမှ ခေါ်ဆောင်သွားတော့သည်။
ဤအဖြစ်အပျက်တွေအားလုံးက အိပ်မက်နှင့်လွန်စွာမှတူလွန်းလှသည်။ သို့သော်လည်း လက်တွေ့မကျသည့် အိပ်မက်ဖြစ်နေလျှင်ပင် နောင်တတွေမရှိသည့် အလွန်လှပတဲ့အိပ်မက်တစ်ခုဖြစ်ခဲ့သည်။
သို့သော် အိပ်မက်မဟုတ်ဘူးဆိုလျှင်တော့ လှပချောမောတဲ့အနီရောင်ဖြင့်လူကြောင့်သာ သူ့ခန္ဓာကိုယ်မှာ မူမမှန်တဲ့ ပြောင်းလဲမှုများရှိနေခြင်းဖြစ်ပေလိမ့်မည်။
သို့သော် ထိုအဖြစ်အပျက်တွေက တင်္ဒဂလေးသာဖြစ်သည်။ သိပ်မကြာမီပင် လင်းရုဖေးသည် သူချစ်မြတ်နိုးရသည့် ခြံဝင်းထဲတွင်ပြန်ရောက်နေပြီး ခါးသက်တဲ့ တရုတ်ဆေးအနံ့တွေက အိမ်ပတ်၀န်းကျင်တွင် တရစ်ရစ်ဝဲပြန့်နေသည်။ အစားအသောက်တွေသယ်ဆောင်လာတဲ့ ဖူဟွားက အခန်းတံခါးကို အသာအယာခေါက်နေ၏။
"သခင်လေး ယာဂု ရပါပြီ"
ဖူဟွားက နွေးထွေးညင်သာသည့်အသံဖြင့် အသိပေးလာသည်။
လင်းရုဖေးက ကုတင်အစွန်းမှာထိုင်နေသည်။ သူ့လက်ဖဝါးထက်ရှိ မျဥ်းကြောင်းများကိုကြည့်နေရင်း ဂိုဏ်း၏ ဆေးပညာနှင့် ပရောဟိတ်ပညာတို့တွင် ဆရာသခင်ဖြစ်သည့် ဝမ်ယောင်က သူ့အားပြောခဲ့ဖူးသော စကားများကို ရုတ်တရက် သတိရသွားမိသည်။
"ခွန်းလွန်တောင်ရဲ့ လမ်းလယ်ခေါင်မှာ အော်ပြောနေတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်...လှည်းသွားရာလမ်းကြောင်းမှာရှိတဲ့ချိုင့်ခွက်လေးတစ်ခုကိုရှာနေမိတယ် အဲ့ဒီမှာ ခိုနားနိုင်မှာမလားလို့ပေါ့~"
ရုတ်တရက်ဆိုသလို လင်းရုဖေးတစ်ယောက် နားလည်သွားရ၏။
သူက လှည်းဘီးသွားရာလမ်းကြောင်းမှာရှိတဲ့ ချိုင့်ခွက်လေးထဲမှာ ပိတ်မိနေတဲ့ ငါးလေးတစ်ကောင်သာဖြစ်ပြီး အချိန်မရွေး ရေခမ်းခြောက်မှုကြောင့် သေသွားနိုင်သည်ဆိုတာပင်။
__ __ __
ယာဂုက နှံစားပြောင်းယာဂုဖြစ်ပြီး နှစ်သစ်အကြိုရက်မတိုင်ခင်က ရိတ်သိမ်းထားသည့် နှံစပါးအသစ်ပင်။ ယာဂုအထဲတွင် ကောင်းမွန်ပြီးအရသာရှိလှသည့်နှံစားပြောင်းပါရှိပြီး အပေါ်ယံအလွှာတစ်ခုလုံး ရွှေရောင်သန်းသည်အထိ ခပ်ပျစ်ပျစ်လေးချက်ပြုတ်ထားခြင်းဖြစ်သည်။ အရံဟင်းအနေဖြင့် မုန်လာဥချဥ်နှင့် ရာသီပေါ်စာဟင်းသီးဟင်းရွက်မွှေကြော်တို့ပင်။ အရောင်အနေအထားကဖြင့်တော့ လင်းရုဖေးရဲ့အစာစားချင်စိတ်ကို နိုးကြွေစေမည့် အစိမ်းရောင်ဖြစ်၏။
ဖူဟွားက လင်းရုဖေး၏ အစာစားချင်စိတ်ရှိနေသည့်ပုံစံကိုတွေ့သွားပြီးနောက် အပျော်လွန်ပြီး ချက်ချင်းဆိုသလို လင်းရုဖေးကိုကုတင်ပေါ်မှထစေကာ စားပွဲတွင်၀င်ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ သို့သော်လည်း သူမရဲ့မျက်လုံးများက လင်းရုဖေး၏တစ်ကိုယ်လုံးကို လှည့်လည်စစ်ဆေးကြည့်ပြီးနောက် တစ်ခုခုကို သတိထားမိသွားသည်။
သူမက ဆောင့်ကြောင့်ထိုင်ချပြီး လင်းရုဖေးဝတ်စုံ၏ထောင့်စွန်းအနားကိုသေချာကြည့်ရှုလိုက်သည်။
“သခင်လေးရဲ့ ဝတ်စုံက ဘာလို့ညစ်ပတ်နေတာလဲ”
လင်းရုဖေး၏၀တ်စုံက အဖြူရောင်ဝတ်စုံဖြစ်တာကြောင့် ညိုညစ်ညစ်အစွန်းအထင်းများ ပေကျံနေခြင်းကို ဖူဟွားအားချက်ချင်းပင် သတိထားမိသွားစေသည်။
ဖူဟွားက အနည်းငယ် မသေချာမရေရာသည့်လေသံဖြင့်မေးလာ၏။
“သခင်လေး အခန်းထဲက ထွက်သွားသေးတာလား”
.....
စာရေးသူမှာပြောစရာရှိတယ်...
လင်းရုဖေး : အားနည်း၊ သနားစရာကောင်းပြီး အကူအညီမဲ့ - ဒါပေမယ့် တိုက်ခိုက်နိုင်စွမ်းရှိတယ်...