Chapter 14
ချိုးဖောက်လို့မရတဲ့ ကံကြမ္မာ။
“သခင်လေး အခန်းထဲက ထွက်သွားသေးတာလား”
သို့သော် သူမပြောနေသည့်စကားဆုံးပြီးနောက် မမေးသင့်သည့်မေးခွန်းကို မေးမိမှန်းချက်ချင်းပင်သတိ၀င်သွားသည်။ သူမ ချက်ပြုတ်နေစဥ်အတွင်း ယွီရွေ့က တံခါးနားတွင်တစ်ချိန်လုံးစောင့်ရှောက်နေခဲ့ခြင်းဖြစ်သည့်အတွက် လင်းရုဖေးသာ ထွက်သွားမည်ဆိုလျှင် သူမ မသိဘဲနေမည် မဟုတ်ပေ။
လင်းရုဖေးက တူကိုညှပ်ကိုင်လျက် လေသံဖျော့ဖျော့ဖြင့်ဆိုလိုက်သည်။
“အင်း ငါခဏလောက် အပြင်သွားလိုက်တာ ဒီအရံဟင်းက အရသာရှိတယ်”
ဖူဟွားက လင်းရုဖေးကို ပြုစုလာတာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သည့်အတွက် လင်းရုဖေးက ထိုအကြောင်းကိုမပြောချင်မှန်း သူမချက်ချင်းသိသွားသည်။ သူမရဲ့စိတ်ထဲမှာ သံသယစိတ်တွေရှိနေသေးပေမယ့်လည်း တိတ်တဆိတ်သာနေလိုက်ပြီး ညင်ညင်သာသာဖြင့်မေးလိုက်၏။
“ဒါဆို သခင်လေး အိပ်ရာမဝင်ခင် ရေချိုးချင်လား သန့်ရှင်းတဲ့အဝတ်အစားတွေကိုလဲလိုက်တာ အကောင်းဆုံးပဲ…”
လင်းရုဖေးက ခေါင်းညိတ်လိုက်ပြီး “မင်းပြောတာမှန်တယ်”
ဖူဟွားက ကျေနပ်မုအပြည့်ဖြင့် ပြုံးလိုက်သည်။
လင်းရုဖေးက ညလေညင်းတွေထဲ အနီရောင်၀တ်စုံနှင့်လူရဲ့ ခေါ်ဆောင်သွားခြင်းခံရပြီးနောက် သူ့ရဲ့ စားချင်စိတ်က မယုံနိုင်လောက်အောင်ပင် တိုးတက်လာတော့သည်။ နှံစားပြောင်းယာဂုကိုသောက်ပြီးနောက် အရံဟင်းတွေအများကြီးကိုလည်း စားလိုက်သေးသည်။
လင်းရုဖေးစားနေချိန်တွင် ဖူဟွားက ထွက်သွားပြီး သူ့အတွက် ရေနွေးသွားစပ်ပေးသည်။ ရေနွေးက အထူးမီးသွေးဖြင့် အပူပေးထားခြင်းဖြစ်တာကြောင့် အပူချိန်ကိုကောင်းကောင်းထိန်းညှိပေးနိုင်ကာ အရမ်းပူခြင်း၊ အေးခြင်းမျိုးမရှိပေ။ သို့သော်လည်း ဤမီးသွေးရဲ့မီးက သာမာန်လူတွေ အသုံးမပြုနိုင်သည့် ဓားချီ သို့မဟုတ် စိတ်၀ိညာဥ်စွမ်းအားဖြင့် မီးညှိထားခြင်းပင်။
ဖူဟွားက ရေနွေးအပူချိန်ကိုသေချာထိန်းညှိပြီးနောက် လင်းရုဖေးကို ရေချိုးလို့ရပြီဖြစ်ကြောင်းပြောရန် အိပ်ခန်းဆောင်ရှိရာသို့သွားလိုက်သည်။ သို့သော် ခြံဝင်းကိုဖြတ်သွားချိန်တွင် လင်းအာ့ကုန်းဇီက ခြံဝင်းထဲမှာ တိတ်ဆိတ်စွာဖြင့် ရပ်နေတာကိုတွေ့လိုက်ရသည်။
[ T/N - Lin Er Gongzi = လင်းအာ့ကုန်းဇီ = ဒုတိယသခင်လေးလင်း ]
အစိမ်းရောင်ဝတ်ရုံကို လွှမ်းခြုံထားကာ ဓားရှည်ကိုင်ဆောင်ထားပြီး ရပ်နေသည့်တစ်လျှောက်လုံး ပြုံးလည်းမပြုံးသလို ရယ်လည်းမရယ်ပေ။ အနည်းငယ်မှေးကျဥ်းနေသည့်မျက်၀န်းတို့ဖြင့် ချယ်ရီပန်းပင်ကို ခြံ၀န်းထဲတွင်ရပ်လျက် စိုက်ကြည့်နေပေ၏။
ဖူဟွားက ဓားရှည်အကြောင်းနားလည်သည့်အတွက် လင်းပျန့်ယွီ ဆီကနေ အေးစက်ပြီးထက်ရှသည့်သတ်ဖြတ်ချင်စိတ်ကိုခံစားလိုက်ရသည်။
'တစ်စုံတစ်ယောက်ကိုသတ်ချင်နေတာလား'
ဤအဆုံးမသတ်နိုင်အောင်ကျယ်ပြောလှသည့် ယောင်ကွမ်းတိုက်ကြီးတစ်ခုလုံးတွင် လင်းပျန့်ယွီ၏ သတ်ဖြတ်လိုစိတ်ကိုဆွပေးနိုင်သည့်သူက လက်ချိုးရေလို့ပင်ရသည်။
'ဘာလို့ လင်းပျန့်ယွီဆီမှာ ဒီလိုသတ်ဖြတ်ချင်စိတ်က ရုတ်ချည်း ထရှိလာရတာလဲ'
လင်းပျန့်ယွီက သူ့နောက်မှာ ဖူဟွားရှိနေတာကို သတိထားမိသွားသည်။ အလွန်လျင်မြန်သည့်အရှိန်ဖြင့် သူ့ရဲ့မျက်ဝန်းထဲက အေးစက်မှုများက အရည်ပျော်သွားကာ ပါးလွှာသည့်နှုတ်ခမ်းပါးထောင့်စွန်းတွေက လှပပြီးသေသပ်တဲ့အပြုံးတစ်ခုကိုဖန်ဆင်းလျက် ကွေးတက်သွားတော့။ ခွန်းလွန်ဂိုဏ်း၏ ညှင်သာယဥ်ကျေးသည့် ကျောက်စိမ်းနှင့်သဏ္ဍာန်တူသော ဒုတိယသခင်လေးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်၏။
“ရှောင်ကျို့ ပြန်ရောက်လာပြီလား”
'ပြန်ရောက်လာပြီလားတဲ့လား ဘာလို့ 'ပြန်ရောက်လာပြီလား' ဖြစ်ရတာလဲ'
ဖူဟွားက အနည်းငယ်အေးခဲကြောင်အသွားပေမယ့် အလျှင်အမြန်ခေါင်းညိတ်ပြလိုက်သည်။
“ပြန်ရောက်နေပါပြီ ဒါပေမယ့်...သခင်လေးက ဘယ်အချိန်တုန်းက ထွက်သွားလို့လဲ”
လင်းပျန့်ယွီက ပြန်မဖြေပေ။
“အထဲကိုသွားမယ်”
ဖူဟွားက ဟုတ်ကဲ့ဆိုပြီး ခေါင်းသာညိတ်ပြလိုက်နိုင်သည်။ လင်းပျန့်ယွီ၏ စကားတွေက နည်းနည်းထူးဆန်းသည်ဟု ခံစားနေရပေမယ့် နောက်ဆုံးတော့လည်း သူမက အစေခံတစ်ယောက်သာဖြစ်သည်။ မမေးသင့်၊ မသိသင့်တာတွေရှိသည့်အတွက် မျက်မမြင်တစ်ယောက်လို၊ နားကန်းတစ်ယောက်လိုနေရပေမည်။
နှစ်ယောက်သား အခန်းထဲကိုဝင်လိုက်ချိန်တွင် လင်းရုဖေးက ဖယောင်းတိုင်မီးရောင်အောက်မှာ ထိုင်နေသည်ကိုတွေ့လိုက်ရသည်။ သူက ခုံပေါ်မှာမှီနေခြင်းဖြစ်ပြီး သူ့ရဲ့ ဆံပင်အနက်ရောင်တွေက ချည်နှောင်ထားခြင်းမရှိသဖြင့် သူ့ပုခုံးပေါ်တွင် အနည်းငယ်ရှုပ်ပွလျက် လျှောကျနေ၏။
ဖယောင်တိုင်မီးအောက်တွင် သူ့ရဲ့မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး သူ့ရဲ့ မျက်တောင်ရှည်များက အဝေးသို့ပျံသန်းချင်နေသည့် အနက်ရောင်လိပ်ပြာကဲ့သို့ နည်းနည်းတုန်ယင်နေသည်။
လင်းရုဖေးကလည်း ခြေသံတွေကိုကြားရသဖြင့် မော့ကြည့်လိုက်သည်။
သူက ပေါ့ပါးစွာပြုံး၍ ခေါ်လိုက်သည်။ “ဒုတိယအစ်ကို”
လင်းပျန့်ယွီရဲ့ အမူအရာက ချက်ချင်းပင် နူးညံ့ညင်သာသွားပြီး အစောနလေးတင် သူ့ခန္ဓာကိုယ်ကထွက်ပေါ်လာသည့် ထက်မြလှသည့်သတ်ဖြတ်ချင်စိတ်မှာလည်း ချင်ချင်းပင် အစရှာမရအောင်ကွယ်ပျောက်သွားတော့သည်။
“ရှောင်ကျို့ အစားပုံမှန်စားရဲ့လား”
လင်းပျန့်ယွီက အရှေ့သို့တိုးလျှောက်၍ လင်းရုဖေးနှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။
“ဖူဟွားက ယာဂုပန်းကန်ကြီးတစ်ခုလုပ်ပေးတယ် ကျွန်တော် အကုန်စားလိုက်တယ်” လင်းရုဖေးကအပြုံးလေးဖြင့်ဖြေပြီးနောက် ဆက်၍မေးလိုက်သည်။
“အတော်လေးတောင် နောက်ကျနေမှ ဒုတိယအစ်ကိုက ဘာလို့ ရောက်ချလာတာလဲ တစ်ခုခုဖြစ်လို့လား”
လင်းပျန့်ယွီ : “ဘာမှမဖြစ်ပါဘူး မင်းအစောပိုင်းတုန်းက ချောင်းအရမ်းဆိုးနေတော့ နောက်တစ်ခေါက်လောက်လာစစ်ဆေးကြည့်သင့်တယ်ထင်လို့ လာခဲ့တာ”
လင်းရုဖေး : “ပန်းနှင်းစက်ရည်ကိုသောက်ပြီးကတည်းက အများကြီးသက်သာသွားပါပြီ”
သူက လင်းပျန့်ယွီရဲ့အကြည့်ထဲမှတဆင့် တစ်ခုခုကို သတိထားမိသွားသဖြင့် ညင်သာစွာ ခေါ်လိုက်၏။
“ဒုတိယအစ်ကို”
“ရှောင်ကျို့”
လင်းပျန့်ယွီက ရုတ်တရက် ထရပ်၍ ပြတင်းပေါက်နားသို့လျှောက်သွားသည်။ သူက ပြတင်းပေါက်ကို ခပ်ကျယ်ကျယ်တွန်းဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်တွင် မျက်စိနောက်စရာကောင်းသည့် ချယ်ရီပန်းပင်ကြီးရှိနေသည်။
သူက ရယ်ရယ်မောမောဖြင့်မေးလာ၏။
“ဒီချယ်ရီပန်းပင်ကြီးက ပိန်လိန်ကျစ်ပြီး အရမ်း အကျည်းတန်လွန်းတယ် အကြည့်တစ်ချက်နဲ့တင် လူကိုအတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတယ် ငါတို့ ဒီကောင့်ကို ဓားရှည်နဲ့ တစ်ချက်တည်းနဲ့ခုတ်ဖြတ်ပစ်လိုက်ကြမလား”
လင်းရုဖေးသည် ခဏတာ မှင်တက်သွားပြီး သူစကားပြောတော့မည့်အချိန်မှာပဲ လင်းပျန့်ယွီက လက်ကာပြပြီးနောက် ဖူဟွားကို ထွက်သွားဖို့ပြောလိုက်သည်။ ဖူဟွားက အရိုအသေပေးပြီးသည်နှင့် အခန်းထဲမှ ချက်ချင်းပင် ထွက်ခွာသွားကာ တံခါးကို ညင်သာစွာပိတ်လိုက်သည်။
လင်းရုဖေးနဲ့ လင်းပျန့်ယွီက တစ်ယောက်နဲ့တစ်ယောက် အကြာကြီးစိုက်ကြည့်နေကြပြီး မည်သူကမျှအသံမပြုကြပေ။
“ဒီချယ်ရီပန်းပင်ကြီးက နတ်ဆိုးလား”
နောက်ဆုံးတွက် လင်းရုဖေးကသာ အရင်စကားပြောလိုက်ရသည်။
“မဟုတ်ဘူး” လင်းပျန့်ယွီက ပြန်ဖြေသည်။
“ဒါဆို ဘာလဲ” လင်းရုဖေးက ထပ်မေးလိုက်သည်။ ဒီမတိုင်ခင်က ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြချင်ပေမယ့် လင်းပျန့်ယွီရဲ့ပုံစံကိုကြည့်ပြီး လျှာဖျားထိပ်က စကားလုံးများကိုပြန်မြိုချလိုက်ရသည်။
“အဲဒါက မင်းရဲ့ ကံကြမ္မာပဲ” လင်းပျန့်ယွီက ပြောသည်။
လင်းရုဖေးမှာ နားမလည်နိုင်ဖြစ်သွားသဖြင့်ပြန်မေးလိုက်ရသည်။
“ကံကြမ္မာ ဟုတ်လား”
လင်းပျန့်ယွီက “ကံကြမ္မာ” လို့ပြောသာခဲ့ပြီး “ကောင်းချီးပေးခြင်း” လို့ ပြောခဲ့ခြင်းမဟုတ်တာကို သူသေချာသတိထားမိ၏။
လင်းပျန့်ယွီ : “အခုကစပြီး ဝမ်ယောင်က နောက်ထပ် တွက်ချက်ပေးနိုင်မှာမဟုတ်တော့ဘူး”
ဝမ်ယောင်ရဲ့ပရောဟိတ်ပညာရပ်က အထင်သေးစရာမဟုတ်ပေ။ ခွန်းလွန်တောင်တစ်ခုလုံးတွင် သူက “ဒုတိယ” ဆိုလျှင် မည်သူကမှ “ပထမ” နေရာကိုယူရဲလိမ့်မည်မဟုတ်ချေ။ သူ့လိုလူပင်မတွက်ချက်နိုင်သည့်အရာသာအမှန်တကယ်ရှိနေခဲ့ပလျှင် ယင်းမှာကောင်းကင်ဘုံ၏ ဥပဒေသနှင့် တစ်နည်းမဟုတ် တစ်နည်း ပက်သက်ဆက်နွယ်နေလိမ့်မည်မှာသေချာပေါက်ပင်။
ကောင်းကင်ဘုံနှင့်သက်ဆိုင်သည့်အရာများကို စပ်စုချင်သောသူများသည် သူတို့ရဲ့ဘဝသက်တမ်းကို တိုတောင်းစေရုံသာမက ကံကြမ္မာ၏စည်းမျဥ်းကိုချိုးဖောက်မိကြသဖြင့် ခန္ဓာကိုယ်ပျက်ဆီးကာ ဘယ်တော့မှ ပြန်လည်မွေးဖွားနိုင်တော့မည်မဟုတ်ပေ။ ညဏ်ပညာထက်မြက်သည့် ဝမ်ယောင်လိုလူပင် လွယ်လွယ်ဖြင့် ထိုအရာကို ထိတွေ့ မကြိုးစားဝံ့ချေ။
လင်းပျန့်ယွီ၏လက်က ထျန်းရှောင်ရဲ့ဓားလက်ကိုင်ရိုးထိပ်တွင်ရှိနေပြီး “ရှောင်ကျို့ ဒီသစ်ပင်က မင်းကို သတ်လိမ့်မယ် ဘာပဲဖြစ်ဖြစ် ငါဒီလိုအရာကိုတော့ ခွင့်မပြုနိုင်ဘူး”
ထိုထူးထူးဆန်းဆန်းစကားလုံးတွေထွက်ကျလာသည်နှင့်တပြိုက်နက် လင်းရုဖေးက ငွေရောင်ဓားရှည်၏အဖြူရောင်သက်တံ့သဖွယ် အလင်းရောင်ကိုသာမြင်လိုက်ရပြီး ထိုအလင်းရောင်ဖြင့်ပင် လင်းပျန့်ယွီက သူ့ဓားရှည်ကို ဆွဲထုတ်လိုက်ပြီမှန်း ချက်ချင်း သိသွားသည်။
ဓားအိမ်ထဲမှထွက်လာသော ထျန်းရှောင်က သတ်ဖြတ်လိုစိတ် ပြင်းထန်သည့် ဓားဆန္ဒများဖြင့်ရောစပ်ကာ ပိန်ပါးတဲ့ ချယ်ရီပင်ကို ဦးတည်နေပေသည်။ သစ်ပင်ကြီးက နွေဦးရဲ့လေအေးအေးထဲမှာ မားမားမတ်မတ်ရပ်နေပြီး အရွက်မရှိ ၊ အပွင့်မရှိဘဲ အထီးကျန်ဆန်စွာရှိနေပေသည်။ သူ့ရဲ့ ပိန်ပါးသည့်အကိုင်းအခက်လေးများ ငိုက်ကျနေပုံမှာ အပြစ်ကင်းပြီး သနားစရာကောင်းတဲ့ကလေးလေးတစ်ယောက်လိုဖြစ်နေ၏။
လင်းရုဖေးက လင်းပျန့်ယွီရဲ့ လှုပ်ရှားမှုမှန်သမျှများကို ထင်ထင်ရှားရှား မြင်တွေ့လိုက်ရသည်။ လင်းပျန့်ယွီက သူ့လက်ကိုမြှောက်လိုက်ကာ ဓားကိုဓားအိမ်ထဲမှထုတ်၍ ပိုင်းချလိုက်သည်။ ထျန်းရှောင်ရဲ့ ထက်မြတဲ့ဓားသွားက အလင်းရောင်ထဲမှာ ပျော်ဝင်နေပြီး လင်းရုဖေးက ထျန်းရှောင်းတွင်ထွင်းထုထားသော နာမည်ကိုပါ မြင်တွေ့နိုင်ခဲ့သည်။ ရေးထိုးထားသောစာလုံးက နှစ်လုံးတည်းသာ။ ယင်းက လင်းပျန့်ယွီ၏ လောကသိနာမည်ဖြစ်သည့် “ထျန်းကြွယ်” ပင်။
ထိုအချိန်လေးတွင် လင်းရုဖေးသည် တောင်အောက်က ချယ်ရီပန်းပင်တောအုပ်၊ တောအုပ်ထဲက ရွှေရောင်အမွှေးများဖြင့် မျောက်ဘုရင်ကြီးနှင့် မြေခွေးနတ်မိမယ်များထက် ပိုလှပသည့်လူကိုပါ သတိရသွားသည်။
သူ့စိတ်က မိန်းမောနေရာမှ ပြန်မနိုးထလာနိုင်သေးပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အရှေ့ကို စတင်ရွေ့လျားနေပြီဖြစ်သည်။ သူ့ရဲ့ နဂိုလေးလံသည့်ခန္ဓာကိုယ်က ယခုဆို ငှက်မွေးလေးကဲ့သို့ ပေါ့ပါးနေပြီး သူ့က အလျင်အမြန်ဖြင့် သူ့လက်ကိုဆန့်ထုတ်၍ လင်းပျန့်ယွီနှင့် ချယ်ရီပင်ကြားတွင် ပိတ်ဆို့လိုက်၏။
“ဒုတိယအစ်ကို မလုပ်ပါနဲ့…..” လင်းရုဖေးက အော်ပြောလိုက်သည်။ သူ့ပုခုံးထက်တွင် ဆံပင်ရှည်များက မြင်မကောင်းလောက်အောင် အလွန်အမင်းပြန့်ကျဲရှုပ်ပွလျက်ရှိနေပြီး အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။ သူ၏ဖျော့တော့သည့်ပါးပြင်ထက်တွင် အနီရောင်မသန်းနေပေမယ့် သူ့မျက်ဝန်းထောင့်စွန်းများတွင်မူ “ဒုတိယအစ်ကို…..” လို့ခေါ်လိုက်ချိန်တွင် အနည်းငယ်နီရဲတွတ်ကာ မူမမှန်ဖြစ်နေခဲ့သည်။
လင်းပျန့်ယွီ ထျန်းရှောင်နှင့်အတူထုတ်သုံးလိုက်သည့်စွမ်းအားက သူ့ဦးတည်ချက်ကိုမထိခိုက်မိသွားချေ။ ထိုသည်က လင်းပျန့်ယွီက သူ့တိုက်ခိုက်မှုကို အချိန်မီရပ်တန့်နိုင်ခဲ့သောကြောင့်သာမက လက်နှစ်ဖက်ဖြင့်ဖမ်းဆုပ်ထိန်းချုပ်ခံလိုက်ရသောကြောင့်ပါဖြစ်သေး၏။
လင်းရုဖေး၏လက်ဖဝါးမှတဆင့် သွေးများ နည်းနည်းချင်းစီ စီးကျနေပြီး ထိုသွေးများက နှင်းကဲ့သို့ ဖြူစွတ်နေသည့် ထျန်းရှောင်ဓားသွားပေါ်တွင် စွန်းထင်သွားခဲ့သည်။
လင်းပျန့်ယွီ၏ မျက်လုံးပြူးအစုံကကျယ်သွားရသည်။ သူ့ရင်ဘတ်ထဲသို့ လေးလံစွာဖြင့် ဝင်ရောက်လာသော ခံစားချက်များကို ဖိနှိပ်ကာ အနည်းငယ်ခွန်အားမဲ့နေသောအသံဖြင့်ပြောလိုက်သည်။
“ရှောင်ကျို့ လွှတ်လိုက်”
လင်းရုဖေးက ဓားရှည်ကို လွှတ်၍ အရှုံးပေးလိုက်ရသည်။ လင်းပျန့်ယွီအရှေ့ကို သူဘယ်လိုရောက်သွားခဲ့လဲဆိုတာကိုပင် မသိခဲ့သည့်အပြင် ထျန်းရှောင်ကို သူဘယ်လိုဖမ်းမိသွားလဲဆိုတာကိုပင် စဥ်းစားရခက်နေမိသည်။ သူသိတာတစ်ခုကတော့ လင်းပျန့်ယွီ၏ဓားဖြင့် ဤခြောက်သွေ့ပိန်ပါးနေသည့် ချယ်ရီပန်းပင်ကြီး အပိုင်းပိုင်းခုတ်ပိုင်းခံနေရတာကို တကယ် မမြင်တွေ့ချင်ခဲ့ပေ။
ထို့ကြောင့် သူက တမင်တကာကြား၀င်ဖြတ်တားလိုက်ခြင်းပင်။
လင်းပျန့်ယွီက လင်းရုဖေးရဲ့ လက်ပေါ်က ဒဏ်ရာကို ငုံ့ကြည့်လိုက်သည်။ သွေးအများကြီးထွက်နေသော်လည်း အပေါ်ယံဒဏ်ရာလေးသာဖြစ်၏။ သူက သက်ပြင်းအသာချပြီးနောက် ပါးစပ်ထဲမှာ လေပူများကို မှုတ်ထုတ်၍နောက်တစ်ဖန်ထပ်ပြီး သက်ပြင်းချလိုက်မိပြန်သည်။ အဆုံးတွင် သူက မည်သည့်စကားမျှမဆိုတော့ဘဲ တိတ်ဆိတ်စွာဖြင့် တံခါးအပြင်ဘက်တွင်ရပ်နေသည့် ယွီရွေ့ကို ဆေးတစ်ချို့ယူလာဖို့ လှမ်းပြောလိုက်သည်။
“ဒုတိယအစ်ကို….” လင်းရုဖေးက အနည်းငယ် မလွယ်ကူသလိုခံစားလိုက်ရသည်။
လင်းပျန့်ယွီက လင်းရုဖေးကို ထိုင်ဖို့ပြောလိုက်သည်။ သူက လင်းရုဖေး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်၍ သွေးထွက်ရပ်တန့်အောင်လုပ်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်က အားနည်းတာကြောင့် လင်းရုဖေး၏အနာပျောက်ကင်းသည့်နှုန်းကလည်း အရမ်းနှေးကွေးသည်။ သူက ကြွေထည်ရုပ်လေးလိုပင်။ သူ့ရဲ့ပုံစဥ်နေ့စဥ်ဘဝတွင်ပင် သာမန်ထိခိုက်မှုလေးက သူ့အရေပြားပေါ်၌ အမာရွတ်ကျန်သွားစေနိုင်သည်။ အခုလေးတင်ရသွားသည့် ဒဏ်ရာအတွက်ဆိုလျှင် ဆိုစရာစကားကိုမရှိတော့ပေ။
ယွီရွေ့က အလျင်အမြန်ပင် ဆေးသွားယူလာသည်။ သူမက တံခါးကိုတွန်းပြီး အခန်းထဲကို ဝင်လာလိုက်သည်။ သူမက အခန်းအတွင်းက ပရမ်းပတာဖြစ်စဥ်ကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ရပေမယ့် မည်သည့်စကားမှမဆိုရဲပေ။ ပစ္စည်းများကို လျင်မြန်စွာချပေးပြီးနောက် တိတ်တဆိတ်ဖြင့် ပြန်လည်ထွက်ခွာသွားလိုက်သည်။
လင်းပျန့်ယွီက ခေါင်းငုံ့၍ လင်းရုဖေး၏ဒဏ်ရာပေါ်၌ ဆေးအသာလိမ်းပေးကာ သန့်ရှင်းသည့်အဖြူရောင် အဝတ်စဖြင့် စီးပေးပြီးနောက် ဒဏ်ရာကို ရက်အနည်းငယ်လောက် ရေမထိစေရန်သေချာမှာလိုက်သည်။
လင်းရုဖေး : “ဒုတိယအစ်ကို…. ကျွန်တော်….”
သူ တောင်းပန်ချင်သည်။
လင်းပျန့်ယွီက သက်ပြင်းအသာချပြီးနောက် လက်ဆန့်ထုတ်၍ ကူကယ်ရာမဲ့နေဟန်ဖြင့် လင်းရုဖေး၏ ခေါင်းကိုပုတ်ပေးလိုက်ပြီး “နောက်ဆုံးတော့ ရှောင်ကျို့က လူကြီးဖြစ်လာပြီပဲ”
“ကျွန်တော်လည်း ဘာလို့ ထျန်းရှောင်ကို လှမ်းဖမ်းလိုက်မိမှန်းမသိဘူး…..” လင်းရုဖေးက တီးတိုးရေရွတ်လိုက်သည်။
“ဒါက ဝမ်ယောင်ပြောခဲ့တဲ့ ကံကြမ္မာဆိုတာထင်ပါတယ်” လင်းပျန့်ယွီက ဆက်၍ဆိုသည်။
“ငါက နည်းနည်းအညှို့ယူခံလိုက်ရပုံပဲ”
သူက ခေါင်းကိုအကြာကြီးငုံ့ထားပြီးမှ တစ်ဖန် မျက်လွှာလှန်ကြည့်လိုက်သည့်အချိန်တွင် သူ့မျက်လုံးထဲမှာ ညီအစ်ကိုကြားရှိ နွေးထွေးကြင်နာမှုများကိုသာမြင်တွေ့လိုက်ရသည်။
“ဒုတိယအစ်ကိုက နည်းနည်းစိတ်ပူမိသွားလို့ပါ.. ရှောင်ကျို့အတွက် ဒီကံကြမ္မာဆိုတာကြီးက မကောင်းတဲ့ကံကြမ္မာဖြစ်သွားမှာစိုးရိမ်မိလို့”
ထိုချယ်ရီပန်းပင်က ဓားရှည်ဖြင့် အပိုင်းဖြတ်ခံလိုက်ရသည့် ခွန်းလွန်တောင်ရဲ့ မြောက်ဘက်ထိပ်တွင် ထူးထူးခြားခြားထွက်ပေါ်လာခဲ့သည်။ လင်းရုဖေးက ဤဝဲဂယက်ရဲ့အလယ်သို့ တွန်းပို့ခံလိုက်ပေမယ့် သူ့ကိုယ်တိုင်ပင် သတိမူမိပုံမပေါ်ပေ။
လင်းပျန့်ယွီက သူ့လက်ကိုမြှောက်ပြီး ဓားကိုယမ်း၍ ဤကံကြမ္မာကို ဖြတ်တောက်ချင်ခဲ့သည်။ သို့သော် ဓားချက်ကျသွားချိန်တွင် သူရုတ်တရက် နားလည်သွားသည်။ လောက၌ ထျန်းရှောင်ပင် မချိုးဖောက်နိုင်သည့် တစ်ချို့သောအရာများရှိနေပေသည်။
___ ___ ___
စာရေးသူမှာပြောစရာရှိတယ်...
လင်းရုဖေး : ... မင်းက ကလေးလား ကလဲ့စားချေဖို့ ဘာလို့ဒီလိုကလေးဆန်တဲ့နည်းကို သုံးရတာလဲ
မှားယွင်းစွပ်စွဲခံနေရသည်ဟုခံစားနေရသည့် Gong(seme) : အညံ့ခံပြီး ဒေါသထွက်နေမယ့်အစား ဒါက ပိုမကောင်းဘူးလား
လင်းရုဖေး : အလိုလေး ဒါဆို မင်း
က ငါ့ရဲ့ ဒုတိယအစ်ကိုကို စော်ကားလိုက်တာပေါ့...ဟုတ်လား !
လင်းပျန့်ယွီ : မင်း ဘယ်သူ့ကိုကြိုက်တယ် ရှောင်ကျို့ဟုတ်စ?!လောင်ဇီက မင်းရဲ့ ဘဝကိုလိုချင်တယ်!!!
────────────────────────────